ဓာတ်ပုံ-ဝီကီမီဒီယာ
ကုန်းဘောင်မင်းဆက် ကနောင်မင်းသားကြီး၏ မြစ်တော်စပ်သူ ရတနာနတ်မယ် ကံတော်ကုန်လွန်
ရန်ကုန် ဒီဇင်ဘာ ၂ -မြန်မာ့ကုန်းဘောင်မင်းဆက် အိမ်ရှေ့စံ ကနောင်မင်းသားကြီး၏ မြစ်တော်စပ်သူ ရတနာနတ်မယ်သည် အီတလီနိုင်ငံတွင် ဒီဇင်ဘာ ၁ ရက်၌ နတ်ရွာစံ ကံတော်ကုန်လွန်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။ ကွယ်လွန်ချိန်တွင် အသက် ၈၉ နှစ်အရွယ်ရှိနေပြီဖြစ်သော ရတနာနတ်မယ်သည် သမ္မတဟောင်း ဦးနေဝင်း၏ ဇနီးတစ်ဦးဖြစ်ခဲ့သော်လည်း ငါးလသာ ပေါင်းသင်းနေထိုင်ခဲ့ပြီး ကွာရှင်းခဲ့သူဖြစ်သည်။
ဂျွန်ရို့စ်ဘယ်လာမီဟု အင်္ဂလိပ်နာမည်ရှိသော ရတနာနတ်မယ်သည် သြစတြေးလျနိုင်ငံသား အင်္ဂလိပ်လူမျိုး သစ်ခွစုဆောင်းသူတစ်ဦးဖြစ်သည့် ဟာ့ဘတ်ဘယ်လာမီနှင့် လင်းပင်ထိပ်တင်မလတ်တို့၏ တစ်ဦးတည်းသောသမီးတော်ဖြစ်သည်။
ရတနာနတ်မယ်သည် ဦးနေဝင်းနှင့် လက်မထပ်မီတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ငှက်ဖျားရောဂါဆိုင်ရာ အကြီးတန်းအကြံပေး ဒေါက်တာတစ်ဦးဖြစ်သူ မာရီယိုပိုစတီလျိုနီနှင့် ဦးစွာလက်ထပ်ခဲ့သူဖြစ်ပြီး ၁၉၅၄ ခုနှစ်တွင် ကွာရှင်းခဲ့သည်။ ကွာရှင်းချိန်တွင် ၎င်း၌ သားနှစ်ဦး ထွန်းကားခဲ့သည်။
၁၉၇၆ ခုနှစ်တွင် သမ္မတဟောင်း ဦးနေဝင်းနှင့် လက်ထပ်ထိမ်းမြားခဲ့ပြီးနောက် ငါးလကြာ ပေါင်းသင်းနေထိုင်ပြီး ကွာရှင်းပြတ်စဲကာ အီတလီသို့ ပြန်သွားခဲ့သည်။ ထို့နောက် အစားအသောက်ချက်ပြုတ်နည်းများအား စာအုပ် ထုတ်ရေးသားရာတွင် နာမည်ကျော်ခဲ့သူဖြစ်ပြီး ၂၀၁၇ ခုနှစ် တူရင်စာအုပ်ပွဲတော်၌ သူမရေးသားထုတ်ဝေသော စာအုပ်များဖြင့် နာမည်ကျော်ခဲ့သူဖြစ်သည်။
ကိုးကား-ဝီကီပီးဒီးယား