အချစ်နဲ့ အသက်ဆက်သည့် ၂၁ ရာစု စာအုပ်အငှားဆိုင်
mmtimes.com
|
2020-12-31



ဦးလေးခမ်းကို သူ၏ ခမ်းစာအုပ်အငှားဆိုင်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ-ဖိုးဝ/မြန်မာတိုင်းမ်

အချစ်နဲ့ အသက်ဆက်သည့် ၂၁ ရာစု စာအုပ်အငှားဆိုင်

စမ်းချောင်းမြို့နယ်ထဲက ပဒုမ္မာလမ်းဟာ ရန်ကုန်မြို့ထဲက ၁၉ လမ်းလိုပဲ ယမကာဆိုင်တွေကြောင့် နာမည်ကြီးတဲ့ လမ်းတစ်လမ်းဖြစ်ပါတယ်။ ပုံမှန်အချိန်မှာဆို ပဒုမ္မာလမ်းရဲ့ ညနေခင်းတွေဟာ မြို့ပြယမကာလုလင်တို့ရဲ့ ရယ်သံမောသံ၊ ဆိုင်ထဲမှာဖွင့်ထားတဲ့ သီချင်းသံတွေနဲ့ ဆူညံနေလေ့ရှိပြီးတော့ အဲသည်လမ်းရဲ့ထောင့်မှာရှိတဲ့ ဦးလေးခမ်းရဲ့ဆိုင်မှာလည်း ကလေးတွေရဲ့ အသံတွေနဲ့ ဆူညံစည်ကားနေလေ့ရှိပါတယ်။

ကလေးတွေနဲ့ စည်ကားနေတယ်ဆိုလို့ ကလေးတွေ အရက်သောက်နေကြတာတော့ မဟုတ်ပါဘူး။ ဦးလေးခမ်းရဲ့ဆိုင်မှာ အရက်မရပါဘူး။ ဦးလေးခမ်းရဲ့ “ခမ်း” စာအုပ်အငှားဆိုင်မှာ စာအုပ်တွေပဲရပါတယ်။ စာအုပ်ငှားတဲ့ ဦးလေးခမ်းရဲ့ဆိုင်မှာ ကလေးတွေက ညနေဘက် ကာတွန်းစာအုပ်တွေ ငှားရင်း ဘိုဘိုက ဘယ်လို၊ စိန်မျောက်မျောက်က ဘယ်ပုံနဲ့ ငြင်းခုံနေကြလေ့ရှိပါတယ်။

ကိုဗစ်ကာလမှာတော့ ယမကာဆိုင်တွေ တိတ်ဆိတ်သွားသလို ဦးလေးခမ်းရဲ့ စာအုပ်အငှားဆိုင်လေးမှာလည်း ကလေးတွေရဲ့အသံတွေ တိတ်ဆိတ်သွားပါတယ်။ ယမကာဆိုင်တွေ တိတ်ဆိတ်သွားတဲ့အချိန်ကြာလာတာနဲ့အမျှ ဆိုင်ရှင်တွေက ယမကာလုလင်တွေလာသောက်နိုင်မယ့် အချိန်ကို မျှော်နေသလိုပဲ ဦးလေးခမ်းဟာလည်း သူ့ဆိုင်ကိုအမြဲလာလေ့ရှိတဲ့ကလေးတွေကို တမျှော်မျှော် ဖြစ်နေပါတယ်။

“ကိုဗစ်ကြောင့် မိဘတွေ စိတ်မချလို့ မလွှတ်တာနေမှာ” လို့ အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ ချင်းအမျိုးသားကြီး ဦးလေးခမ်းက တိုးတိုးလေးပြောပါတယ်။

ကလေးတွေလာရင် အသင့်ထုတ်ငှားပေးဖို့ သမိန်ပေါသွပ်၊ စိန်မျောက်မျောက်၊ ဘိုဘို၊ တွတ်ပီ၊ ရွှေသွေး ကာတွန်းစာအုပ်လေးတွေကို ဦးလေးခမ်းက သူ့စာအုပ်ဆိုင်ရှေ့မှာ အသင့်ပြင်ထားပါတယ်။ ဖလင်ပြားနဲ့ စာအုပ်အဖုံးဖုံးပြီး ဘီဒိုတွေ၊ စင်တွေပေါ်မှာ ညီညီစီထားတဲ့ စာအုပ်တွေကလည်း အဲသည်နေရာကနေမရွေ့တာ တစ်နှစ်နီးပါးရှိနေပါပြီ။

“ခမ်း” ဟာ အဲသည်လမ်းထဲမှာ ရှိနေတာ နှစ်ပေါင်းသုံးဆယ်ကျော်ကြာခဲ့ပါပြီ။ နှစ်ပေါင်းသုံးဆယ်အတွင်းမှာ ဒီလိုမျိုး တစ်ခါမှ မတိတ်ဆိတ်ခဲ့ဖူးပါဘူး။ လူတွေလုံးဝမလာတဲ့ ခုလိုနေ့ရက်မျိုးတွေမှာ လွန်ခဲ့တဲ့ နှစ်သုံးဆယ်၊ “ခမ်း” စာအုပ်အငှားဆိုင် စဖွင့်ခဲ့တဲ့ကာလတွေကို ဦးလေးခမ်းက မကြာခဏ ပြန်တမ်းတမိလေ့ရှိပါတယ်။

၁၉၀၀ ပြည့်နှစ် နှောင်းပိုင်းကာလများဟာ ဦးလေးခမ်းရဲ့ဆိုင်မှာ တစ်ရက်ကို စာအုပ်ရေ နှစ်ရာကနေ သုံးရာကြားအထိ ငှားပေးရတဲ့ကာလတွေပါ။ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာတော့ ငှားအားက တစ်ရာ၊ ငါးဆယ်၊ သုံးဆယ်အထိ စာအုပ်ငှားနှုန်း အဆင့်ဆင့်ကျလာပြီး ၂၀၁၀ နောက်ပိုင်းမှာတော့ တစ်ရက်ကို စာအုပ်ရေ ၂၀ ကနေ ၁၀ နီးပါးသာ ငှားရပါတော့တယ်။ ကိုဗစ်ကာလမှာတော့ အငှားသိပ်မရှိပါဘူး။

တစ်ခြားဆိုင်နဲ့ မတူတာက ဦးလေးခမ်းက စာအုပ်စပေါ်ကို ငှားမယ့်သူရဲ့ မျက်နှာကိုဖတ်ပြီး တောင်းတာပါပဲ။ နှစ်ပေါင်းသုံးဆယ်ကျော် စာအုပ်အငှားဆိုင်ဖွင့်လာတဲ့နောက်ပိုင်း ဦးလေးခမ်းကျွမ်းကျင်လာတာက လူတွေရဲ့ မျက်နှာကို ဖတ်တတ်ခြင်းပါပဲ။ လူတစ်ယောက် ဆိုင်မှာ စာအုပ်လာငှားပြီဆိုရင် ဒီလူဟာ စာအုပ်ပြန်လာအပ်မယ့်လူလား၊ အပြီးယူသွားမယ့်လူလားဆိုတာ ဦးလေးခမ်းက စကားတစ်ခွန်းနှစ်ခွန်းပြောပြီး မျက်နှာကိုဖတ်လိုက်တာနဲ့ တန်းသိပါတယ်။ မဖတ်တတ်လို့လည်း မရပါဘူး။ “ခမ်း”စာပေကနေ အပြီးအပိုင်ထွက်သွားတဲ့ စာအုပ်တွေက များလွန်းလို့ပါ။

စာအုပ်ငှားပြီး ပြန်မပေးကြတဲ့ကိစ္စဟာ ဦးလေးခမ်းတို့ စာအုပ်အငှားဆိုင်ဖွင့်တဲ့သူတွေ အများဆုံး ကြုံရတဲ့ ပြဿနာပါ။ ဦးလေးခမ်းရဲ့ စာအုပ်အငှားဆိုင်ကနေ အခိုးခံလိုက်ရ၊ ငှားပြီး ပြန်မပေးတာကြောင့် ဆုံးရှံူးသွားတဲ့ စာအုပ်အရေအတွက်က တစ်သောင်းကျော်ပါတယ်။ ဦးလေးခမ်းဟာ သူ့ရဲ့ အငှားဆိုင်မှာ လာခိုးတဲ့ စာအုပ်သူခိုးလည်း ဖမ်းဖူးပါတယ်။

တစ်ချို့စာအုပ်ခိုးတဲ့သူတွေက ကြန်အင်လက္ခဏာအရ သူခိုးရုပ်ပေါက်နေတာမျိုးရှိပေမယ့် တစ်ချို့သူခိုးတွေကျတော့ အပြင်ပန်းကြည့်ရုံနဲ့ မှန်းလို့မရပါဘူး။ သူတို့တွေက ဆိုက်ကြီးဂိုက်ကြီးနဲ့ လာပြီးတော့မှ ခိုးသွားတတ်လို့ပါ။

တစ်ခါ ပညာရေးမှူးဆိုတဲ့ ဂုဏ်သရေရှိလူကြီးတစ်ယောက်ဟာ သူ့ဆီက စာအုပ်တွေငှားပြီး တစ်ချို့စာအုပ်ကို ပြန်မပို့ပါဘူး။ ပြန်တောင်းရင်လည်း အပ်ပြီးသွားပြီလို့ပဲ မှင်သေသေနဲ့ ပြန်ပြောလေ့ရှိပါတယ်။ နောက်ပိုင်းမှာ သူ့ကိုသတိထားစောင့်ကြည့်ပြီး ဝတ္ထုတိုပေါင်းတစ်ရာဆိုတဲ့ စာအုပ်ကို အိတ်ထဲ ခိုးထည့်ပြီး ယူဖို့ကြိုးစားတဲ့အခါမှ မိသွားပါတော့တယ်။

“စာအုပ်လာခိုးတဲ့သူမှာ ဂြိုလ်မပါဘူးလေ၊ လူကြီး ပညာတတ် ပိုက်ဆံရှိပေမယ့်လည်း ခိုးချင်ရင် ခိုးတာပဲ၊ ဘာမှန်းကို မသိဘူး” လို့ ဦးလေးခမ်းက လေသံဝဲဝဲနဲ့ ဆိုပါတယ်။

တစ်ချို့စာအုပ်တွေက ရှားတော့ ငှားတဲ့သူတွေက ပြန်မပေးချင်တာမျိုးတွေ ဖြစ်လေ့ရှိကြပါတယ်။ အဲသည်လိုလူမျိုးဆိုရင် ဦးလေးခမ်းက စပေါ်ကို စာအုပ်တန်ဖိုးထက် တိုးယူလိုက်တာပါပဲ။ ဒါတောင်မှ ဦးလေးခမ်းက စမ်းချောင်းမှာ လူသန့်တယ်ဆိုပြီးတော့ ပြောနေပါသေးတယ်။

အခြားစာအုပ်အငှားဆိုင်တွေလိုပဲ ဂျူး၊ မင်းသိင်္ခတို့ဟာ ဦးလေးခမ်းရဲ့ အငှားဆိုင်မှာ အငှားရဆုံးစာအုပ်တွေဖြစ်ကြပြီးတော့ သူရဇ္ဇ၊ နက္ခတရောင်ခြည်မဂ္ဂဇင်းတွေကလည်း လူကြိုက်များတဲ့ မဂ္ဂဇင်းတွေဖြစ်ကြပါတယ်။

ကိုဗစ်ကာလမှာတော့ စာအုပ်အသစ်တွေတင်ပေမယ့် ငှားဖတ်တဲ့ သူတွေက လုံးဝလာမငှားကြပါဘူး။ ဒါကြောင့် ဦးလေးခမ်းက စာအုပ်ကိုလည်း သိပ်မဝယ်ရဲတော့ပါဘူး။ စာအုပ်တစ်အုပ် ငါးထောင်ဆိုရင် ငှားခက ဆယ်ရာခိုင်နှုန်းယူတာကြောင့် ငါးရာကျသင့်မှာဖြစ်ပါတယ်။ ဒါပေမယ့် စာအုပ်ငှားဖတ်သူက ဆယ်ယောက်မပြည့်တာကြောင့် ဦးလေးခမ်းတို့ အရင်းတောင်မကျေပါဘူး။

သည်လိုနဲ့ပဲ စာအုပ်ရေ ၁၂၀၀၀ ပတ်ဝန်းကျင်တင်ထားတဲ့ ဦးလေးခမ်းရဲ့ ခမ်းစာပေဟာ ရန်ကုန်မြို့ကနေပြီး မျိုးသုဉ်းသတ္တဝါလို ပျောက်ကွယ်သွားတော့မယ့် စာအုပ်အငှားဆိုင်ကြီးတွေထဲက တစ်ဆိုင်ဖြစ်လာပါတော့တယ်။

ဦးလေးခမ်းရဲ့ အိမ်က အိမ်ပိုင်ဖြစ်နေလို့သာပါ။ တကယ်လို့ အိမ်ငှားခနဲ့ ပေါင်းတွက်ရင်တော့ ဦးလေးခမ်းရဲ့ စာအုပ်အငှားဆိုင်က အနှုတ်လက္ခဏာပြနေတာပါပဲ။ သည်လို ရှုံးပေမယ့်လည်း ဦးလေးခမ်းက ရပ်တန့်ဖို့ စိတ်မကူးပါဘူး။

“ဆိုင်က ဖွင့်ပြီးသားဆိုတော့ ရှေ့တိုးမရ၊ နောက်ဆုတ်မရ၊ တစ်ခြားအလုပ်လည်းမရှိတော့ မှေးလုပ်တာပေါ့” လို့ ဦးလေးခမ်းက ပြောပါတယ်။

ဦးလေးခမ်းက ခုလို လူမျှော်နေတဲ့အချိန်မှာ ထင်ပေါ်စာပေက ဒေါ်စန္ဒာမင်းကတော့ လူတွေဆီကို စာအုပ်ပို့ဖို့ စီစဉ်နေပါပြီ။ စမ်းချောင်းမြို့နယ်၊ အောင်သပြေလမ်းထဲမှာရှိတဲ့ ထင်ပေါ်စာပေဟာ သုတ၊ ရသ စာအုပ်ရေ ၁၈၀၀၀ ကျော်နဲ့ အငှားဆိုင်တွေထဲမှာ စာအုပ်ရေအများဆုံးထဲက တစ်ဆိုင်ဖြစ်ပါတယ်။

အိမ်ရှေ့ခန်းမှာ စာအုပ်စင်ကြီးတွေ တစ်ခုနဲ့တစ်ခု ထိလုမတတ်ဖွင့်ထားတဲ့ ထင်ပေါ်စာပေကို မင်္ဂလာဒုံ၊ လှည်းကူးမှာ နေတဲ့သူတွေကတောင် စာအုပ်စုံလို့ဆိုပြီး တကူးတက လာငှားကြပါတယ်။

ဒါပေမယ့် ကိုဗစ်ကာလမှာ လူတွေ အသွားအလာမလုပ်နိုင်တာကြောင့် ထင်ပေါ်စာပေက စာအုပ်တွေကို လူတွေဆီကိုလွှတ်ဖို့ ဒေါ်စန္ဒာမင်းက စီစဉ်ရပါပြီ။

ဒီလိုလုပ်ရတာက အငှားဆိုင်အများစုမှာတင်လေ့ရှိတဲ့အပျော်ဖတ်စာအုပ်တွေထက် ဂန္တဝင်စာအုပ်တွေဖတ်ချင်နေတဲ့သူတွေ၊ အသက်အရွယ်ကြီးတဲ့အတွက် အငှားဆိုင်ကိုလာဖို့ အခက်အခဲရှိသူတွေ၊ စာဖတ်နှေးပြီး နေ့တွက်ခနဲ့ယူတဲ့ အငှားဆိုင်တွေမှာ ငှားဖို့အဆင်မပြေတဲ့ သူတွေအတွက်လည်း ရည်ရွယ်တယ်လို့ ဒေါ်စန္ဒာမင်း ဆိုပါတယ်။

ဒါ့အပြင် ထင်ပေါ်စာပေကနေ ကလေးတွေအတွက် တွတ်ပီ၊ ပိုးဇာ၊ ရွှေသွေး၊ ပုံပြင်စာအုပ်တွေလည်း အိမ်အရောက်ပို့နဲ့ ငှားနိုင်ပါတယ်။ စာအုပ်ငှားရမ်းခကိုတော့ တစ်ပတ်အတွက် စာအုပ်တန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းယူပြီးတော့ တစ်ခါငှားရင် တစ်အုပ်ကနေ ငါးအုပ်အထိ ငှားနိုင်ပါတယ်။

ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ကြည့်မြင့်တိုင်၊ စမ်းချောင်း၊ ကမာရွတ်၊ ဗဟန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့် အလုံမြို့နယ်တို့မှာ နေထိုင်သူများအနေနဲ့ ထင်ပေါ်စာပေကနေ စာအုပ်တွေ ငှားရမ်းနိုင်ပြီးတော့ စာအုပ်ပို့ခကတော့ တစ်ထောင်ကျမှာဖြစ်ပါတယ်။

“အဓိကကတော့ သူဖတ် ကိုယ်ဖတ်ပေါ့၊ ကိုယ်လည်းဖတ် သူများကိုလည်း ဖတ်စေချင်တယ်” ဒါကြောင့်လုပ်ဖြစ်တာပါ” လို့ ဒေါ်စန္ဒာမင်းက ဆိုပါတယ်။

ဒီလိုမျိုးတွေလုပ်နေလို့လည်း ထင်ပေါ်စာပေက ငွေတွေအများကြီးရှိတယ်လို့ ထင်ရင် မှားသွားပါလိမ့်မယ်။ စာအုပ်အပေါ်မှာထားတဲ့ သံယောဇဉ်တွေကြီးလွန်းလို့သာ စာအုပ်တွေပုံမှန်လည်ပတ်နေအောင် လုပ်နေရတာဖြစ်ပြီး စာအုပ်ငှားလို့ရလာတဲ့ ပိုက်ဆံက ဒေါ်စန္ဒာမင်းတို့ မိသားစုလေးရဲ့ ဈေးဖိုးလောက်တောင် မရှိပါဘူး။

ဘာပဲပြောပြော စမ်းချောင်းမှာ ရှားရှားပါးပါးစာအုပ်အငှားဆိုင်လေး နှစ်ဆိုင်ရှိရာမှာ တစ်ဆိုင်ကတော့ လာငှားမယ့်သူကို မျှော်နေပြီး နောက်တစ်ဆိုင်ကတော့ လူတွေဆီကိုသွားဖို့ပြင်နေပါပြီ။ နှစ်ဆိုင်လုံးရဲ့ တူညီချက်ကတော့ ဆယ်စုနှစ်တစ်ခုကျော်အောင် အရှုံးကြီးရှုံးနေကြပေမယ့် စာအုပ်ပေါ်မှာထားတဲ့ သူတို့ရဲ့အချစ်တွေကို ဆက်ပြီးရှင်သန်ခွင့်ပေးနေကြတာပါပဲ။

“ကျွန်တော်က စာအုပ်တွေကိုချစ်တယ်၊ နှမြောတယ်လေ။ ဖျက်တာတော့ လုံးဝမဖျက်ချင်ဘူး၊ စာအုပ်တွေကိုလည်း လုံးဝရောင်းဖို့ စိတ်မကူးဘူး” လို့ ဦးလေးခမ်းက သူ့ရဲ့ လေသံအေးအေးလေးနဲ့ ပြောပါတယ်။




Some text some message..