မဟာမှိုင်း (၉၉)နှစ်မြောက် မွေးနေ့ပွဲ ပေါက်ကွဲမှု အမှတ်တရများ
အခန်း ( ၁ )
ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ (၉၉)နှစ်မြောက် မွေးနေ့သည် ၁၉၇၅ ခုနှစ်ထဲတွင် ဖြစ်ပါသည်။ ဆရာကြီးကို ၁၈၇၆ ခုနှစ်တွင် မွေးခဲ့၍ဖြစ်ပါသည်။ အတိအကျအားဖြင့် ၂၃ ရက် မတ်လ ၁၈၇၆ ခုနှစ် ကြာသပတေးနေ့ဖွားဖြစ်ပါ၏။
ဆရာကြီးသည် ကဗျာဆရာ၊ စာရေးဆရာ၊ အယ်ဒီတာ၊ စာစီ၊ စာပြင်၊ မဂ္ဂဇင်းအုပ်ချုပ်သူ၊ တို့ဗမာအစည်းအရုံး နာယက၊ ပြည်ထောင်စုမြန်မာနိုင်ငံ စာရေးဆရာသမဂ္ဂ နာယက၊ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး တက်ကြွလှုပ်ရှား ဦးဆောင်သူဖြစ်ခဲ့ပေသည်။
တရုတ်ပြည်၊ မွန်ဂိုလီးယား၊ ဟန်ဂေရီ၊ ဆိုဗီယက်ယူနီယံ၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ဂျာမနီနိုင်ငံများသို့ သွားရောက်ခဲ့သည်။ အလင်္ကာကျော်စွာဘွဲ့ (၁၉၅ဝ)၊ စတာလင်ငြိမ်းချမ်းရေးဆု (၁၉၅၄)၊ အရှ့ဂျာမနီ ဟမ်းဘတ်တက္ကသိုလ် ဂုဏ်ထူးဆောင်ပညာပါရဂူ (ဒေါက်တာဘွဲ့) ၁၉၆ဝ အပ်နှင်းခြင်းခံရသူ။ ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက် ကြာသပတေးနေ့တွင် ကွယ်လွန်ခဲ့ပါသည်။
မြန်မာကဗျာ၊ စကားပြေအရေးအသားတွင် အမျိုးသားစာဆိုကြီးဖြစ်ခဲ့ပြီး၊ ပြည်သူ့ခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင် စာပေအနုပညာ ခေါင်းဆောင်လည်း ဖြစ်ပါသည်။ မြင့်မြတ်သော မဟာသခင်ကိုယ်တော်မှိုင်းပါတည်း။
ဆရာကြီးသည် ၁၈၈၅ ခုနှစ် မြန်မာဘုရင်ကို အင်္ဂလိပ်စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မန္တလေး မြတောင်ကျောင်းမှ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသူ။ ထိုစဉ်ကပင် ခအောင်း ကညင် သဖန်းငဲ့ပြင် ထနောင်းပင် တနန်းရယ်က ဒေါင်းအဆင်ဆန်းတွေနဲ့ ပဝါအလံ ထူခဲ့သူ။ ကောင်းကျိုးအထွေထွေနဲ့ ချွန်စေ မြစေ စောဒေါင်းအိုးဝေရယ်နဲ့ တွန်စေ ကစေသော စည်းရုံးဆော်သြခဲ့သူ။
၁၉၂၂ ခုနှစ် အင်္ဂလိပ်နယ်ချဲ့ ပရိယာယ်အတွင်း ကျဆင်းပြီး အမျိုးသားညီညွတ်ရေး ပြိုကွဲသွားသောအခါ ''လှိုင်ပုကျော် သပိတ်သမားတွေရဲ့ ပြင်၊ ပဋိက္ကရားနူးကာ နှပ်သလိုပ၊ နှစ်ကျိပ်တစ်ပါး မှူးလု အမတ်တွေကလည်း၊ ပူးကာသတ်မယ် ကောင်စီဝင်လို့မို့၊ အနှောင်ပြည်အင် ကွဲရှာသနေ့ရယ်က၊ တကောင့် တစ်ကောင် ထီမထင် ဇွဲမာမာနဲ့ ရှေ့ကြလေတော့...''ဟု ဒေါသော ဂရုဏာ ခံစားကဗျာ ရေးခဲ့သည်။
ထို့နောက် ဂဠုန်ဆရာစံ သူပုန်ကြီး မြည်ဟီးပေါက်ကွဲလာခဲ့ရာတွင် ''ရဂုံစံ ချစ်စရာတပည့်တို့မှာဖြင့်၊ ဥုံ အရဟံ သစ္စာဂတိတွေနှင့်၊ ဂဠုန် သရဏံ ဂစ္ဆာမိကြပေတော့''ဟု လေးချိုးမဟာကဗျာနှင့် အလေးပြုခဲ့သည်။ ၁၉၃၁ ထို့နောက် ၁၉၃၅ ဆရာကြီး အသက် (၆ဝ) အရွယ်တွင် ဆရာကြီးက လူငယ်များ၊ အင်အားစုအသစ်များနှင့် လက်တွဲလိုပေသည်။
မစ္စတာမောင်မှိုင်းမှ သခင်ကိုယ်တော်မှိုင်းဟု ပြောင်းခဲ့သည်။ ဆရာကြီးသည် ၁၃ဝဝ ပြည့် အထွေထွေသပိတ်ကြီး (၁၉၃၉ ခုနှစ်) တွင် တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌဖြစ်ခဲ့ရာ ရဲရင့်စွာဆင်နွှဲခဲ့သည်။ ပြည်သူနှင့်အတူရှိခဲ့သည်။ ထို့နောက် ဂျပန်ခေတ်၊ ဖက်ဆစ်တော်လှန်ရေး ခေတ်များတွင်လည်း အသက်(၇ဝ) အရွယ်နှင့် ပြည်သူ့ဘက်မှာသာ ရှိခဲ့သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ကြေညာသောခေတ်တွင် ဆရာကြီးက ယခုလို ရင်ခုန်ခံစားခဲ့သည်။
အပင်းအဆိပ် စားသကဲ့သို့သော
အင်္ဂလိပ်များကို ဂျောင်းလကွာ
ဂျောင်းလကွာနှင့်
မောင်းကာ ထုတ်လိုက်သမို့
အဟုတ်ပင်
တကယ်လွတ်သော်လည်း
ဘယ်ဝဋ်ဖန်လာ
ကံကြမ္မာပေးလေဘိ
သြော်... အဂင်္လန်က
ယခင်အဖန်ဖန်
တင်ပြန်တဲ့ ကြွေးတွေရဲ့ပြင်
ငွေမရှိပြန်လျှင်
အမေရိကန်ကချေးရတဲ့
ကြွေးမျိုးစုံ ကုဋေကဋာဖြင့်
ပြေရွာမှာ သေတာလောက်
မကောင်းချိန်မို့...''
၁၉၆၃/၄ ခုနှစ် တစ်ဝှိုက်တွင်ကား... ''သြော်... တက်ခေတ် တက်ခေတ်နဲ့၊ ဖက်ဆစ်သဖွယ်၊ ယခုတစ်သုတ် မင်းမှာတော၊့ ကွယ်ဘယ်သူ့ အရှုပ်အရှင်းကိုမှ၊ ကျုပ်မကြားချင်'' ဟု ညည်းသခဲ့သည်။
၁၉၅၂ ခုနှစ်မှစ၍ ဆရာကြီးသည် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ)၏ ဥက္ကဋ္ဌဖြစ်လာပြီး ကွယ်လွန်သည့်တိုင်ဖြစ်သည်။
အခန်း ( ၂ )
(၉၉)နှစ်မြောက် ဆရာကြီး မွေးနေ့သဘင်ကို စာတမ်းဖတ်ပွဲ၊ ဟောပြောပွဲများနှင့်အတူ ရန်ကုန်မြို့ ပုစွန်တောင် ရာမာကရစ္စနာခမ်းမ အပေါ်ထပ်တွင် ၁၉၇၅ ခုနှစ်က ကျင်းပခဲ့ရာ ကျွန်တော်လည်း မှတ်မှတ်ရရ တက်ရောက်ခွင့် ကြုံခဲ့ပါသည်။ ၁၉၇၄ ခုနှစ် ပဲခူးရိုးမ ဗကပဗဟိုစခန်းမှ ကျွန်တော် ပြန်ရောက်လာပြီးစမို့ သွေးပူနွေးနေဆဲ အချိန် ဖြစ်ပါသည်။
ထူးခြားသည်မှာ စာရေးဆရာ၊ သတင်းစာဆရာကြီး ဦးသိန်းဖေမြင့်၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဆရာတက္ကသိုလ်ထင်ကြီး၊ ကျုံမငေးသခင်တင်မောင်တို့ ကျန်းမာရွှန်လန်းစွာ တက်ရောက်သော ပွဲဖြစ်ပါသည်။ အမျိုးသားစာဆိုရှင် ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ တက်ရောက်လာရခြင်းမှာ အမျိုးသားလွတ်မြောက်ရေး၏ သကေင်္တ (သို့မဟုတ်) မှိုင်းဗေဒဟူသော စာတမ်းကို ဆရာဒဂုန်တာရာနှင့် ပူးတွဲအတူရေးသား ဖတ်ကြားရန်ဖြစ်ပါသည်။ အစီအစဉ်အရ ဆရာဒဂုန်တာရာက စာတမ်းကို ဖတ်ကြားခဲ့ရာ ချောမွေ့စွာ ဖြစ်ခဲ့ပါသည်။
ဟောပြောပွဲများလုပ်ရာတွင် အခြားဟောပြောသူ (တက်ရောက်သူများ) ကို ကျွန်တော်မေ့နေပြီဖြစ်ရာ နိုင်ငံရေးသမား ကျုံမငေးသခင်မောင် အားနှင့်မာန်နှင့် ဟောပြောခဲ့သည်ကိုသာ မမေ့နိုင်စရာ တင်ပြပါမည်။ ကျုံမငေးသခင်တင်မောင်က တစ်နေရာတွင် ဥပမာပေးပါသည်။
လမ်းပေါ်မှာ မိန်းမရှာတစ်ယောက် လမ်းလျှောက်တယ်ဆိုပါစို့။ ခင်ဗျားတို့ သွားစလိုက် နောက်လိုက် လုပ်ကြည့်။ မိန်းမရှာက ထဘီမပြီး မိန်းမဆဲ ညစ်ညစ်ပတ်ပတ်ရော ယောက်ျားဆဲရော ရန်ထောင်ရန်ရှာ လုပ်လိမ့်မယ်။ တစ်လမ်းလုံး ပွက်လောထ လောကကြီးပျက်မတတ်ဖြစ်သွားမယ်။ အဲ... မိန်းမစစ်စစ် အပျိုစင်ချောချော၍လှ မမတစ်ယောက် လျှောက်လာတယ်ဆိုပါစို့။ ခင်ဗျားတို့ နောက်ကြည့် သူမက လှည့်မကြည့်ဘဲ ခပ်တည်တည်ဘဲ ဆက်လျှောက်သွားလိမ့်မယ်။ ဒါမှမဟုတ် ပြုံးစစနဲ့ သဘောကျသလိုမျိုး လုပ်ရင်လုပ်သွားမယ်။ ဒီ့ထက်မပိုဘူး။
ဆိုတော့ သဘောတရား သီအိုရီအရ ဘာတွေ့ရလဲဆိုတော့ အတုသည် အစစ်ထက် အကဲဆတ်၏ ဆိုတာပဲဗျ။ အဆိုပါအတုသည် အစစ်ထက် အကဲဆတ်၏ကို ကျုံမငေးဆရာက သုံး၊ လေးခါ အော်ပြီး ရွတ်ဆိုပြသဗျ။ အဲဒီမှာ ပရိသတ်ကြီး သဘောပေါက်ပြီး လက်ခုပ်သံကြီး ဟီးထွက်လာတာ ကြာမှကြာ။ ခေတ်ကာလအခြေအနေမှာလည်း ၁၉၇၄/၁၉၇၅ အလုပ်သမား အရေးအခင်း၊ မှိုင်းရာပြည့်အချိန်၊ အုပ်ချုပ်သောအစိုးရမှာ ''မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်'' အစိုးရ။
အတုမှန်လျှင် အကဲဆတ်သည်ချည်း ဖြစ်ကြောင်း နောင်အခါ ယခုအခါ သမိုင်းမှာ ထင်ရှားပြီး ဖြစ်ပါသည်။
အခန်း ( ၃ )
အခမ်းအနားပြီးဆုံး ပွဲသိမ်းအိမ်ပြန်ကြရာမှာ ဦးသိန်းဖေမြင့်နှင့် ဒဂုန်တာရာကို တက္ကသိုလ်ထင်ကြီးက သူ၏ကားဖြင့် လိုက်ပို့ပေးပါသည်။ ရှေ့ခန်းမှာ မောင်းသူနှင့်အတူထိုင်သူကို မေ့သွားပါပြီ။ နောက်ခန်းမှာ တက္ကသိုလ်ထင်ကြီးက အလယ်၊ ဦးသိန်းဖေမြင့်နှင့် ဆရာဒဂုန်တာရာတို့က တစ်ဖက်တစ်ချက်။ ကားစထွက်သည်နှင့် ဦးသိန်းဖေမြင့်က တက္ကသိုလ်ထင်ကြီး အပေါ်မှကျော်၍ အော်ပြောပါသည်။
ဟေ့... ဌေးမြိုင် ဒီစာတမ်းကို မင်းရေးတာမဟုတ်လား။ ဟိုကောင်တွေ ဒါမျိုး မရေးနိုင်ပါဘူး။ အမျိုးသားလွတ်မြောက်ရေး သင်္ကေတတို့၊ မှိုင်းဗေဒတို့၊ ဒီအဖိုးကြီးကို ဒီလောက်တင်စရာ မလိုဘူးကွ မင်း နောက်ဒါမျိုးမရေးနဲ့။
I Warm you!
(မင်းကို ငါ သတိပေးလိုက်တယ်)
ဦးသိန်းဖေမြင့်သည် အသက်၊ ဝါ၊ သမ္ဘာနိုင်ငံရေး၊ စာပေအနုပညာ အားလုံးကြီးသူဖြစ်ရာ သူ့အောက်ငယ်သူများကို သူက ဒီလိုပဲ ပြောလေ့ရှိပါသည်။ ဆရာတာရာကလည်း သူ့ထုံးစံအတိုင်း ပြုံးထေ့ထေ့ဖြင့် ကိုသိန်းဖေ ခင်ဗျားက ကျန်တော့ကို သတိတွေ ဘာတွေ ပေးလို့ပါလားဗျ ဟာ... ဟ... ဟု သောလိုက်ပါသတဲ့။ ဟုတ်ကဲ့ ကျွန်တော် စိုးမြင့်သိန်းအား ရင်းနှီးသူမို့ အရင်းတိုင်းဖွင့်ပြောခြင်း ဖြစ်ပါသည်။ ကျွန်တော်လည်း ထိုသဘောနှင့်ပင်။
''အဲဒါ သူ ပြည်ထဲရေးဝန်ကြီးဖြစ်ရင် ဆရာ့ကို အင်းစိန်ထောင်ထဲ ထည့်မယ့် သဘောပဲ'' ဟု ပြောလိုက်ရာ၊ ဆရာက ပြုံးလဲ့လဲ့ဖြင့် ''အေးဗျ ဖြစ်နိုင်တယ်''ဟု ပြန်ပြောပါသည်။
ခုတော့လည်း ဦးသိန်းဖေမြင့်လည်း သူ၏ တောက်ပသော အနာဂတ်တမလွန်တွင် လဲလျောင်းလျက်၊ ဆရာဒဂုန်တာရာလည်း အောင်ပန်း ငြိမ်းချမ်းရေးဗိမာန်မှာ လဲလျောင်းလျက် အေးမြစွာ။
အခန်း ( ၄ ) နိဂုံး
ဆရာဒဂုန်တာရာနှင့် ကျွန်တော် အကယ်ဒမီကောလိပ်ဂျင်နေဝင်းအိမ် ၁၉၇၄/၇၅ ခုနှစ်မှသည် မှော်ဘီ၊ အောင်ပန်းအထိ ရင်းနှီးပွင့်လင်း ရိုးသားစင်ကြယ်စွာ ရင်ခုန်ပေါင်းစည်းခဲ့ပါသည်။ ဆရာ့ ပြောစကားများအတိုင်း အရိုင်းထည် ပြန်ရေးပြပါသည်။ ကျောက်စိမ်းကို အချောမကိုင်တော့ပါ။ သို့အတွက် ကျွန်တော့်ကို အပြစ်ဆိုပါက ခံဖို့အသင့်ပါ။
သစ္စာဖြင့်
စာကြွင်း-
(ဆရာဦးသိန်းဖေမြင့်သည် ဆရာကြီး သခင်ကိုယ်တော်မှိုင်းအကြောင်း စာအုပ်ရေးရာတွင် ''သခင်ကိုယ်တော်မှိုင်းအမည်ခံ'' ဆရာလွန်းဟုသာ ရေးပါသည်။ ခေတ်မမီသော အဂ္ဂိရတ်ထိုးသော အဘိုးအိုတစ်ဦးဟုသာ ဟိုက်လိုက်ပေးထားပါသည်။)