
စာဖတ်ဝါသနာပါသူတွေအတွက် အင်တာနက်ခေတ်ကြီးမှာ ကိုယ်ဖတ်ချင်တဲ့စာအုပ်ကို ရရှိဖို့က အရင်ခေတ်တွေထက် အများကြီး ပိုလွယ်လာပါပြီ။ အင်တာနက်မှာ စာအုပ်တွေကို ebook ဗားရှင်းနဲ့ ရောင်းချတဲ့ website တွေရှိသလို အခမဲ့ဖတ်ရှုနိုင်၊ download ရယူနိုင်တဲ့ website တွေလည်း အများအပြား ရှိနေပါတယ်။ အဲဒီလိုစာအုပ်တွေကို အခမဲ့ရနိုင်တဲ့ website တွေထဲက စာပေချစ်သူတွေအတွက် အသုံးဝင်နိုင်မယ့် website ငါးခုကို ဖော်ပြလိုက်ပါတယ်။
(၁) Open Library ( https://openlibrary.org/ )
Open Library ဟာ အင်တာနက်မှာ စာအုပ်အစုံလင်ဆုံး website တစ်ခုဖြစ်ပါတယ်။ ဒီ website မှာ ဝတ္ထု၊ အတ္ထုပ္ပတ္တိ၊ သမိုင်းနဲ့ ဆေးပညာ စတဲ့ ကဏ္ဍစုံ၊ အမျိုးအစားစုံ စာအုပ်တွေ သန်းနဲ့ချီ ရှိပါတယ်။ စာအုပ်တွေကို အွန်လိုင်းမှာ ဖတ်ရှုနိုင်သလို EPUB, MOBI, PDF Format တွေနဲ့ download ရယူနိုင်ပါတယ်။ သန်းနဲ့ချီတဲ့ စာအုပ်တွေထဲက မိမိအလိုရှိရာကို စာအုပ်အမည်၊ စာရေးသူအမည်တွေနဲ့ ရှာဖွေနိုင်သလို အဲဒါတွေ မမှတ်မိရင်လည်း စာအုပ်ထဲက စာကြောင်းတွေနဲ့ ရှာဖွေနိုင်ပါတယ်။
(၂) Project Gutenberg ( https://www.gutenberg.org/ )
၁၉၇၁ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ဒီပရောဂျက်ဟာ သက်တမ်းအရင့်ဆုံး ဒီဂျစ်တယ်စာကြည့်တိုက်တစ်ခုဖြစ်ပြီး အင်တာနက်တွေ တွင်ကျယ်လာချိန်မှာတော့ အွန်လိုင်းကနေပါ ဝင်ရောက်ဖတ်ရှုနိုင်တဲ့ အွန်လိုင်းစာကြည့်တိုက် ဖြစ်လာပါတယ်။ ဒီ website ဟာ ဂန္ထဝင်ဝတ္ထုတွေ စုံလင်တဲ့အတွက် နာမည်ကြီးပါတယ်။ စာအုပ်တွေကို EPUB, MOBI နဲ့ Text တွေအနေနဲ့ download ရယူနိုင်ပါတယ်။ ကိုယ့်ကွန်ပျူတာနဲ့ ဖုန်းထဲကို download လုပ်နိုင်တဲ့အပြင် Dropbox, Google Drive စတဲ့ အကောင့်တွေထဲကို download လုပ်နိုင်တာက ဒီ website ရဲ့ထူးခြားချက်ပါ။
(၃) ManyBooks (http://manybooks.net )
စာအုပ်ပေါင်း ငါးသောင်းကျော်ကို ဒီဂျစ်တယ်ဗားရှင်းနဲ့ ရနိုင်တဲ့ ManyBooks website ကလည်း စာအုပ်ကောင်းကြိုက်သူတွေ လက်မလွှတ်သင့်တဲ့စာရင်းမှာ ထိပ်ဆုံးက ပါဝင်ပါတယ်။ ထိပ်တန်းစာရေးဆရာတွေရဲ့ နာမည်ကျော်စာအုပ်တွေ အများအပြားရှိတဲ့အပြင် မိမိအကြိုက်ပေါ်မူတည်ပြီး ဘယ်စာအုပ်တွေ ဖတ်သင့်တယ်ဆိုတာကို အကြံပြု ညွှန်ပြပေးပါတယ်။ စာအုပ်တွေကို ဖတ်ရလွယ်ကူမှု၊ ရှုပ်ထွေးမှုအလိုက် ခွဲခြားသတ်မှတ်ထားတဲ့အတွက် ကိုယ့်အတွက် အဆင်ပြေမယ့်စာအုပ်ကို အလွယ်တကူ ရွေးချယ်နိုင်ပါတယ်။
(၄) Bookboon ( https://bookboon.com )
ဒီ website ကတော့ ရသစာပေထက် သုတပိုင်းကို အသားပေးတဲ့စာအုပ်တွေ ပိုမိုစုံလင်ပါတယ်။ ပညာရေးနဲ့ပတ်သက်တဲ့ ပြဋ္ဌာန်းစာအုပ်တွေ၊ ရည်ညွှန်းကိုးကားစာအုပ်တွေ၊ စီးပွားရေးဆိုင်ရာ စာအုပ်တွေ စုံလင်ပြီး အလိုရှိရာကို အလွယ်တကူ ရှာဖွေနိုင်အောင် စီစဉ်ထားပါတယ်။ ဒီ website မှာ အင်္ဂလိပ်ဘာသာစာအုပ်တွေအပြင် ပြင်သစ်၊ ဂျာမန်၊ စပိန် စတဲ့ ဘာသာတွေနဲ့ ရေးသားထားတဲ့ စာအုပ်တွေလည်း ရှိပါတယ်။ စာအုပ်တွေကို PDF ဗားရှင်းနဲ့ download လုပ်ယူနိုင်ပါတယ်။
(၅) Feedbooks ( http://www.feedbooks.com )
အင်္ဂလိပ်ဝတ္ထုနှစ်သက်သူတွေအတွက် Feedbooks က သေချာပေါက် အကြိုက်တွေ့စေမယ့် website ဖြစ်ပါတယ်။ နာမည်ကြီး ဝတ္ထုတို၊ ဝတ္ထုရှည်စာအုပ်တွေ စုံလင်ပြီး အက်ရှင်၊ လျှို့ဝှက်သည်းဖို၊ အချစ်ဝတ္ထုတွေကို အမျိုးအစားခွဲပြီး စုစည်းပေးထားတဲ့အတွက် ကြိုက်နှစ်သက်ရာကို အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ ဒါ့အပြင် စာအုပ်တစ်အုပ်စီရဲ့ စာလုံးအရေအတွက်၊ ဖတ်ရှုဖို့ ကြာချိန်တွေကိုပါ ဖော်ပြပေးထားပါတယ်။ နှစ်အလိုက်၊ လအလိုက် အရောင်းရဆုံးစာအုပ်တွေကိုလည်း ဖော်ပြထားပါတယ်။