ခွေးပေါက်လေးများ ရောင်းရန်ရှိသည်
byohls.com
|
2023-08-18

စတိုးဆိုင်ပိုင်ရှင်တစ်ယောက်က သူ့ဆိုင်တံခါးမှာ “ခွေးပေါက်လေးများ ရောင်းရန်ရှိသည်” ဆိုတဲ့ ဆိုင်းဘုတ်ကို ချိတ်ထားတယ်။ ကလေးငယ်တွေကို ဆွဲဆောင်နိုင်ဖို့ နည်းလမ်းတစ်ခုဖြစ်တဲ့ အဲဒီဆိုင်းဘုတ်အောက်ကို မကြာခင်မှာပဲ ကောင်လေးတစ်ယောက် ရောက်လာတယ်။

“ခွေးပေါက်လေးတွေက တစ်ကောင် ဘယ်လောက်လဲဗျ” လို့ ကောင်လေးက မေးတယ်။

ဆိုင်ပိုင်ရှင်က “ဒေါ်လာ ၃၀ ကနေ ၅၀ အထိရှိတယ်” လို့ ပြန်ဖြေတယ်။

ကောင်လေးက သူ့အိတ်ကပ်ထဲက အကြွေတွေကို ထုတ်ရေကြည့်ပြီး “၂ ဒေါ်လာ ၃၇ ဆင့်ရှိတယ်။ ကျွန်တော် ခွေးပေါက်လေးတွေကို ကြည့်လို့ရမလားဗျ” လို့ မေးလိုက်တယ်။

ဆိုင်ရှင်က ပြုံးပြီး လေချွန်လိုက်တဲ့အခါ ဆိုင်ရဲ့လျှောက်လမ်းကနေ အမျိုးသမီးတစ်ဦး ထွက်လာတယ်။ သူ့နောက်မှာတော့ သေးသေးလုံးလုံးနဲ့ အမွေးပွခွေးပေါက်လေး ငါးကောင်က အပြေးလိုက်လာတယ်။ ခွေးပေါက်လေးတွေထဲမှာ တစ်ကောင်က သူ့အဖော်တွေထက် သိသိသာသာ နောက်ကျပြီး လိမ်ဖယ်လိမ်ဖယ်နဲ့ လာနေလေရဲ့။

ကောင်လေးက လိမ်ဖယ်ဖယ် ခွေးပေါက်လေးကို လက်ညှိုးထိုးပြီး “အဲဒီကောင်လေးက ဘာဖြစ်တာလဲဗျ” လို့ မေးလိုက်တယ်။

ဆိုင်ရှင်ရှင်းပြတာက အဲဒီ လိမ်ဖယ်ဖယ် ခွေးလေးကို ဆရာဝန်က စစ်ကြည့်တော့ တင်ပါးဆုံရိုးလွဲနေတာ တွေ့ရတယ်တဲ့။ အဲဒါကြောင့် အမြဲတမ်း လိမ်ဖယ်ဖယ်ဖြစ်နေပြီး လမ်းကောင်းကောင်း မလျှောက်နိုင်တော့တာလေတဲ့။ ဆိုင်ရှင်ရဲ့စကားကို ကြားတော့ ကောင်လေးက စိတ်လှုပ်ရှားနေတဲ့ပုံနဲ့ “အဲဒီခွေးပေါက်လေးကို ကျွန်တော် ဝယ်မယ်” လို့ ပြောလိုက်တယ်။

“သား လိုချင်မှာ မဟုတ်ဘူး။ တကယ်လိုချင်တယ်ဆိုရင်လည်း အဲဒီကောင်လေးကို အလကားပေးမယ်” လို့ ဆိုင်ရှင်က ကောင်လေးကို ပြောလိုက်တယ်။

ကောင်လေးက အံ့အားသင့်သွားတဲ့ပုံနဲ့ ဆိုင်ရှင့်မျက်နှာကို စေ့စေ့ကြည့်၊ လက်ညှိုးထိုးပြီး “အလကားပေးစရာ မလိုပါဘူး။ ဒီခွေးလေးလည်း တခြားခွေးတွေ တန်သလောက် တန်ဖိုးရှိပါတယ်။ ကျွန်တော် တန်ဖိုးအပြည့်ပေးမယ်။ အခုရှိတဲ့ ၂ ဒေါ်လာ ၃၇ ဆင့်ကို ပေးထားခဲ့မယ်။ ကျန်တာကို တစ်လ ဆင့် ၅၀ ပေးသွားမယ်” လို့ ပြန်ပြောတယ်။

ဆိုင်ရှင်က “သား လိုချင်မှာ မဟုတ်ဘူးနော်။ ဒီကောင်လေးက တခြားကောင်တွေလို သားနဲ့ ပြေးလွှားခုန်ပေါက်ပြီး ကစားပေးနိုင်မှာ မဟုတ်ဘူး” လို့ ဆိုတယ်။

အဲဒီအချိန်မှာ ကောင်လေးက သူ့ဘယ်ဘက်ခြေထောက်က ဘောင်းဘီကို လိပ်တင်လိုက်တယ်။ တွေ့လိုက်ရတာက ကောင်လေးရဲ့ခြေထောက်ဟာ ဆိုးဆိုးဝါးဝါး လိမ်ကောက်နေလို့ သတ္တုကွင်းတွေနဲ့ စည်းထားရတာပါ။ ပြီးတော့ သူက ဆိုင်ရှင်ကို မော့ကြည့်ပြီး ခပ်တိုးတိုး ပြောလိုက်တယ်။ “ရပါတယ်။ ကျွန်တော်လည်း ကောင်းကောင်းမှ မပြေးနိုင်တာ။ ပြီးတော့ ဒီကောင်လေးလည်း နားလည်မှုပေးနိုင်တဲ့ လူတစ်ယောက် လိုအပ်မှာလေ”

- Dan Clark, Weathering the Storm




Some text some message..