
မြန်မာနိုင်ငံတွင် နေထိုင်ကြသော လူမျိုးစုကြီးတစ်ခုဖြစ်ပြီး ရှမ်းလူမျိုးဟုခေါ်တွင်ကြသည်။ ရှမ်းလူမျိုးများသည် လူဉီးရေ လေးသန်းမှ ခြောက်သန်းထိရှိပြီး တိဘက်-တရုတ်မျိုးရင်းဖြစ်သည်။ မြန်မာ၊ ထိုင်း၊ တရုတ်၊ လာအို ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံများတွင် ဖြန့်ကျက်နေထိုင် အခြေချကြသည်။ နေရာဒေသေ ရေမြေပေါ်လိုက်၍ အခေါ်အဝေါ်များကွဲပြားသော်လည်း အမှန်တကယ်တမ်းတွင် ၎င်းတို့အားလုံးသည် တိုင်းရင်းသားမျိုးနွယ်တစ်စုထဲကပင်ဖြစ်၏။
မြန်မာနိုင်ငံသမိုင်းကြောင်းတွင်လဲ ရှမ်းလူမျိုးများ၏အင်အားကြီး သာလွန်ခဲ့သည့် ခေတ်ကာလများမှာလဲ ယနေ့ထိတိုင် ပေါ်လွင်မြဲဖြစ်သည်။ ရှမ်းဟူသည့် အမည်အောက်တွင် မျိုးနွယ်ခွဲပေါင်း သုံးဆယ်ကျော် ထပ်မံရှိ၏။ ရှမ်းအမျိုးသားများသည် ပင်နီရောင် တိုက်ပုံနှင့် ရိုးရာလုံချည်ကိုတွဲဖက်ဝတ်ဆင်ကြသည်။ အမျိုးသမီးများမှာမူ ရင်စေ့လက်ရှည် ၊ ရိုးရာလုံချည်ထည်များကို ဝတ်ဆင်ကြပါသည်။
ရှေးယခင်က နတ်ကိုးကွယ်မှုရှိခဲ့ကြပြီး ရှမ်းစော်ဘွားသခင်ဖြစ်သူ ကွယ်လွန်လျှင် ကျန်ရစ်သူ မိဖုရား၊ ကျွန်နှင့် အိမ်တွင်ရှိသောတိရိစ္ဆာန်များကိုပါ သတ်ဖြတ်ကာ အတူမြုတ်နှံကြောင်းကိုလဲ ရေးသားဖော်ပြကြပါသေးသည်။ ထိုအချက်အလက် မှန်၏၊ မှား၏ ကိုတော့ တသတ်မှတ်ထဲ ကောက်ချက်မချနိုင်ပါ။ ယနေ့ခေတ်တွင် မြန်မာနိုင်ငံမှ ရှမ်းလူမျိုးအများစုသည် ဗုဒ္ဓဘာသာကို ကိုးကွယ်မှုများပြားလာကြပြီး နတ်ကိုးကွယ်မှုပြုသူများမှာ မရှိသလောက်ပင် နည်းပါးသွားပြီ ဖြစ်ပါသည်။