ကမ္ဘာကြီးကို ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ အမေဇုန်သစ်တောကြီး
byohls.com
|
2024-05-17

            ကမ္ဘာကြီးရဲ့အဆုတ်လို့ တင်စားခေါ်ဝေါ်ကြတဲ့ အမေဇုန်မိုးသစ်တောကြီးက ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဧရာမ မိုးသစ်တောကြီးဖြစ်ပါတယ်။ ကမ္ဘာပေါ်က ရေချိုအားလုံးရဲ့ ၂၀ ရာခိုင်နှုန်းကို ထိန်းသိမ်းပေးထားတဲ့ အမေဇုန်တောကြီးက ကမ္ဘာပေါ်က သက်ရှိသတ္တဝါတွေကို များစွာ အထောက်အပံ့ပေးနေတဲ့ မိုးသစ်တောကြီးလည်းဖြစ်ပါတယ်။ အမေဇုန်မိုးသစ်တောကြီးက ကမ္ဘာပေါ်က မိုးသစ်တောဧရိယာစုစုပေါင်းရဲ့ တစ်ဝက်ကျော်ကျော်ကို ပိုင်ဆိုင်ထားတာပါ။ ဒါတင်မက ကမ္ဘာ့မျက်နှာပြင်ဧရိယာအားလုံးရဲ့ ၆ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ အရင်တုန်းက ၁၄ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားရာကနေ သစ်တောပြုန်းတီးမှုတွေကြောင့် ၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တာပါ။ အမေဇုန်သစ်တောကြီးက နိုင်ငံပေါင်း ၉ နိုင်ငံကို ဖြတ်ပြီး စတုရန်းမိုင်ပေါင်း ၂.၆ သန်းအထိ ဧရိယာကျယ်ဝန်းလှပါတယ်။ စတုရန်းကီလိုမီတာအားဖြင့်တော့ ၆.၇ သန်း ဖုံးလွှမ်းထားတာဖြစ်ပါတယ်။ အပင်ပေါင်းက ဘီလီယံ ၄၀၀ နီးပါး ရှိပါတယ်။ အဲဒီလောက်များပြားတဲ့ အပင်တွေကနေ ကမ္ဘာကြီးတစ်ခုလုံးရဲ့ အောက်စီဂျင် ၂၀ ရာခိုင်နှုန်းကို ထုတ်ပေးနေတာလည်း ဖြစ်ပါတယ်။     ၎င်းအမေဇုန်တောကြီးသာ မရှိရင် ဘယ်လိုများနေလိမ့်မလဲလို့ အများစုက မတွေးပူမိကြပါဘူး။ အကယ်၍သာ အမေဇုန်တောကြီး ပြုန်းတီးပျောက်ကွယ်သွားမယ်ဆိုရင် ကမ္ဘာကြီးကို ကြီးမားတဲ့ဆိုးကျိုးရိုက်ခတ်မှုတွေ ရှိလာစေမှာ ဖြစ်ပါတယ်။ အမေဇုန်သစ်တောကြီးဟာ ကမ္ဘာပေါ်က ကာဗွန်ဒိုင်အောက်ဆိုက် မက်ထရစ်တန်ပေါင်း ၉၀ ကနေ ၁၄၀ ဘီလီယံအထိ စုပ်ယူပေးနေတာပါ။ ၎င်းပမာဏဟာ လူသားတွေကြောင့် ကမ္ဘာ့လေထုထဲကို နှစ်စဉ်ထုတ်လွှတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏထက် သုံးဆ၊ လေးဆ ပိုများပါတယ်။ အကယ်၍များ နောက်လာမယ့် နှစ်ပေါင်းလေးဆယ်အတွင်း အမေဇုန်မိုးသစ်တောကြီး ပြုန်းတီးသွားခဲ့မယ်ဆိုရင် ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏကို လျှော့ချဖို့ အပင်တွေနည်းပါးသွားတော့မှာပါ။

            အမေဇုန်တောကြီးထဲက အပင်တွေ ပြုန်းတီးသွားခဲ့ရင် ပြန်လည်စိုက်ပျိုးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အကယ်၍များ ဖြစ်နိုင်ခဲ့မယ်ဆိုရင်တောင် သစ်တောကြီးတစ်တော ပြန်လည်ဖြစ်လာဖို့ဆိုရင် နှစ်ပေါင်း ရာနဲ့ချီပြီး အချိန်ကြာမြင့်မှာ ဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့အပူချိန်ကို ထိန်းထားပေးပြီး အောက်စီဂျင်ကို အဓိကထုတ်ပေးနေတဲ့ အမေဇုန်မိုးသစ်တောကြီး ပြုန်းတီးမှု အနာဂတ်အန္တရာယ်ကို လူသားတွေ သတိမပြု မကာကွယ်ဘူးဆိုရင်တော့ အနာဂတ်မှာ ကြီးမားတဲ့ရာသီဥတုဆိုးရွားမှုတွေ ကြုံတွေလာရနိုင်ပြီး သဘာဝကြီးရဲ့သဟဇာတဖြစ်မှုတွေဟာလည်း ယိုယွင်းလာမှာ အသေအချာပါပဲ။




Some text some message..