ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့တဲ့ အမှတ်မထင် တွေ့ရှိမှုများ
byohls.com
|
2024-05-27

            တစ်ခါတလေမှာ ထူးချွန်ပြောင်မြောက်မှုတွေက အထူးတလည် ဖန်တီးမှုကြောင့်မဟုတ်ဘဲ မတော်တဆတွေ့ရှိမှုတွေကနေ ထွက်ပေါ်လာတတ်ပါတယ်။ တချို့တီထွင်မှုတွေမှာ တီထွင်သူတွေ တီထွင်တဲ့အရာက တစ်ခု၊ ရရှိလာတဲ့ရလဒ်က မတူညီတဲ့တစ်ခု ဖြစ်နေတတ်ပါတယ်။ အမှတ်မထင် တွေ့ရှိမှုတွေကနေ ထွက်ပေါ်လာခဲ့တဲ့၊ အရေးပါပြီး အကျိုးရှိတဲ့တီထွင်မှုတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ နိုင်လွန်ကပ်ခွာ

            နိုင်လွန်ကပ်ခွာတွေကို ကျောပိုးအိတ်တွေ၊ သွေးပေါင်ချိန်စက်တွေနဲ့ ထီးတွေအပြင် မရေမတွက်နိုင်အောင် များပြားတဲ့ အရာဝတ္ထုတွေမှာပါ တွေ့နိုင်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀ လောက်တုန်းကတော့ ကမ္ဘာပေါ်မှာ နိုင်လွန်ကပ်ခွာတွေ မပေါ်ပေါက်သေးပါဘူး။ ၁၉၄၁ ခုနှစ် တစ်မနက်ခင်းမှာ ဆွစ်ဇာလန်နိုင်ငံသား အင်ဂျင်နီယာ ဂျော့ဒီ မက်စ်ထရယ်က သစ်တောထဲကို သူ့ခွေးလေးနဲ့ လမ်းလျှောက်ထွက်ခဲ့ပါတယ်။ သူတို့လမ်းလျှောက်ထွက်ပြီး ပြန်လာတဲ့အခါမှာ သူတို့ကိုယ်မှာ ကပ်စေးနှဲအပင်က အစေ့တွေ ကပ်နေတာကို သတိထားမိခဲ့ပါတယ်။ အဲဒီအစေ့တွေဟာ အဝတ်အစားနဲ့ ဆံပင်တွေမှာ အလွယ်တကူကပ်ငြိရခြင်း အကြောင်းရင်းကို သူ စဉ်းစားကြည့်တယ်။ အစေ့မှာရှိတဲ့ ချိတ်လို အမွေးတွေက အဝတ်အစားမှာရှိနေတဲ့ချည်မျှင်ကွင်းလေးတွေကို ချိတ်ကပ်နေတာဖြစ်ကြောင်း တွေ့ရှိခဲ့တယ်။ ဒီမက်စ်ထရယ်က ကွင်းနဲ့ ချိတ်လေးတွေပါတဲ့ အလွယ်တကူ ကပ်လို့ခွာလို့ရတဲ့ ကပ်ခွာတစ်မျိုးကို တီထွင်ဖို့ အကြံရခဲ့တယ်။ သူ့တီထွင်မှုကို ကုမ္ပဏီနာမည်အစွဲပြုပြီး ဗယ်ခရိုလို့ နာမည်ပေးခဲ့ပါတယ်။ နိုင်လွန်ကပ်ခွာကို ၁၉၅၅ ခုနှစ်မှာ မှတ်ပုံတင်ခဲ့ပြီး ကမ္ဘာအနှံ့ကို ထုတ်လုပ်ဖြန့်ချိဖြစ်ခဲ့တယ်။ အာကာသထဲမှာ နိုင်လွန်ကပ်ခွာတွေကို အသုံးပြုလိုက်ပြီးတဲ့နောက်မှာတော့ ထင်ရှားကျော်ကြားလာခဲ့ပါတယ်။ ကမ္ဘာ့ဆွဲအား သုညအခြေအနေမှာ အရာဝတ္ထုတွေ အဝေးကို လွင့်မသွားစေဖို့အတွက် နိုင်လွန်ကပ်ခွာတွေက စွမ်းဆောင်ပေးနိုင်ပါတယ်။

၂။ မီးခြစ်ဆံ

            မီးခြစ်တွေမှာ ရှည်လျားတဲ့သမိုင်းကြောင်း ရှိပါတယ်။ ဒါပေမဲ့ ပထမဆုံးမီးခြစ်ဆံကိုတော့ ဂျွန် ဝေါကားက သူ့ဓာတ်ခွဲခန်းထဲမှာ စမ်းသပ်မှုတစ်ခုလုပ်နေတုန်း အမှတ်မထင် တီထွင်မိခဲ့တာဖြစ်ပါတယ်။ သူက ဆာလ်ဖာနဲ့ တခြားဓာတ်ပစ္စည်းတချို့ကို သစ်သားချောင်းလေးနဲ့ မွှေနေခဲ့တယ်။ အဲဒီနောက်မှာတော့ ကျောက်မျက်နှာပြင်တစ်ခုပေါ်မှာ ခြောက်သွေ့နေတဲ့ဓာတုမှုန့်တွေကို သစ်သားချောင်းရဲ့ အစွန်းတစ်ဖက်နဲ့ မတော်တဆ ခြစ်မိလိုက်တယ်။ သစ်သားရဲ့အစွန်းတစ်ဖက်က မီးထတောက်ပါလေရော။ စိတ်ဝင်စားဖို့ကောင်းတဲ့အရာတစ်ခုကို တီထွင်လိုက်မိပြီဆိုတာ ဂျွန် ဝေါကား သိလိုက်တယ်။ နောက်ထပ်သစ်သားချောင်းတွေ အများကြီးနဲ့ သူ့သူငယ်ချင်းတွေကို သက်သေပြခဲ့တယ်။ ဂျွန် ဝေါကား လုပ်ပြတာကို မြင်ပြီး ဆမ်မျူရယ် ဂျုန်းစ်က လန်ဒန်မှာ မီးခြစ်ဆံလုပ်ငန်းတစ်ခု ထူထောင်ဖို့ စိတ်ကူးရသွားခဲ့တယ်။ ဂျုန်းစ်ရဲ့လုပ်ငန်းကို လူစီဖာလို့ နာမည်ပေးခဲ့ပါတယ်။

၃။ ကက်ဗလာ

            စတီဖန်နီကဝိုးလက်ဟာ ဆရာဝန်တစ်ယောက်ဖြစ်ချင်ခဲ့သူပါ။ ဒါပေမဲ့ ဆရာဝန်ဖြစ်မလာခဲ့ဘဲ ကက်ဗလာခေါ်တဲ့ သံမဏိထက် မာကျောပြီး ပေါ့ပါးတဲ့အမျှင်တွေရဲ့တီထွင်သူ ဖြစ်လာခဲ့ပါတယ်။ ကဝိုးလက်က နိမ့်ကျတဲ့အပူချိန်မှာရှိတဲ့ မော်လီကျူးချိတ်ဆက်မှုတွေကို လေ့လာနေတုန်းမှာပဲ ထူးခြားပြီး မာကျောခိုင်ခံ့တဲ့ မော်လီကျူးချိတ်ဆက်မှုတစ်ခုကို အမှတ်မထင် တွေ့ရှိခဲ့ပါတယ်။ သူ့ရှာဖွေတွေ့ရှိမှုက ကက်ဗလာတီထွင်မှုကို ဦးတည်စေခဲ့တယ်။ ယနေ့အချိန်မှာတော့ ကက်ဗလာအမျှင်တွေကို အသုံးချဖန်တီးထားတဲ့ပစ္စည်း ၂၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။ စစ်တပ်နဲ့ ရဲဌာနတွေမှာ ကျည်ကာဝတ်စုံပြုလုပ်ဖို့ ကက်ဗလာအမျှင်တွေကို အသုံးပြုပါတယ်။ ဒါ့အပြင် လေယာဉ်ပျံ၊ ရှူးဖိနပ်၊ သင်္ဘောနဲ့ ကားဘရိတ် အစရှိတဲ့ အရာဝတ္ထုတော်တော်များများမှာ အသုံးပြုထားပါသေးတယ်။ ကက်ဗလာအမျှင်နဲ့ ပြုလုပ်ထားတဲ့ ကျည်ကာဝတ်စုံတွေက ကျည်ဆန်၊ ဓားနဲ့ တခြားလက်နက်တွေရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှုကနေ ကာကွယ်ပေးပါတယ်။

၄။ အရောင်မမြင်ရသူတွေ အရောင်မြင်နိုင်စေမယ့် မျက်မှန်

            ၂၀၀၅ ခုနှစ်က ဒွန်မက်ဖာဆန် အားကစားလုပ်နေတုန်း သူ့သူငယ်ချင်းတစ်ယောက်က နေကာမျက်မှန် လာငှားခဲ့ပါတယ်။ သူ့သူငယ်ချင်းက အဲဒီနေကာမျက်မှန်ကို တပ်ပြီး ပထမဆုံးလိမ္မော်ရောင်ကို မြင်တွေ့သွားတဲ့အချိန်မှာ အလွန် အံ့သြသွားခဲ့ပါတယ်။ မက်ဖာဆန်လည်း သူ့သူငယ်ချင်းက အရောင်မမြင်ရတဲ့သူဖြစ်တယ်ဆိုတာ အဲဒီအချိန်ကျမှ သိလိုက်ရတယ်။ တကယ်တော့ မက်ဖာဆန်တီထွင်ထားတဲ့ အဲဒီနေကာမျက်မှန်တွေက လေဆာနဲ့ ခွဲစိတ်တဲ့ ခွဲစိတ်ခန်းဝင်ရတဲ့ဆရာဝန်တွေအတွက် ရည်ရွယ်ပြုလုပ်ထားတာဖြစ်ပါတယ်။ ခွဲစိတ်ဆရာဝန်တွေက အဲဒီနေကာမျက်မှန်တွေကို ခွဲစိတ်ခန်းမှာတင်မဟုတ်ဘဲ အပြင်သွားအပြင်လာပါ ဝတ်ပြီး သဘောကျခဲ့ကြတာပါ။ မက်ဖာဆန်ကိုယ်တိုင်ကလည်း အဲဒီနေကာမျက်မှန်ကို မကြာခဏ  တပ်ဆင်အသုံးပြုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မက်ဖာဆန်နဲ့ လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ဟာ အရောင်မမြင်ရတဲ့ရောဂါရှိသူတွေအတွက် မျက်မှန်တွေ ထုတ်လုပ်ဖို့ ရည်ရွယ်ချက်နဲ့ အန်ခရိုမာလက်ဆိုတဲ့ ကုမ္ပဏီကို ထူထောင်ခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ အရောင်မမြင်နိုင်တဲ့သူတွေကို ဆက်လက်လေ့လာခဲ့ပြီး အရောင်မြင်နိုင်စေမယ့်မျက်မှန်တွေကို ဘယ်လိုထုတ်လုပ်မလဲဆိုတာကို ဆက်လက်လေ့လာခဲ့ကြပါတယ်။

၅။ နှလုံးခုန်စက်

            ဒေါက်တာ ဝီလ်ဆန် ဂရိတ်ဘတ်ချ်က ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတစ်ခုလုံးကို ပြောင်းလဲသွားစေခဲ့တဲ့၊ ကြီးမားတဲ့အသက်ကယ်တီထွင်မှုကြီးတစ်ခု ပေါ်ပေါက်လာစေမယ့် အမှားတစ်ခုကို ပြုလုပ်ခဲ့မိပါတယ်။ ၁၉၅၆ ခုနှစ်မှာ နှလုံးခုန်နှုန်းမှတ်တမ်းတင်စက်ကို တီထွင်ဖို့ ဒေါက်တာ ဝီလ်ဆန်က ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ မှားယွင်းတဲ့ လျှပ်စီးကြောင်းတစ်ခုကြောင့် သူ့တီထွင်မှုက မအောင်မြင်ခဲ့ပါဘူး။ သူတီထွင်တဲ့စက်ဟာ နှလုံးခုန်သံကို အသံဖမ်းရမယ့်အစား လျှပ်စီးကြောင်းတစ်ခုကို ထုတ်ပေးခဲ့ပါတယ်။ သူ့ရဲ့အမှားအယွင်းက မကျန်းမာတဲ့နှလုံးကို ပုံမှန် အလုပ်လုပ်စေပြီး သွေးတွေကို ပုံမှန် ညှစ်ထုတ်ပေးနိုင်အောင် လျှပ်စီးကြောင်းတွေ ထုတ်လွှတ်ပေးနိုင်တယ်ဆိုတာကို ဒေါက်တာ ဝီလ်ဆန် သိရှိသွားပါတယ်။ သူ့ရဲ့မတော်တဆ ရှာဖွေတွေ့ရှိမှုကနေ ပထမဆုံး ခန္ဓာကိုယ်တွင်း ထည့်သွင်းထားနိုင်တဲ့ နှလုံးခုန်စက် ပေါ်ထွက်လာဖို့ ကြိုးစားခဲ့ပါတယ်။ စက်ကို အကောင်းဆုံး မွမ်းမံပြီး မှတ်ပုံတင်ဖို့အချိန် နှစ်နှစ်ကြာမြင့်ခဲ့ပါတယ်။ ဒေါက်တာ ဝီလ်ဆန်ရဲ့ ပထမဆုံး နှလုံးခုန်စက်က နှလုံးရောဂါဝေဒနာရှင်တစ်ယောက်ကို ၁၈ လအထိ အသက်ရှင်သွားစေနိုင်ခဲ့ပါတယ်။ အခုချိန်မှာတော့ သူ့တီထွင်မှုဟာ ကမ္ဘာတစ်ဝန်း အသက် သန်းပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ျ




Some text some message..