မြန်မာနိုင်ငံရဲ့ ပညာရေးသည်အလွတ်ကျက်ပညာရေးစနစ်အဖြစ် နာမည်ကြီးခဲ့ပြီး စာမေးပွဲရလဒ်တွေပေါ်မှာအခြေခံထားတဲ့အတွက်ကြောင့် ကျောင်းသား၊ ကျောင်းသူတွေဟာ စာမေးပွဲ နဲ့ ပတ်သက်တဲ့ ဖိအားတွေကို ရင်ဆိုင်ခဲ့ရပါတယ်။
မြန်မာနိုင်ငံရဲ့အခြေခံပညာရေးမှာ ဒါမေး၊ ဒါဖြေ စနစ်နဲ့ စစ်ဆေးနေတဲ့ စာမေးပွဲတွေကို လျှော့ချဖို့ ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိနေပါတယ်။လက်ရှိအချိန်မှာတော့ ဆယ့်နှစ်တန်းပညာရေးစနစ်ကို စတင်အကောင်အထည်ဖော်နေပြီးအားနည်းချက်အားသာချက်တွေနဲ့ ဒွန်တွဲလျက်ရှိနေတုန်းပါပဲ။
၂၀၁၈ – ၂၀၁၉ ပညာသင်နှစ်မှာတော့ Grade 2 သင်ရိုးပြောင်းလဲမှာဖြစ်ပြီး ယင်းနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရမှာ ဖြစ်ပါတယ်။
၂၀၁၉ – ၂၀၂၀ ပညာသင်နှစ် Grade ( 3 ) နဲ့ ( 6 ) သင်ရိုးပြောင်းမှာ ဖြစ်ပြီး ထိုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရမှာ ဖြစ်ပါတယ်။
၂၀၂၀ – ၂၀၂၁ ပညာသင်နှစ်Grade ( 4 ) ( 7 ) နဲ့ ( 10 ) သင်ရိုးပြောင်းမှာ ဖြစ်ပြီး ယင်းနှစ်မှစကာ တက္ကသိုလ်ဝင်တန်းစာမေးပွဲရှိမှာ မဟုတ်ပါဘူး။
၂၀၂၁ – ၂၀၂၂ ပညာသင်နှစ် Grade 5 , 8 , 11 သင်ရိုးပြောင်းလဲမှာဖြစ်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲမရှိတော့ပါဘူး။
၂၀၂၂ – ၂၀၂၃ ပညာသင်နှစ် Grade ( 6 , 9 , 12 ) သင်ရိုးပြောင်းလဲမှာ ဖြစ်ပြီးအခြေခံပညာပြီးမြောက်ခြင်း စစ်ဆေးခြင်းပြီးစီးကြောင်း Completion Certificate ချီးမြင့်မှာ ဖြစ်ပါတယ်။ ယင်းလက်မှတ် ရသူတိုင်း သက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းတွေ မိမိနှစ်သက်ရာ ရွေးချယ်တက်ရောက်နိင်မှာ ဖြစ်ပါတယ်။
အဆိုပါ လက်မှတ်ရသူတိုင်း မိမိဆက်လက်သင်ကြားလိုရာ တက္ကသိုလ်ပညာက ိုဝင်ခွင့်ဖြေဆိုပြီးအောင်မြင်ပါက ဆက်လက် သင်ကြားနိင်ပါတယ်။ ၂၀၂၀ – ၂၀၂၁ ပညာသင်နှစ် နဲ့ ၂၀၂၁ – ၂၀၂၂ ပညာသင်နှစ် ၂ နှစ်မှာ သင်ရိုးဟောင်း ကျရှုံးသူတွေအတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲရှိပါတယ်။အခြေခံပညာရေးပြီးဆုံးတဲ့အထိအခမဲ့ပညာရေးစနစ်ဖြစ်ပါတယ်။
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကအရည်အသွေးရှိတဲ့ ပညာ ရေးပြုပြင်ပြောင်းလဲမှုသည် နိုင်ငံတော်ရဲ့လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက်အလွန်အရေးကြီး တယ်လို့ ဇန်နဝါရီလ ၁၆ ရက်နေ့ကအရည်အသွေးရှိသောပညာရေး ဦးတည်အကောင်အထည်ဖော်နိုင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးပွဲမှာ ပြောကြားခဲ့ပါတယ်။
KG+12 ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေပြီးအချိန်နဲ့ တစ်ပြေးညီအကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ သူက ဆိုပါတယ်။
၂၀၁၆ ခုနှစ်မှာ သူငယ်တန်း(KG)သင်ရိုးသစ် ဆရာလက်စွဲစာအုပ်တွေ စတင်အသုံးပြုခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ပထမတန်း(Grade-1) သင်ရိုးညွှန်းတမ်းသစ် နဲ့ ၂၀၁၈ ခုနှစ်မှာ ဒုတိယတန်း(Grade-2) သင်ရိုးညွှန်းတမ်းသစ် မြန်မာစာ၊အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနဲ့ ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ကာယပညာ၊ ပန်းချီ၊ ဂီတ ကျောင်းသုံးဖတ်စာအုပ်တွေ ဆရာလက်စွဲစာအုပ်တွေနဲ့ သင်ထောက်ကူပစ္စည်းတွေ ဖြည့်ဆည်းပြီး ကလေးဗဟိုပြုသင်ကြားတာတွေ စစ်ဆေးအကဲဖြတ်ခြင်းတို့အတွက် မူလတန်းပြဆရာ၊ ဆရာမတွေအားလုံးကို သင်တန်းတွေပေးပြီး ဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။
၂၀၁၉ ခုနှစ်မှာ မူလတန်း Grade-3 နဲ့အလယ်တန်း Grade-6 သင်ရိုးညွှန်းတမ်းသစ်တွေအတွက်လည်း ကျောင်းသုံးဖတ်စာအုပ်တွေ ဆရာ့လက်စွဲစာအုပ်တွေနဲ့ သင်ထောက်ကူပစ္စည်းတွေ ဖြည့်ဆည်းပြီး ကလေးဗဟိုပြု သင်ကြားသင်ယူခြင်းတွေအတွက် မူလတန်းပြဆရာဆရာမ၊အလယ်တန်းပြဆရာ ဆရာမတွေအားလုံးကို သင်တန်းများပေးရန် စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်က ပညာရေး ကဏ္ဍဆိုင်ရာ တိုးတက်အောင်မြင်မှုတွေ လက်ရှိတွေ့ကြုံနေရတဲ့အခက်အခဲတွေကို ကျော်လွှားဖြေရှင်းဖု့ိ ပြောကြားခဲ့ပါတယ်။
KG+12 (သူငယ်တန်း+၁၂ တန်း) စနစ်သစ်အရ ၂၀၁၆-၁၇ ပညာသင်နှစ်ကစတင်ကာ သူငယ်တန်း ၂၀၁၇-၁၈ ပညာသင်နှစ်၌ ပထမတန်း၊ ယခု ၂၀၁၈-၁၉ ပညာသင်နှစ်၌ ဒုတိယတန်းတွင် ကျောင်းသား၊ ကျောင်းသူများကို သင်ရိုးညွှန်းတမ်းအသစ်ဖြင့် စတင်သင်ကြားနေပါတယ်။
သင်ရိုးသစ်နဲ့ သင်ကြားနေတဲ့ သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်းတို့တွင် စာမေးပွဲ ကျင်းပစစ်ဆေးခွင့်မပြုသေးပါဘူး။
KG+12 သင်ရိုးသစ်ပေါက်အောင်မြင်ဖို့ ကြုံတွေ့နေရတဲ့အဓိကအခက်အခဲက ဆရာအတတ်ပညာ သင် တန်းဆင်းလက်မှတ်ရ ဘာသာရပ်ကျွမ်းကျင်ဆရာ လိုအပ်ချက် ဖြစ်တယ်လို့ ပညာရေးအသိုင်းအဝိုင်းမှ သိရပါတယ်။
ပညာရေးဝန်ကြီးဌာနကအခြေခံပညာသင်ရိုးညွှန်းတမ်းတွေကို ၂၀၂၂-၂၃ ပညာသင်နှစ်အပြီး တစ်နှစ်ချင်းပြောင်းလဲဖို့ သတ်မှတ်ထားပါတယ်။
၂၀၁၉-၂၀ ပညာသင်နှစ်မှာ Grade-3 နဲ့ Grade-6၊ ၂၀၂၀-၂၁ ပညာ သင်နှစ်မှာ Grade-4, Grade- 7 နဲ့ Grade-10၊ ၂၀၂၁-၂၂ ပညာသင်နှစ်မှာ Grade-5, Grade-8 နဲ့ Grade-11, Grade-9 နဲ့ Grade-12 တို့ကို စနစ်သစ် သင်ရိုးညွှန်းတမ်းတွေနဲ့ ပြောင်းလဲသင်ကြားမှာ ဖြစ်ပါတယ်။
စနစ်သစ်ပညာ ရေး ပြုပြင်ပြောင်းလဲမှုတွေမှာ ပညာရေး နဲ့ စပ်လျဉ်းတဲ့ မိဘတွေရဲ့အသုံးစရိတ် ပိုမိုလျော့ကျစေရေးနဲ့ ပညာရေးမှာ သာတူညီမျှမှုတွေ ပိုမိုဖြစ်လာစေရေး ဦးတည်ဆောင်ရွက်နေတယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။
ဇန်နဝါရီ ၂၈ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောကျော်ဝင်းမောင်က တက္ကသိုလ်ဝင်တန်းစာမေးပွဲရမှတ်ဖြင့် တက္ကသိုလ်ဝင်ခွင့် သတ်မှတ်ခြင်းကြောင့် ကလေးတွေရဲ့လက်တွေ့ဘ၀ ဖွံ့ဖြိုးတိုးတက်မှု ထိခိုက်ကြောင်း မေးမြန်းဆွေးနွေးခြင်းအပေါ် ပညာရေးဝန်ကြီးက ယင်းသို့လာရောက်ရှင်းလင်း ဖြေကြားတာ ဖြစ်ပါတယ်။
အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းအရအခြေခံပညာကဏ္ဍတွင် မူလအခြေခံပညာရေးစနစ်ဟောင်းမှ KG+12 စနစ်သစ်ကို ၂၀၁၆-၁၇ ပညာသင်နှစ်က စတင်အကောင်အထည်ဖော်ရာ ၂၀၂၀ - ၂၃ ပညာသင်နှစ်တွင် ဒသမတန်း (Grade-12) သင်ရိုးသစ်ကိုအကောင်အထည်ဖော်မှုဖြင့်အခြေခံပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု ပြီးစီးမယ်လို့ ဝန်ကြီးကပြောပါတယ်။
စနစ်သစ်ပညာရေး ပြုပြင်ပြောင်းလဲမှုတွေမှာ ဝိဇ္ဇာဘာသာတွဲ နဲ့ သိပ္ပံဘာသာတွဲတို့ကို ဟန်ချက်ညီညီအချိုးညီမျှတရေး၊ ဖွံ့ဖြိုးရေးဘာသာရပ်တွေကို သင်ရိုးဝင်ဘာသာရပ်တွေအဖြစ် သတ်မှတ်သင်ကြားရေး၊ စာမေးပွဲရလဒ်ကောင်းရရှိရေး ဦးတည်ကာအလွတ်ကျက်မှတ်မှုအားပေးတဲ့ သင်ကြား၊ သင်ယူမှုမှ တစ်သက်တာ သင်ယူနိုင်ရေး နဲ့ စဉ်းစားတွေးခေါ်မှုကိုအားပေးတဲ့ သင်ကြားသင်ယူမှု ဖြစ်လာစေရေး၊ ကျောင်းသား၊ ကျောင်းသူတွေနဲ့ မိဘတွေရဲ့ ပြိုင်ဆိုင်မှု လျှော့ချရေး၊ ပညာရေး နဲ့ စပ်လျဉ်းတဲ့ မိဘတွေရဲ့အသုံးစရိတ် ပိုမိုလျော့ကျစေရေး၊ ပညာရေးမှာ သာတူညီမျှမှုတွေ ပိုမိုဖြစ်လာစေရေးအ တွက် ဦးတည်ဆောင်ရွက်နေတယ်လို့ ၎င်းကရှင်းပြပါတယ်။
တက္ကသိုလ်ဝင်ခွင့်အတွက် သင်ယူလိုတဲ့ ဘာသာရပ် နဲ့ တက္ကသိုလ်ကို သင်ယူသူကိုယ်တိုင် ရွေးချယ်လျှောက်ထားခွင့်ရှိပြီး တက္ကသိုလ်ဝင်ခွင့်ကိုအခြေခံ ပညာအထက်တန်း စာမေးပွဲ ရမှတ်ဖြင့်သာ စိစစ်ဆုံးဖြတ်ရွေး ချယ်ခြင်းမဟုတ်ဘဲ တက်ရောက်လိုတဲ့ တက္ကသိုလ်ရဲ့ ပဋိညာဉ်စာတမ်းနဲ့အညီ စိစစ်ရွေးချယ်တဲ့ စနစ်ထားရှိရေးလို့အမျိုးသားပညာရေးဥပဒေမှာ ပြဋ္ဌာန်းပြီးဖြစ်တဲ့အတွက်အဆိုပါပြဋ္ဌာန်းချက် နဲ့အညီ ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေတယ်လို့လည်း ပညာရေး ဝန်ကြီးကပြောပါတယ်။ ။
Publish reply