“ မကျွတ်မလွတ်သူများ ”
lotaya.mpt.com.mm
|
2019-02-08



“ မကျွတ်မလွတ်သူများ ”

ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် )

( စ - ဆုံး )

ထိုင်း(ယိုးဒယား)နိုင်ငံမြောက်ပိုင်း ၊ ချင်းမိုင်(ဇင်းမယ်)မြို့၏တစ်နေရာတွင်ဖြစ်သည် ။

“ ဖြူ … မောင်တို့ ဒီနေရာလေးကို ဈေးသက်သက်သာသာနဲ့ငှားလိုက်တာ

အတော်ကံကောင်းတယ် ”

“ ဟုတ်တယ် မောင်…. နေရာလေးက ကျယ်လည်းကျယ်တယ် မောင့်အလုပ်သမားလေးတွေအတွက်

အခန်းကန့်ပေးလို့လည်းရတယ် ဖြူတို့မိသားစုလည်း ကျယ်ကျယ်ဝန်းဝန်းနေနိုင်တယ်

နေရာကလည်း မဆိုးဘူး ဖြူတို့ရင်သွေးလေးမွေးလာမှာနဲ့ဆိုအတော်ပဲ….

ဒီမှာအခြေချဖြစ်ရင်တော့ ဒီကလေးကြီးလာရင်အတော်ပဲ ဟိုးမှာ….စာသင်ကျောင်းကိုတောင်

လှမ်းမြင်နေရတယ်… ၊အိမ်နေရာနဲ့ကျောင်းနီးနေတော့ ကလေးစိတ်ချရတာပေါ့ ”

“အံမယ်… ငါ့မိန်းမကအမျှော်အမြင်ကြီးချက်များ ကလေးတောင်ကိုယ်ဝန် ၅လပဲရှိသေးတယ်

သူက ကျောင်းနေတဲ့အထိပါ တွေးပလိုက်တာကို…ဟား… ကလေးကိုသာ ကျန်းကျန်းမာမာနဲ့

မွေးစမ်းပါဦးမိန်းမရာ..ကျန်တာ ဘာမှလျှောက်တွေးမနေနဲ့ ဒါတွေက ဟော့ဒီက မောင့်အလုပ် ”

မြန်မာပြည် ရှိ ရှမ်းပြည်နယ်တွင်အခြေချနေထိုင်ရင်းမှ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုသည့်

ဆိုရိုးအတိုင်း ရေကြည်ရာ မြတ်နုရာ ရှာဖွေရင်း နောက်ဆုံး သူတို့လင်မယားအခြားနိုင်ငံဘက်မှာ

အခြေချဖြစ်သည့်အထိ ဖြစ်လာခဲ့ကြသည် ၊ ယောကျာ်းဖြစ်သူ စိုင်းခွန် ကအခြေချရာ မြို့ငယ်လေးတွင်ပင်

ပန်းရံအဖွဲ့ငယ်လေးတစ်ခုဖွဲ့၍ လက်ရင်းတပည် ... လေး ၊ ငါးယောက်လောက်နှင့် ပန်းရံ လုပ်ငန်းတစ်ချို့ကို

ချိတ်ဆက်လုပ်ကိုင်လျှက်ရှိပြီး ဝင်ငွေကောင်းသူဖြစ်သည် ၊ စိုင်းခွန်း မှာ ရှမ်းလူမျိုးစစ်စစ်တစ်ဦးလည်းဖြစ်သလို

သူ့အဖွဲ့သားများမှာလည်း ရှမ်းအစစ်များဖြစ်ကြသည် ၊ စိုင်းခွန်၏

အိမ်ထောင်ဘက် နန်းဝင့်ဖြူ ကတော့ ရှမ်း ဗမာ ကပြား တစ်ဦးဖြစ်သည် ၊

သူတို့လူတစ်စု ထိုင်းနိုင်ငံမှာအခြေချလုပ်ကိုင်ရင်း စီးပွားရှာဖို့ကြိုးပမ်းရေးတွင်

အဓိကကျနေသည့် နေအိမ်ငှားရမ်းနေထိုင်ရန်အခတ်အခဲတစ်ခုမှာတော့

ယခု မြေကွက်နေရာလေးကိုမြင်ပြီးနောက်အိမ်လေးတစ်လုံးဖန်တီးကာ

အဆင်ပြေသွားပြီဟု ဆိုနိုင်ပေမည် … ။

ခါရာသီ တစ်ရွှေ့ရွှေ့ လွန့်လူးလာရင်း ထိုအိမ်လေးမှာပင်

အချိန်တွေကုန်မှန်းမသိကုန်သွားရင်းက…. နန်းဝင့်ဖြူတစ်ယောက်တောင်

ကိုယ်ဝန်ကနေ ဖြူဖြူဖွေးဖွေး ချစ်စရာ သားလေးတစ်ယောက်မွေးဖွားနိုင်ခဲ့ပြီး

သားလေးတောင် တစ်သားအရွယ်တိုင်ခဲ့သည် ။

နန်းဝင့်ဖြူတို့ စရောက်ခါစကအိမ်တိုင်နဲ့အမိုးသာရှိနေတဲ့ မြေကွက်လေးကလည်း

သူတို့ရောက်ပြီးနောက်မှ ဟိုကာ ဒီကာ ဖြင့်အိမ်ကလေးအင်္ဂါရပ်နှင့် ညီလာခဲ့ခြင်းပင် ၊

အလုပ်သမားလေးများအတွက် တစ်ခန်း ၊ သူတို့မိသားစုလေးအတွက် တစ်ခန်း ၊ ဧည့်ခန်း ၊ မီးဖို ၊

အိပ်ခန်း ..စသဖြင့် လိုသလို ဖွဲ့လိုက်ခြင်းဖြင့်အခန်း ၅ခန်းဖြစ်လာဟန်ရှိသည် ၊ နန်းဝင့်ဖြူတို့

လူတစ်လုံးမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသော်လည်း ယိုးဒယားနတ်ကိုလည်း ကိုးကွယ်ကြသေးသည် ၊

အကြောင်းမှာ ရောမကိုရောက်လျှင် ရောမလိုကျင့်ရမယ်ဆိုသည့်အတိုင်း ပတ်ဝန်းကျင်မှ

လူများအားလုံးလုပ်သည်ကိုအတုယူကာ လိုက်လုပ်ဖြစ်ခြင်းပင် ၊ ထိုင်းလူမျိုးများမှာ

သူတို့၏အိမ်ဝိုင်းလေးများထဲတွင် နတ်စင်အသေးစားလေးများကို ဆောက်လုပ်ကာ

ကိုးကွယ်ကြသည် ၊ ထိုနတ်ကို ထိုင်းအခေါ် စောဝ့်ထိ ( စေဝ့် = ပိုင်ရှင် ၊ ထိ = နေရာ )

မြန်မာအခေါ် ဝိုင်းစောင့်နတ် ဟု ခေါ်ကြသည် ၊ နတ်စင်ပေါ်ရှိ နတ်ပုံစံမှာအဘိုးကြီးအဘွားကြီး

ပုံစံရုပ်ထုပုံဖြစ်ပြီး ပန်းကုံးများ ၊ ရောင်စုံ ဇာချည်များ ကိုလည်း စင်တွင် ချည်ထားသေးသည် ၊

အိမ်တိုင်းလိုလိုမှာပင် ထိုသလို့မြင်နိုင်ပြီး ထို စေဝ့်ထိ နတ်ကို

ဝါ မဝင်ခင်အချိန်ရောက်လာတိုင်းအိမ်တွင် ကြက်ပြုတ် ၊အရက် ၊ သစ်သီးများ ၊

မုန့်အချိုပွဲ ၊ ဝမ်းတွင်းသားချက်အသားစိမ်းသုတ်(ထိုင်းမြောက်ပိုင်းအစားအစာ) ၊

ကွမ်းယာ ၊ ဆေးလိပ် ၊ လ္ဘက်ရွက် များ ပြင်ဆင်လျှက်ထိုင်းထုံးစံအတိုင်း ပသ ကြသည် ၊

ထို့အပြင် သြင်္ကန်ကာလ (ထိုင်းအခေါ် မြောက်ပိုင်းနှစ်သစ်) ကာလရောက်တိုင်း

ဝက်ခေါင်း ၊ ကလီစာနည်းနည်း ၊ ဝက်ခြောက်ထောက် ၊ ဝက်မြီး (ဝက်တစ်ကောင်ကိုယူဆခြင်း) ၊

အရက် များ နှင့် ပသ ရသေးသည် ။အများစကားအရ သူများပိုင်သည့်အရပ်တွင်သူများအယူအဆအား

လေးစားအတုယူရပြီး လိုက်လုပ်ခြင်းဖြစ်သည် ၊ ယုံကြည်မှုအရ ထိုနတ်အား ထိုသို့ပသပါက

နတ်ကလည်း ပြန်စောင့်ရှောက်ပေးသည်ဟု ယုံကြည်ကြသည် ။

စိုင်းခွန် နှင့် နန်းဝင့်ဖြူ တို့၏ သားလေး စိုင်းဗိုလ် ပင် တစ်နှစ်သားအရွယ် ရောက်လာခဲ့ချေပြီ ၊

အိမ်နှင့် ခပ်လှမ်းလှမ်းတွင်ရှိသည့် မူကြိုကျောင်းတစ်ခုမှာ စိုင်းဗိုလ်လေးကို ပို့ထားဖြစ်သည် ၊

နေ့ကလေးထိန်းကျောင်း မူကြိုလေးမှာ နန်းဝင့်ဖြူ တို့အိမ်ကလေးနှင့် များစွာ မဝေးချေ ၊

အိမ်ျွှ ကျောင်းသို့ ဆိုင်ကယ်ဖြင့် သွားပါက ၅မိနှစ်ပင်မကြာသည့်နေရာဖြစ်သည် ၊ ကျောင်းစပို့ပြီး

ရက်ပိုင်းအတွင်းမှာပင် စိုင်းဗိုလ် တစ်ယောက် ခဏ ခဏ ဖျားလိုက် နားလိုက်ဖြစ်လာသည် ၊

အဖေဖြစ်သူ စိုင်းခွန်ကတော့

“ ငါ့သားလေး ရွယ်တူ ကလေးတွေအများကြီးနဲ့ စတွေ့တာဆိုတော့

ဒီလောက်တော့ ဖျားနာမှာပဲ…ယောကျာ်းလေးဆိုတာအကြမ်းခံနိုင်ရတယ် ၊

ထားလိုက်ပါ ဖြူရာအရမ်းစိတ်ဆင်းရဲမနေပါနဲ့ကွာ ” ဟု မိန်းမဖြစ်သူ

စိုးရိမ်စိတ်ကျသွားအောင် ပြောပေးသော်လည်း နန်းဝင့်ဖြူကတော့

မွေးထားသည့်အမေမို့စိတ်မအေးနိုင်

“ မဟုတ်သေးဘူး မောင်…. သားလေးက တစ်ခါ နှစ်ခါလောက် ဖျားတာဆို

နန်းဘာမျှမပြောပါဘူး…အခုက ခဏခဏဖြစ်နေတာ… ” ဟု ပြန်ပြောခဲ့သည် ။

စိုင်းခွန်စကားမှန်လာပြီဟု ဆိုရပေမည် ၊ စိုင်းဗိုလ်လေးကျောင်းအပ်ပြီး

လေး ၊ ငါးလအကြာတွင် ဖျားနာခြင်းသိပ်မရှိတော့ဘဲ ပုံမှန်း ပြန်ဖြစ်လာပေသည် ၊

ဆရာဝန်စကားအရဆိုလျှင်လည်း ကလေးကအများနှင့် ရောနိုင်သည့် ကိုယ်ခံအားရှိသားပြီဟု

သတ်မှတ်နိုင်သည် ။

အဲ့သည်လိုဖြင့် တစ်နေ့ရောက်သောအခါ ညကျောင်းမှ စိုင်းဗိုက်လေးပြန်အလာ

ပြန်ဖျားလေသည် ၊ ဒီတစ်ကြိမ်အဖျားအတော်ကြီးသည် ၊ ဆေးတိုက်လျှင်လည်း မသက်သာ ၊

ထူးခြားသည်မှာ မနက်ရောက်သည့်အခါ စိုင်းဗိုလ်လေး ထူးခြားစွာ ကိုယ်ပူကျ ၊အဖျားကျသွားပြီး

ကျန်းမာ ဆော့ကစားနေပြန်သည် ၊ ကျောင်းကပြန်ရောက်သည့်အခါ ကိုယ်ပူပြန်တက်လာပြီး

ပြန်ဖျားပြန်သည် ၊ နန်းဝင့်ဖြူတစ်ယောက်လည်း သားဇောဖြစ် ညမအိပ်နိုင်ဘဲ သားဖြစ်သူကိုသာ

စောင့်ကြည့်ရင်း ချွေးသုပ်ပေးလိုက် ကိုယ်ပတ်တိုက်ပေးလိုက်ဖြင့် နေနေလေသည် ၊ ထိုသို့

နေနေရင်းက တစ်ချက် မှေးခနဲ ဖြစ်သွားပြီးအိပ်ပျော်သွားသလိုဖြစ်သွားတော့သည် ၊

အိပ်မက်လား တကယ်လည်း ဝိုးတစ်ဝါးဖြစ်နေစဉ်မှာ… နန်းဝင့်ဖြူ ခုတင်ခြေရင်းဘက်မှ

နားထဲ မသဲကွဲသည့် ယောကျာ်းသံ နှင့် စကားပြောသံ ပလုံးပထွေးအသံများကို ကြားလိုက်ရတော့သည် ၊

ကြားကြားခြင်းအသိစိတ်ဝင်သွားကာ ခြေရင်းကိုလှမ်းကြည့်မိလိုက်ရာ ခြေရင်းဘက်တွင်

လူပုံစံအရိပ်အချို့ကို စတွေ့လိုက်ရတော့သည် ၊ ရုတ်တရက် ဖြစ်နေသည့်အဖြစ်မို့ သူခိုးဟုထင်ကာ

နန်းဝင့်ဖြူလည်း ကြောက်လန့်သွားပြီးအားကုန်အော်လိုက်ရာ ထူးဆန်းစွာဖြင့် မည်သည့်အသံမျှ

ထွက်လာခြင်းမရှိ ၊အကြိမ်ကြိမ်ကြိုးစားသည့်တိုင် လည်ချောင်းမှအသံများသည် တစ်စုံတစ်ခုကြောင့်

လေထဲတွင် စကားသံထွက်ပေါ်မလာဘဲ ပျောက်ဆုံးသွားလေရာ နောက်ဆုံး ကြံရာမရသည့်အဆုံး

ကြောက်စိတ်ကို စုစည်းထားကာ လက်ကိုအားထည့်မြှောက်လိုရင်း နံဘေးမှ ခင်ပွန်းသည်အား

လှမ်းရိုက်နှိုးလိုက်ရာ စိုင်းခွန် နိုးသွားပြီး

“ ရှူး…………..ခြေရင်းဘက်မှာ လူရိပ်တွေ့တယ် စကားပြောသံတွေကြားနေရတယ်မောင် ၊

ဖြူအော်ခေါ်မလို့အော်လိုက်တာလည်း ဘာအသံမှမထွက်လာဘူး ၊အခုစကားပြောမှအသံထွက်တယ်

မောင် လုပ်ပါဦး ….မောင် ”

စိုင်းခွန် ခြေရင်းဘက်သို့ လက်နှိပ်ဓါတ်မီးဖြင့်ထိုးကြည့်လိုက်သော်လည်း မည်သည့်လှုပ်ရှားမှုမျှမတွေ့

နန်းဝင့်ဖြူ စိတ်ချသွားအောင်အိမ်အောက်နေရာအထိ ဆင်းရှာပေးသော်လည်း လူရိပ်ပင်မမြင်ရသဖြင့်

နန်းဝင့်ဖြူအိပ်မက်ယောင်ခြင်းဟုပင် ယူဆလိုက်ကြရသည် ၊ ကာယကံရှင်မှာမူအိပ်မက်မဟုတ်မှန်း

သိနေခဲ့သည် ၊ သို့သော်…………. ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ငှက်ကလေးအချို့ငိုခြင်းဖြင့် စတင်ခဲ့သည့်နံနက်ခင်းတစ်ခုမှာ

သူတို့လင်မယားနှစ်ယောက်လုံးမျက်နာမသာယာ ၊အိပ်ရေးမဝသည့်ပုံဖြင့်

မျက်နာများမှာ စိတ်မကြည်ဟန်ကိုပြနေရင်း မနက်စာထိုင်စားနေကြသည် ။

“ ဖြူ..ကိုယ်ပြောစရာရှိတယ် ”

“အမလေး….ထူးထူးခြားခြား ဘာများလဲ မောင်ရယ် လန့်လိုက်တာ

ဒီမှာ ကိုယ့်အတွးနဲ့ကိုယ်စဉ်းစားနေတုန်း ”

“ ဖြူက ဘာတွေ တွေးနေတာတုန်း ”

“ ညက ကိစ္စပေါ့မောင်ရယ် ”

“ ညကကိစ္စ…အင်း….အခု မောင်ပြောချင်တာလည်း

ညက ကိစ္စပဲ ဖြူ …. ဟုတ်တယ် ညက ဖြူကြောက်မှာဆိုးလို့ မပြောဖြစ်ခဲ့တာ… ၊

ဒီစကားပြောဖို့လည်းအကြိမ်ကြိမ်စဉ်းစားနေခဲ့တာ

ဒါပေမယ့် ဖြူသိသွားတော့ တစ်ခုခုဝိုင်းစဉ်းစားလို့ရအောင်ပေါ့…မောင်ပြောပြမယ်… ၊

ဒီလို ဖြူ….မနေ့ညက ဖြူမောင့်ကို နှိုးပြီးမောင်ပြန်အိပ်တော့အိပ်မက်မက်တယ်

အိပ်မက်ထဲမှာ မောင်တို့ခုတင်ခြေရင်းဘက်မှာ ယောကျာ်းကြီးတစ်ယောက် ရပ်နေရင်းက မောင်တို့ခုတင်ဆီ

လျှောက်လာပြီ ခုတင်ခြေရင်းမှာ လာထိုင်ပါလေရော…မောင်လည်း ဒီလူ ဘယ်ကလူလည်းပေါ့…

သေချာစိုက်ကြည့်မိတော့ ကျောပေးပြီးထိုင်နေတာ ယောကျာ်းကြီးမဟုတ်တော့ဘူး ၊

အဘွားကြီးဖြစ်သွားတယ် ၊အဲ့ဒါနဲ့ မောင်လည်း ဘယ်သူလဲဆိုပြီး လှမ်းမေးမလို့

အဘွား….လို့ ခေါ်လိုက်ယုံရှိသေး .. ၊အဘွား ကလည်း ခေါင်းကြီးလည်ပြီး မျက်နာမောင့်ဘက်

လှည့်လာရော..အဲ့မှာ ဖြူရေ…အဘွားမျက်နာကြီးမှာ မျက်စိ ၊ ပါးစပ် ၊ နှာခေါင်း ၊ ဘာမျှ မပါဘူး…၊

တကယ်ကို ကြောက်စရာကြီး ဖြူရာအဲ့ဒီမှာ မောင်လန့်နိုးလာတာ နိုးပြီးကတည်းကလည်း

ညက ပြန်မအိပ်ရဲတော့တာ ”

“ မောင် ဖြူအိပ်မက်ယောင်တာကို စိတ်စွဲပြီးဖြစ်တာနေမှာပါ ”

ပြောသာပြောလိုက်ရတာ ဖြူကိုယ်တိုင်လည်း စိတ်ထဲ မသတီတာအမှန် ၊

ဒါပေမယ့် ဒီတစ်ခါ စိုင်းခွန်ကို သူအားပေးစကားပြောပေရမယ့်အလှည့်မဟုတ်လား … ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

“ ဆရာမကြီး..ဆရာမကြီး…ကျွန်မကို တွေ့ချင်တယ်ဆို ”

“ သြော်…ဟုတ်ကဲ့ စိုင်းဗိုလ်လေးရဲ့မေမေ ထင်ပါရဲ့ ”

“ ဟုတ်ပါတယ် ဆရာမကြီး ကျွန်မ နန်းဝင့်ဖြူပါရှင် ”

“ ဟုတ်ကဲ့ပါရှင်…အခုလိုတကူးတက ခေါ်လိုက်ရတာလည်း

စိတ်မကောင်းပါဘူး ၊အလုပ်တွေဘာတွေပျက်ကုန်လားတော့မသိဘူး ”

“ ရပါတယ် ဆရာမကြီးရာ ၊ သားလေးဘာလုပ်လို့များလဲဟင် ”

“အ..အ…အာ….စိုင်းဗိုလ်လား…ဘာမျှမလုပ်ပါဘူး

ကလေးကအရမ်းလိမ္မာတယ် ၊အခုသီးသန့်ခေါ်လိုက်ရတာ

အရေးကြီး သတိပေးစရာ ပြောပြချင်တာလေးရှိလို့ပါ ၊

ကျွန်မပြောတာ ယုံမယုံ လက်ခံ မလက်ခံလည်း သေချာမသိသေးဘူး ၊

အဲ့ဒါကြောင့် …. ”

“အမလေး ဆရာမရယ် ပြောသာပြောပါ ၊

အားမနာပါနဲ့ ဆရာမအခုလိုခေါ်လိုက်ကတည်းက ကျွန်မ ကိုအရေးကြီးတာတစ်ခု

ပြောတော့မယ်ဆိုတာ ကျွန်မသိနေပါတယ် ။

“ ကောင်းပါပြီ ဒါဆို ကျွန်မ စပြောတော့မယ်

အမေးလေးနဲ့ စလိုက်မယ်….ရှင် သရဲ ရှိတယ်ဆိုတာယုံလား ”

ဆရာမဖြစ်သူ၏အူကြောင်ကြောင်စကားများကြောင့်

နန်းဝင့်ဖြူ စိတ်ထဲ နည်းနည်းခုသွားပေမယ့် ဆရာမဆက်ပြောသည်များကို

နားထောင်ချင်သဖြင့်….

“ ဟုတ်ကဲ့ ယုံတယ် ဆရာမ ..ဘာဖြစ်လို့…. ”

“ ကဲ ဒါဆိုရပြီ…ဒီလိုပါ ၊အခု နန်းဝင့်ဖြူ တို့ နေနေကြတဲ့

အိမ်ကြီးနဲ့ သက်ဆိုင်ကြတဲ့အဆက်ဟောင်းတွေကိုအလှူအတန်းလေးဘာလေး

လုပ်ပေးလိုက်ပါလား ၊အရင်အိမ်ရှင်မိသားစုက ၅ယောက်ရှိတယ် ၊ ၄ယောက်က

ရှေ့ဆင့် နောက်ဆင့် ဆုံးသွားကြတာ ၊ တစ်ယောက်ကအဲ့ဒီ့အိမ်မှာ ဆက်မနေတော့

လွတ်လပ်ခွင့်ရသွားခဲ့တယ် ၊အများကတော့ မသေတဲ့ကောင်မလေးကို

အပြင်မှာ သွားနေလို့ ကံကောင်းသွားတာဖြစ်မယ်လို့ပြောကြတယ် ၊

အရင်ကအဲ့ဒီ့အိမ်ကြီးကအမွေဆိုင်အိမ်ကြီးတစ်အိမ်ပဲ …

လူကြီးတွေ ကွယ်လွန်သွားကြတော့ ကျန်ခဲ့တဲ့ မွေးချင်းထဲက

အဘွားကြီးတစ်ယောက်ကအမွေတွေနဲ့အိမ်ကိုအကုန် လက်ဝါးကြီးအုပ်ပြီး

ချယ်လှယ်ဖို့ကြိုးစားလာခဲ့တယ် ၊အမှန်ဆိုအဲ့ဒီ့အဘွားကြီးမှာ

အစ်ကိုတစ်ယောက်ရှိသေးတယ် ၊အဘွားကြီးကအမွေမက်တော့

အစ်ကိုဖြစ်သူနဲ့အစ်ကို့မိသားစုကိုအိမ်ပေါ်က နှင်ချလိုက်တယ် ၊

အစ်ကိုလုပ်သူမိသားစုက ရုတ်တရက်ဆိုတော့ နေစရာမရှိတာနဲ့

သက်ဆိုင်ရာအမျိုးနည်းနည်းတော်စပ်တဲ့သူတွေအိမ်နားမှာ တဲထိုးပြီး ဆင်းရဲချို့တဲ့စွာနဲ့

ပန်းနာရင်ကျပ်ရောဂါဖြစ်ပြီး သေဆုံးသွားခဲ့ရတယ် ၊အဲ့ဒီ့အဘွားကြီးရဲ့အစ်ကိုက သူမဆုံးခင်ကဆို

အဘွားကြီးကို ခြိမ်းခြောက်သွားသေးတယ် ဘာတဲ့……. နင်တို့ငါ့လို ပြန်ခံရစေ့မယ်

ဆိုပြီး တစ်ခွန်းပဲပြောလိုက်တယ်အဲ့ဒီနောက် သိပ်မကြာဘူး ၊ တစ်နေ့ ဘာကြောင့်မှန်းမသိ

အဘွားကြီးတစ်ယောက်တည်း ပက်လက်ကုလားထိုင်ပေါ်မှာအိပ်နေရင်းကနေ လူမသိဘဲ သေဆုံးနေတာကို

တွေ့ခဲ့ရတယ် ၊အဲ့ဒီ့နောက် ဆက်တိုက်ပါပဲအဘွားကြီးရဲ့သားဖြစ်သူလည်း ခြံတစ်နေရာမှာ ငါးသွားမျှားတယ် ၊

ငါးမျှားပြီးပြန်လာတော့အကောင်းကြီးကနေ ထိုးအိပ်တယ် ၊အိပ်နေရင်းတန်းလန်းနဲ့ သေနေပြန်တယ် ၊

နောက်ပိုင်းအဘွားကြီးရဲ့ သမီးနဲ့ သမတ် ပါ ဆက်တိုက်သေကုန်ကြတယ် ၊ နောက်ဆုံးကျန်တယ်

အငယ်မလေးက လက်ထပ်ပြီးကတည်းက သူ့အမျိုးသားအိမ်မှာ လိုက်နေလို့ လွတ်သွားတာလို့

ပြောကြတယ် ၊အဲ့ဒီ့အငယ်မလေးက ..အဘွားတို့အားလုံးအကြောင်းမဲ့သေကုန်တော့

သူလည်းဆက်မနေရဲတော့ဘဲအိမ်ကြီးကို ဖျက်ပြီးအခု နန်းဝင့်ဖြူတို့ ငှားနေနေကြတဲ့

မြေကွက်ရဲ့ ပိုင်ရှင်အသစ်ဆီရောက်သွားတာပါပဲ…. ၊အဓိက ဆရာမပြောချင်တာက

အဘွားကြီးတို့ မိသားစု မကျွတ်ဘူးထင်တယ် ၊အဲ့ဒါကြောင့် လာမယ့်တော်သလင်းလပြည့်နေ့ကျရင်

နန်းဝင့်ဖြူတို့က သူတို့တွေအတွက် ကုသိုလ်လုပ်အမျှအတန်းပေးရင်း …. ‘သမီးတို့မိသားစုကို

အနှောက်အယှက်မပြုဘဲ နေခွင့်လေးတော့ ပြုပေးပါ ’ လို့ သေချာပြောနော်….. ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ယနေ့ ကျောင်းမှ သားလေးကိုကြိုပြီးပြန်လာသည့်အခါ

ခါတိုင်းလိုမဟုတ်တော့ပြီ… ၊ နန်းဝင့်ဖြူ စိတ်တွေ လေးလံထိုင်းမိုင်းနေရင်း ဆရာမကြီးရဲ့

စကားသံတွေကိုအကြိမ်ကြိမ်ကြားနေမိရင်းအိမ်ပင်ပြန်ရောက်လာခဲ့သည် ။

ညရောက်သည့်အခါ နန်းဝင့်ဖြူတစ်ယောက်အိပ်မပျော် ၊ မအိပ်ရဲတော့သဖြင့်

ယောကျာ်းဖြစ်သူအား ဆရာမကြီးပြောသည်များကို ပြောပြဖြစ်ခဲ့သည် ၊ ယောကျာ်းဖြစ်သူ

စိုင်းခွန်မှာလည်း ကုသလိုလ်လုပ်ပေးမည်ဟု မိန်းမဖြစ်သူအား လေးလေးနက်နက် ကတိပြန်ပေးသည် ။

ဒီလိုနှင့် လပြည့်နေ့ပင်ရောက်လာခဲ့သည် ။

လပြည့်နေ့ရောက်သည့်အခါ နန်းဝင့်ဖြူမှ လှူဖွယ်ဝတ္တုများအား ပြင်ဆင်၍အမွှေးတိုင်တစ်တိုင်ထွန်းပြီး

အိမ်ရှေ့ရှိ သစ်ပင်ကြီးအောက်က မြေပြင်တွင်အမွှေးတိုင်ကို စိုက်ထားကာ…မြေကြီးအား လက်ဖြင့် သုံးချက်

ပုတ်လျှက် ပြောလိုက်သည် ။

“ ဤအိမ်ဝိုင်းကြီးတွင်းမှ မကျွတ်မလွတ်သေးသူများနှင့်တကွအိမ်ပိုင်ရှင် မြေရှင်အဟောင်း

အစဉ်အဆက်ပိုင်ရှင် ၄ဦးတို့အတွက် ယခုပင် ဘုန်းတော်ကြီးကျောင်းကိုသွားပြီး ကုသိုလ်ပြုပေးမှာ

ဖြစ်တဲ့အတွက် ရေစက်ချအမျှဝေတဲ့အခါ ကျွန်မတို့နဲ့အတူ သာဓုခေါ်ဆိုဖို့ ဘုန်းတော်ကြီးကျောင်းကို

လိုက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ် ”

တစ်ပြိုင်တည်းဆိုသလိုပင် နန်းဝင့်ဖြူအပါအဝင်အိမ်ရှိလူတော်တော်များများ

ရေခဲရည်ဖြည့် လောင်းချခံလိုက်သည့်နယ် ၊ နောက်ကျောတစ်ခုလုံးတစ်ချက်မျှ ချက်ချင်း

အေးစိမ့်သွားသည့်ကို ခံစားလိုက်ကြရသည် ။

ပြောပြောဆိုဆိုဖြင့် ဆိုင်ကယ်လေးတွေကိုထုတ်ပြီး နန်းဝင့်ဖြူ နှင့်

သူ့ခင်ပွန်းသည်ထားခဲ့ပေးသည့်အလုပ်သမားကလေးတွေက ဆိုင်ကယ်ကိုယ်စီနှင့် ဘုန်းကြီးကျောင်းရှိရာ

ရောက်ခါနီးတွင်အလုပ်သမားလေးများက

“အစ်မ မလေးဘူးလား ”

“အေး လေးနေတာပဲ ဆိုင်ကယ်တောင်မနည်းထိန်းနေရတယ် သတိထားကြဟေ့

ရောက်တော့မယ်… ”

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဘုန်းကြီးကျောင်းကိုရောက်သည့်အခါတွင်လည်း

တိုက်တိုက်ဆိုင်ဆိုင် နန်းဝင့်ဖြူတို့ ယခုနေနေသည့်အိမ်တွင်ပင်

ယခင်က နေခဲ့ဖူးသည့် ရှမ်းမ တစ်ဦးနှင့် ဆုံသေးသည် ၊

ရှမ်းမ မှာ သူ၏သားလေး ကိုရင်ဝတ်နေသဖြင့် ဘုန်းကြီးကျောင်း

ရောက်နေခြင်းဖြစ်ကြောင်းသိလာရသည် ။

တရားနာ ၊ ကုသိုလ်ပြု ၊အလှူအတန်းလုပ်ပေးပြီး

ယခင်အိမ်ရှင်များ နာမည်များအား ကျောင်းမှ ဆရာမ ရေးပေးသည့်အတိုင်း

တစ်ဦးချင်းဆီ နာမည်ခေါ်ပြီးအမျှအတန်းဝေလျှက် ရေစက်ချရင်း

ဒီထက်မြင့်မြတ်သည့် ဘုံဘဝများသို့ရောက်နိုင်ကြပါစေဟု

ဆုတောင်းနေမိချေသည် ။

ကိစ္စတွေအားလုံးပြီးသွားမှအိမ်ကြီးတွင် ယခင်နေခဲ့ဖူးသည့်

ရှမ်းမအား စပ်စုလိုစိတ်ဖြင့် နန်းဝင့်ဖြူတစ်ယောက်

အတွေ့အကြုံများမေးမြန်းဖြစ်ရာ ရှမ်းမ မှလည်း သေချာပြန်ဖြေလေသည် ။

“အခု နင်တို့ကို ငှားထားတဲ့အိမ်ရှင်က ငါတို့သူဌေးဟောင်းပေါ့… ၊

အဲ့ပိုင်ရှင်ကလည်း ဒီမှာမနေပါဘူး ၊ မြေကွက်ထဲမှာ ဂိုဒေါင်ဆောက်ပြီး

ပစ္စည်းတွေပဲ ထားတာလေ ၊ နောက်ပိုင်း သူ့မြေကွက်မှာ ငါတို့ ရှမ်းအလုပ်သမားမိသားစု

လေးယောက်ကို ခန့်ပြီး တအခန်းတစ်ခန်းပေးထားရင်း ပစ္စည်းစောင့်ဖို့နေခိုင်းထားတယ် ၊

အဲ့ဒီမှာ နေတဲ့တောက်လျှောက် လူတွေ တစ်ယောက်ပြီးတစ်ယောက်

အလှည့်ကျ နေမကောင်းတွေဖြစ်ကြတယ် ၊ ဆေးခန်းပြလည်းမသက်သာ ၊

ဆေးသောက်လည်းမရ နဲ့ ညကျတော့အိပ်မက်တွေ တစ်ပြိုင်တည်းမက်ကြတယ် ၊

အဘွားကြီးတစ်ယောက် မျက်နာ ပြောင်ကြီးနဲ့ မျက်လုံး ၊ ပါးစပ် ဘာမျှမပါဘူး ၊

အိအ်မက်ထဲမှာအဘွားကြီးက လာပြောတယ် နင်တို့နေကောင်းချင်ရင် ငါ့အတွက်

အဝတ်လှူပေးပါ ၊ ငါ့မှာ ဝတ်စရာအဝတ်မရှိဘူး ငါအရမ်းချမ်းတယ် ဆိုပြီး ပြောလာတယ် ၊

ပြီးတော့ ပျောက်သွားတယ် မနက်ကျတော့ ငါတို့ချင်းစကားစပ်မိရာကနေ

အဖြစ်အပျက်က ကြောက်စရာလည်းကောင်း တိုက်လည်းတိုက်ဆိုင်နေတော့

မထူးပါဘူးလေဆိုပြီး ဘုန်းကြီးတစ်ပါးဆီ သင်္ဃန်း ကပ်လှူပေးလိုက်တာ

ချက်ချင်းပဲ သိသိသာသာ ဖျားတာနာတာတွေ ပျောက်ကုန်တယ် ၊ နောက်ပိုင်း

ဘာမှမဖြစ်ပေမယ့် ငါတို့တွေ ကျောမလုံလို့ ပြောင်းပြေးကြတာပဲ …. ”

စသဖြင့် ပြောပြလေသည်… ၊အဲ့ဒီ့တော့မှ သားငယ်လေး ခဏခဏနေမကောင်းဖြစ်နေရသည့်အကြောင်း

နန်းဝင့်ဖြူသိလာခဲ့သည် ။

အများစကားအရ နန်းဝင့်ဖြူတို့ ခုတင်ခြေရင်းဘက်ရှိ လွတ်နေသည့်အိမ်တိုင်များတွင်

ထို ပရလောကသားများက မှီနေကြရသည်ဟု သိလာရသည် ၊ လူများအား သေလောက်သည်အထိ

အန္တရယ်ပြုခွင့်မရခြင်းမှာလည်း နန်းဝင့်ဖြူတို့မှာ ဘာသာရေးကိုင်းရှိုင်းကြသည့်အပြင်

ဝင်းစောင့်နတ်ကိုအသိအမှတ်ပြုပေးသဖြင့် ဝင်းစောင့်နတ်မှ ကာကွယ်ပေးခြင်းဟုလည်း

ယုံကြည်ထားကြသည် ၊အချို့အိမ်နီးချင်းများ နှင့်အကြားအမြင်ဆရာများပြောကြားချက်အရ

ယခုအိမ်တွင် နေထိုင်ကြသည့် ပရလောကသားများမှာ မည်သို့ကုသိုလ်ပြုပေးပြုပေး

ကျွတ်လွတ်နိုင်ခြင်းမရှိသေးဘဲ သူတို့ဝဋ်ကြွေးရှိသမျှ ခံရဦးမယ်ဖြစ်ကြောင်း ၊ ပြိတ္တာဘဝမှာပဲ

ဒုက္ခပင်လယ်ဝေနေရမှာဖြစ်ကြောင်း သိရသည် ၊ ထိုပရလောကသားများ ဘာကို

စိတ်စွဲနေကြသနည်း ၊ ဘာကြောင့် မကျွတ်ကြသနည်း ၊ ဒါမျှမဟုတ် သူတို့အစ်ကိုဖြစ်သူအပေါ်

မတရားသဖြင့် လက်ဝါးကြီးအုပ်ကာအမွေကို မောင်ပိုင်စီးထားခဲ့သည့်

လောဘကြောင့်လေလော… ၊ မည်သူမျှ တပ်အပ်မပြောနိုင်ချေ ။

သေချာသည်က ထိုအိမ်ဝိုင်းကြီးမှာ နေရာကောင်းဖြစ်သော်လည်း

ယနေ့တိုင် မည်သူမျှ ဝယ်သူမရှိကြောင်း ၊ ရောင်းမထွက်ကြောင်း ၊ သက်ဆိုင်ရာ ပရလောကသားများက

မရောင်းစေချင်လို့လော ၊ သူတို့နေရာပျောက်မည်ဆိုး၍လော ၊ ဆရာများနှင့်

မောင်းထုတ်ခံရမည်ကို ကြောက်၍လော ၊ သေချာမသိနိုင်ပေ ။

တစ်ခါတစ်ရံ ပရလောကသားများသည်

ကြောက်စရာထက် သနားစရာ ပိုကောင်းတတ်ကြသည် … ။

ကြိုးစားပါဦးမည် …

~ မိုးစွေ ~

စာပြီးချိန် - 5.2.2019 ( 3 : 01 Am )

ဆောင်းပါးများ



Some text some message..