ဆန်းဆန်းပြားပြား မြန်မာ ဗန်းစကားများ
moda.com.mm
|
2019-02-01






ဆော်လမွန် -- ရည်းစားပူမိနေသူ၊အမျိုးသမီးကိစ္စကြောင့် မွှန်ထူနေသူကို ခေါ်ဝေါ်သည့် စကား။

ဒီစာအုပ်က မြန်မာဗန်းစကားတွေကို စုစည်းထားတဲ့စာအုပ်ပါ။

မြန်မာ ဗန်းစကားတွေရဲ့ခြေရာကို ကောက်ကြည့်တဲ့အခါ ၁၉၂၇၊ ဇွန်လ ၁၈ ရက်နေ့ထုတ် သူရိယသတင်းစာထဲမှာ ဆရာ သိပ္ပံမောင်ဝက ' ပေါ်ပေါက်ခါစ စကားလေးများ ' ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးတာ ရှိပါတယ်။

ကလေးကို ' ခေး ' လို့ ခေါ်တဲ့ ဗန်းစကားကို ၁၉၆၀ ကျော်ကတည်းက မြို့တော် သိန်းအောင်ရဲ့ ပြဇာတ်ထဲမှာ တွင်တွင်ကျယ်ကျယ် သုံးစွဲခဲ့တာ ဖြစ်ပါတယ်။

Lord Randal ဆိုတဲ့အင်္ဂလိပ်ကဗျာကို ဆရာကြီး မင်းသုဝဏ်က ဘာသာပြန်တော့ ကဗျာထဲမှာ

" ရင်ဒေါ် သက်ထား၊ မေ့သည်းချာ၊ ဘူများ ညစာကျွေးလိုက်တယ်။ နုပျိုဖွဲ့ထား၊ မေ့ချစ်သား၊ ဘူများ ညစာကျွေးလိုက်တယ် "

လို့ ပြန်ဆိုထားတာကြောင့် ဘယ်သူများကိုအသံချုံ့ပြီး သုံးတဲ့ ' ဘူများ 'အသုံးဟာအဲဒီကာလကတည်းကပဲ ရှိခဲ့ကြောင်း သိရပါတယ်။

အနဂ္ဂရဲ့ဖခင်၊ နာမည်ကျော်အဆိုတော် မင်းမင်းလတ်က ' လမ်းပေါ်က ဝေါဟာရများ ' ဆိုတဲ့စာအုပ်ကို လူငယ်တွေကြားထဲ ကွင်းဆင်းလေ့လာပြီး ပြုစုထုတ်ဝေခဲ့ဖူးတယ်။

အဲဒီစာအုပ် ဖြစ်လာခဲ့တဲ့အကြောင်းက ချက်ကိုစလို ဗက်ကီးယားက လာတဲ့ မြန်မာစာ ပညာရှင် ဒေါက်တာ ယန်းဗက်ရှကားဆိုတဲ့ ပုဂ္ဂိုလ်က လမ်းပေါ်က မြန်မာဝေါဟာရတွေကို စုစည်းထုတ်ဝေထားတဲ့ မြန်မာစာအုပ်မျိုး ရှိသလားလို့ မေးလာတော့ မင်းမင်းလတ်က မရှိကြောင်း ပြန်ဖြေတဲ့အတွက်အဲဒီလိုစာအုပ်ဆိုတာ ရှိသင့်ကြောင်းအကြံပြုတာနဲ့ မင်းမင်းလတ်ကအားထုတ်ပြုစုခဲ့ခြင်း ဖြစ်ပါတယ်။

ဒါပေမဲ့ စာအုပ်ထွက်ပြီး မကြာခင်မှာပဲအပိတ်ခံခဲ့ရတဲ့အတွက် တိတ်တိတ်လေး လက်ဆင့်ကမ်း ဝယ်ခဲ့ကြရပါသတဲ့။

အထက်ပါ စာအုပ်အပြင် ဆရာ လှသမိန် ပြုစုတဲ့ ' မြန်မာဘန်းစကားအဓိပ္ပာယ်နှင့် သုံးနည်း ' ဆိုတဲ့စာအုပ်လည်း ရှိပါသေးတယ်။ (ဘန်းစကားဆိုတဲ့အသုံးက ဆရာ လှသမိန် သုံးထားတဲ့အတိုင်း သုံးလိုက်တာပါ။) ဆရာ စုဆောင်းဖော်ပြထားတဲ့ ဝေါဟာရတွေက များပြားပြီးအဓိပ္ပာယ်ဖွင့်ဆိုရှင်းလင်းပြထားပုံတွေကလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ဒီစာအုပ်ထဲမှာ စကားဝှက် ဗန်းစကား၊အဆွယ် ဗန်းစကား၊ စကားပုံ ဗန်းစကား ဆိုပြီး ဗန်းစကားအမျိုးမျိုး ရှိကြောင်းကိုလည်း ဖော်ပြထားပါတယ်။

နောက်ဆုံး ညွှန်းဆိုလိုတဲ့တစ်အုပ်ကတော့ Guardian စာစောင်မှာ ဆရာ လှသမိန်ကအင်္ဂလိပ်လို ရေးသားရှင်းလင်းပြီး မြန်မာအီဒီယမ်တွေကို နိုင်ငံခြားသားတွေလည်း သိရှိလေ့လာနိုင်အောင် ထုတ်ဝေထားတဲ့ Myanmar Idioms စာအုပ်ပါ။ (Slang နဲ့ Idiom ရဲ့ ကွဲပြားပုံကို ဒီအညွှန်းမှာ မရှင်းပြလိုပါ။)

စာအုပ်မဟုတ်သေးဘဲ နောက်ထပ် ဖတ်ကြည့်ဖို့ ညွှန်းလိုတာကတော့ ဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးတဲ့ ' ဗန်းစကားပြဿနာ ' ဆိုတဲ့ ဆောင်းပါးတွေပါ။ မြန်မာဗန်းစကားတွေကို တကယ်ပဲ စိတ်ဝင်စားရင် ပြောခဲ့သမျှ စာအုပ်တွေနဲ့ ဆောင်းပါးတွေကို ရှာဖတ်ဖို့ တိုက်တွန်းချင်ပါတယ်။

ယခု ဆရာ ဆောင်းဖြူ ပြုစုထားတဲ့စာအုပ်ကတော့ ဒီဘက်ခေတ်မှာ လိုအပ်နေတဲ့ ကွက်လပ်တစ်ခုကို ဖြည့်လိုက်တဲ့ ' မြန်မာဗန်းစကားစုစည်းမှု ' စာအုပ်ပါ။ သာဓကတွေလည်း ဖော်ပြထားတာမို့ ဖတ်ရှုရ လွယ်ကူပါတယ်။ ဒါ့အပြင် ကာတွန်းဆရာတွေဖြစ်ကြတဲ့ မောင်မောင်ဖောင်တိန်၊ ဇာနည်ဇော်ဝင်း၊ ညီပုချေနဲ့ Zero တို့ရဲ့ သရုပ်ဖော်ပုံပေါင်း ၂၀ ကိုလည်း ထည့်သွင်းထားပါသေးတယ်။

အောက်မှာ နမူနာဖော်ပြထားတဲ့ ဗန်းစကားတွေမှာ သုံးစွဲပုံ သာဓကတွေ ချန်လှပ်ပြီး ဖတ်ရှုရ လွယ်ကူအောင် ပြထားတာပါ။ တကယ်က မူရင်းစာအုပ်ထဲမှာ ဗန်းစကားတစ်ခုချင်းစီရဲ့ သုံးစွဲပုံ သာဓကတစ်ခုစီကိုလည်း ထည့်သွင်းဖော်ပြထားပါသေးတယ်။

တုတ် --

အမျိုးသားအင်္ဂါကို ခေါ်ဆိုသည့် စကား။

စမူဆာ --

အမျိုးသမီးအင်္ဂါကို ရည်ညွှန်းပြောဆိုသည့်အသုံးအနှုန်း။ (တချို့ကအမေပေးတဲ့ လယ်တစ်ကွက်ဟုလည်း ခေါ်ဝေါ်တတ်သည်။)

ပဲမြစ် --

သေးငယ်သည့် ယောက်ျားအင်္ဂါကို ခေါ်ဝေါ်သော စကား။

ပေါက်စီ --

အမျိုးသမီးတို့၏နို့ကို စားစရာပေါက်စီနှင့် ခိုင်းနှိုင်းခေါ်ဝေါ်သည့် စကား။

သူငယ်ထောင် --

အမျိုးသမီးစိတ် ပေါက်နေသူ မိန်းမလျှာအချို့က ယင်းတို့ စိတ်ဝင်စား၊ တပ်မက်ချစ်ခင်သည့် ယောကျ်ားငယ်များအား ခေါ်ယူနေထိုင်ခြင်းကို ညွှန်းဆိုသည့် စကား။

သုက်ကြောင် --

စိတ်ထဲတွင် ကာမတဏှာကိစ္စကိုသာအစဉ်အမြဲ ရှိနေသူအား ရည်ညွှန်းသည့်စကား။

ပြားဂေဟာ --

အမျိုးသမီးအဆောင်ကို ခေါ်ဝေါ်သုံးနှုန်းသည့် စကား။

ဆော်လမွန် --

ရည်းစားပူမိနေသူ၊အမျိုးသမီးကိစ္စကြောင့် မွှန်ထူနေသူကို ခေါ်ဝေါ်သည့် စကား။

စနိုက်ကျော် --

မိန်းကလေးတစ်ဦးကအခြားမိန်းကလေးတစ်ဦး၏ ရည်းစားကို သွေးဆောင်ကာ ချစ်ဓားပြတိုက်သွားခြင်းကို ရည်ညွှန်းသည့် စကား။

ဒစ်လည် --

အဆင်မပြေ၊ ကမောက်ကမ ဖြစ်နေခြင်းကို ရည်ရွယ်သည့် စကား။

ဘောမ --

ရာထူးရာခံကြီးမားသည့်အမျိုးသားများထံ ချဉ်းကပ်ကာ၊ ဖားယားမြှောက်ပင့်ပြီး မိမိတို့အကျိုးကို ရယူတတ်ခြင်းအား ဆိုလိုသည့်စကား။

ကျွတ်ဆင်ကြီး --

အံ့အားသင့်ဖွယ်၊ ထိတ်လန့်ဖွယ်ဖြစ်ခြင်းကို ပြောဆိုသည့် စကား။

ပလပ်ကျွတ် --

စိတ်အနေအထား ဖရိုဖရဲဖြစ်သွားခြင်း၊ စိတ်ကယောက်ကယက်ဖြစ်သွားခြင်းကို ပြဆိုသည့် စကား။

ဂကြောင်ဖတ် --

ကြောင်တောင်တောင်၊အူကြောင်ကြောင် ပြုမူခြင်းကို ညွှန်းဆိုသည့် စကား။

ဂယက်ထ --

အငြိမ်မနေ၊ ဣန္ဒြေမရ၊ ရွစိရွစိ ဖြစ်နေခြင်းကို ဆိုလိုသည့် စကား။

ဂျလုံးပလုံး --

ပေပေတေတေ လေလွင့်နေတတ်သူကို ရည်ညွှန်းသည့် စကား။ (ဂျလွတ်ပလွတ်၊ ဂျပလွတ်၊ ဂျလေဘီ စသဖြင့်လည်း ခေါ်သေးသည်။)

အပြာကား/ဆင်းရဲသားကား/အောကား --

ဖိုမဆက်ဆံမှုအကြောင်း ရိုက်ကူးသည့် ဇာတ်ကားများတွင် ဆက်ဆံသည့်အခါအဝတ်အစားများ မပါခြင်း၊ ကြည့်ရှုသူကိုအလုံးစုံ ပြည့်ဝသည့် မြင်ကွင်းမျိုး ပေးခြင်းတို့ကြောင့် ဆင်းရဲသားကား၊အောကား စသဖြင့် ခေါ်ဝေါ်သုံးနှုန်းသည့် စကား။

ဆန်းပြားတဲ့ဗန်းစကား/ ဆောင်းဖြူ/ ၂၀၁၉၊ ဇန်နဝါရီ၊ ပထမအကြိမ်/အုပ်ရေ - ၅၀၀/ ၂၅၀၀ ကျပ်/ SMART စာပေ

Editor - Lu Thar Man




Some text some message..