အောင်ပါစေသား..အောင်စေသား
myanmaplatform.com
|
2019-03-06

“ကျွန်မက မိဘတစ်ယောက်အနေနဲ့ ဒီလိုလေးလုပ်ပေးလိုက်တာက ကျွန်မစိတ်ကို ရော စာမေးပွဲဖြေမယ့် ကျွန်မကလေးရဲ့ စိတ်ကိုကော လုံခြုံစေတယ်လို့ ခံစားရတယ်။ ဒါ ကြောင့် ကျွန်မ ဘုရားမှာလာဆုတောင်းတယ်။ ယက္ခညီနောင်မှာ ပွဲပေးဆုတောင်း တယ်”

ဒီလိုပြောလာသူကအသက်လေးဆယ်အရွယ် တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်တဲ့ ဒေါ်ငြိမ်းငြိမ်းဖြစ်ပါတယ်။ သူ့မှာ ဒီနှစ်ဆယ်တန်းဖြေဆိုရတဲ့ သားလေးတစ်ယောက်ရှိ ပြီး သားငယ်စာမေးပွဲဖြေနိုင်စေဖို့အတွက်အမေတစ်ယောက်အနေနဲ့ လုပ်ပေးနိုင်တာ တွေအကုန်လုံးကို လုပ်ပေးသွားဖို့ ဆုံးဖြတ်ထားတယ်လို့ ကြွေးကြော်ထားသူတစ် ယောက်လဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဆယ်တန်းစာမေးပွဲ (သို့မဟုတ်) တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကို ဘဝရဲ့ တစ်ဆစ်ချိုးလှေကားထစ်အဖြစ် သတ်မှတ်ထားကြလေ့ရှိပါတယ်။ မိဘအများ စုကလည်း သားသမီးတွေရဲ့အမှတ်နဲ့ မှီတဲ့အတန်းတက်နိုင်ခွင့်ကိုအရမ်းအလေး ထား ဂရုပြုကြပါတယ်။

မအောင်နိုင်တဲ့ကလေးတွေအောင်မြင်စေဖို့၊အောင်မြင်နိုင်တဲ့ က လေးတွေဆို ဂုဏ်ထူးရဖို့၊ ဂုဏ်ထူးရနိုင်တဲ့ကလေးတွေဆို ဂုဏ်ထူးရဘာသာများစေဖို့၊ ဘာသာစုံဂုဏ်ထူးထွက်စေဖို့ တို့ကိုအထူးအလေးထား တွန်းတွန်းတိုက်တိုက်ကို စိတ်ရော ကိုယ်ပါနှစ်ကာ ဆောင်ရွက်ပေးကြလေ့လည်းရှိပါတယ်။

ဆယ်တန်းတက်နေတဲ့ ကလေးတွေကို မိဘ ဆွေမျိုးသားချင်း တွေက ကျူရှင်၊ စာကျက်ဝိုင်း၊ ဘော်ဒါတွေထား တာအပြင် ဘာသာ ရပ်ဆိုင်ရာအထူးပြု ဂိုက်တွေ ကိုပါငှားကာ စိတ်အား လူအား ငွေအားအင်အားကုန်သုံး ပြီး ဆယ်တန်းစာမေး ပွဲအတွက် လုံ့လအထူးပြုပေးကြတာကိုလည်း တွေ့မြင်နေရပါတယ်။

မိဘတွေဆိုတာမျိုးကတော့ သားသမီးအောင်မြင်ဖို့အတွက်စုံနည်းစုံလမ်းစုံသုံးပြီးပံ့ပိုး ပေးကြတာများဆိုရင်လည်းအခုကာလမှာ မြန်မာနိုင်ငံရဲ့ စေတီပုထိုး တော်တော်များ များရဲ့ ရင်ပြင်တွေမှာ ကန်တော့ပွဲတွေတန်းစီထိုးကြလို့ ထားစရာနေရာတောင်မရှိ တော့တဲ့အထိဖြစ်နေတာတွေက သက်သေတွေပဲဖြစ်ပါတယ်။

ယနေ့(၆.၃.၁၉) မနက် မိုးကောင်းစေတီတော်မှာဆိုရင်လည်း စေတီရင်ပြင်မှာကန် တော့ပွဲတွေနဲ့ ပြည့်နှက်နေပြီး ဘုရားရင်ပြင်မှာရှိတဲ့ ယက္ခညီနောင်ရုပ်တုမှာ ဘီလူး မင်းတွေလား စာရွက်လုံးကြီးလားတောင်မသိရတော့လောက်အောင် ဆုတောင်းစာ များကပ်လှူပူဇော်ထားတဲ့ မြင်ကွင်းကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရပါတယ်။

ဆယ်တန်းဖြေဆိုမယ့် ကလေးငယ်တွေရဲ့ နာမည်စာရွက်နဲ့အောင်မြင်စေဖို့ဆုတောင်း ထားတားတွေတွေ့ခဲ့ရသလို ဆယ်တန်းဖြေဆိုခွင့်ကတ်ပြားမိတ္တူတွေကို ဘီလူးရုပ်တု ရဲ့နေရာလပ်မကျန်အောင်ကို ကပ်ထားတဲ့ဆုတောင်းစာတွေကို ဖတ်ကြည့်ခဲ့ရပါတယ်။

ဒီလိုပဲ.. လူမှုကွန်ရက်စာမျက်နှာတွေမှာ ဆိုရင်လည်း မကြုံစဖူးထူးထူးကဲကဲကန်တော့ ပွဲတွေနဲ့ပြည့်နှက်နေတဲ့ မြင်ကွင်းတွေ၊ ဆုတောင်းပြည့်တယ်ဆိုတဲ့ ဘီလူးရုပ်တုတွေ၊ မယ်တော်၊ ဘိုးတော်ရုပ်တုတွေမှာ စာရွက်တွေကပ်ထားကြပုံတွေဟာလည်း ဆယ်တန်း စာမေးပွဲမဖြေခင်ရက်ပိုင်းအလိုကပင် ပြန့်နှန့်နေတာကိုတွေ့ရပါတယ်။

အယူလွဲမှားဆုတောင်းနေကြတာဆိုတာမျိုးတွေ၊ ဒိဌိတွေ၊ ဘုရားသာသနာမှာ ဒါမျိုးမရှိ ဘူး ။ သရဏဂုံပျက်ပြီ။ ဆိုတဲ့ ကောမန့်ပေါင်းစုံတွေ၊ ဆဲဆို ငြင်းခုံနေကြတာတွေလည်း ပလူပျံနေတာတွေ့ရပါတယ်။

ဒီလိုတွေ မျိုးစုံဖြစ်နေကြပေမယ့် တဖက်မှာကတော့ မိဘတွေရဲ့ သားသမီးတွေအပေါ် ထားရှိတဲ့ ချစ်ခြင်းမေတ္တာဖြူစင်မှုကိုလည်း တဖက်ကအသိအမှတ်ပြုရလောက်တယ် ဆိုတဲ့ ရှုထောင့်မျိုးကိုလည်း စဉ်းစားမိပါတယ်။

ငယ်ရာကနေကြီးလာကြတဲ့ လူတိုင်းပီပီအတန်းစာမေးပွဲတွေ ဘဝစာမေးပွဲတွေကို ဖြေဆိုနေဖူးကြတဲ့ လူတွေချည်းပဲ ဖြစ်ပါတယ်။စာမေးပွဲဆိုတာ ကိုယ်တိုင်စာကျက်မှ ရမှာပါ။ စာမကျက်ပဲနဲ့ စာမေးပွဲအောင်မြင်ချင်လို့ မရဘူးဆိုတာလောက်တော့ ကျောင်းသူ ကျောင်းသားတိုင်းရော၊ မိဘတိုင်းရော သဘောပေါက်နားလည်ပြီး သား လည်းဖြစ်ကြတယ်လို့ ယူဆလို့ ရပါတယ်။

ဒါပေမယ့် သားသမီးတွေရဲ့ ပညာရေး နဲ့ပတ်သက်လာတဲ့အခါတိုင်းမှာတော့အကောင်း ဆုံးတွေကိုသာ ရယူစေချင်ကြတာ မိဘတိုင်းရဲ့ စေတနာမို့ ယုံကြည်ရာကိုအားကိုးရှာ ကြတာ ဓမ္မတာလို့သာ မြင်ပေးမိနိုင်ပါတယ်။ ဒါပေမယ့်လဲ တစ်ဖက်မှာကတော့ ဒီဘီလူး ရုပ်ကြီးတွေသာအသက်ရှိလို့ စကားပြောနိုင်မယ်ဆိုရင် “ငါအသက်ရှူကြပ်နေပြီ၊ တော်ကြပါတော့” လို့ တောင်းပန်မလားလို့တောင် ထင်မြင်တာလည်းရှိပါတယ်။

ဘယ်လိုပဲဖြစ်ပါစေ..။ ယုံကြည်မှုနဲ့ပတ်သက်ပြီး ဗေဒင်မေးသူမေး၊ ယတြာချေ သူတွေချေ လုပ်ကြတာမို့ ဒီလိုရက်မျိုးဆိုရင်လည်း နာမည်ကြီးဗေဒင်ဆရာများမှာလည်းအချိန်မနားရအောင်အလုပ်ရှုပ်နေကြရတယ်လို့ သိရပါတယ်။

သာကေတ ၁၀၈တောင်ဘုရားဝန်းက နာမည်ကြီးဗေဒင်ဆရာ ဟိန်းတင့်ဇော်ကတော့ “ဆယ်တန်းနဲ့ ပတ်သက်ရင် ဗေဒင်ဆရာတွေနှစ်ကြိမ်လောက်အလုပ်များတတ်ပါတယ်။ ကိုးတန်းအောင်ပြီး ဆယ်တန်းစတက်တဲ့အချိန်မှာ မိဘတွေအလာများတယ်။ နောက် ဒုတိယအကြိမ်ကတော့ ဆယ်တန်းစာမေးပွဲ ဖြေဆိုခွင့်ကတ်ထုတ်တဲ့အချိန်တွေဖြစ် ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ကိုးတန်းအောင်ပြီဆိုတာနဲ့ ဆယ်တန်းတက်မယ့် ကလေးငယ်တွေအတွက် လာရောက် တိုင်ပင်မှုအများဆုံးကတော့ ဘော်ဒါထားရန်၊ ပညာရေးအပေါ်စိတ်ဝင်စားမှုမြင့်တက် လာစေရန်၊ ကလေးကံဇာတာကောင်းမကောင်း၊ ဆယ်တန်းအောင်နိုင်ချေ ရှိမရှိအစရှိ တာတွေကို လာရောက်တွက်ချက်ကြတာဖြစ်တယ်လို့ဆိုပါတယ်။

“ဒီလိုတွေလာမေးကြလို့ ဘာအကျိုးရှိသလဲဆိုရင်တော့ ကလေးရဲ့ ကံပိုမြင့်လာစေ တယ်၊ ကြိုးစားချင်စိတ်တွေပေါ်ပေါက်စေတယ်။ မိန်းခလေးကိစ္စတွေဘာတွေစိတ် မဝင်စားတော့ပဲ ကျောင်းစာကိုပဲ ဂရုစိုက်နေတယ်။ ကျန်းမာရေးကောင်းစေတယ်။ ဆရာဆရာမတွေပြောတာနားထောင်မယ်။ ဒီလိုယတြာတွေချေလို့ရပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင်ဆယ်တန်းဖြေဆိုခွင့်ကတ်ထုတ်ပြီးချိန်မှာတော့ ရရှိလာတဲ့ နံပတ်က ကလေး ငယ်အတွက် လာဘ်ကောင်းမှုရှိမရှိ၊ ကံကြမ္မာအရ ကောင်းကောင်းမွန်မွန် ချော ချောမောမော ရှိမရှိတို့ကို လာရောက်စစ်ဆေးတွက်ချက်ကြတာဖြစ်တယ်လို့ သိရပါတယ်။

စာမေးပွဲအတွက်ဗေဒင်ယတြာကို တစိုက်မတ်မတ်လုပ်သူ ဒေါ်နွယ်နီဝင်းကတော့ “ကလေးဆိုတာမျိုးကတော့အပေါင်းအသင်းတွေမှားမှာလည်း စိုးရိမ်ရတယ်လေ။ ဒါကြောင့် နှစ်စကတည်းက သူ့စိတ်ဓာတ်လေးခိုင်မာနေအောင် စာထဲမှာပဲ စိတ်ဝင် စားမှုရှိအောင် ရည်ရွယ်ချက်နဲ့ နှစ်စကတည်းက သေသေချာချာ ဗေဒင်မေးပြီး ယတြာ တွေလဲ ချေပါတယ်။ ဒါကအပိုအလုပ်တွေလို့ ထင်လဲ မလုပ်ကြနဲ့ပေါ့။ ကျွန်မကတော့ လက်ခံလို့ရတဲ့ နည်းလမ်းပေါင်းစုံသုံးပြီး ကောင်းတာလုပ်တာပဲလို့ ယုံတယ်။ ကလေး ကလည်းကျွန်မ ကဒီလိုမေးပေးတာ သူ့ကိုအားရှိစေတယ်လို့ ပြောလို့ ဝမ်းသာတယ်” လို့ ဆိုပါတယ်။

ဗေဒင်နဲ့ ယတြာကို တစိုက်မတ်မတ် ယုံကြည်ကြသူတွေရှိသလို ဘုရားတရားအဓိဌာန် ဝင်စေကြတာတွေလည်း ရှိပါတယ်။ ဒီလို ကုသိုလ်ကောင်းမှုတွေလုပ်တာကလည်း တစ် ဖက်တစ်လမ်းက စိတ်အားကို ဖြစ်စေတယ်လို့ ယနေ့ မြန်မာစာဖြေပြီးပြန်လာတဲ့ ကျောင်းသားတစ်ဦးဖြစ်တဲ့ မောင်ဇာနည်ဝင်းက ပြောပါတယ်။

“ဖေဖေနဲ့မေမေက ကိုယ်လုပ်မှကိုယ်ရမှာဆိုတာကိုပြောပြထားပါတယ်။ ကျွန်တော်က ဉာဏ်သိပ်မကောင်းလို့ စာတွေမှတ်မိဖို့အတော်ကြိုးစားရတယ်။ တစ်နေ့ကိုဆယ်မိ လောက်တရားထိုင်ဖို့ ဖေဖေက တိုက်တွန်းလို့ လုပ်ကြည့်တာ စာတွေပိုမှတ်မိလာတယ် လို့ ထင်တယ်။ ဒါကြောင့် မွေးနေ့တိုင်းသက်သက်လွတ်စားပြီးတရားထိုင်တယ်။အခု လဲ ဖြေဆိုနိုင်ခဲ့ပါတယ်” လို့ပြောပါတယ်။

မိဘတွေရော၊ ဆရာ၊ ဆရာမတွေရော၊ ဖြေဆိုနေတဲ့ ကျောင်းသူ ကျောင်းသားတွေပါ မကျန် စာမေးပွဲကာလမတိုင်ခင်ရော ဖြေနေစဉ်အချိန်မှာပါ စိတ်ပန်း၊ လူပန်းဖြစ်ကြရ တာကလည်း ဒီတက္ကသိုလ်ဝင်စာမေးပွဲပါ။

ကျောင်းတွေမှာလည်းအောင်ချက်တွေကောင်းနိုင်ဖို့ ၊ သားသမီးတွေကလည်း ကိုယ် တိုင်အောင်မြင်စေနိုင်ဖို့၊ မိဘတွေကလည်းသားသမီးတွေအောင်မြင်စေဖို့အဖက်ဖက် ကနေ ဝိုင်ဝန်းကြိုးပမ်းကြတဲ့ ဒီအချိန်ကာလကတော့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲ ထက် ပိုပြီး လှုပ်ခတ်ကြတဲ့အချိန်ပဲ ဖြစ်ပါတယ်။

စာမေးပွဲဖြေမယ့် ညမှ မူးလဲတာ၊ ရေကျောက်ပေါက်လို့ဖျားနေတာအစရှိတဲ့ ကျန်းမာ ရေးပြဿနာတွေကြောင့်လဲ ဆေးခန်းသာမက ဗေဒင်ယတြာများနဲ့ တန်ခိုးကြီးဘု ရားအဆူဆူမှာ သွားရောက်ဆုတောင်းမှုများပြုလုပ်ပေးကြရပြန်ပါတယ်။ ဒီတော့လဲ ဘုရားစေတီတွေရဲ့ ရင်ပြင်တော်ပေါ်နဲ့ ရုပ်တုမျိုးစုံတို့အပေါ်မှာ စာရွက်တွေထပ်ထပ် ပြီးစက္ကူလုံးကြီးကို ဖြစ်လာပြန်ပါတယ်။

မည်သို့ပင်ဆိုစေ.. ဘဝတစ်ဆစ်ချိုးတက္ကသိုလ်ဝင်စာမေးပွဲကြီးဆို ကျောင်းသူကျောင်း သားတိုင်း စိတ်ချမ်းကိုယ်ကျန်းမာစွာနဲ့ဖြေဆိုနိုင်ကြပါစေလို့ဆုတောင်းရင်း ဗေဒင်ဆရာ ဟိန်းတင့်ဇော်ရဲ့ စကားသံကိုနားထဲမှာ ကြားယောင်နေပါတော့တယ်။ ဒီစကားသံက တော့….။

“ယတြာချေတဲ့အတွက် စာမေးပွဲအောင်တာမဟုတ်ပါဘူး။အနှောင့်အယှက်တွေ ကင်းအောင်၊ ကလေးရဲ့ ကံဇာတာတွေမြင့်အောင်၊ မကောင်းတဲ့အညံ့အခိုက်တွေရှိရင် ကင်းစင်အောင်လုပ်ပေးလို့ပဲရတယ်ဆိုတာ သဘောပေါက်သင့်ပါတယ်”

comments


Publish reply



Some text some message..