“ တစ္ဆေတစ်ကောင်ရဲ့အငြိုးအတေး”
ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် )
( စ - ဆုံး )
“ ဒေါ်စိန် ထ ထ ဘုန်းကြီးတွေ ကြွလာပြီ ”
“ ဟင်…. ”
ဘယ်က ကြားရတဲ့အသံမှန်းမသိပေမယ့် ဒေါ်စိန်ရှင်တစ်ယောက်
အိပ်ချင်မူးတူးနဲ့ စက္ကန့်ပိုင်းလောက် တွေဝေသွားခဲ့ပြီး ဘေးနားကခြင်ထောင်ထဲမှာ
အိပ်ပျော်နေကြတဲ့ သမီးတို့ လင်မယားနဲ့ လူပျိုပေါက်အရွယ်မြေးကို တစ်ချက်လှမ်းကြည့်မိလိုက်တယ် ၊
သုံးယောက်သားလုံး တခေါခေါနဲ့အိပ်မောကျပြီးဟောက်တောင်ဟောက်နေပြီ… ၊
တစ်ဆက်တည်းမှာပဲအိပ်ချင်မူးတူးနဲ့ ခေါင်းရင်းကနာရီကိုတစ်ချက်ကြည့်ပြီး မျက်လုံးပြူးသွားတော့တယ် ၊
အိပ်ချင်စိတ်တွေလည်းပျယ်ကုန်ပြီး ဘေးနားက သမီးကို လက်နဲ့ ပုတ်နှိုးလိုက်တယ် ။
“ ဟဲ့ မိချို မိချို…ထ…ထ.. ဘုန်းဘုန်းတွေ ကြွ လာပြီ…
ငါ့နဲ့နော်… မနက်မလင်းခင်ကတည်းက ဆွမ်းလောင်းဖို့ကို ထမင်းအိုးထတည်ထားတာ
အားလုံးအသင့်ပဲကို…ဘုန်းဘုန်းတွေမကြွခင် နာရီဝက်လောက် ခဏ လှဲရင်း စောင့်နေမယ်ဆိုကာမှ
မှေးခနဲအိပ်ပျော်သွားသေးတယ်… ဒါနဲ့ ငါ့ကို လာနှိုးတဲ့အသံရှင်က ဘယ်သူများလဲ…
သြော်…ဒါတွေအရေးမကြီးပါဘူးလေ ဘုန်းဘုန်းတွေ ဟိုဘက်အိမ်ရှေ့တောင်ရောက်နေပြီ
ငါမြန်မြန်ထပြီး ကိုယ်လက်သန့်စင်မှ….”
“ ဆွမ်းတော်ဗျို့ …. ”
အိမ်ရှေ့ ကအသံက ကပ္ပိယလေးတွေအသံဖြစ်မှန်း ဒေါ်စိန်ရှင် သေချာပေါက်သိလိုက်လို့
ပိုပြီး ပျာယာခတ်သွားမိတယ် …. ၊
“ မိချိုရေ…မိချို…ဟဲ့ ..သြော်…ဒီကလေးမကလည်း
အားမကိုးရဘူး...ဘာမှကိုစိတ်မချရဘူး… သမီးရေ ညည်း မျက်နာသစ်ပြီးရင်လည်း
ဘုန်းဘုန်းတွေအိမ်ထဲကြွလို့ရအောင်အိမ်တံခါးသွားဖွင့်ပြီး ထိုင်ခုံတွေ ချပေးထားနှင့်ကွယ်..
အမေအမြန်လာခဲ့မယ်… ”
“ ဟုတ်ကဲ့အမေ လာပြီလာပြီ ….အမေ ဖြည်းဖြည်းသွားဦးအနောက်မှာ
ရေညှိတွေနဲ့ ချော်လဲဦးမယ်…. ”
“အေးအေး…သြော်…ငါ့နဲ့အသက်ကြီးလာတော့
မျက်စိအမြင်တွေကလည်းမကောင်း ၊ ခြေတွေလက်တွေကလည်း တုန်တုန်ယင်ယင်နဲ့
စိတ်သွားတိုင်ကိုယ်မပါတော့ဘူး…အထိုင်အထလည်းမကောင်း…ဘာမှကိုမကောင်းတော့ဘူး
အနိစ္စအနိစ္စ…ကိုယ့်နောက်ပါ့မယ်ကုသိုလ်လေးဆိုလို့ ဒါတွေပဲရှိတော့တယ်
ကြိုးစားပြီး နိုင်သလောက် ကုသိုလ်ယူမှဖြစ်ပေဦးမယ်… ”
ဒေါ်စိန်ရှင် ကိုယ်လက်အမြန်သန့်စင်ပြီးတာနဲ့ ယောဂီပုဝါပါးလေးကို
ပုခုံးမှာ တင်ပြီးတော့အိမ်ရှေ့ကိုအမြန်သွားလိုက်တယ်… ၊အိမ်ရှေ့ရောက်တော့
အိမ်ရှေ့မှာ သမီးဖြစ်သူနဲ့အတူ ဘုရားသားတော် သံဃာတော်အရှင်သူမြတ်တွေကို
ရိုရိုသေသေ တစ်ပါးချင်း…ဆွမ်းလောင်းလှှုလိုက် … ဦးချကန်တော့လိုက်နဲ့
ကုသိုလ်တွေလုပ်လို့ပေါ့…. ၊ သံဃာတွေ တစ်ပါးပြီးတစ်ပါး..
နောက်ဆုံး သူတို့အမြဲ ဂရုတစိုက် လောင်းလှူနေကျဖြစ်တဲ့
သက်ကြီးဝါကြီး သံဃာတော်တစ်ပါးပဲကျန်လို့ စောင့်နေမိတယ်…
မကြာခင်အဝေးကအလင်းပြပြကြားကနေ သူတို့မျှော်နေတဲ့ ဦးဇင်းကြီး
ကြွလာတော့တယ် … ၊ ဦးဇင်းကြီး ကြွလာတော့ ထုံးစံအတိုင်း
လောင်းလှုစရာရှိတာလှုပြီး…မိသားစုသံဃာလိုဖြစ်နေတဲ့ ဦးဇင်းကြီးကို
နေ့တိုင်းလျှောက်နေကျအတိုင်း သာကြောင်းမာကြောင်း လျှောက်တင်ဖြစ်တယ်
ဦးဇင်းကြီးကလည်း ဒေါ်စိန်ရှင်တို့ မိသားစုအပေါ် ဆွေရင်းမျိုးရင်းတွေလိုမျိုး
ခင်မင်နေတဲ့အတွက် ဒေါ်စိန်ရှင်တို့အိမ် ဆွမ်းခံကြွဖြစ်တိုင်းအနည်းဆုံးတော့
၅မိနစ်လောက်ဖြစ်ဖြစ် ထိုင်ပြီး စကားတွေပြောပြောဖြစ်ခဲ့တယ်… ၊
ဦးဇင်းကြီးမှာ ထူးခြားချက်တစ်ခုတော့ရှိတယ်… ၊အဲ့ဒါကိုလည်း
ဒေါ်စိန်ရှင်တို့ မိသားစုတွေ နည်းနည်းပါးပါးလောက်တော့ ရိပ်မိသင့်သလောက် ရိပ်မိနေကြတယ် ၊
ဘာတွေ ထူးခြားလည်းဆိုတော့…
ဦးဇင်းကြီး ဒေါ်စိန်ရှင်တို့အိမ်ထဲမဝင်ခင်အိမ်ရှေ့ ခြံစည်းရိုးကနေ
အိမ်ထဲကို တစ်ချက်လှမ်းကြည့်တယ်…ပြီးရင် ချက်ချင်း မျက်လွှာချပြီး
မေတ္တာသုတ်တွေရွတ်နေတတ်တယ် ၊ ဒေါ်စိန်ရှင်တို့ကအိမ်ထဲမှာ
နေရာထိုင်ခင်းပေးရင်လည်း သူ့အနားမှာ လက်အုပ်ချီနေတဲ့ ဒေါ်စိန်ရှင်တို့ကိုကျော်ပြီး
တစ်နေရာရာကို စိုက်ကြည့်နေတတ်တယ် ၊ စိုက်ကြည့်ပြီးရင်လည်း ဒေါ်စိန်ရှင်မျက်နာကို
ပြန်ကြည့်ပြီး ဦးဇင်းကြီးတစ်ခခုကိုပြောချင်နေသလိုမျိုးပြင်နေတတ်တယ်… ၊ နောက်တော့
မပြောဘဲ စကားလွှဲသွားတတ်တယ်… ၊ ပြန်ကြွခါနီးကျရင်လည်းအမြဲမှာသွားတတ်တာတွေ…
“ ဒကာမကြီးတို့ ဘုရားတရားမမေ့ကြနဲ့ ကုသိုလ်လုပ်ပြီးတိုင်းလည်း
ဘဝဟောင်း ၊ ဘဝသစ် ၊အနီးအနားက မြင်အပ်မမြင်အပ် နတ်သိကြားမှအစ…
ဟိုး..ပြိတ္တာဘုံးသားတွေပါမကျန် ၃၁ဘုံအားလုံးကို ရည်စူးပြီး မေတ္တာပို့ ၊အမျှပေးေ၀
ကြားလား…လုံးဝမမေ့နဲ့နော်… ၊ ဦးဇင်းပြောချင်တာ ဒကာမကြီးတစ်ဦးတည်းကိုလုပ်ခိုင်းတာ
မဟုတ်ဘူးနော်…အိမ်သားတွေအားလံုံးကိုပြောတာ…ညအိပ်ရင်လည်း ဘုရားသေချာဝတ်ပြုပြီးမှ
အိပ်ကြ… ၊အလုပ်အရမ်းများနေရင်တောင် ပါးစပ်က သရဏဂုံကို သတိရတိုင်းရွတ် …. ” ဆိုပြီး
ပြောရင်းကနေ သရဏဂုံအကြောင်း ၊ သရဏဂုံကြောင့်ချမ်းသာရာချမ်းသာကြောင်း ဖြစ်စေခဲ့တဲ့
တရားတော်တွေကိုအတိုချုပ်လေးအမြဲရှင်းပြတတ်တယ်… ။
တစ်နှစ်ကျော်ကာလလောက်ရှိလာတော့
ဒေါ်စိန်ရှင်တို့လည်းအိမ်ကလေးကအများကြီး တိုးတက်လာတယ်..
သမတ်ဖြစ်တဲ့သူကလည်း သိသိသာသာကို စီးပွားတက်လာပြီး မြေးလေးကလည်း
နိုင်ငံခြားကုမ္ပဏီမှာ လစာမြင့်တဲ့အလုပ်ကောင်းကောင်းတစ်ခုရခဲ့တယ် ၊ သမီးဖြစ်တဲ့သူကလည်း
အရင်က မကြာမကြာ ကျန်းမာရေးချူချာနေရာကနေ နောက်ပိုင်း ဆေးဆိုတာ ချိုနဲ့လားလို့
မေးလာရလောက်တဲ့အထိ ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်းဖြစ်လာခဲ့တယ် ၊
ဒေါ်စိန်ရှင်ကတော့အိုစာလာတဲ့အနိစ္စတရားလွှမ်းမိုးတာကလွဲရင် တစ်ခြား ဆိုးဆိုးရွားရွား
ဖြစ်လာတဲ့ရောဂါဆိုတာ မရှိသလောက်ပါပဲ…. ၊ သူတို့မိသားစုလေးကလည်း
နောက်ပိုင်း ရုံးပိတ်ရက်လို နေ့တွေမှာ နံနက်ဆိုရင် တစ်အိမ်သားလုံးကိုယ့်အသိစိတ်နဲ့ကိုယ်ထပြီး
ဆွမ်းခံကြွလာတဲ့ သံဃာတော်တွေကိုအတူတူ ဆွမ်းလောင်းလှု ကုသိုလ်ပြုကြတယ် ။
အရင်တုန်းက ဆွမ်းခံကြွမယ့်အချိန်ကို ရပ်ကွက်ထဲက ကြက်ဖတွေတွန်တဲ့အသံကို
မျှော်ပြီး နားစွင့်ရင်းအိပ်နေရတဲ့ ဒေါ်စိန်ရှင်ကအခုတော့ နှိုးစက်နာရီလေးနဲ့အဆင်ကိုပြေလို့… ၊
အရင်က ဘုန်းတော်ကြီးတွေ ကြွတဲ့အခါ တကျွီကျွီနဲ့တွန်းဖွင့်ရတဲ့ သူတို့ရဲ့ သစ်သားတံခါးစုတ်လေးက
အခုတော့ သံပန်းသံတံခါးလေးတောင်ဖြစ်နေပြီ… ၊ မိုးတွင်းတွေဆို ခေါင်မိုးကအပေါက်လေးတွေ
အောက်တည့်တည့်မှာ ခွက်အလွတ်လေးတွေ ခံထားရတဲ့ဒုက္ခ ၊ သံဃာတော်တွေ ဆွမ်းခံကြွတဲ့အသံကို
မကြားရလောက်အောင် ခေါင်မိုးကို တဝုန်းဝုန်းရိုက်ခတ်နေတတ်တဲ့ မိုးစက်တွေကြောင့်
စိတ်ညစ်စရာတွေကလည်းအခုတော့အိမ်သွပ်မိုးအသစ်လေးတွေအပြင်
မျက်နာကြပ်လေးကာထားတာကြောင့်အေးအေးလူလူဖြစ်ပြီး စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်လို့…. ၊
ဒေါ်စိန်ရှင်တို့အိမ်လေး တစ်နစ်တာအတွင်းစီးပွားရေးတက်လာတာက
အံသြစရာကောင်းလောက်တယ်…. ။
ဒီလိုမျိုး ထူးထူးခြားခြား စီးပွားတက်လာစေတဲ့အကြောင်းက သူတို့အိမ်ကိုအမြဲကြွတဲ့
သက်ကြီးဝါကြီး ဘုန်းဘုန်းပြောတဲ့အတိုင်း နားထောင်လို့ဆိုတာကို သူတို့အားလုံးယုံကြည်ထားကြတယ် ၊
နောက်တစ်ချက် သူတို့တွေစိတ်ထဲသံသယမကင်းဖြစ်နေတဲ့ ကိစ္စလေးတစ်ခုလည်းရှိသေးတယ်
အဲ့ဒီ့ကိစ္စလေးကို သူတို့ဖော်ထုတ်ဖို့အချိန်တန်ပြီလို့ယူဆထားကြတယ် …. ။
တစ်နေ့တော့ ထုံးစံအတိုင်း နံနက် ဆွမ်းလောင်းချိန်မှာ ဦးဇင်းကြီးကြွလာတယ် ၊
ဦးဇင်းကြီးကြာလာပြန်တော့အိမ်ထဲမဝင်ခင်တစ်ခါ ၊ ဝင်လာတဲ့အခါတစ်ကြိမ် ၊ ပြန်ခါနီးတစ်ဖန် ၊
အိမ်သားတွေကိုကျော်ပြီးအိမ်ရဲ့တစ်နေရာကို စိုက်ကြည့်ပြီး မေတ္တာသုတ်တွေရွတ်လိုက် ၊
မေတ္တာတွေပို့လိုက်လုပ်နေပြန်တယ်… ၊ မသိသားဘူးဆိုပေမယ့် နေ့တိုင်းသတိထားကြည့်နေမိတဲ့
ဒေါ်စိန်ရှင်တို့မိသားစုတွေကတော့ သိနေကြပြီမို့ ဒီတစ်ကြိမ်တော့ သိချင်စိတ်ကို
ရအောင် ဖွင့်ဟကြိုးစားလိုက်ကြပြီ…. ။
“ လုံးစုံများစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ….
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ၊ ငြိမ်းအေးကြပါစေ…. ”
“အရှင်ဘုရား ရပ်တော်မူပါဦးဘုရား …. ”
ဆွမ်းအလှူခံပြီးနောက် မေတ္တာပို့သရင်းအိမ်အပြင်ဘက်ဆီ ပြန်ကြွသွားတဲ့
ဦးဇင်းကြီးကို ဒေါ်စိန်ရှင်တစ်ယောက် ကပိုကရိုအမှီပြေးလိုက်ရင်း
“ တပည့်တော်မ လျှောက်စရာလေးရှိလို့ပါ ဘုရား …. ”
“အိမ်း..ဒကာမကြီး ဦးဇင်းကို ဘာလျှောက်ချင်တာလဲ လျှောက်လေ ”
ဦးဇင်းကြီးက ခွင့်ပြုလိုက်တော့ ဒေါ်စိန်ရှင်လည်းအားတက်သွားပြီး…
“ တပည့်တော်မစိတ်ထဲ မရှင်မရှင်းဖြစ်နေတာကြာပြီဘုရား..
ဒီနေ့တော့အဲ့ဒီ သံသယစိတ်တွေ ပဟေဌိတွေကိုအရှင်ဘုရား
အဖြေပေးနိုင်မယ်လို့မျှော်လင့်ပါတယ်ဘုရား… ”
“အံမယ်…ဒကာမကြီးက ထူးထူးဆန်းဆန်း
စာတွေပေတွေဖွဲ့နွဲ့နေပါလား…ကဲကဲ လျှောက်စရာရှိတာသာလျှောက်စမ်းပါ ”
“ ဒီလိုပါ ဘုရား တပည့်တော်မ ဦးဇင်းကို သတိထားမိနေတာ
ကြာပါပြီဘုရား…ဦးဇင်း တပည့်တော်မတို့အိမ်ထဲမကြွခင်တစ်ကြိမ် ၊
အိမ်ထဲရောက်ပြီး တစ်ကြိမ် ၊အိမ်ထဲကနေ ပြန်ကြွတော့ တစ်ကြိမ် ၊
တပည့်တော်မတို့ကိုမဟုတ်ဘဲ တပည့်တော်မတို့အနောက်ဘက်တို့ ၊
အိမ်ကြီးရဲ့အထဲကိုတို့ … ၊ ခြံရဲ့ထောင့်တစ်နေရာရာဆီကိုတို့
လှမ်းလှမ်းကြည့်နေတာ မြင်နေရတတ်တယ် ၊အဲ့ဒါ..ဦးဇင်း
ဘာကို ကြည့်တယ်ဆိုတာ တပည့်တော်မတို့သိချင်တာပါ ဘုရား… ”
“အိမ်…..သြော်…ဒါ..ဒါ…ဒါ..ဒါလား ၊အေးကွယ်…
ဦးဇင်းလိမ်ညာလို့လည်းမဖြစ် … ကိုယ့်ဆွေမျိုးလိုဖြစ်နေတဲ့ ဒကာမကြီးတို့မိသားစု
မျက်နာကလည်းရှိ… တစ်ဘက်က…ကဲပါလေ…သတ္တဝါတစ်ခု ကံတစ်ခုပေါ့
ငါ့ဒကာမကြီးတကယ်သိချင်ရင် ဒီညနေလောက် ဦးဇင်းကျောင်းကို
လာခဲ့ချေ….ဆွမ်းစားပြီးချိန်လောက် လာဖြစ်အောင်လာခဲ့ ဦးဇင်းစောင့်နေမယ် ”
ဒေါ်စိန်ရှင်စိတ်ထဲအတွေးပိုများသွားစေတဲ့စကား… ၊ သိချင်စိတ်တွေ
နှိုးလိုက်တဲ့ စကားကို ဦးဇင်းကြီးမိန့်လိုက်သလိုပါပဲ… ၊ “ ဒကာမကြီးတို့မိသားစု
မျက်နာကလည်းရှိ… တစ်ဘက်က….ဆိုတဲ့နားမှာ ဆက်မပြောတော့ဘူး..
တစ်ဘက်ကဆိုတာ ဘာကိုဆိုလိုချင်တာလည်း တစ်ဘက်က ဘယ်သူလဲ…
သတ္တဝါတစ်ခု ကံတစ်ခုပေါ့ ဆိုတာကရော…ဘာသဘောလဲ… ”
ကိုယ့်အတွေးတွေနဲ့ကိုယ် ရပ်ပြီး ကျန်ရစ်လို့...
သပိတ်ကြီးပိုက်ရင်း ပြန်ကြွသွားတဲ့ ဦးဇင်းကြီးကျောပြင်ကို
ငေးရင်တွေဝေနေတုန်းမှာအအေးလှိုင်းတစ်ခုက ဒေါ်စိန်ရှင်ကျောနားမှာ
ဖြတ်လျှောက်သွားသလိုခံစားလိုက်ရတယ် …
အေးစက်စက်ခံစားချက်ကြီး……. ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“ ဦးဇင်း တပည့်တော်တို့နားလည်အောင် ရှင်းပြပါဦးဘုရား… ”
“ ဦးဇင်း ဒကာမကြီးတွေက ဦးဇင်းကျောင်းအထိ တကယ်ကို
ရောက်လာခဲ့ကြတယ်ဆိုတော့လည်း ဦးဇင်းအနေနဲ့မပြောလို့က မဖြစ်တော့ပြန်ဘူး
ကဲ့ပါ ဦးဇင်းပြောပြမယ် … ဒီစကားကို ဦးဇင်းလိမ်ညာပြောဆိုတာမဟုတ်ဘူးဆိုတဲ့အကြောင်း
အရေင်ပြောပြချင်တယ်… ၊ နောက်ပြီး ဦးဇင်း လုပ်ကြံပြောဆိုတာမဟုတ် ၊ မြင်မြင်တဲ့အတိုင်း
ဟုတ်ဟုတ်တဲ့အတိုင်း ၊ မှန်မှန်တဲ့အတိုင်းအရိုးရှင်းဆုံး ပြောဆိုတယ်ဆိုတာကို သိစေချင်တယ် ၊
ဒကာမကြီးတို့ စိတ်ထဲ ပေါ့ပေါပါးပါးပဲထားနော်… ”
“ တင်ပါ့ဘုရား… ”
“ ဒကာမကြီးတို့အိမ်မှာ သရဲရှိတယ်… ”
“ ဘုရား…..အမလေး…သရဲ…သသ..သ..သရဲ ”
“ ဟုတ်တယ် ဒကာမကြီး သရဲဆိုတာတောင်
နှစ်ချို့ သရဲကြီး ၊ တစ္ဆေလို့ပြောရင်ပိုမှန်လိမ့်မယ်… ၊
ဒီပရလောကသားကို ဦးဇင်း ဘာကြောင့်မှန်းမသိ
မြင်နေရတာကြောင့် တစ်ချက်တစ်ချက် ကြည့်မိတယ် ၊
မြင်တိုင်းလည်း သူ့ကို မေတ္တာပို့ ၊အမျှဝေပေးတယ်
ဒါပေမယ့် သူဘယ်တော့မှ မကျွတ်ဘူး ၊ ဦးဇင်းတို့က
ဘယ်လောက်ပေးပေး လက်ခံမယ့်သူက မယူဘူးဆိုရင်
ဘယ်တက်နိုင်ပါ့မလဲလေ… ၊ ကဲ သူက ယူမယ်ပဲထား
ယူခွင့်မရှိ ၊ မယူထိုက် ၊ယူလို့မရ ၊ မယူနိုင်တဲ့သူဆိုရင်ရော
ဘယ်တတ်နိုင်မလဲ…ဦးဇင်းဆိုလိုတဲ့သဘောက ဒီပရလောကသားက
ဒကာမကြီးတို့အိမ်ကို စွဲလမ်းပြီးဖြစ်တည်နေတဲ့အရင်အိမ်ရှင်တစ်ယောက်
ဖြစ်မယ်လို့ ခန့်မှန်းနိုင်တယ် ၊ နမိတ်တွေ ၊ ဦးဇင်းမြင်နေကျဖြစ်တဲ့
သူ့အပြုအမူတွေအရ သိနိုင်တယ် ၊ ဒီတော့ ဒကာမကြီးတို့မိသားစုကို
သူက ချစ်တဲ့ပုံရတယ် ၊အဲ့ဒါကြောင့်လည်း ဦးဇင်းက ဒကာမကြီးတို့
ဘုရားတရားများများလုပ်ဖို့ ၊ မြင်အပ်မမြင်အပ်တွေကို မေတ္တာပို့ ၊
အမျှအတန်း ပေးဝေပေးဖို့အမြဲ မှာနေတာပေါ့… ၊ ဒါပေမယ့်လည်း
ဘယ်လောက်အမျှပေးပေး…သူကိုယ်တိုင်က..အစောကပြောခဲ့သလို
သာဓု ခေါ်နိုင်လောက်တဲ့အရည်အချင်းရှိသူ ၊ သာဓုမခေါ်ချင်သူ ၊
အမျှအတန်းမယူချင်သူ ၊ သာဓုမခေါ်နိုင်တဲ့သူ ဆိုရင်တော့
ဒီပုဂ္ဂိုလ် ကျွတ်လမ်းမမြင်နိုင်ဘူး ဒကာမကြီး ၊ နောက်တစ်ချက်က
ဒီပရလောကသား ဒကာမကြီးတို့အိမ်မှာ ရှိနေတာအရမ်းအန္တရယ်များတယ်
နောင်တစ်ချိန် ကလေးငယ်လေးတွေရှိလာခဲ့ရင်လည်း သူက ဘာမျှမလုပ်ပေမယ့်
မတော်တဆ ကလေးက မြင်ပြီး လန့်သွားခဲ့သည်ရှိသော်…
လိပ်ပြာလွင့်သွားနိုင်တယ် ၊ ဦးဇင်းတောင် ခေါင်းငုံ့ရှောင်ရတဲ့အထိဆိုတော့
တွေးကြည့်ပေါ့ ဒကာမကြီးတို့ရာ ၊ သူတစ်ပါးရဲ့နေရာထိုင်ခင်းဆိုပေမယ့်
အခုအိမ်ယာက လက်ရှိမှာ ဒကာမကြီးတို့အပိုင်ပဲလေ… ၊ ဒီပရလောကသားကတော့
အိမ်ငှားဖြစ်နေပြီပေါ့… ၊ ဒီတော့ သူ့ကို ဒီအိမ်မှာ
ဆက်ထားမယ် ၊ မထားဘူးဆိုတာတော့ ဒကာမကြီးတို့
ဆုံးဖြတ်ရမယ့်အပိုင်းပဲ ၊ ဦးဇင်းဘက်က တက်နိုင်တာ ဒါအကုန်ပဲ ၊
တကယ်လို့ ဒကာမကြီးတို့က သူ့ကိုအိမ်မှာဆက်မရှိစေချင်ရင်
ဦးဇင်းတို့ကိုယ်တိုင် မေတ္တာရပ်ခံပြီး သူ့ကိုနေရာသစ်ရွေ့ပေးနိုင်ပါတယ်ကွယ်… ၊
ဒီစကားတွေပြောတယ်ဆိုတာ ဦးဇင်းအနေနဲ့ ဒကာမကြီးတို့မိသားစုအကျိုးကို
လိုလားလို့ပြောတယ်လို့မှတ် ”
“ ဟယ်….လုပ်ကြပါဦး မိချို…ငါတို့အိမ်မှာ
တစ္ဆေရှိတယ်တဲ့ နှစ်ချို့ကောင်ကြီးတဲ့လုပ်ပါဦး…ငါတို့ဘယ်လိုလုပ်ရမလဲ ”
သမီးဖြစ်သူကို ကြောက်ကြောက်နဲ့ လှမ်းတိုင်ပင်လိုက်တဲ့အခါ
သမီးဖြစ်သူကလည်းအသံတုန်တုန်လေးနဲ့
“အမေ..သမီးသတိရပြီ…တစ်ခါတစ်လေ သမီးအမှိုက်ပုံးထဲ ထည့်ထားတဲ့
ငါးအရိုး ၊အသားစတွေ ၊အညှီအဟောက်အိတ်တွေ ပွင့်ပြီး ပလဲနေတတ်တာ မြင်တယ်လို့
အမေ့ကိုပြောတယ်မို့လား..အိမ်မှာကြွက်လည်းမရှိပါဘူး…ကြောင်လည်းမရှိဆိုတော့… ဒင်းပဲလား ”
“အမေ့ကိုလည်း မနက်ကျရင် ဆွမ်းလောင်းခါနီးအိပ်ပျော်ပျော်သွားခဲ့တုန်းက
အသံပေးပြီး နှိုးနှိုးပေးနေတာ ကိုယ်စောင့်နတ်လို့ထင်နေတာအခု ဦးဇင်းပြောပုံအရ
သေချာစဉ်းစားကြည့်မှ တစ္ဆေကြီးပဲဖြစ်မယ် ….. ”
“ ဟုတ်တယ်အမေ…ဖြစ်နိုင်တယ်… ၊ သမီးတို့မိသားစုလည်း
ဒီအတော်အတွင်း စီးပွားတွေ တက်လာတာ သူကူညီနေတာလည်းဖြစ်နိုင်တယ် ”
“ ဟုတ်လောက်တယ် သမီး…သူကအမေတို့မိသားစုအပေါ်
တစ်ခါမှ ခြောက်လန့်တာမရှိခဲ့သလို ၊ သောကဖြစ်အောင်လည်း
မလုပ်ခဲ့ဖူးဘူးနော်… ၊ ဒါပေမယ့် တစ်ဖက်ကတွေးရမယ်ဆိုရင်လည်း
ဦးဇင်းပြောသလိုအမေတို့တွေ ဒီ မကောင်းဆိုးဝါးကြီးနဲ့အတူတူနေဖို့
အဆင်မပြေဘူးလေ…မသိခင်ကတော်သေးတယ်အခု သိပြီးမှတော့
အမေအိမ်တောင်မပြန်ရဲတော့ဘူး… ”
သူတို့သားအမိအချင်းချင်းစကားပြောနေတုန်း
ဦးဇင်းကြီးက လေသံမာမာကြီးနဲ့ဖြတ်ပြောလိုက်တယ်…
“ နေ..နေ..နေကြစမ်းပါဦး…ဒကာမကြီးတို့
ဗုဒ္ဓဘာသာဝင်တွေပါနော်…. ”
“ တင်…တင်ပါ့ဘုရား ”
“ ဒါဆိုရင် ဘာလို့ ထင်ကြေးတွေပေးပြီး
ပြောနေကြတာလဲ ၊ ဦဇင်းပြောပြမယ် ကံကံရဲ့အကျိုးသဘောအရ
ဒကာမကြီးတို့မိသားစုက ဘုရားတရားဖိဖိစီးစီးလုပ်သူတွေဖြစ်တယ် ၊
ဦးဇင်းအမြဲမှာခဲ့သလို သရဏဂုံမဖြတ်ဆောင့်တည်ကြတယ် ၊
သံဃာတော်တွေကို ဆွမ်းမပြတ်လောင်းလှူကြတယ် ၊ ဒီအကျိုးတွေက
နောက်ဘဝအတွက်လည်း မျိုးစေ့ဖြစ်စေသလို လက်ရှိဘဝမှာလည်း
ကောင်းကျိုးတွေဖြစ်စေတဲ့သဘောရှိတယ်… ၊အတိတ်ကံနဲ့မဆိုင်ဘူးလို့
ဦးဇင်းမဆိုလိုဘူးနော်…အတိတ်က ကောင်းမှုတွေကြောင့်လည်း
အများကြီးသက်ဆိုင်တာပဲ… ၊အထူးသဖြင့် ဒကာမကြီးတို့မိသားစုရဲ့
ဘာသာရေးဘက်မှာပဲဖြစ်ဖြစ် ၊ လုပ်ငန်းပိုင်းမှာပဲဖြစ်ဖြစ် ကြိုးစားမှုနဲ့လည်း မုချ
သက်ဆိုင်တာပါပဲ…. ၊ ဒါကို ဒကာမကြီးတို့အိမ်က တစ္ဆေကြီးက
ကူညီဆောင်မပေးလို့အောင်မြင်တိုးတက်လာတယ်ဆိုပြီး
တရားသေ မပြောအပ်ဘူးကွယ်… ၊ သူမကူညီဘူးလို့ဦးဇင်း
မပြောဘူးနော်..ဦးဇင်းသေချာမိသတဲ့အတွက် မပြောလိုပါဘူး… ”
“ တင်ပါ့ဘုရား တပည့်တော်တို့အယူလွဲမိသွားပါတယ်ဘုရား ”
“အိမ်း …အိမ်း ရှိစေတော့… ”
“ ဒါဆို တပည့်တော်မတို့အိမ်က တစ္ဆေကို ဘယ်လိုလုပ်ရမလဲဘုရား ၊
တပည့်တော်မတို့ကို သူကအများကြီးကူညီစောင့်ရှောက်ကောင်းစောင့်ရှောက်ပါတယ်လေ ၊
ဒါပေမယ့် တပည့်တော်မတို့ ကြောက်တယ်ဘုရား ၊ တစ္ဆေတစ်ကောင်နဲ့
တစ်အိမ်တည်းအတူနေရဲ့လောက်တဲ့အထိ သတ္တိမရှိဘူးအရှင်ဘုရား… ၊
ဦးဇင်းပြောသလို သူ့ကိုအိမ်ကနေ နှင်ပြီး တစ်ခြားမှာ နေရာပြန်ချပေးပါ
တပည့်တော်တို့ကို ကယ်ပါဦးဘုရား…. ”
ဒေါ်စိန်ရှင်ရဲ့ လျှောက်ထားချက်အရ ဦးဇင်းကြီးလည်း
ကူညီဖို့ဆုံးဖြတ်လိုက်ပြီးအလှူအသေးစားပုံစံလေးကိုအမြန်လုပ်လိုက်တယ် ၊
ကျောင်းက ဘုန်းကြီးငါးပါးပင့်စေပြီး နေအိမ်မှာမှီတင်းနေထိုင်လျှက်ရှိတဲ့
တစ္ဆေကြီးအတွက်ရည်စူးပြီး သံဃာတော်တွေကို ပရိတ်က္ခရာ ရှစ်ပါး လှူဒါန်းစေပြီး မေတ္တာပို့သ… ၊
အမျှကုသလိုပေးေ၀ ရေစက်ချစေတယ် ၊ ပြီးတော့ ဦးဇင်းကြီးကိုယ်တိုင်
မေတ္တာရပ်ခံပြီးအိမ်ရှင်တွေက ပေးမနေလိုတဲ့အကြောင်း ၊ မနေစေချင်တော့တဲ့အကြောင်း ၊
နေရာအသစ်ကို သွားစေလိုတဲ့အကြောင်း ၊ နေစရာအသစ်ရစေဖို့လည်း ၊
နတ်မင်းကြီးတွေကအိမ်မှာရှိတဲ့ တစ္ဆေကြီးကို ကူညီဆောင်မပေးစေလိုတဲ့အကြောင်း ၊
သေချာပြောဆိုပြီးတော့အိမ်သန့်သွားအောင် ပရိတ်တရားတော်ကို
ချီးမြင့်ပေးခဲ့တယ် ။
တိုက်တိုက်ဆိုင်ဆိုင်အဲ့ဒီ့ညမှာပဲ ဒေါ်စိန်ရှင်တစ်ယောက်
အိမ်မက်တစ်ခုမက်မြင်ခဲ့တယ် ….
မြူတွေဆိုင်းပြီး မှုန်ဝါးရီဝေနေတဲ့ မြင်ကွင်းထဲမှာ
အိမ်ကလေးတစ်လုံးကို မထင်မရှားမြင်နေရတယ်အိမ်ကလေးကိုအသေချာအကြည့်မိတော့
သူတို့အိမ်ကလေးဖြစ်နေမှန်းသိလိုက်ရတယ် ၊အိမ်ကလေးထဲမှာ ဝုန်းဒိုင်းကျဲ
ဆူညံ သောင်းကြမ်းနေတဲ့အသံကြီးတစ်ခုကြီးလိုက်ရပြီးတော့အိမ်ထဲကနေ
လူမကျ ဘီလူးမကျတဲ့အစွယ်အဖွေးသားတွေနဲ့ သတ္တဝါကြီးတစ်ကောင်
ပြေးထွက်လာတယ် ၊ သူကတစ်ကိုယ်လုံးအမွှေးအမျှင်မဲမဲကြီးတွေနဲ့
ရုပ်က ကြောက်စရာကောင်းလိုက်တာဆိုတာ ဒေါ်စိန်ရှင် ဘဝမှာ
တစ်ကြိမ်တစ်ခါမျှအဲ့လောက်ထိရုပ်ဆိုးပြီးကြောက်စရာကောင်းလောက်တဲ့
ပုံးပန်းသဏ္ဍန်ပိုင်ရှင်နဲ့ မကြုံဖူးသေးဘူး… ၊အဲ့ဒီ့ပုဂ္ဂိုလ်က ဒေါ်စိန်ရှင်ကို
လဖက်ရည် ဖန်ခွက်လောက်ရှိတဲ့ မျက်လုံးနီနီဝိုင်းဝိုင်းကြီးတွေနဲ့ စိုက်ကြည့်နေရင်း
အသံသြသြကြီးနဲ့ ပြောသွားတယ် …
“ ဟဲ…စိန်ရှင်….ငါက နင်တို့မိသားကိုကာကွယ်ပေးတယ် ၊
စောင့်ရှောက်ပေးတယ် ၊ နောက်ဆုံး နင်ကုသိုလ်လုပ်ဖို့မေ့နေရင်တောင်
ငါနှိုးဆော်ပေးတယ် ၊ ဒါပေမယ့် နင်တို့က ငါ့အပေါ်စာနာစိတ်မထားဘူး ၊
ရက်စက်တယ် ၊အေးပေါ့လေ..နင်တို့က ကံကြီးသူတွေဆိုတော့ လုပ်ထားဦးပေါ့လေ ၊
ငါအခု ဒီအိမ်ကနေ ဖယ်ပေးလိုက်ရပြီ ၊ ငါသွားမချင်ဘဲ နင်တို့နှင်တဲ့အတွက်
ငါထွက်သွားလိုက်ရပြီ… ၊ ငါဒီအိမ်လေးအပေါ်အရမ်းစွဲလမ်းတယ် ၊ နင်တို့မိသားစုလေးက
ငါ့အရင်အိမ်နေရာလေးမှာလာနေတော့လည်း ငါကြိုဆိုခဲ့ပါတယ် ….အခုတော့….. ၊
အခု..အခုတော့ ပြောင်းပေးရတော့မယ်....ပြောင်းနေရမယ့်နေရာကအိမ်မဟုတ်တော့ဘူး
သစ်ပင်ကြီး….အဲ့ဒီသစ်ပင်ကြီးက ကျိုက်ကဆံဘုရားဘေးက(…)လမ်းမှာရှိတယ် ၊
နင် ငါရှိတဲ့အပင်အောက် ယောင်လို့တောင် မလာခဲ့နဲ့ စိန်ရှင်…ငါနင့်ကို
လက်စားချေဖို့စောင့်နေတယ် ”
ကြက်စီးထစရာကောင်းလွန်းတဲ့ စကားလုံးတွေကြောင့်
ဒေါ်စိန်ရှင်တစ်ယောက် လန့်ပြီး သွေးဖွယ်သလိုဖြစ်သွားရင်း
လန့်နိုးလာခဲ့တယ် ။
“ ဘုရားဘုရား…. ငါတို့တော့မှားပြီထင်တယ်
အကျိူးတွေနည်းကုန်ပါပြီ ”
“အမေ..အမေ…ဘာဖြစ်လို့လဲ..အမေ… ”
“ ဟင်..အဘွားဘာဖြစ်တာလဲအဘွား… ”
“အဖ ထပါဦး ဒီမှာအဘွားအမောဖောက်နေတယ်… ”
“ ဟာ…လုပ်လုပ်…ကားမြန်မြန်သွားခေါ်…. ”
“အမေ………….. ”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဆေးရုံတစ်ရုံလုံးအရေးပေါ်ခန်းမှာ ဆရာဝန် ၊ ဆရာမလေးတွေ
ပြေးလွှားနေသံတွေနဲ့ ဆူညံလို့…. ။
“ တော်သေးတယ်အမေပြန်သတိရလာလို့..
အမေရယ်သတိထားမှပေါ့…ညကဆေးရောသောက်အိပ်ရဲ့လား… ”
“အဖေ…အဖေ..အဘွားသတိရလာပြီ ”
“ သြော်…မြေးလေး…သမီးနဲ့သား…အမေဘားမှမဖြစ်ပါဘူးကွယ်
အိပ်မက်ဆိုးတွေမက်ပြီး လန့်သွားတာပါ…အရင်ကနှလုံးရောဂါလေးပျောက်သွားပြီးမှ
ပြန်ဖြစ်ပြန်ပြီထင်တယ် …. မောလိုက်တာကွယ်…. ”
“ ကလင် ကလင် ကလင် ”
“ ဟဲလို….. ”
“ ဟုတ်ကဲ့….(………) ”
“ ဟုတ်တယ်ဗျ ကျွန်တော်တို့လည်းအခုမှသိကြတာ
အဲ့ဒါလေးလှမ်းအကြောင်းကြားတာပါဗျ… ”
“ ဟယ်…တိုက်ဆိုင်လိုက်တာ….. ”
“ ဘာဖြစ်လို့လည်းသမီး ”
“ ဦးဇင်းကြီးအိပ်နေရင်းနဲ့ ရုတ်တရက် ပျံတော်မူသွားပြီတဲ့အမေ…. ”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တန်ခူးလရာသီပြီးတော့ ပိတောက်ဖူးလေး ၊ ငုဝါပန်းလေးတွေ ဝါဝါ၀င်းကျန်နေရစ်တဲ့ကာလ
အချိန်တွေအလီလီပြောင်းလို့ ဒေါ်စိန်ရှင်တို့မြေးလေးတောင်အိမ်တောင်ပြုသွားခဲ့ပြီ ။
ဒီကနေ့တော့ စိတ်ထဲမှာ ဘယ်လိုဖြစ်မှန်းမသိဘူး….
နည်းနည်း လေးတယ်လို့ခံစားမိတုန်းမှာပဲ သတင်းတစ်ခုကြားလာတယ် ၊
သမတ်ဖြစ်တဲ့သူ ရုတ်တရက် ယဉ်မတော်တဆမှုဖြစ်လို့ စံပြဆေးရုံက
အရေးပေါ်မှာရောက်နေပါတယ်ဆိုနဲ့သတင်း… ၊ ဒေါ်စိန်ရှင်နဲ့သမီးမိချိုလည်း
သတင်းကြားကြားချင်း ဆေးရုံဆီကို တန်းသွားဖြစ်ကြတယ် … ၊ ဆေးရုံရောက်တော့
လူနာကအထိအခိုက်နည်းနည်းပဲဖြစ်တာကို မြင်ရတော့ သက်ပြင်းချလိုက်နိုင်သွားတယ် ၊
အပေါ်ယံအနာဆိုပေမယ့် ဒဏ်လေးနည်းနည်းဖြစ်ထားတော့အိပ်ယာထဲတော့
ရက်ပိုင်းလောက်အနားယူစေချင်တယ်လို့ ဆရာဝန်ကပြောလာတယ် ၊အဲ့ဒါနဲ့
ဆေးရုံတင်ထားလိုက်ရတယ်.. ၊ ဦးဇင်းကြီးမရှိတဲ့နောက်ပိုင်း ဒေါ်စိန်ရှင်တို့လည်း
မေ့မေ့လျော့လျော့နဲ့အရင်ကလောက် ဘုရားတရားမလုပ်ဖြစ်တာအမှန်ပဲ ။
သမီးဖြစ်သူ မချို သူ့ယောကျာ်းရှိတဲ့ ဆေးရုံကို ထမင်းဟင်းသွားပို့တိုင်း
အဘွားကြီး ဒေါ်စိန်ရှင်ကလည်း လမ်းလျှောက်တဲ့သဘော ၊ သမီးကိုအဖော်ပြုတဲ့သဘောနဲ့
အတူတူလိုက်သွားလေ့ရှိတယ်… ၊ တစ်နေ့တော့ သမီးဖြစ်သူက ဆေးရုံသွားရင်း
လမ်းမှာ ကျိုက်က္ကဆံဘုရားတက်အဖူး လမ်းမှာ မိတ်ဆွေတစ်ယောက်နဲ့
မမျှော်လင့်ပဲဆုံလာလို့ စကားရပ်ပြောနေတုန်းအဘွားကြီး ဒေါ်စိန်ရှင်တစ်ယောက်တည်း
ပျင်းပျင်းရှိတာနဲ့ ဟိုဒီလျောက်သွားနေတုန်း ၊ ပတ်ဝန်းကျင်မှာအပင်ကြီးတစ်ပင်လုံး
ပိတောင်ပန်းတွေနဲ့မြိုင်ထနေတဲ့ ဘုရားနားက ပိတောက်ပင်ကြီးတစ်ပင်ကို
သွားမြင်တယ်…. ၊အပင်ကြီးက စွဲဆောင်မှုအားကောင်းတော့ ဒေါ်စိန်ရှင်တစ်ယောက်
အပင်ကြီးအောက်ကိုအားရဝမ်းသာ တက်တက်ကြွကြွလေး လျှောက်သွားဖြစ်တယ် ၊
အချိန်က ညနေစောင်း….
အပင်ခြေရင်းလည်းရောက်ရော…အပင်ပေါ်ကနေ
တစ်စုံတစ်ခု မသတီစရာကောင်းတဲ့အရာတစ်ခုခုက
သူ့ကို စိုက်ကြည့်နေတယ်ဆိုတဲ့ ခံစားချက်ကို ခံစားမိပြီး
ဒေါ်စိန်ရှင် တစ်ကိုယ်လုံးထူးထူးခြားခြားကြက်သီးတွေ ထသွားမိတယ် ၊
ခံစားမှုနဲ့အတူအပင်နဲ့ဝေးတဲ့ဘက်ကို ပြေးမလို့ပြင်နေတုန်းမှာပဲ
စက္ကန့်ပိုင်းအတွင်း ဒေါ်စိန်ရှင်တစ်ယောက် ခြေပစ်လက်ပစ်နဲ့
အပင်ကြီးခြေရင်းမှာ လဲကျသွားတော့တယ်… ၊
မျက်လုံးကပွင့်လျက်သားနဲ့လဲကျသွားတဲ့အချိန်မှာအနားကလူတွေကလည်း
ဝရုန်းသုန်းကားပြေးလာကြတော့တယ် … ။
“အဘွားကြီးတစ်ယောက်လဲသွားလို့ဟေ့…
လာကြပါဦး… သတိလစ်သွားတာလားမသိဘူးဟေ့… ”
“ မဟုတ်ဘူး မဟုတ်ဘူး..
ဒါလေဖြတ်သွားတာ…အဘွားကြီးအသိတော့ရှိသေးတယ်
မြန်မြန် မြန်မြန် ကားပေါ်တင်ကြပါဟ ”
“ ဆေးရုံပို…ဆေးရုံပို့….. ”
ဒေါ်စိန်ရှင်နားထဲမှာ ဗလောင်ဆူနေတဲ့အသံတွေနဲ့အတူ
မလှုပ်မလျှက်နိုင်တော့တဲ့ သူ့ခန္ဓာကိုယ်ကြီးက ပါသွားပြီး
သူ့မျက်လုံးတွေက ပိတောက်ပင်ကြီးဆီမှာ… ၊
ဆူညံသံတွေကြားက သူအကြိမ်ကြိမ်ပဲ့တင်အောင်
ပြန်သတိရပြီး ကြားယောင်နေတဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်က
အသံတစ်ခုလည်းရှိသေးတယ်….
“ သစ်ပင်ကြီး….အဲ့ဒီသစ်ပင်ကြီးက ကျိုက်ကဆံဘုရားဘေးက(…)လမ်းမှာရှိတယ် ၊
နင် ငါရှိတဲ့အပင်အောက် ယောင်လို့တောင် မလာခဲ့နဲ့ စိန်ရှင်…ငါနင့်ကို
လက်စားချေဖို့စောင့်နေတယ် ” ဆိုတဲ့အသံကလွဲလို့ ဘာများဖြစ်နိုင်ဦးမှာတဲ့လဲ…………. ။
#END
ကြိုးစားပါဦးမည် …
~ မိုးစွေ ~
စာပြီးချိန် - 12.03.2019 ( 2 : 22 Am )