“ ချောင်းဘေးနားက သရဲမ ”( ဖြစ်ရပ်မှန် )
lotaya.mpt.com.mm
|
2019-03-21

“ ချောင်းဘေးနားက သရဲမ ”

ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် )

( စ - ဆုံး )

မှောင်နက်မဲမဲ လူသူကင်းမဲ့ပြီး ပုရစ်တွန်သံတွေကလွဲရင်

တိတ်ဆိတ်တဲ့ညချမ်းလေး…ရာသီဥတုက မိုးအကုန်ကာလလေး

ချောင်းအစပ်တစ်နေရာမှာ ငါးမျှားနေရင်း လူနှစ်ယောက်အမှောင်ထဲမှာ

“ ကျော်လွင် မင်း ဝိုင်းတင် ကို တကယ်ကြွေနေတာလား ”

“ ကိုခိုင်ကြီး တို့ကတော့ မေးပဲမေးနိုင်လွန်းတယ်…

တကယ်ကြွေတာပါဆို..ဒီနေတင်ပြောပြောနေရာအခါတစ်ရာမကတော့ဘူး… ၊

ဒီထက်အော်လိုက်ရင်လည်း ငါးတွေလန့်ပြီး ပြေးကုန်မှာသေချာတယ် ”

“ မင့် ဟာက ..ဟိုကလေးမက မင်းမျက်နာတောင်အဖက်လုပ်ပြီး

သေသေခြာခြာကြည့်ဖူးလို့လားဟ သောက်ရူး ”

“ ဟေ့လူ ဟေ့လူ..မူးနေလည်းအေးဆေးနေဗျာ…

ကျုပ်မှာအသားလေးမသိမသာမဲတာလေးကလွဲအပြစ်ပြောစရာဘာမှမရှိပါဘူး…၊

တင့်တောင်းတင့်တယ်ဆိုတာထက် သူ့တစ်ယောက်စာတော့ ကောင်းကောင်းရှာကျွေးနိုင်ပါတယ် ၊

သူလေးက ကျွန်တော့်ကို တည့်တည့်မကြည့်ဘူးဆိုတာကလည်း ကျွန်တော့်ကို

ရှက်လို့နေမှာပေါ့….ဟီးဟီး…ဘာပဲဖြစ်ဖြစ် တစ်နေ့နေ့တော့

နှလုံးသားချင်း နီးလာမှာပေါ့ဗျာ… ”

ပြောပြောဆိုဆိုနဲ့ ကျော်လွင်ဆိုသူက ဖွာလက်စ

စီးကရက်တစ်လိပ်ကို မီးမသတ်ဘဲ ချောင်းစပ်နားကအမှောင်တစ်နေရာမှာရှိတဲ့

မလှမ်းမကမ်းခြုံတစ်ခုထဲ ပစ်ထည့်လိုက်တယ်…

“ ဟေ့ကောင် ကျော်လွင်…မင်းဟာလေ…

တစ်ရွာလုံးကို မီးရှို့မယ့်ကောင်…ဆေးလိပ်ကို မီမသတ်ဘဲလွင့်ပစ်မှတော့

မီးတွေလောင်ကုန်မှာပေါ့ဟ..လခွမ်းပဲကွာ… ”

ကိုခိုင်ကြီးက ဆူငေါက်နေတုန်းမှာ

ကျော်လွင် လွင့်ပစ်လိုက်တဲ့ ဆေးလိပ်ရှိနေတဲ့ ခြုံထဲကနေ

မီးခိုးငွေ့တွေ ထွက်လာတာကို တွေ့လိုက်တယ်…. ၊

မီးမငြိမ်းပဲ ပစ်လိုက်တာမို့ ၊ ဘေးနားက လောင်စာတွေနဲ့တွေ့ပြီး

မီးစွဲစပြုနေပြီလေ… ၊ ကျော်လွင်က မီးပြေးငြိမ်းဖို့ ထလိုက်တဲ့အချိန်မှာတော့

ခုနက မီးဖိုးတွေက ချက်ချင်း ပျောက်သွားပြန်တယ်…. ၊

“ ဆေးလိပ်မီးက ဘေးနားက သစ်ရွက်အစိုတွေနဲ့တွေ့ပြီး

ငြိမ်းသွားပြီမှတ်တယ်ဗျ… ”

သူထပ်ပြီးအဆူခံရမှာစိုးလို့ သေချာအောင် ဆေးလိပ်အနားသွားကြည့်တော့လည်း

မကုန်သေးတဲ့ဆေးလိပ်တစ်ပိုင်းစာနဲ့ ဆေးလိပ်ဖင်ဆီခံအဖြူရောင်လေးက

မြက်အစိုတွေပေါ်မှာ မီးငြိမ်းနှင့်နေပြီ ၊အဲ့ဒါနဲ့ ကျော်လွင်လည်း ပြန်လှည့်လာပြီး

ငါးမျှားနေတဲ့နေရာမှာပဲ ဆက်ထိုင်ပြီး ဆက်မျှားနေလိုက်တယ် ၊

မကြာပါဘူး..သူတို့နှစ်ယောက် စကားတစ်ပြောပြောလုပ်နေတုန်းမှာပဲ

ခုနက ဆေးလိပ်ပစ်လိုက်တဲ့ ခြုံထဲကနေ လူတစ်ယောက် ဖြတ်ပြေးနေသလို

လှစ်ခနဲလှစ်ခနဲ … တစ်ခုခု လှုပ်ရှားနေတာကို သတိထားမိလိုက်ကြတယ်… ၊

လပြည့်ညမဟုတ်ပေမယ့် ခြုံထဲမှာ ခြုံတိုးသံနဲ့ သစ်ရွက်ချင်း တိုက်မိသံကြားရတဲ့အထိ ၊

ထူးဆန်းတာက သူတို့ လှည့်ကြည့်လိုက်ရင် ငြိမ်သွားပြန်တယ် ၊ သူတို့မကြည့်တော့ရင်

လှုပ်နေပြန်ရော… ၊ တိုက်ဆိုင်လွန်းနေတော့ လန့်သွားပေမယ့် ပြန်စဉ်းစားမိကြရင်း

“ သြော်…ဟော..ဟော… ခြုံထဲမှာ

ကြွက်တွေအကောင်တွေ နေမှာပါလေ….. ” လို့တွေးလိုက်ကြတုန်း ၊

ဆက်တိုက်ကို တိုးဝှေ့သံကြားရလိုက် ၊ ကြည့်လိုက်ရင် ငြိမ်သွားလိုက်ဖြစ်နေပြန်တော့ ၊

မသင်္ကာတော့တာနဲ့ ကိုခိုင်ကြီးက ကျော်လွင်ကို ကြည့်ခိုင်းပြန်တော့

ကျော်လွင်လည်း တုတ်တစ်ချောင်းကိုကိုင်ပြီး ခြုံထဲကို

ဟိုထိုး ဒီထိုးလုပ်ကြည့်ပြန်တယ်… ခြုံထဲမှာ ဘာမှရှိမနေဘူး… ၊

ထူးဆန်းတာတစ်ခုက ကျော်လွင်ပစ်ထားတဲ့ သောက်ပြီးသား

မီးငြိမ်းဆဲ ဆေးလိပ်လေးတော့ ပျောက်နေတယ် ၊ ဒါကလည်း

အရေးကြီးတဲ့ကိစ္စမှမဟုတ်ဘဲလေ…. ကျော်လွင်တို့လည်းအမှုမဲ့အမှတ်မဲ့

ထားလိုက်ရင်း ငါးဆက်မျှားနေတုန်း ….

သူတို့အနောက်ဘက်ကနေ တစ်စုံတစ်ယောက် စိုက်ကြည့်နေသလို ခံစားလိုက်ရတယ်

အဲ့ဒီ့ ခံစားချက်ကို တူတူပြိုင်တူ ခံစားမိကြတာမို့ တစ်ယောက်မျက်နာတစ်ယောက်ကြည့်ပြီး

ပြိုင်တူအနောက်လှည့်ကြည့်လိုက်တော့ သူတို့အနောက်နားမှာ

စီးကရက်အတိုအဖြူရောင်လေးကို ရဲခနဲ့ ရဲခနဲ့ ဖွာနေတဲ့ ဂေါ်ရခါးလူမျိုးပုံစံ

ဆံပင်ဖျားလျားကြီးနဲ့အဘွားအိုကြီးတစ်ယောက်ကို တွေ့လိုက်ကြရတယ် ၊

စီးကရက်ကလည်း ကျော်လွင်ပစ်လိုက်တဲ့ စီးကရက်အတိုလေး….

ဘာပြောကောင်းမလဲ နှစ်ယောက်သား စည်းဝါးညီညီ

အော်လို့…ဆိုင်ကယ်လည်းပစ်ခဲ့ရင်း လူပဲအလွတ်ပြေးလာခဲ့ကြတာ

ရွာရောက်တော့ မနည်းနှာနှပ်ယူလိုက်ရသေးတယ် ။

လင်ရောင်ခြည်နဲ့အတူ ရောင်နီဦးမှာ

ရွာငယ်လေးအတွင်း သတင်းတစ်ခု ပျံ့နှံ့လို့နေဆဲ့….

ရွာထန်းတောထဲမှာလည်း ကာလသားတွေစုပြီး

ညက ကျော်လွင်တို့ကြုံခဲ့တဲ့အကြောင်းကိုပဲ

ဆွေးနွေးနေကြပုံရတယ် …

“ ဟေ့ယောင် မင်းတို့ ဟိုကောင်တွေ တူဝရီးအကြောင်း

ကြားပြီးပြီလား ”

“ ဘယ်သူတွေလည်းကွ ”

“ ကျော်လွင် နဲ့ သူ့ဦးလေး ခိုင်ကြီး လေ..

မနေ့ညက ဟိုနေရာမှာ မူးမူးရူးရူးနဲ့ ငါးသွားမျှားတာ

ဂေါ်ရခါး သရဲမကြီး ခြောက်လွှတ်လိုက်လို့ ဆိုင်ကယ်တောင်

မယူခဲ့ဘဲ ခွေးပြေးဝက်ပြေး ပြန်ပြေးလာကြရတယ်ဆိုပဲ… ”

“ ဟားဟားအဲ့လောက်တောင်ပဲလားကွ… ”

“ ဟုတ်ပါတယ်ဆို..အဲ့ဒါကြောင့် မနက်အစောလေးတင်

သူတို့အဖေတွေနဲ့သူတို့အမျိုးအဆွေတွေ ငါးယောက်ဆယ်ယောက်စုပြီး

ဆိုင်ကယ်တွေ ၊ ငါးမျှားတံတွေ ပြန်သွားယူခဲ့ရတာပေါ့ ”

“အလကားကောင်တွေပါကွာ

ဆန်ကုန်မြေလေးကောင်တွေ တစ်ခါတည်းသေသွားရမှာ

အဲ့ဒါမှ ငါနဲ့အတူ ဝိုင်းတင်ကိုလုမယ့် ပြိုင်ဘက်တစ်ယောက်လျော့သွားမှာ ဟားဟား ”

“ ဒါနဲ့ နေပါဦးအဲ့ဒီ့ ဂေါ်ရခါး သရဲမကြီးက

ပုံပြင်မဟုတ်ဘဲ တကယ်ကြီးရှိနေတာလားကွ…

ဒါမှမဟုတ်…. ”

“ ဟေ့ယောင် ပေါက်ကရတွေ လျှောက်မပြောနဲ့

သရဲဆိုတာ တကယ်မရှိဘူး ကလေးတွေကို ခြောက်ဖို့လူကြီးတွေ

ထွင်ထားတဲ့ ဗီလိန်ဇာတ်ကောင်တွေပါပဲကွာ…. ”

“ မဟုတ်သေးဘူးနော်… ငါတို့ဘုရားဟောထဲမှာ… ”

“ နေစမ်းပါ ထွန်းမြိုင်ရာ…တရားဟောမယ်ဆိုလည်း

လက်ထဲက ထန်းရည်ခွက်လေးတော့ ချပြီးမှဟောစမ်းပါကွာ…

မင်းကြည့်ရတာအဆင်မပြေလွန်းလို့ပါ…ဟား…. ”

အငြင်းပွားစရာလေးတွေပြီးဆုံးလို့ ညနေစောင်းအချိန်လေး

ဆိုင်ကယ်ကိုယ်စီနဲ့အိမ်ပြန်လမ်းခွဲကြတဲ့အခါ ဆိုင်ကယ်တစ်စီးတည်းစီးကြတဲ့

အိမန်နီးချင်း ကာလသားနှစ်ယောက်ကတော့ သူတို့စကားဝိုင်းလေးကို

လမ်းအထိ သယ်လာတုန်းပဲ…

“ ထွန်းမြိုင် မင်းက ဘုရားဟောတယ်ဘုရားဟောတယ်သာပြောနေတယ်

မင်းရောအပြင်မှာ သရဲမြင်ဖူးလို့လား ”

“ ဟေ့ယောင် သူရ မင်းများသွားပြီ မင်းဗုဒ္ဓဘာသာမဟုတ်ဘူးလား ”

“ မဟုတ်ဘူးလေ…ငါ ဗုဒ္ဓဘာသာပါကွာ….ဒါပေမယ့် ငါကလက်တွေ့သမား

မင်းကိုငါမေးတာရှင်းရှင်းလေး ဟိုတူဝရီးတွေက သရဲတွေ့လာတယ်ဆိုတာ

မင်းယုံတယ်ပေါ့…. ”

“ ဟုတ်တယ် ငါယုံတယ် သူရ ”

“အေး..ငါမယုံဘူးကွာ… ”

“ သူရ မင်းပြောချင်တာက…. ”

“ ဟုတ်တယ် ထွန်းမြိုင် ဒီကောင်တွေ မူးမူးရူးရူးနဲ့ မြင်ချင်ရာ

မြင်လာတဲ့ကောင်တွေ..ငါမယုံဘူး… ”

“ မဟုတ်သေးဘူးနော်…လူကြီးတွေပြောကြတာလည်း

ဟိုးတုန်းကအဲ့နေရာမှာ ဂေါ်ရခါးအဘွားကြီးတစ်ယောက် သူ့ခြံကိုစောင့်ရင်း

တဲလေးနဲ့နေတာတဲ့…နောက်အဲ့နေရာမှာပဲ ဆွဲကြိုးချပြီး ဆုံးသွားတာ…

လူတွေ သိတော့အလောင်က ပုတ်တောင်ပုတ်နေပြီဆိုပဲ… ၊

နောက်ပိုင်း ခြောက်တာ လန့်တာတွေရှိတယ်လို့ကြားတယ်လေ ၊

ဒီအကြောင်းကို ငါရောမင်းရော တစ်ရွာလုံးပါ သိထားပြီးသားမဟုတ်လား ”

“ ဒါတွေက လူကြီးတွေရဲ့ ဇာတ်ညွှန်းတွေပါကွာ…

အဓိက ကအဲ့နေရာကလူပြတ်တယ် ၊

ချောင်းဘေးနားလည်းဖြစ်နေတော့ ငါတို့ မှောင်ရိပ်ခိုပြီး

မဟုတ်တာတွေ လုပ်မှာစိုးလို့ ဇာတ်လမ်းထွင်ပြီး ချောက်ထားတဲ့သဘောပဲ

နပ်စမ်းပါ ထွန်းမြိုင်ရာ မင်းက တစ်ခါတစ်လေ ရှေးရိုးအရမ်းစွဲတယ် ”

ထန်းရည်ကြောင့် ရီဝေေ၀လေးဖြစ်နေရာကနေအိမ်ရောက်လာတော့

သူရက ဆိုင်ကယ်ကို ထိုးရပ်လိုက်ပြီးနောက်အိမ်ထဲပြေးဝင်သွားတယ်

ပြန်ထွက်လာတော့ သူကလက်ထဲမှာ ငါးမျှားတံ နှစ်ချောင်းနဲ့အတူ

ငါးစာ ၊ ပလိုင်း ၊ ငါးသယ်မယ့် ရေပုံးအသေးလေးတွေကအစ ပါလာတယ်

“ ဒါ..ဒါ..တွေ မင်းဘာလုပ်မလို့လဲ… ”

“ ငါတို့ ဒီညနေစောင်း ညအထိ သရဲခြောက်တယ်ဆိုတဲ့နေရာမှာ

ငါးသွားမျှားကြမယ်လေ ”

“ ဟာ…မင်းဟာကလည်း ဖြစ်မှဖြစ်ပါ့မလားကွာ…

မနေ့ကမှ နှစ်ယောက်ပြန်ပြေး..ပြေး… ”

ထွန်းမြိုင်စကားမဆုံးခင်မှာပဲ စိတ်မြန်လက်မြန်ရှိတဲ့ သူရက

စိတ်မရှည်တေ့ာတဲ့ ပုံနဲ့ ဆိုင်ကယ်ကို လီဘာပုတ်လိုက်ရင်း

“ ကဲ ရောင်းရင်း … မင်းလိုက်မှာလားမလိုက်ဘူးလား

မလိုက်လည်းဖြစ်တယ်နော်..သူရတို့ကတစ်ယောက်တည်းလည်း

သွေးရဲပြီးသား… ”

သူငယ်ချင်းဖြစ်သူကို စိတ်ပူတတ်တဲ့ ထွန်းမြိုင် လည်း

ရွေးစရာလမ်းမရှိတဲ့အဆုံး ဆိုင်ကယ်အနောက်ဘက်ကခွထိုင်လိုက်တယ် ၊

“အေးအေး..လိုက်မယ်ကွာ ”

မိနစ်ပိုင်းလောက် မောင်ပြီးနောက် သူတို့သွားလိုတဲ့နေရာလေးကို

ရောက်လာခဲ့ကြတယ် ၊ နေလုံးကြီးတောင် ပြိုဆင်းစပြုနေပြီ….၊

နှစ်ယောက်သားရောက်ပြီဆိုတာနဲ့ ဆိုင်ကယ်လေးလမ်းဘေးချရပ် ၊

ဆိုင်ကယ်နဲ့မလှမ်းမကမ်းက ချောင်းစပ်လေးနားမှာ ငါးမျှားပစ္စည်းအစုံအလင်နဲ့

ငါးလေးအေးအေးဆေးဆေး ထိုင်မျှားနေလိုက်ကြတယ် ၊

ခနလောက်ကြာတော့ သူရက တစ်ခုခုကိုသတိရသွားပြီး

“ ထွန်းမြိုင် မင်းထန်းရည်ဆိုင်က ငါသယ်လာတဲ့

ငါးကြော်လေး ဆိုင်ကယ်မှာအိတ်နဲ့ ချိတ်ထားတာ မင်းသယ်လာသေးလား ” လို့မေးလိုက်တော့

ထွန်းမြိုင်ကချက်ချင်းပြန်ဖြေတယ်

“ မယူဘူးလေ..ငါမင်းနဲ့အတူတူ

ဒီမှာထိုင်နေတာပဲကို… ဒါနဲ့မင်းအိမ်မှများ…အင်း

မင်းအိမ်မှာလည်း ထားခဲ့တာ ငါမတွေ့ဘူး…ငါသတိထားမိတာတော့

ဒီနေရာအထိ မင်းမယူလာဘူး…အိမ်မှာလည်းမထားခဲ့ဘူး.. ၊

သေချာတာက ဆိုင်ကယ်မှာ ချိတ်လျက်ရှိနေမှာပဲ မင်းတစ်ချက်

သွားစစ်ကြည့်ဦး ”

သူရလည်း မလင်းတလင်းအချိန်လေးမှာ ဆိုင်ကယ်ဆီကို

ဦးတည်သွားရင်း သူ့ ငါးကင်အထုတ်လေးကိုလိုက်ရှာတော့တယ် ၊

ငါးကင်အထုတ်လေးက ပျောက်ခြင်းမလှပျောက်သွားခဲ့ပြီ… ၊

ရှာမတွေ့တဲ့အဆုံးနေရာကိုပြန်လာရင်း

“ ထွန်းမြိုင် မင်းငါ့ငါးကင်အထုတ်လေး

ဝှက်ထားသေးလား ”

“ ကြံကြီးစီရာကွာ မင်းဟာဝှက်ပြီး ငါက ဘာလုပ်ရမှာလဲ ”

“အေးဟုတ်သားပဲ မင်းက ငါးမှမကြိုက်တာ…

ဒါဆို လမ်းမှာ ကျကျန်ခဲ့တာ နေမှာပါလေကွာ…ထားလိုက်တော့ ”

သူရစိတ်ထဲမှာ မတင်မကျဖြစ်တယ်ဆိုပေမယ့်

မေ့ထားလိုက်တော့တယ် ၊

တစ်ချိန်တည်းမှာပဲ ထွန်းမြိုင်က ထအော်ပြန်တယ်

“ ဟေ့ယောင် မင်းခြေတွေလက်တွေအငြိမ်နေစမ်း သူရ

ဒီမှာ ငါ ငါးတစ်ကောင်မှ မမိသေးဘူး ”

သူရကလည်း ဒေါပွသွားပြီး

“ ငါက မင်းကို ဘာလုပ်နေလို့လာအော်နေတာလဲကွ ”

“ မင်း ငါ ငါးမျှားနေတဲ့နေရာကို ခဲနဲ့လာလာပစ်နေတာလေ

မင်းခဲနဲ့ပစ်နေတော့ ငါ့ ငါးမျှားချိတ်ကို ဘယ်ငါးကလာဟက်ပါတော့မလဲကွ… ”

ထွန်းမြိုင်စကားဆုံးတော့ သူရက မထီမဲ့မြင်ပုံစံနဲ့ရယ်ရင်း

“ မင်းငါ့ကိုနောက်နေတာလား ငါ့လက်ထဲမှာ ခဲတစ်လုံးမှတောင်

မရှိဘူး ”

အမှန်ပဲ သူရလက်ထဲမှာ သူ့ငါးမျှားတံကိုပဲ လက်နှစ်ဖက်လုံးနဲ့

ကိုင်ထားလျက်သားကြီး… ၊ ဒါဆို ထွန်းမြိုင်ငါးမျှားတဲ့နေရာကို

ဗွက်ထအောင် ခဲနဲ့ပေါက်နေတာ ဘယ်သူလဲ…. ၊ ဘာပဲဖြစ်ဖြစ်

အဆုံးထိကို ထွန်းမြိုင် ဆက်မတွေးမိအောင်အတွေးတွေရပ်ပစ်လိုက်တော့တယ် ၊

ကျောရိုးထဲမှာတော့ တစ်စုံတစ်ရာအေးစက်မှုကိုခံစားသိနေဆဲပဲ ၊ သူရကတော့

အမှုကိုမထားတဲ့ပုံပဲ…. ၊ တစ်ချိန်တည်းမှာပဲ သူရထိုင်နေရာကနေ ဆက်ခနဲ့

အနောက်ကနေ တစ်ယောက်ယောက်တွန်းလိုက်တဲ့အရှိန်ကြောင့် တလိမ့်ကောက်ကွေးနဲ့

ချောင်းထဲ ပြုတ်ကျသွားပါလေရော… ၊

“ ဝုန်း… ”

“ ဟာ..သူရ မင်းမူးနေတာလားကွာ ”

ပြောပြောဆိုဆိုနဲ့ ထွန်းမြိုင်လည်း သူ့ ငါးမျှားတံကို သူရဆီ ထိုးပေးရင်

လှမ်းကယ်လိုက်တယ် ၊ လူတစ်ရပ်စာလောက်ပဲနက်တဲ့ ချောင်းရေထဲမှာ တဝုန်းဝုန်း ရုန်းကန်နေတဲ့ပုံနဲ့

နစ်သွားလိုက် ပြန်ပေါ်လာလိုက်နဲ့ နောက်ဆုံး သူရတစ်ယောက် ထွန်းမြိုင်ရဲ့ ငါးမျှားတံကို ကိုင်မိပြီး

အားယူဆုပ်ကိုင်ထားတုန်း ထွန်းမြိုင်က ဆွဲတင်လိုက်တယ် ၊ ကမ်းပေါ်ရောက်တော့

သူရ သတိလစ်သွားခဲ့တယ် ၊အချိန်က ည ၉နာရီတိတိရှိနေပြီ ၊

ထွန်းမြိုင်လည်း ရွှံ့တွေ ၊ ဗွက်တွေ ၊ ဗလပွနဲ့ တစက်ယကိုလုံးရေတွေရွှဲနေတဲ့

သူငယ်ချင်းသူရကို သတိရအောင်အစွမ်းကုန်ကြိုးစားပေးရင်း ကိုယ်တိုင်လည်း

ဘာလုပ်ရမယ်မသိလောက်အောင် ပြာနေမိတယ် ၊ ထွန်းမြိုင်မှာလည်း

တစ်ယောက်တည်း ဟိုကြည့်လိုက်ဒီကြည့်လိုက်…သူ့ရှေ့မှာ သတိလစ်ပြီး

သေမှန်းမသိရှင်မှန်းမသိ ဆန့်ဆန့်ကြီးဖြစ်လို့ ဖြူပတ်ဖြူရော်ရုပ်နဲ့ သူငယ်ချင်း

သူရကို ကြည့်လိုက်နဲ့ ကျောမလုံသလို ချောက်ချားနေမိတယ် ၊

သူရကို ဆိုင်ကယ်ပေါ်တင်ပြီး ရွာကိုပြန်ဖို့လည်းအဆင်မပြေ ၊

ရွာကိုသူပြန်သွားပြီးအကူအညီသွားတောင်းတုန်း ၊ ဒီလိုနေရာမှာ

သူရကိုထားခဲ့ဖို့ကလည်းမဖြစ်နဲ့…. ၊ နောက် ည ၁၂နာရီတိတိမှာ

သူရတစ်ယောက် မျက်လုံးပွင့် ဆက်ခနဲ ထထိုင်လာပြီး

အရှေ့တည့်တည့်ကြီးကို မျက်တောင်မခတ်ပဲစိုက်ကြည့်နေပါလေရော.. ၊

မထင်မှတ်ထားတဲ့ သူငယ်ချင်းရဲ့အပြုအမူကြောင့် ထွန်းမြိုင်တစ်ယောက်

သွေးပျက်သွားရင် ကြောက်ကန်ကန်ပြီး သူရကို ပါးတွေလည်ထွက်သွားအောင်

အားရပါးရ ငါးချက် ခြောက်ချက်လောက် ဆင့်ဆင့်ရိုက်လိုက်တယ် ၊

“ ဖြောင်း…ဖြောင်း…ဖြောင်း…ဖြောင်း...ဖြောင်း..သူရ…သူရ…ဖြောင်း ”

ခဏနေတော့ သူရ သတိဝင်လာတယ် မျက်တောင်တွေလည်းခတ် ကိုယ်လက်လည်း

လှုပ်ရှားလာပြီးတော့ တစ်ကိုယ်လုံး တဆက်ဆက်တုန်ယင်နေရင်း ထအော်တယ်

“ ငါ့အနားမကပ်နဲ့ ငါ့အနားမကပ်ပါနဲ့ ကြောက်လို့ပါ … ၊

ငါဒီမှာမနေဘူး… ၊ ဒါငါ့နေရာမဟုတ်ဘူး… ၊ ငါအနားမလာနဲ့သွားသွား… ”

“ သူရ…သတိထားဦးလေ..သူငယ်ချင်း..ဟေ့ယောင်သူရ… ”

“ ဟင်…. ထွန်းမြိုင်…ထွန်းမြိုင် ငါတို့ပြေးကြရအောင် ငါ့ကို ခုနကအနောက်ကနေ

လည်ပင်းကြိုးတန်းလန်း… မျက်လုံးအဖြူရောင်… ပြူးကျယ်ကျယ်ကြီးနဲ့

ဂေါ်ရခါးအဘွားကြီးက ရေထဲကန်ချပြီး သူကိုယ်တိုင်လည်း ရေထဲဆင်းလာတယ်

ပြီးတော့ ငါ့ကို ရေအောက်ကနေ ဆွဲနှစ်ပါလေရော… ၊ ဆွဲနှစ်နေရင်းနဲ့

ငါ့ကိုစကားပြောတယ်….ဒီမှာ နေပါလားတဲ့….ငါးတွေအမြဲတမ်းမျှားရမယ်လေတဲ့…

ငါလည်း မနေဘူးဆိုပြီးအသည်းအသန် ထွက်ပြေးလာတာ ရေထဲကနေ ကုန်းပေါ်ရောက်တဲ့အထိ

သူငါ့နောက်ကိုပြေးလိုက်နေတုန်း…ငါလည်း ကုန်းပေါ်မှာပတ်ပြေးနေတာ နောက်ဆုံး

ဘယ်ကနေဘယ်လို ဒီကိုပြန်ရောက်နေမှန်းမသိဘူး… ငါတို့ပြေးရအောင် ..ပြေးရအောင်လုပ်ဟ… ”

“ မင်းက ပတ်မပြေးပါဘူး…ဒီမှာ သတိလစ်နေတာလေ… ”

“အာ…..ဒါတွေနောက်ထားစမ်းပါကွာ…မြန်မြန်ပြေးရအောင်….ဆိုင်ကယ်…ဆိုင်ကယ် ”

သူတို့နှစ်ယောက်သား ပစ္စည်းတွေအကုန်ထားရစ်ခဲ့ပြီး ဆိုင်ကယ်ဆီကို

အားကိုးတကြီးပြေးသွားရင်း ဆိုင်ကယ် စက်နှိုးဖို့ကြိုးစားကြတယ်… ၊အလာတုန်းကလည်းအကောင်း

တစ်ခါမှမပျက်ဖူးတဲ့ ဆိုင်ကယ်ကအခု စက်တောင်နှိုးမရဖြစ်နေပါရောလား… ၊ တစ်ချိန်တည်းမှာပဲ

သူတို့အနောက်ဘက်က ခြုံတောထဲမှာ တောတိုးသံလိုလိုကြားနေရတယ်…

အသံက သူတို့နားကို တဖြည်းဖြည်းနီးနီးလာသလိုမျိုး…. ၊ ဆိုင်ကယ်ကလည်း

စက်နှိုးမရ….. ၊အဲ့ဒီ့အချိန်မှာ လမ်းမတစ်နေရာကနေလည်း သူတို့ဘက်ကိုဦးတည်လာနေတဲ့

ဖြတ်သွားဖြတ်လာ ဆိုင်ကယ်စက်သံတွေကြားလိုက်ရပြန်တယ် ၊ ဆိုင်ကယ်သံတွေကြားရတော့

မှောင်ကြီးမဲကြီးထဲမှာ နှစ်ယောက်သားအားတက်သွားပြီး ၊အသံကုန်အော်ရင်း

အကူအညီတောင်းနေမိတယ်… ၊အနောက်ကအသံကလည်းနီးနီးလို့လာနေပြီ…. ၊

မကြာခင်မှာပဲ…သူတို့တွေအော်ဟစ်အကူအညီတောင်းသံတွေကို သူတို့အနားကဖြတ်သွားမယ့်

ဆိုင်ကယ်တွေက ကြားလိုက်ပြီးတော့ ဆိုင်ကယ်ရပ်ပေးဖို့ ရောက်လာကြတယ်… ၊

အကူအညီပေးမယ့်ဆိုင်ကယ်တွေ မရောက်ခင်မှာပဲ

ထွန်းမြိုင်နဲ့သူရတို့အနောက်ဘက် ခြုံထဲကနေအရိုးအပြိုင်ပြိုင်းနဲ့

လက်ကြီးထွက်လာပြီး သူတို့နှစ်ယောက်ရဲ့ပုခုံးကနေ ကိုင်ပြီး ခြုံထဲကို

တရွတ်တိုက်ဆွဲသွားတော့တယ်…. ၊အော်ဟစ်သံကတော့ ဆူညံတုန်းပဲ…

အကူအညီပေးဖို့အတွက် ရောက်လာတဲ့ ဆိုင်ကယ်တွေလည်း သူတို့နေရာကို

ရောက်ရော…. ထွန်းမြိုင်နဲ့သူရတို့နှစ်ယောက်က ပျောက်နေခဲ့ပြီ… ၊

ခြုံကြားထဲမှာ ထိုးရပ်ထားတဲ့ သူရတို့ ဆိုင်ကယ်လေးကိုလည်း သူတို့မတွေ့သွားခဲ့ကြဘူးလေ ။

“ ခုနက ဒီနားမှာအသံကြားလိုက်တယ်နော်… ”

ဖြတ်သွားဖြတ်လာ ဆိုင်ကယ်သုံးစီးခေါင်းချင်းဆိုင်နေရင်း….

“ ဟုတ်တယ် ငါတို့လည်းကြားလို့မောင်းလာလိုက်တာလေ … ”

“ ထူးဆန်းတယ်အခု ဘယ်သူမှလည်းမတွေ့ဘူး… ”

“ ဟေ့ယောင်တွေ လစ်ဟ…ဒီနေရာက ကြာကြာနေလို့မကောင်းဘူး ”

“ ငါတို့ကို လည်ပင်းကြိုးတန်းလန်းနဲ့ ဂေါ်ရခါးသရဲမကြီး

ခြောက်လန့်နေပြီထင်တယ် ပြေးကြဟေ….. ”

ဆိုင်ကယ်သုံးစီးလည်း မိုင်ကုန်မောင်းထွက်သွားကြတော့တယ်….

ကယ်သူမယ့်တွေအဖို့တော့ ၊ ချောင်းရေစီးသံလေးကတောင် နှုတ်ဆိတ်လို့…. ။

#END

ကြိုးစားပါဦးမည် …

~ မိုးစွေ ~

စာပြီးချိန် - 17.3.2019 ( 1 : 11 Am )




Some text some message..