ကျေးလက်ဒေသတွင် ပညာသင်ကြားနေ ကြသောအနာဂတ်မျိုးဆက်သစ်များအတွက် တစ်ဖက်တစ်လမ်းမှ ထောက်ပံ့လှူဒါန်းခြင်း ရည်ရွယ်ချက်ဖြင့် နေပြည်တော်လယ်ဝေးမြို့နယ် ကြောင်ရေစံပြကျေးရွာနေ ရောင်နီ မိသားစုဝင်များက ကြောင်ရေစံပြကျေးရွာရှိအခြေခံပညာမူလတန်းလွန်ကျောင်း၌ လိုအပ် လျက်ရှိသည့် သန့်ရှင်းသောသောက်သုံးရေ ရရှိရန် စက်ရေတွင်းနှင့် ရေသန့်လှူဒါန်းခြင်း ရေစက်ချမင်္ဂလာအခမ်းအနားကို မေ ၁၂ ရက်နံနက်ပိုင်းကအဆိုပါမူလွန်ကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် လယ်ဝေးမြို့နယ် ဂိုဏ်း ထောက်ကျောင်းဆရာတော်က သာဓုအနုမော ဒနာတရား ဟောကြားချီးမြှင့်တော်မူပြီးအလှူ ရှင်များနှင့် ဧည့်ပရိသတ်များက လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေ ကြကာ ကျောင်းအုပ်ဆရာမဒေါ်ဝင်းက ကျေးဇူး တင်စကား ပြန်လည်ပြောဆိုသည်။
သောက်သုံးရေရရှိ
"အရင်ကဒီနေရာမှာ ရေဝါတွေပဲထွက် တော့ ရေသန့်ဘူးတွေ ဝယ်လှူကြရတယ်။ ရေသန့်ဘူးက ရေရှည်ကျတော့အဆင်မပြေ ဘူး။အခုတူးလိုက်တော့ ပေ ၅၂၀ မှာ ရေသန့် ထွက်ပြီး စက်ရေတွင်းနဲ့ပတ်သက်တဲ့ ရေသန့် ပစ္စည်းတွေကို လှူဒါန်းရခြင်းဖြစ်ပါတယ်။ ယခုအခါ ကလေးများအတွက် ရေရှည်သောက်သုံး ဖို့ သောက်သုံးရေများ ရရှိနေပါပြီ"ဟု ရောင်နီ မိသားစုဝင် ဦးအောင်ခင်က ပြောဆိုသည်။
ကာလတန်ဖိုး
အဆိုပါ ရောင်နီမိသားစုဝင်များအနေ ဖြင့် နှစ်ဖက်သောမိဘများအားအမှူးထား လှူဒါန်းသော စက်ရေတွင်းနှင့်ရေသန့်ပစ္စည်း များ၏ ကာလတန်ဖိုးမှာ ကျပ် ၃၈၅၀ဝဝဝ ကျော်ရှိကြောင်း၊ ကြောင်ရေစံပြ ကျေးရွာအခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ကျောင်းသားကျောင်းသူဦးရေ ၂၈၇ ဦး၊ ကျောင်းအုပ်အပါအဝင် ဆရာဆရာမ ၁၆ ဦး ရှိပြီး ကျောင်းမြေအကျယ်အဝန်းမှာ ၁ ဒသမ ၆ ဧကရှိသည်။