ပုပ်ရဟန်းမင်းကြီးကအမျိုးသမီးလေးဦးကို ဗာတီကန်ရှိအဓိကဌာနတစ်ခုတွင် ခန့်အပ်
mmtimes.com
|
2019-05-25

ကြည်ညိုသူများနှင့်အတူတွေ့ရသည့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်။အီးပီအေ

ဗာတီကန်ကျောင်းတော်ရှိ တည်ထောင်မှု နှစ်ပေါင်း ၅၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည့် ဌာနတစ်ခု၌ တာဝန်ထမ်းဆောင်ရန်အမျိုးသမီးများကို မေ ၂၄ ရက်တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ခန့်အပ်ခဲ့သည်။

အကြောင်းအရာမျိုးစုံနှင့်ပတ်သက်၍ ဆွေးနွေးရန် နှစ်အနည်းငယ်ကြာတိုင်း ကျင်းပလေ့ရှိသည့် ကမ္ဘာ့ဂိုဏ်းအုပ်ဘုန်းကြီးများ၏အဓိကအစည်းအဝေးပွဲကြီးများအတွက် စီစဉ်ရသော ဆီနက်ဒ်ဌာနတွင် ကောင်စီဝင်များအဖြစ် သီလရှင်သုံးဦးနှင့် မာတုဂါမတစ်ဦးတို့ကို ခန့်အပ်လိုက်ခြင်းဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးကိုအကြံပေးရန်အတွက် ဆဌမမြောက် ပုပ်ရဟန်းမင်းကြီးပေါသည် ဂိုဏ်းအုပ်များဆီနက်ဒ်ကို ၁၉၆၅ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

အမျိုးသမီးများကို သမိုင်းတစ်လျှောက် ပထမဆုံးခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း ဗာတီကန်၏ပြောခွင့်ရှိသူကပြောဆိုခဲ့သည်။

ခန့်အပ်ခံရသည့်အမျိုးသမီးများအနက် နှစ်ဦးမှာအီတလီသူများဖြစ်ကြပြီး ၎င်းတို့မှာ ဘောဂဗေဒပါမောက္ခ စစ္စတာအလက်ဆန္ဒရာ ဆမီရိုင်လီ၊ မာတုဂါမ လူမှုသိပ္ပံပါမောက္ခ စီစဲလီယာ ကော်စတာတို့ဖြစ်သည်။အခြားနှစ်ဦးမှာ စပိန်မှ စစ္စတာ မာရီယာ လူဆာ ဘာဇိုဆာ ဂွန်ဇာလက်ဇ်နှင့် ပြင်သစ်မှ စစ္စတာ နာတာလီ ဘက်ကွတ်တို့ဖြစ်သည်။

ဆီနက်ဒ်များကို ပြင်ဆင်နေချိန်တွင် ယင်းနှင့်ပတ်သက်၍အမျိုးသမီးများ၏အတွေးအမြင်များ သြဇာသက်ရောက်မှုမရှိသောကြောင့် ယခုခန့်အပ်မှုသည် သမိုင်းတွင်သွားပြီဖြစ်ကြောင်း ဘုရားကျောင်းတော်၌အမျိုးသမီးများ၏အခန်းကဏ္ဍပိုမိုကြီးမားလာရေး လှုပ်ရှားနေသည့် ယုံကြည်မှုအသံအဖွဲ့၏မန်နေဂျာ ဇူဇန်နာ ဖလီယိုဆောစ်ကာကပြောဆိုခဲ့သည်။

ကမ္ဘာ့ကက်သလစ်ဘာသာဝင် ၁ ဒသမ ၃ ဘီလျံအနက် ထက်ဝက်ကျော်မှာအမျိုးသမီးများဖြစ်ကြပြီး ကက်သလစ်သာသနာ့ဝန်ထမ်းအမျိုးသမီးဦးရေသည်အမျိုးသားဦးရေထက် သုံးဆခန့်ရှိနေသည်။

ယမန်နှစ်အောက်တိုဘာတွင် ပြုလုပ်ခဲ့သည့် တစ်လကြာ ဆီနက်ဒ်၌အမျိုးသမီးအခွင့်အရေးနှင့်ပတ်သက်၍အဓိကထားဆွေးနွေးခဲ့သည်။

ဂိုဏ်းအုပ်ဘုန်းကြီးများနှင့်အထူးခန့်အပ်ခံရသောအမျိုးသားကိုယ်စားလှယ်များကို ဆီနက်ဒ်ဖားသားများဟုခေါ်ပြီး ၎င်းတို့သည် ပုပ်ရဟန်းမင်းကြီးထံသို့ ပေးပို့မည့် မှတ်တမ်းမှတ်ရာများနှင့်ပတ်သက်၍ မဲပေးခွင့်ရှိနေသည်။

လာမည့် ဆီနက်ဒ်များ၌အမျိုးသမီးများကို မဲပေးခွင့်ပေးရန်တောင်းဆိုမှုကို လူ ၁၀ဝဝဝ ကျော်တို့က လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။




Some text some message..