ဂျယ်လီငါးတွေနဲ့ ပတ်သက်လို့အံ့အားသင့်ဖွယ်ကောင်းတဲ့အချက်များ
shwemom.com
|
2019-06-18

ဂျယ်လီငါးတွေကို ပင်လယ်သမုဒ္ဒရာရေပြင်တိုင်းလိုလိုမှာ တွေ့နိုင်ပါတယ်။အပူပိုင်းဒေသရေမှာပဲဖြစ်ဖြစ်၊အာတိတ်ဒေသရေမှာပဲဖြစ်ဖြစ် ဂျယ်လီငါးတွေဟာ ရှင်သန်နိုင်ပါတယ်။ ဂျယ်လီငါးတွေမှာ ကျောရိုးမပါသလို ဦးနှောက်၊အသဲနှလုံးနဲ့ မျက်လုံးတွေမပါပါဘူး။ ဂျယ်လီငါးတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း(၅၀၀) ကတည်းက ရှိလာခဲ့တာ ဖြစ်ပါတယ်။


Pexels/Tim Mossholder

ဂျယ်လီငါးမျိုးစိတ်တွေထဲမှာ box ဂျယ်လီငါးတွေဟာအရမ်းအဆိပ်ပြင်းပါတယ်။ သူတို့ကို သြစတေးလျနဲ့အင်ဒို-ပစိဖိတ်ဒေသတစ်လွှားမှာ တွေ့ရတတ်ပါတယ်။ Box ဂျယ်လီငါးတွေရဲ့ လက်တံတွေဟာအဆိပ်တွေနဲ့ပြည့်နေတဲ့ မြှားတွေနဲ့ တူပါတယ်။ ၎င်းဂျယ်လီငါးရဲ့အဆိပ်မိခဲ့ရင် ချက်ခြင်းနှလုံးရပ်တာ ဒါမှမဟုတ် မိနစ်ပိုင်းအတွင်း သေဆုံးတာတွေ ဖြစ်နိုင်ပါတယ်။

ဂျယ်လီငါးတွေရဲ့ ခန္ဓာကိုယ်(၉၅) ရာခိုင်နှုန်းကို ရေတွေနဲ့ ဖွဲ့စည်းထားပြီး ကျန်တဲ့(၅) ရာခိုင်နှုန်းမှာတော့ ပရိုတိန်း၊ ကြွက်သားနဲ့ နာ့ဗ်ဆဲလ်တွေ ပါဝင်ပါတယ်။ ဂျယ်လီငါးလို့ ဆိုပေမယ့် ငါးအမျိုးအစားထဲတော့ မပါဝင်ပါဘူး။ ငါးတွေက ကျောရိုးရှိတဲ့ သတ္တဝါတွေဖြစ်ပြီး ရေထဲမှာ ပါးဟက်နဲ့အသက်ရှူပါတယ်။ ဂျယ်လီငါးတွေကတော့ ကျောရိုးမဲ့သတ္တဝါတွေဖြစ်ကြတာ နောက်ကျောရိုးမပါပဲအောက်ဆီဂျင်ကိုအမြှေးပါးတွေကနေတဆင့် စုပ်ယူပါတယ်။


Pexels/Jensen V

ဂျယ်လီငါးမျိုးစိတ် (၂၅) မျိုးလောက်ဟာ စားသုံးလို့ရပါတယ်။ ဂျယ်လီငါးတွေကိုအသုပ်၊အချဉ်စိမ်တွေထဲမှာ တွေ့နိုင်ပါတယ်။ စားဖူးသူတွေကတော့ ဂျယ်လီငါးတွေမှာ ငန်တဲ့အရသာရှိပြီး ခေါက်ဆွဲအရသာနဲ့ ဆင်တူကြောင်းဆိုပါတယ်။ ဂျယ်လီငါးတွေဟာအခြားရေသတ္တဝါတွေကို စားသောက်တတ်ပါတယ်။အထူးသဖြင့်အပင်သေးသေးလေးတွေ၊ ပုစွန်ဆိတ်၊ ငါးတွေကို ဖမ်းယူစားသုံးလေ့ရှိပါတယ်။အချို့ဂျယ်လီငါးတွေဟာ ကိုယ်ပိုင်အလင်းရောင်ကို လွှတ်ထုတ်နိုင်ပါတယ်။


Pexels/Valdemaras D.


ဂျယ်လီငါးတွေထဲမှာ တွေ့ရတဲ့အမျိုးအစားတစ်မျိုးဟာ မသေဆုံးနိုင်ဘူးလို့ သိရပါတယ်။ Turritopsis dohrnii  အမည်ရတဲ့ ဂျယ်လီငါးဟာအသက်ကြီးလာတဲ့အခါ ပင်လယ်ကြမ်းပြင်ဆီကိုအခြေချပြီး မှိုနဲ့အလားသဏ္ဍာန်တူတဲ့ တစ်ရှူးအသားစလေးတွေအဖြစ် ပြောင်းလဲသွားပါတယ်။ တဖန်အဲဒီတစ်ရှူးစလေးတွေကနေ ဂျယ်လီငါးပြန်ဖြစ်လာတာဖြစ်တယ်လို့ သိရပါတယ်။

ဂျယ်လီငါးရဲ့ လက်တံတွေနဲ့ ရစ်ပတ်မိလို့အဆိပ်မိတဲ့အခါ ဒဏ်ရာဖြစ်တဲ့နေရာကို ကျင်ငယ်ရေဖြန်းပေးရရင်အနာသက်သာတယ်ဆိုပြီး ယူဆကြပါတယ်။ ဒီအယူအဆဟာ လုံးဝမဟုတ်ပါဘူး။အဓိကလုပ်ရမှာကအသားထဲနစ်ဝင်နေတဲ့ ဂျယ်လီငါးရဲ့ လက်တံတွေကို ဇာဂနာနဲ့ ဂရုတစိုက်ဖယ်ရှားပြီးအနာကို ရေနွေးနွေးထဲမှာ စိမ်ပေးရမှာ ဖြစ်ပါတယ်။ တကယ်လို့အခြေအနေဆိုးတယ်ဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းတွေဆီကိုအမြန်ဆုံးသွားရောက်ပြသသင့်ကြောင်း businessinsiderအရ ဖော်ပြပေးလိုက်ပါတယ်။


Pexels/Ilse

လင်းလင်း (ShweMom)




Some text some message..