
အခြေခံပညာကျောင်းတစ်ကျောင်း၏ ကျောင်းဆင်းချိန်တွင် တွေ့ရသော ကျောင်းသားကျောင်းသူများ။ ဓာတ်ပုံ • ဖိုးဝ
နှစ်စဉ် ဇွန်လ ၁ ရက်နေ့ရောက်တိုင်း မောင်လင်းမောင်တစ်ယောက် ခပ်ငြိမ်ငြိမ်ပုံစံဖြင့် ထိုင်းမှိုင်းနေလေ့ရှိသည်။ ထိုနေ့မတိုင်ခင် နှစ်ပတ်၊ သုံးပတ်ကတည်းက ထိုရက်ရောက်မည်ကို စိုးထိတ်နေတတ်သလို ထိုနေ့ရောက်လာချိန်တွင်တော့ လုပ်နေရသည့်အလုပ်ကိုအသာထားအိမ်တွင်းကအိမ်ပြင်ကိုပင် မထွက်ချင်တော့။
မောင်လင်းမောင်နှင့် သက်တူရွယ်တူ၊ သို့မဟုတ် ငယ်ရွယ်သူလေး များက နှစ်တစ်နှစ်၏ ပထမဆုံး စာသင်ကျောင်းတက်ရက်တွင် ဖြူဖွေးသန့်စင်ကာ ကျော့မော့နေသည့်အဖြူအစိမ်းကျောင်းဝတ်စုံအသစ်လေးများကိုယ်စီဖြင့်အိမ်ရှေ့မှ ဖြတ်သန်းသွားသည်ကိုမြင်လျှင် မောင်လင်းမောင် ဝမ်းနည်းမိလေ့ရှိသည်။
မကြာသေးတော့သည့်အချိန်တုန်းက ဆွတ်ဆွတ်ဖြူသည် မဟုတ်သော်လည်း ဝါကြန့်ကြန့်ကျောင်းအင်္ကျီနှင့် ကျောင်းစိမ်း ဘောင်းဘီတိုလေး ဝတ်ကာ ရပ်ကွက်နားကကျောင်းသို့ မောင်လင်းမောင် သွားတက်ခဲ့ဖူးပါသည်။ ကျောင်းသားဘဝအစ လေးတန်းပြီးတော့ မိသားစုစီးပွားရေး မပြေလည်သည်ကတစ်ကြောင်း၊ သေစာရှင်စာလေးဖတ်တတ်ပြီဟု မိဘများက ယူဆထားသည်က တစ်ကြောင်းဖြင့် ကျောင်းထွက်ပြီး ဘူတာရုံများတွင် ရာသီစာလေးများ ရောင်းနေသည်မှာ ကျောင်းတက်ကာလများထက်ပင် ကြာခဲ့ပြီဖြစ်သည်။
"စာသင်ခန်းကို သတိရသေးတယ်၊ စာသင်ပြီးရင်အတန်းထဲမှာ တခြားကောင်တွေနဲ့ ကစားရတယ်လေ၊ စာကျက်ရတာတော့ ပျင်းတယ်" ဟုအသက် ၁၃ နှစ်အရွယ် ချာတိတ်လေး မောင်လင်းမောင်က ရထားအတက်အဆင်းလှေကားတွင် ခြေထောက်တွဲလဲချထိုင်ရင်း ဆိုသည်။
မောင်လင်းမောင်က ရန်ကုန်-တိုးကြောင်ကလေး ရထားလမ်းဘေးရှိ ကျူးကျော်အိမ်ကလေးတစ်အိမ်တွင် နေထိုင်သူဖြစ်ပြီး မိဘများကတော့ ရထားပေါ်နှင့် ဘူတာရုံများတွင် ဈေးရောင်းသည့် ဈေးသည်များဖြစ်သည်။

ရန်ကုန်မြို့လယ်တစ်နေရာတွင် တွေ့ရသော ကလေးလုပ်သားများ။ ဓာတ်ပုံ • ဖိုးဝ
ကျောင်းမတက်နိုင်သည့် ကလေးများသာမက ၎င်းတို့၏မိဘများသည် လည်း ဇွန်လရောက်ခါနီးလျှင် မိမိ၏သားသမီးကိုကျောင်းထားနိုင်မည့် လမ်းမမြင်သည့်အတွက် သောကရောက်ကြရသည်။
"ဘယ်လိုလုပ်ရမလဲ၊ ကိုယ်မှမတတ်နိုင်တာ၊ ဒီလိုပဲ ကြိတ်မှိတ်ပြီးနေပေါ့၊ ကိုယ်ကတော့ ကိုယ့်သားသမီးကို ပညာတတ်ဖြစ်စေချင်တာပေါ့၊ ဒါပေမဲ့ ဒီခေတ်မှာ စားဝတ်နေရေးကို ရှေ့တန်းတင်ကြရတာပဲလေ၊အူမ မတောင့်ရင် သီလဘယ်လိုစောင့်မလဲ" ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ မီးပွိုင့်တစ်ခုတွင် နေ့စဉ်ပန်းရောင်းနေသည့် ဒေါ်လှစိန်က ဆိုသည်။
ဒေါ်လှစိန်တွင် သားသမီးသုံးယောက်ရှိပြီးအားလုံးမူလတန်းအဆင့် ပြီးမြောက်အောင် ကျောင်းတက်နိုင်သည့်အခြေအနေမျိုးမရှိခဲ့ကြ။
ဒေါ်လှစိန်၏သားသမီးများကဲ့သို့ပင် မိသားစုကျပ်တည်းမှုနှင့်အခြားသောအကြောင်းရင်းအမျိုးမျိုးတို့ကြောင့် ကျောင်းမတက်နိုင်သော ကလေးငယ်တွေကိုလည်း ရန်ကုန်မြို့အတွင်း မြင်နိုင်သလို တစ်နိုင်ငံလုံးအတိုင်းအတာနှင့်ဆိုလျှင်တော့ နည်းပါးသည့်အရေအတွက်မဟုတ်။
အလွန်အမင်းဆင်းရဲမှု၊ ရွှေ့ပြောင်းနေထိုင်မှု၊ သဘာဝဘေးအန္တရာယ်နှင့် နယ်မြေမငြိမ်းချမ်းမှု စသည်တို့ကြောင့် မြန်မာနိုင်ငံရှိ ကျောင်းနေအရွယ်ကလေးများအနေနှင့် ပညာသင်ယူမှုအခွင့်အလမ်းများ ဆုံးရှုံးနေကြရသည်။ ထိုသို့ ကျောင်းပြင်ပရောက် ကလေးများအခြေအနေ လေ့လာခြင်းသုတေသနလုပ်ငန်းကို ၂၀၁၆ ခုနှစ်၊ မေလမှစ၍ ပညာရေးဝန်ကြီးဌာနနှင့်UNESCO-UIS, UNICEF, Oxford Policy Management တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ကျောင်းပြင်ပရောက် မူကြိုအရွယ်ကလေးအခြေအနေ
ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၏အချက်အလက်များအရ ကျောင်းပြင်ပရောက်မူကြိုအရွယ်ကလေး ရာခိုင်နှုန်းမှာ ၇၆ ဒသမ ၆ ရာခိုင်နှုန်း ဖြစ်သည်။
ကျေးလက်ဒေသတွင် ကျောင်းပြင်ပရောက် မူကြိုအရွယ်ကလေး ရာခိုင်နှုန်းမှာ ၈၀ ဒသမ ၆၅ ရာခိုင်နှုန်းရှိပြီး မြို့ပြတွင်အကျောင်းပြင်ပရောက် မူကြိုအရွယ်ကလေးရာခိုင်နှုန်းမှာ ၆၃ ဒသမ ၅၆ ရာခိုင်နှုန်းဖြစ်၍ ကျေးလက်မြို့ပြ ကွာဟချက်အလွန်ကြီးမားကြောင်း တွေ့ရှိနိုင်သည်။ ထို့ပြင် ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်မှု ရရှိသည့်ရာခိုင်နှုန်းမှာ ကျေးလက်တွင်သာမက မြို့ပြတွင်ပါ လွန်စွာနည်းနေသေးကြောင်း တွေ့ရှိနိုင်သည်။
သို့သော် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊Save the Children တို့၏ ၂၀၁၂ မှ ၂၀၁၆ ခုနှစ်အတွင်း ကောက်ခံခဲ့သည့်စာရင်းများအရ မြို့ပြဒေသတွင် မူကြိုကျောင်းအပ်နှုန်းသည် ကျေးလက်ဒေသထက် နှစ်ဆနီးပါးသာလွန်ကြောင်း ဖော်ပြထားသည်။
ထိုကွာဟချက်ကို လျစ်လျူရှုထားမည်ဆိုပါက မြန်မာနိုင်ငံမူကြိုပညာ ရေးလောကအတွက်အကြီးမားဆုံးသောပြဿနာဖြစ်လာနိုင်သည်ဟု ကျောင်းပြင်ပရောက်ကလေးများအခြေအနေကို လေ့လာဆန်းစစ်ချက်အစီရင်ခံစာက ဖော်ပြထားသည်။
ကျောင်းပြင်ပရောက် မူလတန်းအရွယ်ကလေးအခြေအနေ
ထိုအစီရင်ခံစာတွင်အသက်ငါးနှစ်မှ ကိုးနှစ်အရွယ် မူလတန်းအရွယ်ကလေး ၁၂ ဒသမ ၂၆ ရာခိုင်နှုန်းသည် ကျောင်းပြင်ပရောက်ရှိ နေသည်။ မူလတန်းအရွယ်ကလေးများတွင် ကျားမညီမျှခြင်းအညွှန်းကိန်း(GPI) မှာ သုံည ဒသမ ၈၇ ရာခိုင်နှုန်းဖြစ်၍ ယောကျာ်းလေးများသည် မိန်းကလေးများထက် ကျောင်းပြင်ပသို့ ပိုမိုရောက်ရှိနေကြကြောင်း တွေ့ရသည်။
၂၀၁၅ ခုနှစ် မြန်မာနိုင်ငံကလေးလုပ်သားအစီရင်ခံစာအရ မူလတန်းအရွယ်ကလေးလုပ်သားများအနက် ၃၆ ဒသမ ၈ ရာခိုုင်နှုန်းသည် ကျောင်းပြင်ပသို့ ရောက်ရှိနေသည်။ ထို့အတူ မသန်စွမ်းကလေးများအနက် ၄၆ ဒသမ ၇ ရာခိုင်နှုန်းသော ကလေးများသည်လည်း ကျောင်းပြင်ပသို့ ရောက်ရှိနေသည်။ ထို့ကြောင့် ကလေးလုပ်သားများနှင့် မသန်စွမ်းကလေးများသည် ကျောင်းပြင်ပရောက်ရှိရန်အလားအလာ ပိုရှိနေကြသည်။
မူလတန်းပညာရေးမှ ကျောင်းထွက်သွားနိုင်ခြေရှိသော ကလေးများ
၂၀၁၄—၂၀၁၅ ပညာသင်နှစ်တွင် နိုင်ငံတော်အဆင့် မူလတန်းအတန်းအလိုက် ကျောက်းထွက်နှုန်းမှာ သူငယ်တန်းတွင် ၁၅ ဒသမ ၇ ရာခိုင်နှုန်း၊ ပထမတန်းတွင် ၅ ဒသမ ၆ရာခိုင်နှုန်း၊ ဒုတိယတန်းတွင် ၃ ဒသမ ၈ ရာခိုင်နှုန်း၊ တတိယတန်းတွင် ၈ ဒသမ ၈ ရာခိုင်နှုန်းနှင့် စတုတ္ထတန်းတွင် ၁၀ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်းအဆိုပါစစ်တမ်းက ဖော်ပြသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျေးလက်ဒေသ၏ ကျောင်းထွက် နိုင်ခြေသည် မြို့ပြဒေသ၏ ကျောင်းထွက်နိုင်ခြေထက် ၁၁ ဆ၊ ကျေးလက်ယောကျာ်းကလေးများသည် မြို့ပြယောကျာ်းကလေးများထက် ခြောက်ဆနှင့် ကျေးလက်မိန်းကလေးများသည် မြို့ပြမိန်းကလေးများထက်အဆ ၂၀ ကျောင်းထွက်နိုင်နှုန်း ပိုမြင့်နေသည်ဟုအစီရင်ခံစာက ဆိုသည်။
ကလေးငယ်များ ပညာသင်ယူခွင့်အပေါ်အဟန့်အတားဖြစ်စေသောအရာများ
အဓိကအားဖြင့် ဆင်းရဲနွမ်းပါးခြင်း၊ ကလေးအလုပ်သမားများ ပေါများလာခြင်း၊ ကလေးများ ကျောင်းမရောက်ရှိခြင်း၊ ရှေးဦး ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးဝန်ဆောင်မှုနှင့်အခြေခံပညာ ကျောင်းများ လုံလောက်မှုမရှိခြင်း၊ မသန်စွမ်းကလေးများအတွက် ပညာသင်ယူမှုအခွင့်အလမ်း နည်းပါးခြင်း၊ ပထဝီအနေအထားအရ ကွဲပြားခြားနားခြင်း၊ ပညာရေးဆက်စပ်ပတ်သက်မှုနှင့် မိဘများ၏ပညာရေးအပေါ်စိတ်ဝင်စားမှုတို့သည် ကလေးငယ်များ ပညာသင်ယူ ခွင့်အပေါ်အဟန်အတားဖြစ်စေသည်။

အသက် ငါးနှစ်မှ ကိုးနှစ်အရွယ် မူလတန်းကလေး ၁၂ ဒသမ ၂၆ ရာခိုင်နှုန်းသည် ကျောင်းပြင်ပရောက်ရှိနေကြသည်။ ဓာတ်ပုံ • ဖိုးဝ
ကျောင်းမတက်နိုင်ခြင်းအကြောင်းရင်း ၂၇ ဒသမ ၆ ရာခိုင်နှုန်းသည် ပညာသင်စရိတ်မတတ်နိုင်သောကြောင့် နှင့် ၃၁ ရာခိုင်နှုန်းသည် မိဘ၏စီးပွားရေးအခြေအနေကြောင့်ဟု ဖော်ပြထားသောကြောင့် ဆင်းရဲနွမ်းပါးခြင်းသည် ရာခိုင်နှုန်းများစွာသော ကျောင်းပြင်ပရောက် ကလေးငယ်များအပေါ် သက်ရောက်နေသည်။
ကလေးအလုပ်သမား
တွံတေးမြို့နယ်က လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် စားပွဲထိုးလုပ်နေသောအောင်ကောင်းထက်ကအသက် ၁၄ နှစ်ရှိပြီဖြစ်ပြီး ဒုတိယတန်းမှာပင် ကျောင်းကထွက်ကာ မိသားစုဝင်ငွေအတွက်အလုပ်လုပ်ခဲ့ရသူဖြစ်သည်။
"အဖေနဲ့အတူ လယ်ထဲဆင်းတယ်လေ၊ နောက်အသက်နည်းနည်းကြီး လာတော့ ရွာကအမျိုးနဲ့ ဒီလက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်တာ လေးနှစ်ရှိပြီ။အပေါင်းအနုတ်တတ်တယ်၊ စာတော့ သိပ်မဖတ်တတ်ဘူး။ ကျောင်းမတက်ရလည်း ဘာမှမဖြစ်ပါဘူး။ ၁၀ တန်းတို့ တက္ကသိုလ်တို့ ပြီးသွားလည်း စီးပွားရေးပဲ လုပ်ကြတာပဲလေ၊ ဘာမှမထူးဘူး" ဟုအောင်ကောင်းထက်က ကျောင်းဆက်မတက်ဖြစ်သည့်အပေါ်အေးဆေးစွာ ပြောသည်။
မြန်မာနိုင်ငံ ကလေးလုပ်သားအစီရင်ခံစာတွင် ၃၃ ဒသမ ၃ ရာခိုင်နှုန်းသောကလေးများသည်အလုပ်လုပ်နေကြရသဖြင့် ကျောင်းမတက်နိုင်ကြောင်း ဖော်ပြထားပြီး ထိုရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးခြင်းကြောင့် ကျောင်းမတက်နိုင်သောရာခိုင်နှုန်းထက် မြင့်မားနေကြောင်း တွေ့ရှိရသည်။
၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရအသက် ၁၀ နှစ်မှ ၁၇ နှစ်အထိ စုစုပေါင်းလူဦးရေ၏လေးပုံတစ်ပုံနီးပါးသည် ကလေးလုပ်သားများဖြစ်ကြပြီး ကလေးလုပ်သားအညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၉၇ နိုင်ငံအနက် မြန်မာနိုင်ငံသည်အမြင့်မားဆုံးအဆင့် ၁၀ တွင် ရှိနေသည်။
ရှေးဦးကလေးသူငယ် ပြုစုစောင့်ရှောက်ရေးဝန်ဆောင်မှုနှင့်အခြေခံပညာကျောင်းများ လုံလောက်မှုမရှိခြင်း
ကျေးလက်ဒေသတွင် ရှေးဦးကလေးသူငယ် ပြုစုစောင့်ရှောက်ရေး ဝန်ဆောင်မှုကို ဘာသာရေးအခြေပြုအဖွဲ့အစည်းများ၊အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများနှင့် ကျောင်းအခြေပြုမူကြိုများမှသာ ရရှိနိုင်သည့်အတွက် ကလေးရာခိုင်နှုန်းအနည်းငယ်ကသာလျှင် ဤအခွင့်အရေးကို ရရှိနိုင်သည်။
သက်ဆိုင်ရာကျောင်းတက်ရန် သတ်မှတ်ထားသောနယ်မြေသတ်မှတ်ချက်အရ တောင်တန်းဒေသများအတွက် နှစ်မိုင်လျှင် တစ်ကျောင်း၊ မြေပြန့်ဒေသများအတွက် သုံးမိုင်လျှင် တစ်ကျောင်းနှုန်း ရှိသည်။ သို့ရာတွင် ကျေးလက်ဒေသနှင့် တောတောင်ထူထပ်သောဒေသများရှိ ကလေးများအတွက် ကျောင်းနှင့်အိမ်အကွာအဝေးသည် ကျောင်းတက်မှုကိုအဟန့်အတားဖြစ်စေသည်။
ထိုအစီအရင်ခံစာတွင်ပင် ပညာရေးအတွက် ဦးစားပေးဆောင်ရွက် ရမည့်အကြံပြုချက်များဖြစ်သည့် ကျေးလက်နှင့် မြို့ပြကွာဟချက် လျှော့ချရန်၊ လူတိုင်းအကျုံးဝင်ပညာရေး တိုးမြှင့်ဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်အတွက် ပြင်ဆင်ပေးသည့် သင်ရိုးညွှန်းတမ်းကို ရေးဆွဲအကောင်အထည်ဖော်ရန် စသည့်အချက်များ ထည့်သွင်းထားသည်။
ထိုအကြံပြုချက်များကိုအမြန်လုပ်ဆောင်ရန်လည်း တိုက်တွန်း ထားသော်လည်းအကောင်အထည်မဖော်နိုင်သေးသရွေ့တော့ ကျောင်းမနေနိုင်ကြသည့် ကလေးသူငယ်များနှင့် ၎င်းတို့၏မိဘများအနေဖြင့် နှစ်စဉ် ဇွန်လရောက်လာတိုင်း စာသင်ခန်းပြင်ပ ဝေဒနာဆိုးတစ်ခုကို ခံစားနေကြရဦးမည်ဖြစ်သည်။