သင်ရိုးညွှန်းတန်းကို လွန်၍
mmtimes.com
|
2019-07-19



သင်ရိုးညွှန်းတန်းကို လွန်၍

ချီမီ့အသက် ကိုးနှစ်ပြည့်ပြီးပြီဖြစ်သော်လည်း သူ့အပါး(အဖေ)က ကျောင်းမအပ်သေးပါ။ ဒါက မြန်မာနိုင်ငံရဲ့အခြေခံပညာရေးစနစ်အရ ကလေးအသက် ငါးနှစ်ကိုအစိုးရစာသင်ကျောင်းပို့သည့်အလေ့အထနှင့် ဆန့်ကျင်နေသည်။

Loading...

Your Brand HereYour Brand HereYour Brand Here

နိုင်ငံတကာအဖွဲ့အစည်းတစ်ခုရဲ့ ဖွံ့ဖြိုးရေးလုပ်သားတစ်ဦး (စားသုံးသူပညာပေးလုပ်ကိုင်သူ) ဦးသက်နိုင်က သူ့ငယ်ဘဝက ကြုံတွေ့ခဲ့ရတဲ့ ပညာရေးနဲ့ သူ့သမီးကို မမိတ်ဆက်စေချင်ပါ။

"တို့က (အသက်) ငါးနှစ်ရောက်ပြီဆို ကျောင်းကိုအတင်းပို့တယ်။ မသွားရင် တုတ်နဲ့တောင် ရိုက်တယ်" လို့ ဦးသက်နိုင်က သူ့ရဲ့ မြေကြီးအိမ်အပြင်ဘက် စားပွဲခုံမှာ ထိုင်ရင်း သူ့ငယ်ဘဝကို ပြန်ပြောင်းပြောသည်။

"မနက် ၆ နာရီ ထရတယ်။ စာကိုအော်ကျက်ခိုင်းတယ်။ ကျွန်တော် ဘာမှလည်း မသိဘူး။ ဘာမှလည်း မလိုချင်ဘူး။ ပင်ပန်းတာပဲ သိတယ်။အိပ်ရေးမဝတာကို သိတယ်" ဟု သူက ဆက်ပြောသည်။

အတွေးအခေါ်ပညာရှင်တွေရဲ့ ပညာရေးနဲ့ပတ်သက်တဲ့ တွေးခေါ်ပုံကို စာအုပ်တွေကနေတစ်ဆင့် လေ့လာပြီးတဲ့နောက်မှာ သင်ယူခြင်းရဲ့အဓိက သော့ချက်က သင်ယူလိုစိတ်ဆိုတာ ဦးသက်နိုင် သဘောပေါက်ခဲ့သည်။ ဒါကြောင့်လည်း သမီးချီမီ့ကို ကျောင်းအတင်းပို့ပြီး စာသင်၊ စာကျက်စေ မယ့်အစား ကလေးကိုယ်တိုင်က စာကို လိုလိုလားလားသင်ယူလိုစိတ် ဖြစ်အောင် ပျိုးထောင်ဖို့ သူဆုံးဖြတ်ခဲ့သည်။

chi-mi-showing-around-her-yard_p26.jpg



သူ့ဆုံးဖြတ်ချက်ကို ခိုင်မာစေဖို့ သင်ရိုးအတိအကျသတ်မှတ်ထားတဲ့ စာသင်ကျောင်းမထားစေဘဲ ကလေးငယ် စိတ်ဝင်စားသမျှကို မိဘလမ်းကြောင်းပေးမှုနဲ့အတူ လေ့လာနိုင်မယ့် home schooling (ခေါ်)အိမ်တွင်းပညာရေးစနစ်တစ်ခုကို သူဖန်တီးသည်။

ဂီတမေဂျာ (အင်းစိန်၊ ဘားစ်တက္ကသိုလ်)က ဆရာမဖြစ်တဲ့ မိခင် ဖြစ်သူကအင်တာနက်ကနေ တူရိယာပေါင်းစုံ တီးခတ်နည်းတွေ၊ ဟင်းချက်နည်း၊ ပန်းချီဆွဲတဲ့ ဗီဒီယိုတွေကူးကာ သမီးဖြစ်သူကို စိတ်ဝင်စားရာ ကြည့်စေသည်။အင်္ဂလိပ်စာနဲ့အကျွမ်းတဝင်ဖြစ်အောင် ငယ်စဉ်ကတည်းကအင်္ဂလိပ်သီချင်းတွေ၊ ကဗျာတွေ နားထောင်စေသည်။

"ကျွန်တော်တို့ ငယ်ငယ်က လွဲနေတဲ့ phonetic (အသံထွက်)တွေက သီချင်းတစ်ပုဒ်နဲ့ ပွဲပြီးတာမျိုးတွေ ရှိတယ်။ သူ့ကို ကျွန်တော်သင်ရင် လွဲမယ်ဆိုတာ သိတယ်" လို့ ဦးသက်နိုင်က ပွင့်လင်းသွက်လက်စွာ ပြောသည်။

အိမ်တွင်းပညာရေးစနစ်က မိဘတွေကအကြောင်းအရာတိုင်းကို တတ်လို့လုပ်တာမဟုတ်ဘဲ ပိုတွေးပြီး လမ်းကြောင်းချပေးတာပဲ ဖြစ်တယ် လို့ သူက ဆိုပါတယ်။

"ခု ချီမီ့ကိုအင်္ဂလိပ်စာကျူရှင် စထားနေပြီဆိုတော့ ပြန်လာရင် သူ့တာဝန် သူသိတယ်။ သူအိမ်စာလုပ်ရမယ်။ မလုပ်ရရင်ကို မနေနိုင်ဘူး။အဲဒါက ကျွန်တော့်ငယ်ဘဝနဲ့totally different (လုံးဝဆန့်ကျင်ဘက်)ဖြစ်တယ်" လို့ ဦးသက်နိုင်က ဆိုသည်။

ချီမီ့အမိုး(အမေ)က မြန်မာစာနဲ့ သင်္ချာဘာသာကို တစ်ရက်ခြားစီ သင်ပေးသည်။ ဦးသက်နိုင်ကတော့ ]လိုချင်လာအောင်ပဲ လိုက်လုပ်}သူပီပီအိမ်သာတက်မယ်ဆို ကျား၊မဖတ်တတ်ရမယ်။ စားသောက်ဆိုင် သွားမယ်။ ဟင်းပွဲနာမည်တွေ ဖတ်တတ်ရမယ်။ ဒါ မဖတ်တတ်ရင် မစားနဲ့ဆိုပြီး သင်ယူလိုစိတ်ကို နှိုးဆွပေးလေ့ရှိသည်။


ချီမီ

ဦးသက်နိုင်အင်တာဗျူးဖြေနေရင်းက ချီမီတစ်ယောက် ခြံထဲမှာ စက်ဘီးပတ်စီးနေရာမှအနားရောက်လာသည်။ ခန္ဓာကိုယ်ပိန်ပိန် သွယ်သွယ်၊အသားဖြူဖြူနဲ့ လျှာထိုးဦးထုပ်ဆောင်းထားတဲ့ ချီမီက သတင်းထောက်မေးသည်ကို လွတ်လွတ်လပ်လပ်ဖြေပေးဖို့ သူကစားလေ့ ရှိရာအနီးနားက မြေကြီးအိမ်အလွတ်တစ်ခုထဲ ခေါ်လာသည်။

"ချီမီ ဆိုတဲ့နာမည်ကအပါးပေးထားတာ။ ဘူတန်က ဘုရားကျောင်းက နာမည်။ သူငယ်ချင်းတွေကC နဲ့ စတော့ ချီးမီ၊ ချီး(ချေး)ထုပ်ကို မီတယ် ပြောတယ်။ ငါချီးထုပ်ကို မမှီ ဆူးကို မီတာလို့ ပြန်ပြောလိုက်တယ်။ နာမည်နှစ်ခု လိုချင်လို့ ကိုယ့်ဘာကို ဆူးSue လို့ပေးထားတယ်" လို့ ချီမီက သူ့နာမည်အကြောင်း ပြောသည်။

အိမ်တွင်းပညာရေးစနစ်ကို သဘောကျကြောင်း၊ စာကို နှုတ်တိုက် ကျက်တာ မနှစ်သက်သလိုအော်ပြောတာ သိပ်မကြိုက်ကြောင်း၊အိမ်စာပေးတာ သိပ်မများဖို့လိုကြောင်း စသဖြင့် ချီမီက သူ့အတွေးကို ခပ်အေးအေး ပြောသည်။

အင်္ဂလိပ်စာ လေ့လာတာကို စိတ်ဝင်စားတဲ့ ချီမီက နိုင်ငံခြားသားနဲ့ လည်း စကားပြောဆိုဖို့ ယုံကြည်မှုရှိသူလည်း ဖြစ်သည်။

အချိန်တစ်ခုကြာအင်တာဗျူးပြီးနောက် ချီမီနဲ့ သူ့မိဘအထူးသဖြင့်အဖေနဲ့အပြန်အလှန်နားလည်၊ ယုံကြည်မှုခိုင်မာကြောင်း ပိုသိလာရသည်။ ချီမီ့က ဘာလုပ်လုပ် သူ့အပါးကို ခွင့်တောင်းသည်။ သူ့အပါးက လုပ်သင့် တာဆို ပေးလုပ်တယ်ဆိုပြီးတော့လည်းအခိုင်အမာ ယုံကြည်သည်။


မိဘတစ်ယောက်၏ စိုးရိမ်မှုနဲ့ ယုံကြည်ရာ

ကလေး လူမှုပတ်ဝန်းကျင်မှာအဆင်မပြေဖြစ်သွားမလား၊ လူဝင်ဆံပါ့မလားဆိုတဲ့ မေးခွန်းက ကိုယ်ပိုင်အိမ်တွင်းပညာရေးစနစ်ကို တည်ထောင် သူတွေအများဆုံးကြုံတွေ့ရ၊ ဝေဖန်အခံရဆုံး မေးခွန်းဖြစ်သည်။ ဦးသက်နိုင်ကိုယ်တိုင်လည်း သမီးကို စောင့်ကြည့်ဖြစ်ခဲ့သည်။

"ကျွန်တော့်သမီး ကြည့်တာတော့ မအောက်ဘူး။ ဘယ်ပတ်ဝန်းကျင် ဖြစ်ဖြစ် ထည့်လိုက်တာနဲ့ သူ့ဘာသူ ထိန်းသွားတယ်။ ဘန်ကောက် ခေါ်သွားတယ်။ သူငယ်ချင်းကလေးနဲ့ ကစားတဲ့အခါ စိတ်ပူရအောင် ဖြစ်တာမရှိဘူး။ ဒါတောင် ကိုယ်နဲ့ ယဉ်ကျေးမှုမတူတဲ့သူ" လို့ ဦးသက်နိုင် က ပြောသည်။

အဲဒါတွေအပြင် ချီမီ့ဥဏ်ရည်ကို ပြန်ဆန်းစစ်ရာမှာ ထမင်းပွဲပြင်ခိုင်း တာမျိုးမှာအဆင်ပြေတာနဲ့ ပြင်ပေးပြီး ထမင်းဝိုင်းသိမ်း၊ ပန်းကန်ဆေးတာအထိ တာဝန်ယူမှု၊ တာဝန်ခံမှုရှိကြောင်း ဦးသက်နိုင်က သူ့အမြင်ကို ပြောသည်။ တစ်ခါတလေ သူ မထင်မှတ်ထားတဲ့ မေးခွန်းတွေ၊ တုံ့ပြန်မှု တွေ ရရှိတတ်သေးသည်။

အသက် ကိုးနှစ်အရွယ်ပဲ ရှိသေးတာမို့ မြန်မာစာ၊အင်္ဂလိပ်စာနဲ့ သင်္ချာ ဘာသာရပ်တို့ကိုသာ သင်ကြားပေးပြီး သင်္ချာဘာသာတွင်လည်းအလွတ်ကျက်စနစ်ဖြစ်သည့်အလီကျက်ခိုင်းခြင်းမျိုးမလုပ်ကြောင်းနှင့် မုန့်ဖိုးစုပေးပြီးအတိုးနှုန်းတွက်ရင်းဖြင့်သာ ဂဏန်းသင်္ချာဖြင့် ရင်းနှီးစေသည်။

တစ်နေ့ ]အပါးက သမီးကို ဘာဖြစ်စေချင်တာလဲ} ဆိုတဲ့ ကိုးနှစ်အရွယ် သမီးရဲ့မေးခွန်းက သူ့ကိုအံ့အားသင့်စေသည်။

"ကျွန်တော်ငယ်ငယ်က ကျွန်တော့်မိဘကို တစ်ခါမှ မမေးခဲ့ဘူး။ မတွေးလည်း မတွေးခဲ့ဘူး။အဲဒီလိုမျိုးတွေ တွေ့ရတာ သူတွေးလို့ပဲ"ဟု ဦးသက်နိုင် ယူဆသည်။

သမီးအတွက် ဦးသက်နိုင်၏ တစ်ခုတည်းသော ဖြစ်စေချင်သည့်ဆန္ဒက ဘယ်အရာပဲဖြစ်ဖြစ်၊အကြောင်းအရာတိုင်းကို လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပြီး ကြိုးကြိုးစားစား လုပ်စေချင်တာပဲဖြစ်သည်။


Green School

အိမ်တွင်းပညာရေးစနစ်နဲ့ ပျိုးထောင်ခံရသူက ချီမီတစ်ယောက်တည်း မဟုတ်ပါ။ စိတ်သဘောတူသူ၊အိမ်တွင်းပညာရေးစနစ်ကို ယုံကြည်သူ မိသားစုလေးခု စုပေါင်းပြီး မှော်ဘီ၊ ဝါးနက်ချောင်းမှာ green schoolအမည်ရ ကွန်ရက်လေးတစ်ခု ဖွဲ့ထားတာ နှစ်နှစ်၊ သုံးနှစ်မျှ ရှိပြီဖြစ်သည်။အိမ်ထောင်စုလေးခုက သားသမီးခုနစ်ယောက် ပါဝင်သည်။

တစ်လတခါ စုပြီးအကသင်တန်း၊ ဗီဒီယိုရိုက်ကူးနည်းသင်တန်း စသည့် မတူညီသည့်လှုပ်ရှားမှုများကို ကျွမ်းကျင်သူငှား၍လုပ်ကြသလို မိဘများ ကိုယ်တိုင် ဦးဆောင်ကာ လုပ်သည့်အခါများလည်း ရှိသည်။ ဦးသက်နိုင် ကတော့ သူ့ဦးဆောင်မှုနဲ့ နယ်တွေကို နှစ်စဉ်နှစ်တိုင်း စက်ဘီးစီးခရီးနှင် စေသည်။ သူ့ယူဆချက်က လူတစ်ယောက်က တစ်နေ့နေ့မှာ တစ်မျိုးမျိုးနဲ့ ဇွဲရှိမှ၊ ကြိုးစားမှ ဖြစ်မယ်ဆိုတာ သိစေချင်သည်။

ကလေးတွေကြိုက်တဲ့ စက်ဘီးစီးအလုပ်လုပ်နေရတာတောင် ရလာသည့် တုံ့ပြန်မှုစကားသံက "ဘယ်လုပ်ငန်းမဆို မလွယ်ဘူး"ဆိုတာ ပဲလို့ ဦးသက်နိုင်က ကျေနပ်အားရပုံနဲ့အသံထွက်ရယ်မောရင်း ပြောသည်။

say-htoo-loo-mother-of-chi-mi_p26.jpg

ဖခင် (အပေါ်ဆုံးပုံ)။ မိခင် (အောက်ဆုံးပုံ)နှင့် ချီမီ (အလယ်ပုံ)။ ဓာတ်ပုံ • ညိုမီ

ဖခင် (အပေါ်ဆုံးပုံ)။ မိခင် (အောက်ဆုံးပုံ)နှင့် ချီမီ (အလယ်ပုံ)။ ဓာတ်ပုံ • ညိုမီ

စက်ဘီးစီးရင်းမှ ဦးသက်နိုင်ကို ပိုကျေနပ်စေသည့် ဖြစ်ရပ်တစ်ခုက နယ်တွေ (ညောင်လေးပင်၊ ပုပ္ပါး စသဖြင့်)ကို တစ်မြို့နဲ့တစ်မြို့ ကူးသန်း စက်ဘီးစီးနေသည့်ကလေးကို မိခင်က စိုးရိမ်ပြီး ကားထဲ ဆွဲထည့်သည့် ဇာတ်လမ်းပေါ်လာသည်။အရမ်းစွန့်စားချင်တဲ့ ကလေးကို မိဘက ဆွဲထားသည်ကို သူတွေ့ရသည်။

ခရီးစဉ်ပြီးချိန် မိဘနဲ့ သားသမီး စကားပြန်ပြောကြတဲ့အခါ စက်ဘီးစီးသည့်သားကအရေးကြီးတာက "သတိ"လို့ ပြောကြောင်း ဦးသက်နိုင်ပြန်ကြားရသည်။

"လူကြီးတောင် သတိမဲ့တယ်။ ကလေးက သတိနဲ့အလုပ်တွေ လုပ်ရမယ်ဆိုတာ ငယ်ငယ်လေးကတည်းက စိတ်ထဲမှာ သိသွားတယ်။ တစ်တန်းပြီးတစ်တန်းအောင်တာထက်စာရင်အဲဒါ ပိုကြိုက်တယ်" လို့ ဦးသက်နိုင်ကအားပါးအားပါးတရ ဆိုသည်။




Some text some message..