မွန်ပြည်နယ်၊ စက်တင်ဘာ
မွန်ပြည်နယ်မှ ရေဘေးသင့် ကျောင်းသားကျောင်းသူများအတွက် Myanmar China Mobile Association နှင့် မြန်မာ- တရုတ်ယဉ်ကျေးမှုအသင်းတို့က ကျောင်းသူများအား ကျောင်းဝတ်စုံနှင့်အထက်တန်းအဆင့်အထောက်အကူပြုစာအုပ်များလှူဒါန်းခဲ့ကြောင်းသိရပါတယ်။
Myanmar China Mobile Association နှင့် မြန်မာ- တရုတ် ယဉ်ကျေးမှုအသင်းတို့ ပူးပေါင်း၍ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ ရေဘေးသင့် မူလတန်းကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံ များနှင့်အထက်တန်းအဆင့်အထောက်အကူပြုစာအုပ်များ၊ မုန့်မျိုးစုံနှင့်အလှူ ငွေများ လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။
Myanmar China Mobile Association မှ ငွေကျပ်သိန်း ၃၀ ကျော် တန်ဖိုးရှိ ကျောင်းဝတ်စုံ ၁၀၀၇ စုံနှင့် မုန့်မျိုးစုံအား MCMAအသင်းကိုယ်စား မြန်မာ- တရုတ်ယဉ်ကျေးမှုအသင်းမှ ဒုတိယ ဥက္ကဋ္ဌ ဒေါ်ကြည်လင်းက လည်းကောင်း၊ ရွှေလက်ဆောင်စာပေမှ လှူဒါန်းသည့် ငွေကျပ် ၁၈ သိန်းတန်ဖိုးရှိ တက္ကသိုလ် ဝင်တန်းအထောက်အကူပြု ဘာသာစုံ စာအုပ်များကို မြန်မာ- တရုတ် ယဉ်ကျေးမှုအသင်း တွဲဖက်အတွင်းရေး မှူးကလည်းကောင်း၊ မြန်မာ- တရုတ် ယဉ်ကျေးမှုအသင်းမှ လှူဒါန်းငွေကျပ် တစ်သိန်းနှင့် ဦးထွန်းရွှေ -ဒေါ်သင်း သင်းဆွေ(ထွန်းရွှေဝါတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်း)မှ လှူဒါန်း ငွေကျပ် တစ်သိန်းကို မြန်မာ- တရုတ် ယဉ်ကျေးမှုအသင်းအတွင်းရေးမှူး နှင့် တာဝန်ရှိသူများက လည်းကောင်း ပေးအပ်လှူဒါန်းကြရာ ကျိုက်မရော မြို့နယ်ပညာရေးမှူး ဦးငွေဝင်းနှင့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား ကျောင်းသူများက လက်ခံ ကြကြောင်းသိရပါတယ်။
ကျိုက်မရောမြို့နယ်အတွင်း ဩဂုတ် ၉ ရက်မှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်အခြေခံပညာ မူလ တန်း၊အလယ်တန်းနှင့်အထက်တန်း ကျောင်း ၇၂ ကျောင်း ယာယီပိတ်ခဲ့ရပြီး စက်တင်ဘာ ၆ ရက်တွင်ပင် ကျောင်း ၂၁ ကျောင်းကို ယာယီပိတ်ထားရ ပြီး လှူဒါန်းပွဲသို့ ကျိုက်မရော မြို့နယ်အတွင်းရှိအခြေခံပညာကျောင်း များမှ ကျောင်းအုပ်ကြီးများ၊ ကျောင်း သား ကျောင်းသူများ၊အလှူရှင်များ တက်ရောက်ခဲ့ကြပြီး လှူဒါန်းမှုစုစုပေါင်း မှာ ငွေကျပ် သိန်း ၅၀ ကျော် တန်ဖိုးရှိ ကြောင်း သိရပါတယ်။