“ ငါပိုင်တဲ့နေရာ ”
ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် )
~ {အပိုင်း - ၁ } ~
“အခုလို ဒီကလေးတွေ မင်္ဂလာပွဲလေးအထမြောက်သွားတော့လည်း ကျွန်မတို့ ရင်အေးရတာပေါ့လေ.. ”
“ မှန်တာပေါ့အစ်မ ရယ် ..အဓိက က ဒီကလေးနှစ်ယောက် မင်္ဂလာဆောင်လေး ချောချောမွေ့မွေ့
ပြီးသွားတာပဲ ဝမ်းသာရမယ်… ”
မင်္ဂလာဆောင်တစ်ခုအပြီးတွင် သားရှင်နှင့် သမီးရှင် မိခင် နှစ်ဦး ပီတိဖြာနေသည့် မျက်နာထားဖြင့် ရယ်မောကာ
စကားပြောနေခြင်းဖြစ်သည် ။ ဖခင်နှစ်ဦးမှာလည်း ခမည်းခမက်ချင်း ရင်းနီးဖော်ရွေစွာ
စကားဆိုနေကြပြန်လေသည် ။
မောင်လွင်ဟိန်း နှင့် မသဲဖြူ တို့၏ မင်္ဂလာပွဲလေးမှာ ဤသို့ပင် ပျော်စရာများဖြင့် ပြည့်စုံစွာ ဖြစ်မြောက်ခဲ့လေပြီ ။
သူတို့နှစ်ဦးမှာ တက္ကသိုလ် ကျောင်းတက်နေရင်း ချစ်ကြိုက်ကြပြီးနောက် ကျောင်းမပြီးခင်မှာပင်
လက်ထပ်လိုက်ကြခြင်းဖြစ်သည် ။ နှစ်ဖက်မိသားစုများမှာလည်း လူလတ်တန်းစားများဖြစ်ကြ၏ ။
မောင်လွင်ဟိန်း မှာ ငယ်စဉ်မှပင် ကားများအကြောင်းကို စိတ်ဝင်စားသူဖြစ်၍အနီးအနားရှိ ကားဝပ့်ရှော့
(Workshop) များတွင်သာအမြဲလိုလို သွားရောက်နေရာမှ ထို ကားဝပ့်ရှော့ရှိ ကားဝေါ့ရှော့ဆရာ(ပိုင်ရှင်)နှင့်
လွန်စွာရင်းနီးခင်မင်သွားလေခဲ့ရာ…. ။ စိတ်ရင်းကောင်းသူ ကားဝပ့်ရှော့ဆရာမှာလည်း
မောင်လွင်ဟိန်းအား သားတပည့်သဖွယ် သတ်မှတ်ပြီး သူတတ်သမျှ စက်ပြင် ပညာများကို
သင်ကြားပေးလေသည် ။ မောင်လွင်ဟိန်း မှာလည်း ဆရာဖြစ်သူအပေါ် ရိုသေလေးစားပြီး
ဆရာဖြစ်သူ လုပ်ငန်းတွင် လခမယူပဲ လခစားအလုပ်သမားများထက် ပို၍အားတတ်သရော
ဝင်လုပ်ကိုင်ပေးလေသည် ။ စိတ်ထားပြည့်ဝသည့် ဝပ့်ရှော့ဆရာမှာလည်း မောင်လွင်ဟိန်းအား
လူလည်ကျကာ မတရား မတန်မရာ မခိုင်းစေပဲ ရသင့်ရထိုက်သည့် လုပ်အားခများကို ပေးလေ့ရှိသည် ။
ဤသို့ပင် မောင်လွင်ဟိန်း မှာ ပညာရေးထက် စီးပွားရေး(အတတ်ပညာတစ်ခု)ကိုသာ ပို၍အားသန်နေသူတစ်ယောက်ပင် ။
မသဲဖြူ မှာ မောင်လွင်ဟိန်း ကဲ့သို့ မဟုတ်ချေ ၊ မသဲဖြူ တို့မိသားစုမှာ မိသားစုဝင်များလှသည် ၊
မိဘနှစ်ပါး ၊ သူမ၏အထက်တွင်အကြီးဆုံးအကိုကြီးတစ်ယောက်ရှိပြီး ၊ မသဲဖြူ မှာ ဒုတိယသမီးဖြစ်၍
သူမ၏အောက်တွင် ညီမငယ်တစ်ဦးနှင့် မောင်ငယ်တစ်ဦးရှိသေးသည် ။ သို့ရာတွင် မသဲဖြူ တို့ မိသားစုတွင်
အစ်ကိုကြီးသည် များစွာအားကိုးရလေသည် ၊အစ်ကိုကြီးကမိန်းမ မယူသေးပဲ ညီငယ်ညီမငယ်များအတွက်
မိသားစုအတွက် လွန်စွာအနွံတာခံသူဖြစ်ပြီး မောင်နှမ မိသားစုများအားလုံး၏တာဝန်များကိုလည်း
တစ်ကိုယ်တည်း ခံယူထားသဖြင့် မသဲဖြူအတွက် များစွာ သက်သာလေသည် ၊
မသဲဖြူ ကောင်းစွာ ပညာဆည်းပူးနိုင်ပြီးနောက် စားဝတ်နေရေးအတွက်လည်း ပူစရာမလိုခဲ့ပေ ၊
အစ်ကိုကြီး ကျေးဇူးကြောင့် လူတန်းစေ့ထက်ပင်သာလွန်ကာ နေထိုင်နိုင်လေသည် ။
ဤသည်တို့မှာ မောင်လွင်ဟိန်း နှင့် မသဲဖြူ တို့၏အကြောင်းများဖြစ်သည် ။
သူတို့ နှစ်ဦးအိမ်ထောင်ကျပြီးနောက် နှစ်အနည်းငယ်အတွင်းမှာပင် သားလေး နှစ်ဦး ထွန်းကားခဲ့လေသည် ။
မိန်းမနှင့် ကလေးနှစ်ဦး၏ မိသားစုတာဝန်များမှာလည်း မောင်လွင်ဟိန်း ၏ ပုခုံးပေါ်သို့ ကျရောက်လာခဲ့ချေပြီ ။
လင်မယားနှစ်ယောက်အသက်ငယ်ငယ်အတန်းပညာ ဆုံးခန်းမတိုင်ခင်အိမ်ထောင်ကျ ၊အသက် ငယ်ငယ်ဖြင့်
သားသမီးယူလိုက်သောကြောင့် ယခုအချိန်တွင် ကလေးကိစ္စများအိမ်မှုကိစ္စ ၊ စီးပွားရေးများဖြင့် မအားလပ်ပဲ
နေ့စဉ် ရုန်းကန်နေရလေသည် ၊ သောကများသည်လည်း မဖိတ်ခေါ်ပဲအချိန်ပြည့် ဝင်ရောက်လာလေ့ရှိသည် ။
မောင်လွင်ဟိန်း တို့သည်လည်း ထိုအချိန်မှ သူတို့ မိဘများ၏ တန်ဖိုးကို ပိုပိုပြီး နားလည်သဘောပေါက်လာခဲ့ရလေသည် ။
ဖခင်၏ ဝင်ငွေအပြင် မောင်လွင်ဟိန်း ကိုယ်တိုင် ဝေါ့ရှော့တွင်အပျော်လုပ်ကိုင်ခြင်းမှရရှိလာသော ဝင်ငွေများမှာ
စားဖို့သောက်ဖို့ရာ မပူပင်ရသော်လည်းအပိုသုံးများအတွက် ငွေကို များစွာ ချွေတာနေရလေသည် ။ နောက်ဆုံးတွင် မောင်လွင်ဟိန်း
ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည် ။ မိဘအားဆက်၍ ဒုက္ခမပေးလိုတော့ပဲ သူတတ်ကျွမ်း ဝါသနာကြီးသည့် ကားဝေါ့ရှော့ လုပ်ငန်းကို
ပီပီဲပြင်ပြင် လုပ်ကိုင်ရန် ကြံရွယ်လေတော့သည် ၊ ထိုသို့ ကြံရွယ်ပြီးနောက် နောက်တစ်နေ့တွင် သူ၏လုပ်ငန်းခွင်ရှိ
ဆရာဖြစ်သူအားအကူအညီတောင်းဖြစ်ခဲ့သည် ။
“ ဆရာ ကျွန်တော် ဆရာ့ကိုအကူအညီ တောင်းစရာလေးရှိလို့ပါ ”
မောင်လွင်ဟိန်း ၏ မပြောစဖူး စကားအဆန်းတွေကြောင့် ဆရာဖြစ်သူမှာလည်း
တအံ့တသြဖြင့် ပြန်ပြောသည် ။
“ ဟ.. ငါ့ကောင်ကြီး ဒီနေ့ တယ်ထူးဆန်းလှချည်လား … ထူးထူးဆန်းဆန်း
စကားတွေပြောနေပါလားကွာ .. ဆိုစမ်းပါဦး ငါ ဘာကူညီပေးရမလဲ ”
ဆရာဖြစ်သူ၏ စကားကြောင့် မောင်လွင်ဟိန်း လွန်စွာ ဝမ်းသာသွားပြီး
ဖြစ်ကြောင်းကိုရှင်းပြန်တော့၏ ။
“ ဒီလိုပါ ဆရာ ကျွန်တော်အိမ်ထောင်ကျပြီး သားလေးနှစ်ယောက် ရှေ့ဆင့်နောက်ဆင့်
ရခဲ့တာလည်း ဆရာအသိပဲလေ ၊အခုကျွန်တော်က လူပျိုမဟုတ်တော့ဘူး သွားချင်တိုင်းသွား လုပ်ချင်တိုင်းလုပ်နေတဲ့
အချိန်တုန်းကတော့ မိဘပိုက်ဆံထိုင်သုံးနေရတာ
လူကြားကောင်းတယ်လေ.. ၊အခုက ကျွန်တော် သားနှစ်ယောက်အဖေဖြစ်နေပြီ ၊
ဒါတောင် ကျွန်တော်က မိဘကို ဒုက္ခပေးနေတုန်းဆိုတော့ ကြာတော့
အဖေ့ကိုလည်းအားနာလာတယ်.. ကိုယ်ကလုပ်မကျွေးတဲ့အပြင် ဒုက္ခပေးနေမိတယ်လို့ခံစားမိတယ်
နောက်ပြီး ကျွန်တော့် သားလေးတွေနဲ့ မိန်းမကိုလည်း
မျက်နာပူမိတယ် ဒါကြောင့် ကျွန်တော့်ပညာ(စက်ပြင်) ကျွန်တော့်အစွမ်းအစနဲ့
ဝေါ့ရှော့ လုပ်ငန်းလေးတစ်ခု လုပ်ချင်လို့အရင်းအနီးနည်းနည်း နဲ့စလို့ရအောင်
ဆရာလမ်းပြ ကူညီပေးပါဦးဗျာ…. ”
မောင်လွင်ဟိန်း စကားအဆုံးမှာ ဆရာ ဖြစ်သူလည်းအနည်းငယ်တွေဝေသွားရလေပြီ…. ၊
ဝေါ့ရှော့အလုပ်ဟူသည်အရင်းအနီးအနည်းငယ်ဖြင်အလုပ်ဖြစ်မည့်အလုပ်မျိုးမဟုတ်ပေ.. ၊
သို့သော် ဆရာမှာ မောင်လွင်ဟိန်း ၏အခြေအနေအရပ်ရပ်ကိုအမှန်ပင်သိရှိသည့်
သူတစ်ဦးဖြစ်သည်က တစ်ကြောင်း မောင်လွင်ဟိန်း မှာလည်း သူ၏ သားလို
တပည့်ရင်းလို လူတစ်ယောက် ဖြစ်သည်က တစ်ကြောင်းကြောင့် စသည့်အကြောင်းကြောင်းတို့ကြောင့်
အတန်ကြာ တွေဝေနေရာ မှ ဆုံးဖြတ်ချက်အကြံ တစ်ခုခု ရသွားသည့် ပုံဖြင့်မျက်ခုံးများကိုပင့်လိုက်ရင်း ….
“ မင်းဒီလို ပြောလာတော့လည်း ငါ့ဘက်က လုပ်ပေးနိုင်တာအကုန် လုပ်ပေးရုံရှိတော့တာပေါ့ ..
ဒီလို ငါ့ကောင်ရ ….မင်းကိုငါပြောပြမယ်..လောလောဆယ် မင်းဆိုင်ကိုငွေအရမ်းမထည့်နဲ့ မင်းက ကားပြင်တာ
ကားဆေးမှုတ်ကျွမ်းတော့ ငါ့မိတ်တွေကိုလည်း မင်းဆိုင်ဆီလွတ်ပေးမယ်… သြော်ဆိုင်ဆိုလို့…
ငါပြောရမှာသတိရသွားပြီ..အေး..အဲ့ဒီဆိုင်ကိစ္စပြောမလို့ကွ …. မင်းနေရာအခတ်အခဲရှိတယ်ဆိုတော့
ဒီလိုလုပ် မြို့ပြင်က ငါ့ဆိုင်ခွဲကို မင်းသိတယ်မို့လား… ”
ဆရာ၏ စကားကို မောင်လွင်ဟိန်း က ခေါင်းတဆက်ဆက် ငြိမ့််ပြလိုက်ရာ
ဆရာက ဆက်ပြီး
“အေး…အဲ့ဒီဆိုင်မှာက စက်ပစ္စည်းတွေကလည်းအဆင်သင့်ပဲ နောက်ပြီး
မိတ်ရပြီးသား ဆိုတော့ မင်းအဆင်ပြေလောက်တယ် ငါကအလှမ်းဝေးတော့
သိပ်မသွားချင်တော့ဘူးအဲ့နေရာကို ငါငှားထားတာ ဒီလကုန်ရင် စာချုပ်ပြည့်ပြီဆိုတော့ မင်းဆက်ငှားလိုက် ၊
ပြီးရင် မင်းနာမည်နဲ့မင်းဘာသာအဲ့နေရာမှာအဲ့ပစ္စည်းတွေနဲ့ပဲ ဆက်လုပ် နောက်ပိုင်းအဆင်ပြေမှ ငါ့ကို ပစ္စည်းဖိုး ပြန်ပေးပေါ့ကွာ…. ။ ”
ဆရာဖြစ်သူမှာ သူ၏ နာမည်ရနေပြီး ဝင်ငွေကောင်းသည့် နေရာအား မောင်လွင်ဟိန်း ကိုအဆင်ပြေစေရန်
ရက်ရက်ရောရော ပေးလိုက် သောကြောင့် ဆရာ၏မေတ္တာ စိတ်ထားကို မောင်လွင်ဟိန်း တစ်ယောက် မြင်မိပြီး
နေရာမှာပင် ဒူးတုပ်လျှက် ဆရာဖြစ်သူကို ရှင့်ခိုးကာ ကျေးဇူးတင်ကြောင်းအခါခါ ပြောခဲ့လေသည် ။
~~~~~~~~~~~~~~~~~~~~~~~~
“ ကိုမိုးကြီး ရဲ့ တပည့်လက်စွမ်းကလည်း ဆရာ့နီးနီးကို ကောင်းတယ်နော် …
လက်ရာသေသပ်ပြီး ဈေးကလည်းတော်တော် တန်တယ်ကွ ”
“ ဟေ…. ဟုတ်လားကွ သူ့ရဲ့ ဘယ်တပည့်လည်းကွ ဘယ်နားမှာဆိုင်ဖွင့်ထားတာတုန်း
လုပ်စမ်းပါဦး ငါလည်း တစ်ခါလောက် စမ်းပြင်ကြည့်မလို့ .. ”
“ မင်းကလည်းကလည်း မနောက်နဲ့လေ ..‘…….’ကောင်လေးကိုပြောနေတာ သိတယ်မို့လားသူက
အခုအရင် မြို့ပြင်က သူ့ဆရာ ကိုမိုးကြီးရဲ့ဆိုင်ခွဲမှာ တစ်ကိုယ်တော် ဆိုင်အသစ်ပြန်ဖွင့်ပြီး လုပ်နေတာကွ.. ”
“ မင်းပြောတာ မြို့ပြင် ‘ …. ’ ကဆိုင်မို့လား ”
“အေးဟုတ်တယ်လေ..အဲ့ဆိုင်လေ.. ”
“ ဟာ.. ကောင်လေးတွေ မိသားစုကရောအဲ့မှာပဲနေကြတာလား… ပြသနာပဲကွာ…
မင်းအဲ့နေရာအကြောင်းမသိတာလည်းမဟုတ်ဘူး.. သူတို့ဆရာကိုယ်တိုင်ကအဲ့နေရာအကြောင်းမသိပဲ လုပ်ငန်းလုပ်နေတာအခု ကောင်လေးက ဆက်လုပ်နေတော့ ဒုက္ခပါပဲကွာ…
ဒီကောင်လေး မိသားစုအတွက်တော့ ငါရင်လေးမိတယ်.. ဟူး……… ”
တက္ကဆီ (Taxi) ယာဉ်မောင်း(Driver) မိတ်ဆွေနှစ်ဦးသား မြို့ပြင်မှ ကိုလွင်ဟိန်း ၏
ကားဝေါ့ရှော့ လေးအကြောင်းပြောနေကြခြင်း မဟုတ်ပင်.. ။
သူတို့၏စကားထဲတွင် ထိုနေရာလေးမှာ မည်သည့် ကိစ္စများဖြစ်ပွားခဲ့ သည့်အတွက် ပြသနာ တတ်မည် ၊
ဒုက္ခရောက်မည် ၊ စိတ်ပူသည် ၊ ရင်လေးသည် စသဖြင့် ပြောနေကြသနည်း ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
( တစ်လခန့်ကြာသော် )
“ မေမေ သမီးဒီနေရာကြီးမှာနေရတာ စိတ်မသန့်ဘူး ညညဆို ကိုလွင် ကလည်း
သူ့အလုပ်နဲ့သူ ညနက်မှအိပ်တယ် ၊ သမီးကအားနေတဲ့သူဆိုတော့အချိန်ပြည့်
ဒီအိမ်ခန်းထဲမှာ ကလေးတွေနဲ့ နေနေတော့ သတိထားမိနေတာကြာပြီ ၊ သမီးကြောက်တယ် မေမေ ”
ဖုန်းထဲမှ မသဲဖြူ ၏ စကားကြောင့် သူ၏ မိခင်မှာ လွန်စွာ စိတ်ပူသွားပြီး
“ ဟဲ့ သမီး … နင် မပေါ့နဲ့လေ ကိုယ့်ယောကျာ်းကို ပွင့်ပွင့်လင်းလင်း သေချာ ပြောပြပေါ့ ဟိုကလည်း နင့်ကို
ချစ်တာပဲ ဘုရားတရားလည်း မမေ့လေနဲ့ ငါ့မြေးတွေကို မျက်စိအောက်ကအပျောက်မခံနဲ့
ကလေးတွေဆိုတော့…တော်ပါပြီဟယ်..ညည်းနဲ့တော့ ငါ့မြေးတွေ ငါစိတ်မချပါဘူး နင်တို့သားအမိ
ငါ့အိမ်ပြောင်းလာနေကြပါလား… ”
အမေဖြစ်သူ၏ စိုးရိမ်မှုပြင်းပြည့် စကားကို မသဲဖြူ ကအလန့်တကြား ပြန်တုန့်ပြန်လိုက်၏ ။
“ ဟာ. ဒါတော့ဘယ်ဖြစ်မလဲ မေမေရ ကိုလွင် တစ်ယောက်တည်း သမီးစိတ်မချဘူး ၊
နောက်ပြီး သမီး သူ့ကို မပြောပြတာမဟုတ်ဘူး ပြောပြတယ် သူကအဲ့ဒါတွေအယုံအကြည် မရှိတာ… ”
တစ်ဖက်မှ မိခင်မှာ သောကဖြစ်ပြီးနောက်အကြံတစ်မျိုးရသည့် လေသံဖြင့်
“ ကဲကဲ ဒါဆိုဒီလိုလုပ် သမီး ညီမနဲ့အဖေ ကို တစ်လလောက် ခေါ်ထားလိုက်ပေါ့ သူတို့ရှိတော့
ကလေးတွေထိန်းပေးတာ ဆိုင်ကိစ္စတွေကအစအကူအညီရတော့ သမီးသက်သာတာပေါ့
နောက်ပြီးအဖော်ရှိတော့ ကြောက်စိတ် လျော့သွားမှာပါ သမီး ”
မိခင်၏အကြံပေးစကားကို မသဲဖြူ ခေတ္တမျှ စဉ်းစားပြီးနောက် လက်ခံကြောင်းပြန်ပြောလိုက်သည် ။
“ ဟုတ် မေမေ သူတို့ရှိတော့ သမီးအားရှိတယ် ၊ နောက်ပြီး ကိုလွင် ကလည်း သူတို့ကို ချစ်တော့
ပြသနာမရှိပါဘူး… ”
“အေအေး ဒါဆို နက်ဖြန်ခါ သူတို့ကို လွှွတ်လိုက်မယ် သမီးလည်းညအိပ်ရင် ဘုရားတရားမမေ့နဲ့ ကြားလား …. ”
စသဖြင့် မိခင်ပီပီ စုံစုံလင်လင် မှာကြားပြီးနောက် မကြာမီတွင် စကားကိုအဆုံးသတ် လိုက်ကြသည် ။
~~~~~~~~~~~~~~~~~~~~~
မနက်ဖြန် မမဖြူ တို့ဆီကို ဘာလို့သွားခိုင်းတာလည်းမသိဘူး…. ။ မမတို့မှာ ဘာများအခတ်အခဲဖြစ်နေလဲ ၊
တော်ပါပြီလေ ငါဆက်မတွေးတော့ဘူး မနက်ဖြန် မမတို့ဆီရောက်မှ သေချာမေးရမယ် ။
တစ်ကိုယ်တည်း စဉ်းစားခန်းဖွင့်နေသူမှာ မသဲဖြူ ၏ ညီမဖြစ်သူအပျိုအရွယ် ကျောင်းသူလေး မပိုးအိမ်
ဖြစ်၏ ။
“ တီတီ တီတီ တီတီ ”
နာရီအလန်း (Alam) သံကြောင့် မပိုးအိမ်အိပ်ယာမှ ကမန်းကတန်းထလိုက်ပြီး
အစ်မဖြစ်သူထံသွားနေဖို့ လိုအပ်သည့်ပစ္စည်းများကို ထုပ်ပိုးချေပြီ ၊ မြို့ထဲနှင့် မြိုပြင်
များစွာ မဝေးလှသော်လည်း ခဏခဏအိမ်ပြန်နေရမည်မှာ ပို၍အလုပ်ရှူပ်သည်ဖြစ်သောကြောင့်ပင် ။
မိခင်မှာအစ်မအတွက် ပေးသည့် ပစ္စည်းများ စားစရာများအားလည်း သိမ်းဆည်းသယ်ယူပြီးနောက်
ဖခင်နှင့်အတူအစ်မရှိရာသို့ ထွက်လာခဲ့ကြသည် ။ နာရီပိုင်းမျှအငှားယာဉ်ဖြင့်သွားပြီးနောက်
အစ်မ၏ ဆိုင်သို့ရောက်ခဲ့လေသည် ။
“ ဟေ…ဘယ်သူတွေများလည်းလို့အဖေတို့ပါလား ၊ လာလာအဖေနဲ့ညီမလေး
အိမ်ထဲဝင် ပစ္စည်းတွေ ကျွန်တော် သယ်လာခဲ့မယ် ”
ကိုလွင်ဟိန်းအလုပ်လုပ်နေရင်းမှ ခရီးဦးကြိုပြုလိုက်လေသည် ။ ထို့နေ့ကလေးမှာ သူတို့၏
ဆိုင်လေးအတွင်းအမျိုးအဆွေ တရုန်းရုန်းဖြင့် နွေးထွေးသွားသယောင်ပင် ။
~~~~~~~~~~~~~~~~~~~~~~~
ည ၁၀နာရီအချိန် ။
“ ခွတ်ခွတ်ခွတ် … ဒေါက် ”
ညလူခြေတိတ်ချိန်တွင် ကိုလွင်ဟိန်း တို့၏ ဆိုင်ခန်း(အိမ်)ကလေးမှ ထူးဆန်းသည့်အသံတစ်ချို့
ထွက်ပေါ်လာလေသည် ။
“အဖေအဖေ … ထပါဦး သမီးအသံတွေကြားနေရတယ်အဖေရောကြားလား… ”
မပိုးအိမ် မှာ သူမ၏ ဘေးခြင်ထောင်ရှိ ဖခင်ဖြစ်သူအား လေသံဖြင့် နှိုးလိုက်လေသည် ။
အအိပ်စက်သူ ဖခင်မှာလည်း ချက်ချင်း ထလာပြီး ပတ်ဝန်းကျင်မှအသံကိုနားစွင့်နေလေသည် ။
“ ခွတ်ခွတ်ခွတ် … ဂက်ဂက်ဂက် ”
“ ဘာသံတွေလည်းဟ… ဘဲအော်သံတွေပါလား ”
အသံများကြောင့် ဖခင်ဖြစ်သူမှာလည်းကြောင်ပြီး ရေရွတ်လိုက်မိသည် ။
ထို့နောက်အခြေအနေကိုရိပ်စားမိဟန် ရှိသည့် မသဲဖြူ မှာ ညီမနှင့်အဖေ တို့ရှိရာ
အခန်းသို့ ချက်ချင်းရောက်လာလေသည် ။
“ ဖေဖေ .. မိပိုး … ကြားကြလားအဲ့အသံတွေ… ”
“အေးကြားတယ် .. နင်တို့ဆိုင်မှာ ဘဲမွေးထားကြသေးလား ”
“ လုံးဝမမွေးထားဘူး … ဒီနားမှာလည်း ဘာကောင်မှမရှိဘူး ၊ ခွေးလို သတ္တဝါတောင် မရှိဘူး ဖေဖေ ”
“ ဟမ်…. ”
မသဲဖြူ ပြန်ဖြေလိုက်သည့် စကားကြောင့် သားအဖနှစ်ယောက် ထိန်လန့်သွားလေတော့သည်
ဖခင်မှာ မျက်စိမှိတ်ရင်းဘုရားကိုအာရုံပြုကာ ဘုရားစာများကို ရွတ်နေလေသည် ။
ထိုအချိန်တွင်အသံတစ်ခုကြားလိုက်ရပြန်သည် ။
“ တောက် ! ”
အသံမှာ တစ်စုံတစ်ယောက် ဒေါသဖြစ်၍ မာန်ပါပါဖြင့် တောက် ခေါက်လိုက်သည့်
အသံဖြစ်သည် ၊ ထိုအသံကြောင့် မသဲဖြူ နှင့် မပိုးအိမ် တို့မောင်နှမ နှစ်ဦး
ကြောက်လန့်ပြီးပူးကပ်သွားကြသည် ။ ဖခင်က
“ ဟဲ့ နင်တို့ကြောက်မနေကြနဲ့…. လာအခုထ သူခိုးလာဘာလား ထကြည့်ရအောင် ” ဟု
ပြောပြောဆိုဆို ဖြင့် ဓါတ်မီးဆွဲကာအိမ်အရှေ့ဘက်ကိုသွားရင်း
မှောင်မဲနေသည့် ဆိုင်ရှေ့နေရာ လမ်းမနေရာများကို ဓါတ်မီးဖြင့် ထိုးကြည့်လိုက်ရာ
အိမ်ရှေ့တွင် လှမ်းထားသည့် လေယူရာယိမ်းနေသောအဝတ်အချို့မှလွဲလျှင် မည်သည်မှ မတွေ့ရ ။
ထို့ကြောင့် မသဲဖြူတို့ တုန်လှုပ်သွားရင်းနောက်ကြောင်းပြန်လှည့်ကာ
အိပ်ပျော်နေသည့်ကိုလွင်ဟိန်း နှင့် ကလေးနှစ်ယောက်အခန်းသို့ သွားကြရန်
ဓါတ်မီးကိုပိတ်လျှက် ကိုလွင်ဟိန်း တို့အိပ်နေသောအခန်းသို့ သုံးယောက်သား ဦးတည်ရင်း
လှမ်းကြည့်လိုက်ကြရာ လူပုံစံ ၊ ရုပ်ဆိုးဆိုးအဘွားကြီးအိုတစ်ဦးပုံစံဖြင့်အရိပ်လိုလို လူလိုလို မဲမဲအရာတစ်ခုကို
အခန်းထဲရှိ ညအိပ်မီးသီးအလင်းရောင်ဖြင့် ပွင့်နေသည့်အခန်းတံခါးမှတစ်ဆင့်အတိုင်းသားမြင်လိုက်ရသည် ။
မြင်ကွင်းကြောင့် သားအဖ သုံးယောက် သွေးပျက်သွားချိန်တွင် ဖအေဖြစ်သူမှာ ဓါတ်မီးကို ပြန်ဖွင့်လိုက်ပြီး
မြေးများကို စိုးရိမ်သည့်စိတ်ဖြင့်အခန်းထဲသို့ပြေးသွားလိုက်၏ ၊ သူ၏အနောက်မှ သမီးများမှာလည်း
ကပ်လျှက်ပါလာလေတော့သည် ။
အခန်းထဲသို့အရောက်တွင် သုံးယောက်သားအံ့သြကြီးစွာအာမေဍိတ်သံများ ပြိုင်တူထွက်မိကြသည် ။
“ ဟင်…..ဟာ…အလို… ”
သူတို့မြင်လိုက်ရသည့်အဖွားကြီးပုံံစံအရိပ်ကြီးမှာ ပျောက်ချင်းမလှ ပျောက်နေခြင်းဖြစ်သည် ။
အဖေလုပ်သူမှာ သမီးငယ်များကြောက်မည်စိုး၍ ခြင်ထောင်မှအရိပ်ကျခြင်းဖြစ်ကြောင်း
လီဆယ်ကာ ပြောခဲ့သည် ။
နောက်ညများတွင်လည်း သတိကြီးစွာထားအိပ်ကြလေသည် ။
ရန်ဖန်ရန်ခါ ထိုသို့သောအသံများ ကြားယုံမှအပ မည်သည့်အနှောက်အယှက်မှ မတွေ့ပေ ။
လွန်ခဲ့သော ညက ကြားခဲ့ရသော တောက်ခေါက်သံများ ဘဲသံများအဘွားကြီး ပုံစံ မဲမဲအရိပ်ကြီးသည် သူတို့
နားကြားလွဲခြင်း ၊အမြင်မှားခြင်း ပေလော… ။
သုံးလတင်းတင်းပြည့်သောအခါဝယ်…..
မပိုးအိမ် တို့ သားအဖအိပ်ပြန်ရတော့မည် ။ မပြန်ခင်အချိန်တွင် သားမက်ဖြစ်သူ
ကိုလွင်ဟိန်း ကိုလည်း မသဲဖြူ နှင့် သားနှစ်ယောက်အပေါ် ဂရုစိုက်ပေးရန် ၊
ကိုယ်တိုင်လည်းအရက်မသောက်ရန် ၊ ဘုရားတရားကိုလည်း….. ဘာသာရေးလွန်စွာ လုပ်သည့်
ဇနီးသည်နှင့်အတူ လက်တွဲညီညီ ပိုမိုလုပ်ကိုင်ရန် စီးပွားရေးကိုလည်းအဆင်ပြေပြေ လုပ်ကိုင်နိုင်စေရန်
ဆုပေးကာ စသဖြင့် ပြောကြားပြီးနောက် မပိုးအိမ် တို့ သားအဖအိမ်ပြန်ခဲ့ကြလေတော့သည် ။
အိမ်အပြန်လမ်းတွင် မပိုးအိမ် မှ “အဖေ သမီးတော့ မမကိုအဲ့နေရာကြီးမှာ
ဆက်မနေစေချင်ဘူး ၊ သမီးစိတ်ထဲတစ်မျိုးကြီးပဲအခုအဲ့နေရာကလည်းထွက်လိုက်ရော
ထောင်ကလွတ်လာသလိုအမှောင်ထုထဲကအလင်းထဲရောက်လာသလို ဘယ်လိုပြောရမလဲမသိဘူး
တစ်ကိုယ်လုံးပေါ့ပါးပြီး စိတ်တွေကြည်သွားသလို ခံစားလိုက်ရတယ် ”
“အေး..အဖေလည်းတူတူပဲ စိတ်ထင်လို့ပါ သမီးရယ်အိပ်ယာပြောင်းလို့
နေမှာပါ တို့ သုံးတင်းတင်းနေပေးတာပဲ စိုးရိမ်စရာတော့ မရှိပါဘူး ၊ နင့်အစ်မကလည်း
ဘုရားတရားအရမ်းလုပ်တဲ့သူပဲလေ ”
“ ဒါပေမယ့်အဖေ ”
ဖခင်၏စကားအားအလိုမကျသည့်ဟန်ဖြင့် မပိုးအိမ် တစ်စုံတစ်ခုကို မပြောမှီပင် ဖခင်မှ
စကားစဖြတ်လိုက်သည် ။
“အဖေသိတယ်သမီး ”
အလိုအဖေက မည်သည်ကို သိနေသနည်း ?.......
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(အပိုင်း ၂ … မျှော်)
~ မိုးစွေ ~
စာပြီးချိန် - 30.10.2018 ( 11 : 29 Pm )
ဆောင်းပါးများ