“ ငါပိုင်တဲ့နေရာ ”
ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် )
~ {အပိုင်း - ၂ } ~
ကိုလွင်ဟိန်း တစ်ယောက် ထိုနေရာတွင် ထူးခြားစွာအကျိုးပေး စီးပွားဖြစ်နေ လေသည် ။
( ခုနှစ် လခန့်ကြာသောအခါဝယ် )
“အီးဟီး………. ”
“ ဖေဖေ … မေမေ လာပါဦး…တိုကြီး ရေထဲကျသွားပြီ ”
ဆိုင်(အိမ်)ရှေ့မှ မပီကလာပီကလာဖြင့်အော်ပြောနေသည့် ကလေးငယ်၏
စကားကြောင့်အလုပ်လုပ်နေသူ ကိုလွင်ဟိန်း ထိတ်လန့်သွားပြီးချက်ချင်းပင်
သားဖြစ်သူထံပြေးသွားလိုက်သည် ။ ကလေးငယ် သားအကြီးကောင်လေးမှာ
ဆိုင်ရှေ့နှင့် လမ်းမကြားရှိ ရေမြောင်းကြီးတစ်ခုထဲတွင် ပြုတ်ကျနေလျှက် နာကျင်နေသဖြင့်
ငယ်သံပါအောင် ငိုကြွေးနေလေသည် ။ ကိုလွင်ဟိန်းတစ်ယောက် သားကြီးအား ရေမြောင်းထဲမှ
ချက်ချင်းဆင်းပြီး ဆယ်ယူလိုက်ရ၏ ။
ညီအစ်ကိုနှစ်ယောက်ကစားနေရာမှအဆော့လွန်အရှိန်လွန်ကာ မြောင်းထဲ ပစ်ကျသွားပုံရသည် ။
“ မိန်းမရေ လာပါဦး… ဒီမှာ ငါ့သားကြီး မြောင်းထဲကျလို့ ဆယ်ထားရတယ် ”
အိမ်နောက်တွင် ဟင်းစားလုပ်နေသည့် မသဲဖြူ မှာလည်း ယောကျာ်း၏အသံကြောင့်
အိမ်နောက်မှအသည်းအသန်ပြေးထွက်လာလေသည် ။
“ ဟယ်….သားကြီး ဘာဖြစ်ရတာလဲ ငါ့သား ဒုက္ခပါပဲ ဘယ်နားနာသွားတာလည်း ”
စသဖြင့် သားဇောဖြင့် ပြာယာခတ်သွားလေသည် ။
ကလေးငယ်မှာ နာကျင်နေသဖြင့် ငိုလို့သာနေလေပြီး သူ၏ လက်(တတောင်စစ်)နားအား တစ်ဖက်လက်ဖြင့်
ပုတ်ပြလေသည် ။ မိဘများမှာလည်း ထိုအခါမှ မနေသာတော့ပဲ ကားဖြင့်အနီးရှိ ဆေးခန်းအားအသည်းအသန်
မောင်းထွက်လာခဲ့ကြသည် ။ ဆေးခန်းသို့ရောက်သောအခါ ကလေးငယ်မှာ လက်ကျိုးသွားကြောင်းသိလိုက်ရပြီး
လိုအပ်သည့် ဆေးဝါးကုသမျှကို ခံယူစေသည် ။ ထို့နောက် မသဲဖြူမှာ သားကြီးနှင့်အတူ
ဆရာဝန်အနီးသွားနေစဉ် ကိုလွင်ဟိန်း မှ သားငယ်အားအကျိုးအကြောင်းမေးဖြစ်ခဲ့သည် ။
“ သားလေး…ေဖေဖေမေးမယ် မှန်မှန်ပြော သားကို မရိုက်ဘူး မဆူဘူး ကိုကြီးကို သားတွန်းချလိုက်တာလား
သူ့ဘာသူ ချော်ကျသွားတာလား ”
ကလေးငယ်မှာအသက် (၂) နှစ် နားလည်သည့်အရွယ် ရောက်နေပြီဖြစ်သဖြင့် ပြန်ရှင်းပြန်နိုင်လေသည် ။
ခေါင်းကို တွင်တွင် ခါရမ်းရင်း
“ ဟုတ်ဘူး ဖေဖေ တား တိုကြီးကို ဘာမှမလုပ်ဘူး ၊ တား တို့ နှစ်ယောက် ချတမ်း ဆော့နေကြတုန်း
တိုကြီးကို မဲမဲကောင်ကြီးတစ်ကောင်က မြောင်းထဲတွန်းချလိုက်တာ ပြီးတော့
အဲ့ကောင်ကြီး ပျောက်သွားတယ် ”
“ ဟင် ! ”
သားငယ်ထံမှ မထင်မှတ်ထားသည့် စကားကို ကြားလိုက်ရသဖြင့် ကိုလွင်ဟိန်း လွန်စွာ
စိတ်လှုပ်ရှားသွားလေသည် ။
“ သား ဖေဖေ့ကို ညာတာမကြိုက်ဘူးအမှန်တိုင်းပြော သားပြောတာ ညနေမှန်းဖေဖေ သိတယ် ”
“ မဟုတ်ဘူး တားမညာဘူးအမှန်တိုင်းပြောနေတာ… တိုကြီးကို ဟိုကောင်ကြီးတွန်းချလိုက်တာ…
တား သေချာမြင်လိုက်တယ် သူတွန်းချလိုက်တာ .. ”
သားငယ်၏စကားများမှာအပ်ကြောင်းထပ် လောက်အောင်ပင် ။ ကိုလွင်ဟိန်း လည်း
သားငယ်အား ဒီကိစ္စ မိခင်ထံ မပြောရန် မှာကြားလိုက်လေသည် ။ သူကိုယ်တိုင်လည်း
နားရှိလို့သာ ယုံရတာ ဒီအကြောင်းတွေ လက်မခံထားသူတစ်ယောက်မို့ ကလေးစကားဟုမှတ်ယူကာ
ပေါ့ပေါ့တန်တန် ထားလိုက်သည် ။
အသက် ( ၇ ) နှစ်အရွယ် သားကြီး ကိစ္စတွင် သူတို့ ပိုက်ဆံအတော်ကုန်သွားခဲ့သည် ။
တစ်နေ့ သူတို့လင်မယားနှစ်ယောက်တည်း ထမင်းစားနေတုန်း မသဲဖြူမှ ကိုလွင်ဟိန်းအား
“ ဟိုနေ့က သားကြီးက ပြောတယ် သူကစားနေတုန်း တစ်ယောက်ယောက်က တွန်းချလိုက်သလို ဖြစ်ပြီး
သူမြောင်းထဲကျသွား တာတဲ့ ၊ သားငယ်လေးမေးတော့ ဘာမှမပြောဘူး ယောကျာ်း ရှင်ရော ဘယ်လိုထင်တုန်း ”
ဟုမေးလေရာ … ကိုလွင်ဟိန်း မှာ သားငယ်အား မပြောရန် သူပိတ်ထားသည့်အကြောင်း သတိရသွားပြီး
မိန်းမ စိုးရိမ်တတ်မှန်းသိ၍
“ ကိုယ်လား … ဘယ်လိုမှ မထင်ပါဘူး သားကြီးက ဒီလိုပဲ ခုန်ပေါက်ရင်း ဆော့နေကျလေ
မြောင်းနှုုတ်ခမ်းနားသွားဆော့တော့အဲ့နားက ရေညှိနင်းပြီး ပြုတ်ကျတာ ဖြစ်မယ် ”
ကိုလွင်ဟိန်း ၏အဖြေမှာ သူလိုချင်သည့်အဖြေမဟုတ်သေးသဖြင့် မသဲဖြူ လက်မခံနိုင်သေးပေ ။
အာကာဝန်းကျင်တစ်ခုလုံး တိမ်ဆိုး တိမ်ညစ်များဖြင့် ပြည့်နေလျှက်
ငှက်ဆိုးအုပ်များ သေမင်း၏တေးသွားကို ဆိုညည်းကာ ကောင်းကင်တစ်ခွင် မင်းမူနေကြသည် ။
မသဲဖြူ တစ်ယောက်တည်း ကားဝေါ့ရှော့အလုပ်ခန်းနှင့် တွဲလျှက်အိမ်လေး၏အနောက်ဘက်ခြမ်း
ရေချိုးခန်း နှင့်အိမ်သာ တွဲထားသည့် နေရာသို့ ရောက်လာခဲ့သည် ၊
အိမ်သာခန်းသို့ လှမ်းအလာတွင်အိမ်သာ(ရေချိုးခန်း) မီးမှာလည်း ချက်ချင်းမှိတ်သွားလေသည် ။
ထိုစဉ်
ငှက်ဆိုးတစ်ကောင်မှာအချိန်ကိုက်အချက်ပေးသံသဖွယ်အော်ညည်းသွားပြန်လေသည် ။
“ ဂီး…………. ”
ရုပ်ချည်းတွင် မီးလုံးမှာ ပြန်လင်းသွားလေသည် ၊ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက် သောအခါ
မီးလုံးမှာ ပြန်မှိပ်သွားပြန်သည် ၊ ပတ်ဝန်းကျင်မှာ မှောင်မဲနေပြီးအေးစက်သည့် နံရံကိုအသာ စမ်းပြီး
လမ်းစရှာနေရ၏ ။ ထိုစဉ် မီးပြန်လင်းသွားလေတော့သည် ။
လင်းသွားသော မီးအလင်းရောင်နှင့်အတူ မျက်စိအရှေ့ရှိအိမ်သာအနီးတွင် ကျောပေးထားသည့်
အဘွားကြီးအိုတစ်ဦးကို မြင်လိုက်ရသည် ၊အဘွားကြီး ပုံစံမှာ လွန်စွာအသက်ကြီးသည့်
ပုံမျိုးဖြစ်၍ လက်ထဲတွင် တုတ်ကောက် တစ်ချောင်းအား ကိုင်ထားလျှက် စိတ်တိုနေပုံရသည် ။
အဘွားကြီးက လွန်စွာ သွေးပျက်ဖွယ်ကောင်းသည့်အသံအက်ကွဲကြီးဖြင့်အော်လျှက်
“ နင်တို့ ဒီမှာ လာမနေကြနဲ့…
ဒါ…ငါ….ပိုင်…တဲ့…နေ…ရာ….. ၊
ဘယ်…သူ..မှ…လာ..မ..နေ…ကြ…နဲ့ ၊
ငါ..လုံး၀ မကြိုက်ဘူး ၊ နင်တို့ မထွက်သွားရင်
ငါ နင်တို့အားလုံးကို ဒုက္ခရောက်အောင် လုပ် ပစ် မယ် ” ဟု ပြောနေလေသည် ။
မသဲဖြူ လည်းကြောက်လန့်၍ ရှေ့မှအဘွားကြီးအား ကြောင်ကာ ကြည့်နေစဉ်မှာပင်
မီးသီးအလင်းမှာ မှိတ်သွားပြန်သည် ။
အမှောင်ကြောင့် မိုမိုကြောက်လန့် သွားပြီးအသက်ရှူသံများပြင်းလာကာ ၊
နှလုံးလည်းအဆမတန် ခုန်နေစဉ် မီးပြန်လင်းလာလေသည် ။
ထိုအခါ မသဲဖြူ ရှေ့မှ ကျောပေးထားသည့်အဘွားကြီးပျောက်ပျောက်ချင်းမလှ
ပြောက်သွားလေတော့သည် ၊အဘွားကြီးပျောက်သွားသဖြင့် ခေါင်းနပန်းကြီးကာ လိုက်ရှာနေမိရာ
မမျှော်လင့်ပဲ သူ၏နောက်ကျောဘက်သို့ လှည့်အကြည့်တွင် သူမြင်လိုက်ရသည်က
ရုပ်ပျက်ဆင်းပျက် ဖြစ်နေကာ မျက်နာတစ်ခုလုံး လောက်ကောင်များအပြည့်ဖြင့် တစ်ခေါင်းလုံး ဆံပင်မွှေးများ
ဖွေးဖွေးဖြူနေသည့်အဘွားကြီးမှ မသဲဖြူ ၏ မျက်နာနားသို့ကပ်လျှက်အသံနက်ကြီးဖြင့်
“ ထွက်…သွာ….ကြ…စမ်း… ” ဟုအော်လိုက်လေသည် ၊အဘွားကြီးပါးစပ်ဖွင့်လိုက်သောအခါ
ပါးစပ်တွင်းမှ လူသေကောင်ပုတ်နံ့နှင့်အတူ လောက်ကောင်ကြီးများ ပွင့်ထွက်လာလေတော့သည် ။
“အား…..!!!!!!!!!!!!!!!! ” တစ်ချိန်တည်းတွင် မသဲဖြူ မှာလည်း
ကြောက်လွန်းသဖြင့် ငယ်သံပါအောင်အော်ရင်း နောက်လန်ကျသွားကာ လောကကြီးနှင့်
ခေတ္တအဆက်အသွယ် ပြတ်သွားဟန်ရှိသည် ။
“ မိန်းမ….မိန်းမ.. သတိထားပါဦး… ယောကျာ်းလေ မိန်းမနားမှာရှိတယ် … သတိထားပါဦးကွာ ”
ယောကျာ်းဖြစ်သူ ကိုလွင်ဟိန်း ၏ ခေါ်သံကြောင့် မသဲဖြူအိပ်နေရာမှ လန့်နိုးလာလေတော့သည် ၊
လူတစ်ကိုယ်လုံး ချွေးများ ရေချိုးထားသည့် နယ် ဖြစ်နေပြီး နှလုံးမှာလည်းအဆက်မပျက် ခုန်နေလေသည် ။
မျက်စိရှေ့တွင် မြင်နေရသည့် ယောကျာ်အား ချက်ချင်းအားကိုးတကြီး ဖက်ထားလိုက်ရင်း ငိုချလိုက်မိသည် ။
“အိမ်မက်ဆိုးတွေဖြစ်နေလို့သာ…အီးဟီး….. ”
“ မိန်းမ စိတ်လျော့ .. ဗုဒ္ဓကိုအာရုံပြု သရဏဂုံ ၊ ဘုရားဂုဏ်တော် လေးတစ်လုံးချင်း
စိတ်ထဲက ရွတ် စိတ်ကိုလျော့ ကိုယ် ရှိတယ် ဟုတ်ပြီလား ကလေးတွေလန့်သွားမယ်
လာလာ မကြောက်နဲ့ … ”
ကိုလွင်ဟိန်း လည်းအကြောက်လွန်နေသည့် ဇနီးသည်အား သူ၏ရင်ခွင်ထဲထည့်ထားလိုက်လေသည် ။
မသဲဖြူ မှာ ယောကျာ်း၏ ရင်ထဲတွင် ခိုကပ်နေရင်းမှ ကြောက်စိတ်ကြောင့် ဟိုဟို ဒီဒီ လိုက်ကြည့်နေမိသည် ၊
မျက်လုံးထဲတွင်အဘွားကြီး ၏ ပုံပျက်ပန်းပျက် ပုံစံကြီးအား ပြန်ပြန် မြင်ယောင်နေရင်းဖြစ်နေ၏ ။
အမှတ်မထင် ခြင်ထောင်အပြင် ခြေရင်းရှိအခန်းတံခါးသို့ကြည့်နေမိစဉ်အခန်းတံခါးမှာလည်း
တိုက်တိုက်ဆိုင်ဆိုင် ဖြည်းညှင်းစွာ ပွင့်လာလေတော့သည် ။ လူတစ်ယောက်ယောက်အသာအယာ
တွန်းဖွင့်လိုက်သည့် ဟန်မျိုးဖြင့် ပွင့်လာခြင်းဖြစ်သည် ။ လက်တစ်ထွာခန့်မျှ ပွင့်လာသည့်
အခန်းတံခါးအားစိုးရိမ်တကြီး ရင်တဖိုဖို ဖြင့် မသဲဖြူ စိုက်ကြည့်နေမိရင်း လက်များမှာလည်း
ယောကျာ်းအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလျှက်ပင် ၊ ထိုစဉ် တံခါးအောက်ခြေမှ
အမွှေးဖွားဖွားဖြင့် မဲမဲ နှင့် ဖြူဖြူအရောင်ရှိအဘွားကြီး ၏ ဆံပင်များသဖွယ်အရာတစ်ခုအခန်းထဲသို့
တိုးဝင်လာလေသည်ကိုအတိုင်းသား စမြင်လိုက်ရပြီး ။
မသဲဖြူ လည်း ဆောင့်တည်ခြင်းကာ မစွမ်း နိုင်တော့ပဲ ၊ မျက်လုံးများကိုမှိတ်ထားရင် ယောကျာ်း၏
ရင်ထဲတိုးဝင်ရင်း လေသံဖျော့ဖျော့ ဖြင့်ပြောလိုက်သည် ။
“တံခါးဝမှာ သ..သ…သရဲ..မ…ကြီး..အဘွားကြီးအခန်းထဲဝင်လာနေပြီ..
ကိုယ်…လုပ်…လုပ်..လုပ်ပါဦး ”
ဇနီးသည်၏ စကားကြောင့် သရဲမကြောက်တတ်သူ ကိုလွင်ဟိန်း ပင်အနည်းငယ် ကြက်သီးထသွားပြီး
တံခါး၀အအောက်ခြေနားအား ကြည့်လိုက်မိရင်း ။
“ ဟားးး..ဟားး… ”
ရုတ်တရက် ထရယ်ပါလေရော…. ၊
အရူးတစ်ယောက်လို ရယ်မောနေသည့် ယောကျာ်းအား မသဲဖြူ
အံ့သြတကြီး ကြည့်လိုက်မိစဉ် ကိုလွင်ဟိန်း မှ
“ မိန်းမရာ မင်ကလည်းအာဂသတ္တိပဲ … သေချာလည်းကြည့်ပါဦး ဘယ်ကသရဲလည်း
ကြောင် ပါဟ…. ဟား….. ”
အမှန်ပင် ကြောင်တစ်ကောင်ဖြစ်နေ၏ ။
ထိုအခါမှ မသဲဖြူ လည်းအကြောက်ပြေလေတော့သည် ။
ကိုလွင်ဟိန်း မှ ဇနီးသည်၏ နဖူးထက်သို့အနမ်းတံဆိပ်လေးအသာအယာ
ပေးလိုက်၍ မသဲဖြူ ၏ ရှက်ပြုံးလေးအားအရသာခံပြီး ကြည့်နေပြန်သည် ။
ညချမ်းလေးတစ်ခုမှာအပြာရောင် ခြယ်လို့ ………. ။
မိန်းမတို့သဘာဝအတိုင်း ….
ဒုက္ခတစ်ခုခုကြုံလာရင် ပုံကြီးချဲ့ စိုးရိမ်တတ်တဲ့သဘောအတိုင်း
အားကိုးရာတစ်ခုခုရှာလာချေပြီ ။
ဗေဒင်ဟောခန်းတစ်ခုတွင်ဖြစ်သည် …
“ ဆရာ…အဲ့ဒါပါပဲရှင်…
ဆရာ တစ်ချက်လောက်ကြည့်ပေးပါလား ”
ဗေဒင်ဆရာအား မိမိတို့အိမ်မှ ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်ပြီး
အကူညီတောင်းခံရာ ဆရာဖြစ်သူမှ ခေတ္တအာရုံခံနေပြီးနောက်
လွန်စွာ တည်ငြိမ်အေးချမ်းသည့်အသံဖြင့် ပြန်ပြောပြသည် ။
“အခုဖြစ်နေတဲ့အိမ်နေရာမှာ
မကောင်းတဲ့ ပရလောကသားတွေကိုမြင်နေရတယ်
သမီးယုံချင်မှ ယုံပါ ဆရာကတော့အသပြာဆရာမဟုတ်ဘူး
ဆရာသစ္စာဆိုထားတဲ့အတွက်
သူများလိုလိမ်ညာပြီးဟောပြောလို့လည်းမရဘူး
ဆရာမြင်သလောက်ပြောပြမယ်….
ငါ့သမီး တို့အိမ်မှာ မကျွတ်မလွတ်သေးတဲ့ပရလောကသားတွေရှိကြတယ် ၊
သူတို့ကိုချုပ်ကိုင်ထားတဲ့သူတစ်ယောက်လည်းရှိတယ်…
အဲ့သူကလည်း ပရလောကသားထဲကအဆင့်အတန်းတစ်ခုရှိနေတဲ့သူ ၊
လူလို့ပြောရရင် ရာထူးကြီးတဲ့သူ ၊အသက်ဝါကြီးတဲ့သူပေါ့ ၊ ဆရာဆိုလိုတာအဘွားကြီးတစ်ယောက်ပဲ ၊
သမီးအိပ်မက်အတိုင်းပဲ သမီးအိပ်မက်ထဲက နေရာမှာပဲ
သမီးအိပ်မက်ထဲကအဘွားကြီးကိုပြောချင်တာ.. ၊ သူကအရင်တုန်းက
အခုသမီးတို့နေတဲ့နေရာရဲ့ မြေရှင်ပဲ…ကွယ်လွန်သွားပြီးနောက်ပိုင်း
သူ့အိမ် မြေနေရာကို စွဲလမ်းစိတ်နဲ့ မကျွတ်မလွတ်တဲ့ဘဝရောက်ခဲ့ရတယ် ၊
အဲ့ဒီလို ဘဝမှာလည်းသူ ဆင်းရဲဒုက္ခခံနေရပေမယ့် သူအိမ်နေရာမှာပဲ
နေနေရတဲ့အတွက် သူပျော်နေတယ် ၊အခုသမီးတို့မိသားစု… လူစိမ်းတွေပေါ့…
သူ့အိမ်နေရာမှာ လာနေကြတာကို သူသဘောမကျဘူးလေ… ၊
ဒါ့ကြောင့် ငါ့သမီးရဲ့ ကလေးတွေကို နှောက်ယှက်တယ် ၊ သမီးကို
အိပ်မက်ပေးတယ် ၊အိမ်မှာအသံပလံပေးပြီးခြောက်လန့်တာတွေကို
လုပ်ပြပြီး သတိပေးနေတဲ့သဘောပဲ… ”
“ ဒါဆို သမီး ဘယ်လိုလုပ်သင့်လည်းဆရာ…
သူ့ကို ကျွတ်လွတ်အောင် ဘုန်းကြီးပင့်ပြီး ရည်စူးကုသိုလ်လုပ်ပေးရင်ရောဆရာ ”
မသဲဖြူ၏ စိုးရိမ်တကြီးအမေးစကားကို ဆရာဖြစ်သူက
ခေါင်းတွင်တွင်ခါပြရင်း…
“ ငါ့သမီးကို ဆရာအလွယ်ဆုံးတစ်ခုပြောပြမယ်
သမီးက ဘာသာရေးကိုင်းရှိုင်းတဲ့သူဆိုတော့
နေ့တိုင်းညတိုင်းအမျှအတန်းတွေ ပေးဝေနေမှာပဲလေ…
သူဘာလို့သာဓုမခေါ်လဲ…သူမရတာမဟုတ်ဘူးနော်
မယူတာ…အစွဲသမီးရဲ့..အစွဲ…သိပ်ကြောက်ဖို့ကောင်းတယ်..
သူ သာဓုခေါ်လိုက်ရင် ဒီအိမ်မြေနေရာလေးက ခွဲခွါရမှာကို
သိပ်ကြောက်လို့ တွယ်တာစိတ်နဲ့အမျှပေးလည်း ယူမှာမဟုတ်ဘူး ငါ့သမီး
အနီးစပ်ဆုံးနှိုင်းပြရင် ဆယ်တန်းကျောင်းသားတစ်ယောက်က စာမေးပွဲအောင်ချင်ရင်
ကိုယ်တိုင်စာလုပ်မှဖြစ်မှာလေ… ကျောင်းတွေဘယ်လောက်တက်တက်
ဆရာ ဆရာမတွေက ဘယ်လောက်သင်ပေးသင်ပေး..သူနာခံပြီးသူခံယူကြိုးစားမှ
သူယူတတ်မှ ဒီပညာကိုရပြီး ဆယ်တန်းအောင်မှာလေ… ၊ မယူတဲ့သူကျတော့
ဘယ်အောင်ပါ့မလည်း….အဲ့သဘောပါပဲသမီးရယ် ”
“ရှင်…..ဒ..ဒ..ဒါ…ဒါဆို သမီးတို့တော့
ဒုက္ခရောက်ပါပြီ ကလေးငယ်တွေနဲ့ ဆရာရယ်…
နည်းလမ်းမရှိတော့ဘူးလား ”
“အင်း… ဆရာအကြံပေးနိုင်တာကတော့
အဲ့ဒီနေရာက မြန်နိုင်သမျှမြန်အောင် ပြောင်းကြတော့သမီး
လူ့အသက်ထက် ဘာမှအရေးမကြီးဘူးလေ… ”
မသိခင်ကတော်သေးသည်…သိပြီးကားမှ စိတ်ထဲအိပ်ပြန်ရမည်ကိုပင်
ကြောက်လန့်နေမိပြီ ၊ မျက်စိထဲတွင်လည်းအိပ်မက်ထဲမှ ရုပ်ပျက်ဆင်းပျက်မျက်နာကြီးနဲ့
အဘွားကြီးကို ပြန်ပြန်မြင်မိရင်းကြောက်စိတ်တွေတိုးတိုးလာသလို… ဗေဒင်မေးမိသည်ကိုပင်
နောင်တရမိချေသည် ။
“ ဟာ..မိန်းမ….မင်းအမေတို့ဆီသွားတွေ့တာလည်း
မြန်လိုက်တာ..အိမ်ကကလေးတွေ ထမင်းလည်းကျွေးပြီးပြီ
ဟိုမှာ..ညီအစ်ကိုနှစ်ကောင်ဆော့နေကြတယ်..တွေ့လား…
မင့်သားတွေ… ”
ထိုကိစ္စမျိုးနှင့်ပတ်သတ်ပြီးအယုံအကြည်မရှိသူအယူမသီးတတ်သူ ယောကျာ်းအကြောင်းသိ၍
မိဘအိမ်ခဏသွားမည်ဟု လိမ်ညာပြောပြီး ဗေဒင်သွားမေးခဲ့ရသည့်အတွက်
ဗေဒင်ဆရာပြောသမျှအား ခေတ္တမေ့ထားလိုက်ရင်းအတတ်နိုင်ဆုံး ဟန်ဆောင်ပြုံးပြဖြစ်ခဲ့သည် ။
မသဲဖြူအိပ်ပြန်ရောက်ပြီးနောက်အိမ်နောက်ဖေး ရေချိုးခန်းနှင့်အိမ်သာနေရာအား
ကျောမလုံသလိုဖြင့် ကြည့်နေမိစဉ် ထူးခြားစွာ ကြက်သီးများတဖြန်းဖြန်းထသွားမိပြီး
မျက်နာလွဲလိုက်ရသည် ။ စိတ်ထဲ လေးလံလာသဖြင့် ရွတ်နေကြ ဘုရားဂုဏ်တော်လေးကိုသာ
တွင်တွင်ရွတ်ဆိုမိရင်း လုပ်စရာရှိသည်များကိုသာ ဆက်လုပ်ဖြစ်ခဲ့သည် ..
ဒီလိုနှင့်အိပ်ချိန်သို့ပင်ရောက်လာပြန်သည် ။
“ ဂွမ်း…..ချလွမ်…. ”
မီးဖိုချောင်ဘက်မှ ဖန်ခွက်တစ်ခွက် ကျကွဲသည့်အသံပင်… ၊
ထိုအသံကြားမိ၍ မသဲဖြူအိပ်နေရာမှ ချက်ချင်းနိုးသွားမိသည် ။
“ ဟင်…မီးဖိုခန်းက ဖန်ခွက်ကျကွဲတာပါလား…
ညဘက်ကြီး မှောင်မဲရော… တော်ပါပြီ မနက်မှ စောစောထပြီး
ဖန်ကွဲစတွေသိမ်းတော့မယ် ”
မသဲဖြူ တစ်ကိုယ်တည်းသူ့အတွေးနှင့်သူ သားငယ်နှစ်ယောက် နှင့် ခင်ပွန်းအား
တစ်ချက်ကြည့်လိုက်ပြီး စိတ်ချသွားဟန်ဖြင့် နှစ်နှစ်ခြိုက်ခြိုက် ပြန်အိပ်ဖြစ်ခဲ့သည် ။
သက်တော်ရှည်နေမင်းကြီးအား တိမ်ကလေးများမှ
အခစားဝင်ရန်အခင်းအကျင်းပြနေကြသည့် နံနက်ခင်း
မလင်းတလင်းအချိန်သို့ရောက်ခဲ့ချေပြီ ။
မသဲဖြူလည်း နာရီနိုးစက်မလို ၊ ကြက်တွန်သံမကြားပဲ
အလေ့အကျင့်လုပ်ထားသည့်အတိုင်း စောစီးစွာနိုးနေပြီး
သားနှစ်ယောက်နှင့် ယောကျာ်းဖြစ်သူတို့နိုးလျှင်အသင့်စားသုံးနိုင်ရန်အတွက်
မနက်စာထပြင်ဆင်ဖြစ်သည် ၊ တစ်လက်စတည်းစိတ်ထဲတွင်လည်း
ညမှ ကျကွဲသံကြားလိုက်ရသည့် ဖန်ခွက်အကွဲစများကိုလည်း သိမ်းရဦးမည်ဟုမှတ်ယူထားသည် ။
“ ဟင်….. ဖန်ခွက်….ညက ငါဖန်ခွက်ကျကွဲသံကို သေချာကြားလိုက်ပါတယ်
အခု ဘာဖန်ခွက်မှလည်း ကွဲမနေပါလား ”
အသံကြားလိုက်ပါလျှက် မည်သည့် ဖန်ခွက်မျှမကွဲသလို ဖန်ကွဲစများလည်း
မတွေ့ရသဖြင့် မသဲဖြူ စဉ်းစားစရကြပ်သွားရင်း တစ်စုံတစ်ခုအား
သတိရမိကာ ကြောက်လန့်သွားပြီးအိမ်နောက်ဖေး ရေချိုးခန်းနေရာအားကြည့်လိုက်ရာ
ဝိုးတဝါးအလင်းရောင်အောင် ဆံပင်စုတ်ဖွားနှင့်အဘွားကြီးပုံစံမျိုးအရိပ်တစ်ခုအား
လှစ်ခနဲ့မြင်လိုက်ရလေတော့သည် ။ ကြောက်ရွံ့မှုနှင့်အတူ မသဲဖြူလည်း
ချက်ချင်းအိမ်ရှေ့ကိုပြေးသွားလိုက်ပြီးနောက် ဘုရားစင်ရှေ့တွင် ထိုင်ကာ
မြတ်စွာဘုရားရှင်အားအာရုံပြု ရှင့်ခိုးရင်း ရသမျှ ဘုရားစာတွေအကုန် တန်းဆီရွတ်ဆိုဖြစ်တော့သည် ၊
ထိုအချိန်တွင်လည်း တိုက်တိုက်ဆိုင်ဆိုင် တစ်အိမ်လုံးအိပ်နေပါလျှက်အိမ်နောက်ဖေးရေချိုးခန်းနှင့်
အိမ်သာနေရာမှ တစ်စုံတစ်ယောက် ဒေါသတကြီး တောက်ခေါက်လိုက်သည့်အသံကို
ကြားလိုက်ရတော့သည် ။
“ တောက်…. ”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မသဲဖြူ ၏ သားအကြီးကောင်လေး ဆေးရုံမှ ဆင်းလာပြီး ရက်အနည်းငယ်အတွင်း
ဖြစ်သွားသည့်အဖြစ်အပျက်တစ်ခုလည်းရှိသေးသည်… ၊
သားအငယ်ကောင်လေးမှ လူကြီးများအလုပ်ရှုပ်နေတုန်း
အိမ်ရေမော်တာ တင်ထားသည့် ရေစက်မော်တာထဲ သူ့လက်ညှိုးသေးသေးလေးကို
ထိုးထည့်လိုက်ပြီးနောက် လက်ညှိုး ပြတ်သွားသေးသည်…. ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“ ညီမလေး မမနဲ့ခဏလိုက်ခဲ့ပေးပါလား ဘုရားသွားရင်း
ဗေဒင်လေးလည်း မေးချင်လို့…. ”
“ ဟုတ် မမ ညီမလေး လိုက်ခဲ့ပေးမယ်…. ”
ဖုန်းနဲ့ ညီမဖြစ်သူအား လှမ်းခေါ်လိုက်ပြီးအချိန်တစ်ခုတွင်း
အချိန်းအချက်လုပ်ကြကာ..ညီအစ်မနှစ်ယောက်
မြို့ထဲမှ တန်ခိုးကြီး ဘုရားတစ်ဆူသို့သွားဖြစ်ခဲ့ကြသည် ။
ဘုရားသွား ကုသိုလ်ပြုပြီးနောက် ဘုရားခြေရင်းရှိ
နာမည်ကြီး ဗေဒင်ဟောခန်းတစ်ခုအတွင်း ဝင်ဖြစ်ခဲ့ကြသည် ။
မသဲဖြူ ပထမအကြိမ်အခြားနေရာတွင် ဗေဒင်မေးထားသည်ကို
ဟုတ်မဟုတ် သိချင်သိကတစ်ကြောင်း ၊အိမ်တွင် ဖြစ်နေသည့်
သဘာဝလွန်ဖြစ်စဉ်များအကြောင်း သိချင်ပြီး မည်သို့ ကာကွယ်ရမည်ကို
သိချင်သည့်အတွက် ထိုနေရာသို့ရောက်လာရခြင်းပင် ။
ဒီတစ်ကြိမ်တော့ ပထမဗေဒင်ဆရာလိုမျိုးအိပ်မက်အကြောင်းလည်းကို
နင်းပြီး မဟောစေလို၍အိမ်မက်အကြောင်းများအိမ်အကြောင်းများ
ကြိုမပြောတော့ဟု ဆုံးဖြတ်ကာ…
“ ဟုတ် ဆရာမ…သမီး…… ” ဟု ဆိုယုံရှိသေးသည်…
မေးပင်မပေးရသေးချိန်မှာပင်…. ဗေဒင်ဆရာမက
မသဲဖြူအား စူးစူးရဲရဲကြီး စိုက်ကြည့်နေရင်း…
သူ၏ ဦးခေါင်းတွင် ထုံးစည်းထားသည့် ဆံထုံးကိုလည်း
ဖြည်ချလိုက်ပြီး...ဆံပင် ဖွားလျားအနေအထားကြီးဖြင့်
ဒေါသတကြီး ….စားပွဲခုံကြီးအား လက်ဖြင့် ထုရိုက်လျှက်
“ ဟဲ့…… ညည်းတို့ မိသားစု ငါ့နေရာကနေ
ဒီနှစ်ကုန်အတွင်း ထွက်ရင်ထွက်သွား မသွားဘူးဆို
ငါ့အကြောင်းသိစေရမယ်ဟေ့… ညည်းတို့ ကား ဝေါ့ရှော့ ရှေ့မှာ
မဏ္ဍပ်ထိုးပြီး ငိုချင်တယ်ဆိုရင်တော့ ဆက်နေကြပေါ့…. ” ဟုအော်ဟစ်
ကြိမ်းမောင်းလေသည် ။
မသဲဖြူ တို့ ညီအစ်မလည်း မထင်မှတ်ထားသော
ဗေဒင်ဆရာမ ၏အပြုအမူကြောင့်အတော်လေး ချောက်ချားသွားစဉ်…
ညီမဖြစ်သူ မပိုးအိမ်မှအရဲစွန့်ပြီး ပြန်မေးလိုက်သည် ။
“ ရှင် ဘယ်သူလဲ… ဘာတွေလာပြောနေတာလဲ… ”
“ ဟဲ့….ငါက ပိုင်ရှင်ဟဲ့..ဒီကောင်မတွေ နေနေတာ
ငါပိုင်တဲ့ ငါ့နေရာမှာဟဲ့….အီး…..အီး….ဟီးဟီးဟီးဟီး ”
ဗေဒင်ဆရာမကြီးမှာ မသဲဖြူအား လက်ညှိုးထိုးလျှက်
ထိုသို့ ပြန်ပြောရင်း လူနာတစ်ဦးသဖွယ် ညည်းနေပြန်သည် ။
မသဲဖြူ လည်းအကြောက်လွန်ပြီး ညီမဖြစ်သူလက်မောင်းအား
ဆုပ်ကိုင်လျှက်သားဖြင့် ပြန်မေးကြည့်မိလိုက်သေးသည် ။
“ ဒ…ဒ..ဒဒ…ဒါဆို..ရှင်ကအိမ်ကနေ ဒီကို
ဘယ်လို လိုက်လာတာလဲ ”
“ ဟားဟားဟားဟား…. ငါက ညည်းတို့လုပ်နေတာတွေအကုန်မြင်နေရတယ်..
မနက်က နင်အိမ်ရှေ့မှာ နင့်ညီမနဲ့ ဒီကိုလာဖို့ ချိန်းနေကြတာ
ငါသိလို့… ညည်းတို့ဆိုင်ကယ်နောက်ကနေငါ ကပ်လိုက်လာတာ…အီးးဟီး..ဟီး…ဟီး…ဟီး… ”
“ ကျွန်မတို့ မိသားစုအဲ့ဒီနေရာလေးမှာ နေတာ
ဘာဖြစ်လို့လဲရှင်..ရှင်တို့ကိုလည်း ထိခိုက်အောင်မလုပ်မိပါဘူး…”
မသဲဖြူ နောက်တစ်ခွန်းပြောလိုက်တော့
သရဲပူးနေသည့် ဗေဒင်ဆရာမကြီးက….
“ မလိုချင်ဘူး..ငါ့နေရာမှာ ဘယ်သူမှ လာမနေရဘူး..
ငါမကြိုက်ဘူး… ၊ ညည်းကိုလည်း ငါအသံတွေပေးလိုက် ၊
အိပ်မက်တွေပေးလိုက်နဲ့ သတိပေးထားပြီးသား…. ၊
ငါလူစားတော့မှာနော်… ၊ ညည်းက
ဘုရားတရားလုပ် ငါတို့ကို မေတ္တာပို့ပေးနေတော့ ညည်းကို
သနားလို့ သတိပေးယုံလောက်လုပ်နေတာ…
ညည်းသားနှစ်ကောင်ကို ငါအစိမ်းလိုက်စားမလို့လုပ်နေတာ… ၊
ညည်းကို သနားလို့အကြီးကောင်ကို လက်ကျိုးတဲ့အထိ ၊
အငယ်ကောင်ကို လက်ညှိုးပြတ်တဲ့အထိလောက်ပဲ
လုပ်ပြလိုက်တာ..သဘောပေါက်…. ၊အခု ညည်းတို့သား ဆေးဖိုးနဲ့တင်
ညည်းတို့အတော်ကုန်သွားတယ်မို့လား… ဟား..ဟား..
နောက်ပြီး ညည်းယောကျာ်း..အဲ့ကောင်….အလုပ်လုပ်တာအဆင်မပြေအောင်လည်း
ငါပဲလုပ်နေတာ… ဒီကောင် လုပ်ငန်းမှာအလျှော်တွေများနေတာ ညည်းမသိဘူးမို့လား
အေးလေ..ဘယ်သိပါ့မလဲ… ဟိုကောင်က ညည်းကိုချစ်တော့ ညည်းစိတ်ညစ်မှာစိုးလို့
ဖုံးထားတာကို…. ၊အခု ညည်းဆို့ဆီမှာ ဘာကျန်သေးလဲ… ၊ ငွေလည်းကုန်ပြီ…လူတွေလည်း မမာတော့ဘူး ၊
ငါနောက်ဆုံးပြောလိုက်မယ်… ၊ ညည်းတို့ မိသားစု ငါ့နေရာက ထွက်သွားပေးကြပါ ၊
ညည်းတို့တွေကို နေရာသစ်မှာအရင်ကထက်အဆင်ပြေလာအောင် ငါကူညီပေးမယ်… ၊
လူကြားထဲ လက်မထောင်နေနိုင်အောင် ငါလုပ်ပေးမယ်… ၊ ဒီနှစ်ကုန်အထိ ငါစောင့်နေမယ်…
ညည်းကတိပေးမလား… ”
အစက ဒေါနဲ့မောနဲ့ပြောနေပေမယ့် နောက်ပိုင်းတွင် ညှိနှိုင်းသည့် သဘောလေးများဖြင့်
ပြောနေသည့် သရဲမစကားတွေကြောင့် မသဲဖြူလည်းအံ့သြသင့်သွားပြီး
ကြောက်လည်း ကြောက်သဖြင့် … လက်ခံကြောင်း ကတိပြုလိုက်တော့သည် ။
“ ဟုတ်ကဲ့ ကတိပေးပါ့တယ်ရှင်…ဒီနှစ်ကုန်အထိပဲနေပါ့မယ်….
တစ်ခုလောက်တော့ တောင်းဆိုပါရစေ..ဒီကြားထဲတော့ ကျွန်မတို့ မိသားစုကို
ဒုက္ခထက် မပေးပါနဲ့တော့နော်… ”
“အေး..အေး..ကောင်းပြီ ညည်းဘက်ကသာ ကတိတည်ပါ့စေ…
ကဲ့ငါသွားမယ်…ဘုရားစင်ပေါ်မှာ တင်ထားတဲ့ ရေမွှေးနဲ့
ငါ့ကို ဖြန်းပေး..ဒါမှ ငါထွက်လို့ရမှာ… ”
မသဲဖြူ တို့ ညီအစ်မလည်း သရဲမကြီးခိုင်းသည့်အတိုင်း
ဗေဒင်ခန်း ဘုရားစင်ပေါ်မှ ရေမွှေးလေးဖြင့် ဖြန်းပေးလိုက်ရာ
သရဲမကြီး ထွက်သွားပြီး ဗေဒင်ဆရာမလည်းအသိပြန်ဝင်လာလေသည် ။
“အား..ကျွတ်ကျွတ်ကျွတ် ဇာတ်ကြောတွေ တင်းပြီး ခေါင်းတွေကိုက်လိုက်တာ
ဆရာမ ဘာဖြစ်သွားတာလဲ သမီးတို့… ”
မသဲဖြူ တို့နှစ်ယောက်သား တစ်ယောက်မျက်နာတစ်ယောက်ကြည့်ပြီး
ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်ရာ ဗေဒင်ဆရာမလည်း မျက်လုံးပြူးသွားရင်း
ဘုရားတနေလျှက်….
“ ဘုရား…ဗေဒင်ဟောစားနေတာ သေတော့မယ်…
ဒီလိုမျိုးကြုံဖူးတာ..ဒါပထမဆုံးပဲ သမီးတို့ရေ…အမလေးးလေး… ”
သေချာသည်က ဗေဒင်ဆရာမ လိမ်ညာ ဟန်ဆောင်ခြင်းလုံးဝမဟုတ်… ၊
ဟန်ဆောင်ခြင်းဆိုခဲ့ကာမူ………
ဗေဒင်ဆရာမနှင့် မသဲဖြူ တို့ တစ်ကြိမ်မျှ ဆုံဖူးခြင်းမရှိ ၊ မသဲဖြူ တို့အိမ်အကြောင်း ၊
သားကြီး လက်ကျိုးသည့်အကြောင်း ၊ ယောကျာ်းဖြစ်သူ လုပ်ငန်းပြသနာတွေအကြောင်း ၊
အိပ်မက်တွေအကြောင်း…. ၊ မည်သည်ကြောင့် တိတိကျကျပြောနိုင်သနည်း?.......
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(အပိုင်း ၃ ဇာတ်သိမ်း … မျှော်)
~ မိုးစွေ ~
စာပြီးချိန် - 30.10.2018 ( 11 : 29 Pm )
ဆောင်းပါးများ