ရွှေယမင်းဖောင်ဒေးရှင်းက ဆင်းရဲနွမ်းပါး၊ မိဘမဲ့၊ မှီခိုမဲ့၊ နေအိမ်မဲ့နေသော ကလေးများအား အစားအစာနှင့် ကျန်းမာရေး၊ ပညာရေး စောင့်ရှောက်ပေးလျက်ရှိ
mmtimes.com
|
2019-12-13

ရွှေယမင်းဖောင်ဒေးရှင်းက ဆင်းရဲနွမ်းပါး၊ မိဘမဲ့၊ မှီခိုမဲ့၊ နေအိမ်မဲ့နေသော ကလေးများအား အစားအစာနှင့် ကျန်းမာရေး၊ ပညာရေး စောင့်ရှောက်ပေးလျက်ရှိ

ကြော်ငြာဆောင်းပါး ကြော်ငြာဆောင်းပါး 13 Dec 2019

ရွှေယမင်းဖောင်ဒေးရှင်း (The Shwe Yamin Foundation) သည် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု မှတ်ပုံတင်ရေးအဖွဲ့တွင် တရားဝင် မှတ်ပုံတင်ကာ မြန်မာနိုင်ငံအဝှမ်းရှိ အထူးသဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများမှ ဆင်းရဲနွမ်းပါး၊ မိဘမဲ့၊ မှီခိုမဲ့၊ နေအိမ်မဲ့၊ အစစအရာရာချို့တဲ့နေသော ကလေးများအား အစားအစာနှင့် ခေတ္တခိုနားရာ နေရာများ စီစဉ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ပညာသင်ကြားပေးခြင်းနှင့် အသက်မွေးဝမ်းကျောင်း ပညာပေးခြင်းလုပ်ငန်းများ အစရှိသည်တို့ကို ကုလသမဂ္ဂ ကလေးများအခွင့်အရေးပြဋ္ဌာန်းချက်များ ဘောင်အတွင်းမှ ထိုင်းနိုင်ငံနှင့် ဟောင်ကောင်တို့ရှိ The HUB Foundation တို့၏ အတွေ့အကြုံ ဗဟုသုတများကို အခြေခံ၍အောက်ပါ လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့ သိပ္ပံလမ်းရှိ ဝိသုဒ္ဓါရာမချမ်းမြေ့သာယာအေးစာသင်တိုက်ဝင်းအတွင်းတွင် ကျောင်းဆောင် ဆောက်လုပ်ပြီး မိဘမဲ့နှင့် ဆင်းရဲနွမ်းပါးသော ကလေးငယ် ၄၆ ယောက်ကို လက်ခံနေထိုင်စေ၍ ကျောင်းပညာရေးအတွက် ကျောင်းဝတ်စုံ၊ စာရေး ကိရိယာနှင့် ဆရာ၊ ဆရာမများ ငှားရမ်းကာ စာသင်ကြား ပို့ချပေးခြင်း၊ ကိုယ်ကာယဖွံ့ဖြိုးရေးနှင့် အခြားစိတ်ဓာတ်ရေးရာ ဖွံ့ဖြိုးရေးသင်တန်းများပို့ချခြင်း စသည့်လုပ်ငန်းများကို ဝန်ထမ်းအင်အား ပြည့်စုံစွာဖြင့် စောင့်ရှောက်ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ ကလေးငယ်ပေါင်း ၁၈၀ ကျော်ခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။

the-shwe-yamin-foundation-2.jpg

ဓာတ်ပုံ - ပေးပို့။

ကျန်းမာရေးစောင့်ရှောက်မှုအတွက် စာသင်တိုက် ကျောင်းဝင်းအတွင်း ရွှေယမင်းအခမဲ့ ဆေးခန်း ဖွင့်လှစ်ကာ ဆရာဝန်တစ်ဦး၊ သူနာပြု ၂ ဦး၊ သူနာပြုအကူ ၁ ဦးတို့က နေ့စဉ် ညနေ ၄ နာရီမှစ၍ အဆိုပါကလေးငယ်များနှင့် ပြင်ပလူနာများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး စောင့်ရှောက်ထားသော ကလေးသူငယ်များ သာမက ရွှေယမင်းအခမဲ့ ဆေးခန်းက တစ်ရက် လူနာ ၃၅ ယောက်နှုန်းဖြင့် အခမဲ့ ဆေးကုသပေးသည့်အပြင် ပတ်ဝန်းကျင်ရှိ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်သူများကိုလည်း ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။ ၂၀၁၈ ခုနှစ် မေလတွင် ရွှေယမင်းဖောင်ဒေးရှင်းသည် ဒဂုံဆိပ်ကမ်းမြို့နယ် ဝိသာခါသီလရှင်ပညာရေးကျောင်းတွင် နောက်ထပ် ကလေးငယ် အယောက် ၁၂၀ အား ပညာရေး၊ ကျန်းမာရေးနှင့် အစားအစာထောက်ပံ့ပေးမှု အစီအစဉ်များအား ထပ်မံတိုးချဲ့ ဆောင်ရွက်ခဲ့သည်။

ထို့ပြင် အဆိုပါဖောင်ဒေးရှင်းက ၂၀၁၈ ခုနှစ် သြဂုတ်လတွင်လည်း ဒဂုံဆိပ်ကမ်းမြို့နယ်တွင် မြေကွက် ဝယ်ယူကာ သုံးထပ်ကျောင်းဆောင်တစ်ဆောင်ကို ဆောက်လုပ်ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ရွှေယမင်းဖောင်ဒေးရှင်း အမျိုးသမီးများ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခမဲ့သင်တန်းကျောင်းကို သင်တန်းသူ အယောက် ၂၀ နှင့်စတင်ကာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။

the-shwe-yamin-foundation-3.jpg

ဓာတ်ပုံ - ပေးပို့။

အခမဲ့သင်ကြားပေးသော သင်တန်းများမှာ -

၁။ စက်ချုပ်သင်တန်း

၂။ မိတ်ကပ် ဆံပင် သင်တန်း

၃။ ဆံပြင်ပညာ (ညှပ်၊ ကောက်၊ ဖြောင့်၊ ဆေး)

၄။ အင်္ဂလိပ်စာ သင်တန်း (အခြေခံ)

၅။ ကွန်ပျူတာ သင်တန်း

၆။ လူမှုပေါင်းသင်းဆက်ဆံရေး ပညာသင်တန်း

၇။ ကိုယ်ခန္ဓာ ကြံ့ခိုင်ရေးလေ့ကျင့်ခန်းပို့ချပေးသော သင်တန်းများ

အထက်ပါသင်တန်းများကို သင်တန်းကာလ ၆ လ သတ်မှတ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရွှေယမင်းဖောင်ဒေးရှင်း (The Shwe Yamin Foundation) သည် ပြည်တွင်း ပြည်ပ မိတ်ဖက်အဖွဲ့ အစည်းများကို ဖိတ်ခေါ်လျက် အတူလက်တွဲကာ မြန်မာနိုင်ငံအတွင်း၌ အခမဲ့ပညာရေး၊ အခမဲ့ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခမဲ့သင်တန်း ဝန်ဆောင်ပေးခြင်းစသည့် လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ရွှေယမင်းဖောင်ဒေးရှင်းသည် မိမိတို့ ဖောင်ဒေးရှင်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ဆရာဆရာမများနှင့် မိမိတို့ တာဝန်ယူစောင့်ရှောက်နေသော ကျောင်းသူ ကျောင်းသားများအတွက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု တိုးတက်ရေးအတွက်လည်း နိုင်ငံခြားမှ ပညာရှင်များကို ဖိတ်ခေါ်ကာ နှစ်စဉ် သင်ကြားလေ့ကျင့်ပေးလျက်ရှိသည်။




Some text some message..