မန္တလေးပညာရေးကောလိပ် ကျောင်းသားကျောင်းသူ ၇ဝ ခန့်က ပညာရေးကောလိပ်မှ မနောရမ္မံ ဥယျာဉ်အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်နေစဉ်။
စာသင်ကာလ ယခင်အတိုင်းထားရှိရေး မန္တလေးပညာရေးကောလိပ် ကျောင်းသားများ ဆန္ဒထုတ်ဖော်
ပညာရေးဝန်ကြီးဌာနက မတ်လအထိ စာသင်ချိန်တိုးမြှင့်လိုက်ခြင်း အပေါ်အဆင်မပြေမှုများရှိနိုင်သောကြောင့် ယခင်အတိုင်းထားရှိရေး အတွက် မန္တလေးပညာရေးကောလိပ် ကျောင်းသားကျောင်းသူ ၇ဝ ခန့်က ဇန်နဝါရီ ၂ဝ ရက် နံနက်ပိုင်းတွင်ပညာရေးကောလိပ်မှ မနောရမ္မံ ဥယျာဉ်အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
''မတ်လကုန်အထိ ပညာသင်ကာလ တိုးမြှင့်လိုက်တာကို ရုပ်သိမ်း ပေးဖို့ပါ။ အစိုးရစစ်စာမေးပွဲက အရင်ကျောင်းစစ်တွေက နောက်မှ ဖြစ်နေတယ်။ အရင်က မတ် ၁၃ ရက်နောက်ပိုင်း ကျောင်းတွေအားလုံး ပြီးသွားပြီ။ အရင်အတိုင်းပဲဖြစ်ချင်ပါတယ်။ ပြောင်းလဲမပေးရင်တော့ သပိတ်အထိ ဆင်နွှဲဖို့ရှိတယ်''ဟု မန္တလေးပညာရေးကောလိပ်မှ ကိုသက် နောင်က ပြောသည်။
လက်ရှိအစိုးရလက်ထက်တွင် ပညာရေးပြုပြင်ပြောင်းလဲမှုများကို ကျေနပ်မှုရှိသော်လည်း နိုင်ငံ၏ပညာရေးသင်ရိုးသစ်ပြောင်းလဲကျင့် သုံးရာတွင်အဆင်မပြေမှုများ၊ အားနည်းမှုများနှင့် သင်ထောက်ကူလိုအပ် ချက်များကြောင့် ရာခိုင်နှုန်းပြည့် မဖြစ်နိုင်သေးကြောင်း မန္တလေးပညာရေး ကောလိပ်မှ ကိုအောင်ဖြိုးဝေက သုံးသပ်ခဲ့သည်။
မန္တလေးပညာရေးကောလိပ် ကျောင်းသားကျောင်းသူများ လမ်းလျှောက် ဆန္ဒထုတ်ဖော်မှုတွင် စစ်ကိုင်းပညာရေးကောလိပ်မှလည်း ပူးပေါင်းပါဝင် ခဲ့ပြီးကြွေးကြော်သံများဖြင့် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။