အပြာရောင်ကမ္ပည်း တင်ခွင့်မရသေးတဲ့ ပလာတာကောလိပ်
mmtimes.com
|
2020-01-21



ရန်ဒေးရီးယား (သို့မဟုတ်) အရေးပေါ်တက္ကသိုလ် (ရန်ကုန်) (သို့မဟုတ်) ပလာတာကောလိပ်အဆောက်အအုံ။ သိမ့်မွန်စိုး (ဂျေ)/မြန်မာတိုင်း(မ်)

အပြာရောင်ကမ္ပည်း တင်ခွင့်မရသေးတဲ့ ပလာတာကောလိပ်

မဟာဗန္ဓုလလမ်းကတစ်ဆင့် ရွှေဘုံသာလမ်း (ယခင် မဂိုလမ်း) အောက်ဘက်ကို ချိုးကွေ့လိုက်တာနဲ့ ''ရွှေရောင်းမလို့လား၊ ကြိုက်ဈေးပေးမယ်နော်'' ဆိုတဲ့ လူနှစ်ယောက် သုံးယောက်လောက် ဝိုင်းမေးခံရတာမျိုးက ဒီလမ်းထဲကို ရောက်ဖူးသူ တော်တော်များများ ကြုံတွေ့ရဖူးပါတယ်။

ဒီလိုအမေးခံရတာမျိုးက စိတ်ကသိကအောက် ဖြစ်စရာပေမဲ့ ဒါက ဗြိတိသျှခေတ်က အိန္ဒိယလူမျိုး ရွှေနဲ့ကျောက်ပွဲစားတွေ ခြေရာချင်းထပ်ခဲ့တဲ့ ရွှေဘုံသာလမ်းရဲ့အငွေ့အသက်တွေ ကျန်ရစ်နေသေးတဲ့ အရိပ်လက္ခဏာမျိုးလည်း ဖြစ်နေပြန်ပါတယ်။

နာမည်ကျော်ပန်းဆိုးတန်းလမ်းနဲ့ ဗိုလ်အောင်ကျော်လမ်းတို့လိုပဲ ရွှေဘုံသာလမ်းဟာ ဝိတိုရိယခေတ် ကိုလိုနီအဆောက်အအုံတွေနဲ့ ၁၈၈ဝ နှောင်းပိုင်းက ဆောက်လုပ်ခဲ့တဲ့ ဘာသာရေးအဆောက်အအုံတွေ တည်ရှိရာလမ်းဖြစ်ပါတယ်။

အသက် ၇ဝ နီးပါးရှိပြီဖြစ်ပြီး မောင်ရင့်ကျူး(မြောင်းမြ) ကလောင်နာမည်နဲ့ စာအုပ်များစွာ ရေးသားထုတ်ဝေခဲ့တဲ့ ဦးကျော်ခင်မြင့်ဟာ သီပေါမင်းပါတော်မူတဲ့နှစ်၊ ၁၈၈၅ ခုနှစ်မှာ တည်ဆောက်ထားတဲ့ ယခု အထက(၂) ပန်းဘဲတန်း အဆောက်အအုံမြေညီထပ်မှာ ဖွင့်ထားတဲ့ 'စိန်ရတနာ' ရွှေဆိုင်မှာထိုင်ကာ သူ့အမျိုးသမီးနဲ့ စကားစမြည်ပြောနေပါတယ်။

ရွှေတစ်ကျပ်သားကို ကျပ် ၂,၅ဝဝ ခေတ်က ဇနီးဖြစ်သူဒေါ်စိန်စိန်ရဲ့ ဦးလေးပိုင်ရွှေဆိုင်ကို လွှဲပြောင်းဝယ်ယူပြီး အဲဒီနေရာလေးမှာပဲ ဆက်လက်လုပ်ကိုင်နေခဲ့တာ ခုဆိုရင် နှစ်ပေါင်း ၄၅ နှစ်လောက် ရှိခဲ့ပါပြီ။ တကယ်တော့ အဲဒီခေတ်က ရွှေဘုံသာလမ်းထဲမှာ မြန်မာလူမျိုးပိုင်ရွှေဆိုင်ဆိုတာ အတော်လေးရှားပါတယ်။



ဦးကျော်ခင်မြင့်က သူ့အမျိုးသမီးဖြစ်သူ ဒေါ်စိန်စိန်ကို အစွဲပြုပြီးမှည့်ထားတဲ့ သူတို့ဇနီးမောင်နှံရဲ့ 'စိန်ရတနာ' ဆိုင်ကတော့ အဲဒီခေတ်က မဂိုလမ်း အောက်ဘလောက်မှာ ဒေါ်ကြည်ကြည်ဦးစီးတဲ့ ကြည်ရတနာရွှေဆိုင်၊ မိုးကုတ်က ဒေါ်ခင်မြင့်ရဲ့ မြရတနာဆိုင်တွေနဲ့ အပြိုင်အဆိုင်ရှိခဲ့ပါတယ်။

time-26b.jpg


ခုချိန်မှာတော့ မြန်မာလူမျိုးပိုင် ရွှေဆိုင်တွေထဲက သက်တမ်းရင့်ရွှေဆိုင်ဆိုလို့ သူ့တစ်ဆိုင်ပဲ ရှိပါတော့တယ်။ ပြီးတော့ သူ့ရွှေဆိုင်လေးက သမိုင်းဝင်ဒီအဆောက်အအုံရဲ့အောက်ထပ်မှာ ဖွင့်ထားတော့ သူ့အတွက် ပိုလို့ဂုဏ်ယူဖွယ်ရာ ဖြစ်နေပါသေးတယ်။

လက်မ ၃ဝ ခန့်ထူတဲ့ အုတ်နံရံတွေကာရံထားတဲ့အဆောက်အအုံရဲ့အမိုးကို သံတန်း၊ သံတိုင်၊ သံရက်မတွေနဲ့ တည်ဆောက်ထားတဲ့အပြင် အင်္ဂတေပန်းဆွဲတွေနဲ့ ဗိသုကာလက်ရာမြောက် ရှေးဟောင်းအဆောက်အအုံဟာ စစ်ပြီးစ အရေးပေါ်တက္ကသိုလ်ဖွင့်လှစ်ဖူးတဲ့ သမိုင်းဝင်အဆောက်အအုံတစ်ခုဖြစ်ပါတယ်။

ရာသီဥတုဒဏ်ကြောင့် ဆေးရောင်တွေ ခပ်မှိန်မှိန်ဖြစ်နေတဲ့ အစိမ်းရောင်အဆောက်အအုံဟာ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ရာအဖြစ် ရွှေဘုံသာလမ်း အောက်ဘလောက်မှာ တည်ငြိမ်အေးဆေးစွာ တည်ရှိနေပါတယ်။ အဲဒီအဆောက်အအုံအောက်ထပ်မှာ ရွှေဆိုင်ဖွင့်ထားသူ ဦးကျော်ခင်မြင့်ကိုယ်တိုင်ကလည်း စိတ်ဝင်စားဖွယ်သမိုင်းကြောင်းနဲ့ ပြည့်နှက်နေတဲ့ ဒီအဆောက်အအုံကို ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့က အာရုံစိုက်လာပြီး အပြာရောင်ကမ္ပည်းပြား လာရောက်တပ်ဆင်ဖို့ မျှော်လင့်နေသူပါ။




ဒုတိယကမ္ဘာစစ်ဖြစ်တော့ ရန်ကုန်တက္ကသိုလ်က စာသင်ဆောင် တချို့ ဗုံးဒဏ်ကြောင့် မီးလောင်ပျက်စီးသွားတယ်။ စစ်ပြီးသွား တော့ ရန်ကုန်တက္ကသိုလ်ကြီးကို ပြန်မွမ်းမံနေတဲ့အချိန်မှာ ...

''ဒီအဆောက်အအုံမှာ စစ်ပြီးခေတ်က အရေးပေါ်တက္ကသိုလ် ဖွင့်သွားခဲ့တယ်။ ၁၉၄၂ ခုနှစ်က ၁၉၄၅ ခုနှစ်အတွင်း ဒုတိယကမ္ဘာစစ်ဖြစ်တော့ ရန်ကုန်တက္ကသိုလ်က စာသင်ဆောင်တချို့ ဗုံးဒဏ်ကြောင့် မီးလောင်ပျက်စီးသွားတယ်။ စစ်ပြီးသွားတော့ ရန်ကုန်တက္ကသိုလ်ကြီးကို ပြန်မွမ်းမံနေတဲ့အချိန်မှာ ဆရာဇော်ဂျီနဲ့ ဆရာမင်းသုဝဏ်တို့က အရေးပေါ်တက္ကသိုလ်ဆိုပြီး ဒီမှာလာဖွင့်တယ်'' လို့ ဦးကျော်ခင်မြင့်က ပြောပါတယ်။

မူလက ရန်ဒေးရီးယား (Rendaria school) မွတ်စလင်စာသင်ကျောင်းဖြစ်ခဲ့ပြီး အဆောက်အအုံရဲ့ မျက်နှာချင်းဆိုင်မှာတည်ရှိတဲ့ ဆူရ်တီဗလီနဲ့ ၁၈၈၅ ခုနှစ်မှာ တစ်ချိန်တည်း တည်ဆောက်ခဲ့တာမို့ ခုဆို အဆောက်အအုံရဲ့သက်တမ်းက ၁၃၅ နှစ် ရှိသွားပါပြီ။ ဗလီနဲ့ကျောင်းကို ကိုလိုနီခေတ်က သူဌေးတစ်ဦးဖြစ်တဲ့ မာရီယန်ဘီဘီက လှူဒါန်းခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

''အဆောက်အအုံက ပလာတာကောလိပ်ဆိုပြီး နာမည်ကြီးပါတယ်။ ရန်ကုန်တက္ကသိုလ် ကျောင်းသူကျောင်းသားတွေက ဒီမှာကျောင်းလာတက်တော့ ဆူရ်တီဗလီအောက်မှာ ခင်မောင်မြင့်ဒံပေါက်ဆိုင် ရှိတယ်။ အဲဒီက ကီးမားပလာတာကြော်တဲ့အနံ့က အပေါ်ထပ်မှာ စာသင်နေတဲ့ ကျောင်းသူကျောင်းသားတွေအထိ မွှေးလွန်းတော့ ဗိုက်ဆာလို့ အတန်းနားချိန်မှာ ပလာတာဝယ်စားကြတာကို အစွဲပြုပြီး ခေါ်ဝေါ်ကြတာပါ'' လို့ ဦးကျော်ခင်မြင့်က ပြောပါတယ်။

time-26c.jpg


ဆူရ်တီ ဗလီ၊ ဦးကျော်ခင်မြင့်နှင့် 'ဆေးဗိမာန်' ဆေးဆိုင်။ သိမ့်မွန်စိုး (ဂျေ)/မြန်မာတိုင်း(မ်)

ပလာတာကောလိပ်မှာ ကျောင်းသူကျောင်းသား ၄၂၁ ဦး တက်ရောက်သင်ယူခဲ့ပြီး ဥပစာတန်းမှာ အင်္ဂလိပ်စာ၊ မြန်မာစာ၊ ရာဇဝင်၊ ပထဝီဝင်၊ သတ္တဗေဒ၊ ပါဠိ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒနဲ့ ဇီဝဗေဒဘာသာရပ်ကို သင်ကြားခဲ့ပြီး ဝိဇ္ဇာနဲ့သိပ္ပံတန်းမှာ အင်္ဂလိပ်စာ၊ မြန်မာစာ၊ ရာဇဝင်၊ ပထဝီဝင်၊ သဘာဝသတ္တဗေဒ၊ နိုင်ငံရေးသိပ္ပံ၊ ပါဠိ၊ သင်္ချာ၊ ဘောဂဗေဒနဲ့ ဓာတုဗေဒဘာသာရပ်တွေကို သင်ကြားပေးခဲ့ပါတယ်။

''၁၉၆၄ ဧပြီလမှာ ရန်ကုန်မှာရှိတဲ့ တရုတ်ကျောင်းနဲ့ အိန္ဒိယကျောင်းတွေကို ပြည်သူပိုင်သိမ်းလိုက်တဲ့အချိန်မှာ ဟိုတုန်းက ရန်ဒေးရီးယန်း မွတ်စလင်စာသင်ကျောင်းက အထက(၂) ပန်းဘဲတန်း ဖြစ်သွားခဲ့ပါတယ်'' လို့ သူက ပြောပါတယ်။

ဦးကျော်ခင်မြင့်ဟာ မြောင်းမြဇာတိသားဖြစ်ပြီး ငယ်စဉ်ကတည်းက ရွှေဘုံသာလမ်းနဲ့ အကျွမ်းတဝင်ရှိခဲ့ပါတယ်။ မိဘတွေက မြောင်းမြမှာရွှေဆိုင်ဖွင့်ပြီး ရန်ကုန်မြို့ ရွှေဘုံသာလမ်းထဲမှာ ရွှေလာဝယ်ရင် သူက မိဘနဲ့ပါလာတတ်သူပါ။

ဒါကြောင့် လွန်ခဲ့တဲ့ဆယ်စုနှစ်များတုန်းက လမ်းထဲက လူတွေအကြောင်းဟာ သူ့ခေါင်းထဲမှာ ထင်ထင်ရှားရှားရှိနေပါသေးတယ်။

''ရွှေဘုံသာလမ်းအောက်လမ်းက ဟိုတုန်းက အိန္ဒိယလူမျိုးတွေများတယ်။ ဟိန္ဒူလူမျိုးတွေ၊ တမီလူမျိုးတွေများပြီး အရောင်းအဝယ်တွေလုပ်တာ များတယ်။ ရန်ကုန်ကိုတက်လာရင် အိန္ဒိယလို မပြောတတ်ရင် ရောင်းလို့ ဝယ်လို့မရဘူး။ ၁၉၆၂ ခုနှစ်မှာ ဦးနေဝင်းတက်လာတဲ့အချိန် နိုင်ငံခြားသားတွေကို ပြန်ခွင့်ပေးလိုက်တော့ မိုဟာမဒီသင်္ဘောနဲ့ ရွှေဘုံသာလမ်းထဲက သူဌေးတွေက အိန္ဒိယကို ပြန်ကုန်ကြတယ်'' လို့ သူက ပြောပါတယ်။

၁၉၆ဝ ပြည့်နှစ်ဝန်းကျင်ကတော့ ရွှေနဲ့ ကျောက်မျက်ရတနာဆိုင်တွေ၊ ရွှေကုန်သည်ပွဲစားတွေက အိန္ဒိယလူမျိုးတွေ ပိုင်ကြပြီး မြန်မာလူမျိုးအနည်းစုသာ ဒီလုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။ ခုချိန်မှာတော့ ရွှေဘုံသာလမ်းထဲမှာ တရုတ်လူမျိုးနဲ့ မြန်မာသူဌေးတွေက ရွှေဆိုင်တွေ ဖွင့်လာကြပါပြီ။

time-26d.jpg


ရွှေဘုံသာလမ်းထဲမှာ ခရမ်းမြို့ဆရာဦးချစ်တင် တိုင်းရင်းဆေးတိုက်၊ ဆေးဗိမာန်ဆေးဆိုင်လို နောက်ထပ်သက်တမ်းရင့်ဆိုင်တွေ ရှိနေပါသေးတယ်။

ဆေးဗိမာန်ဆေးဆိုင်က မြန်မာတိုင်းရင်းဆေးတွေသာ ရောင်းချပေးပြီး ရွှေဘုံသာလမ်း အလယ်ဘလောက်မှာ ၁၈၅၅ ခုနှစ်က တည်ဆောက်ထားတဲ့ မိုးဃ်ကျဗလီ မျက်နှာစာတန်းက အခန်းကျဉ်းလေးထဲမှာ ဖွင့်ထားပါတယ်။ ဆေးဗိမာန်ဆေးဆိုင်ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၃ဝ ကျော်က ဖွင့်လှစ်ထားခဲ့ပြီး အဲဒီမတိုင်ခင်ကတော့ ဘာသာရေးစာအုပ်တွေ၊ ဗလီအသုံးအဆောင်ပစ္စည်းတွေ ရောင်းချရာဆိုင် ဖြစ်ခဲ့ပါတယ်။

''ဒီလမ်းထဲမှာ ကျွန်တော်တို့လက်ထက်က လူတွေ သိပ်မရှိတော့ဘူး။ လူဟောင်းတွေ ပြောင်းသွားကြတာ၊ ကွယ်လွန်သွားကြတာနဲ့ တချို့က အိမ်ထောင်ကျပြီး တခြားပြောင်းရွှေ့သွားတာကလွဲလို့ ဒီလမ်းကသိပ်ပြီးတော့ အပြောင်းအလဲမရှိပါဘူး။ တိုက်အသစ်လေး အနည်းအကျဉ်း ဆောက်လာတာလေးပဲ ရှိပါတယ်''လို့ အသက် ၆၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးမြလွင်က ပြောပါတယ်။

ရွှေဘုံသာလမ်း အထက်ဘလောက်မှာ မျက်မှန်ဆိုင်တွေ၊ ဆေးခန်းတွေနဲ့ ဆေးတိုက်တွေပြည့်နေပြီး အလယ်ဘလောက်မှာတော့ ဟိန္ဒူလူမျိုးတွေရဲ့ ရိုးရာဆာရီဝတ်စုံဆိုင်တချို့ ရှိပါတယ်။

''ဟိုးအရင်တုန်းကတော့ ဒီလမ်းထဲမှာ အိန္ဒိယလူမျိုးတွေ အနေများတာပေါ့။ ၁၉၆ဝ ဝန်းကျင် ပြည်သူပိုင်သိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ အရင်လူတွေ တော်တော်များများ မရှိတော့ဘူး။ ခုတော့ လူမျိုးပေါင်းစုံ နေထိုင်ကြတယ်'' လို့ ဆာရီနဲ့ အိန္ဒိယအသုံးအဆောင်ပစ္စည်းတွေရောင်းတဲ့ ကာန်ဂျီပူရမ်စတိုးဆိုင်က ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ကိုသိန်းဝင်းက ဆိုပါတယ်။

Read More



Some text some message..