အချစ်မှာ မမြင်နိုင်တဲ့ဆွဲအားတစ်ခုခုတော့ရှိတတ်ပါတယ်။ အဲဒီဆွဲအားကြောင့် လူတွေဟာ ရူးသွပ်တဲ့အတွေးအခေါ်လုပ်ရပ်တွေလုပ်မိကြပါတော့တယ်။ အချစ်အတွက်နဲ့အသက်ပေးသွားတဲ့ ရိုမီယိုနဲ့ဂျူးလိယက်တို့ အန်တိုနီနဲ့ကလီယိုပက်ထွာ တို့ဆိုရင်ရာဇဝင်ထဲက အချစ်သူရဲကောင်းတွေဖြစ်ကြပါတယ်။ ဆိုလိုတာက အချစ်စစ်နဲ့တွေ့ရင် အချစ်အတွက်ဘာပဲလုပ်ရလုပ်ရလူအားလုံးကရိုကျိုးကုန်ကြတယ်ဆိုတာပါပဲ။
မကြာသေးမီက လူမှုကွန်ရက်စာမျက်နှာမှာတက်လာတဲ့သတင်းတစ်ပုဒ်ဆိုရင်လည်း ကာဇက်စ္စတန်နိုင်ငံက အသက်၂၀အရွယ်တက္ကသိုလ်ကျောင်းသားတစ်ဦးဟာ မိန်းကလေးဟန်ဆောင်ပြီးစာမေးပွဲဝင်ဖြေခဲ့တယ်ဆိုတဲ့အကြောင်းဖော်ပြထားပါတယ်။
အကြောင်းစုံကိုစုံစမ်းစစ်ဆေးလိုက်တဲ့အခါမှာတော့ Ayan Zhademov ဆိုတဲ့အသက် ၂၀အရွယ်တက္ကသိုလ်ကျောင်းသားတစ်ဦးက သူ့ချစ်သူကောင်မလေးအပေါ်ထားတဲ့သူ့ရဲ့အချစ်ကိုသက်သေပြတဲ့အနေနဲ့အခုလို မိန်းကလေးဟန်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။
အမည်မဖော်ထားတဲ့ အဲဒီချစ်သူမိန်းကလေးဆိုသူဟာ အသက် ၁၇နှစ်အရွယ်သာရှိသေးပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုဝင်ရောက်ဖြေဆိုမယ့်ကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီမိန်းကလေးက စာမေးပွဲဖြေဆိုဖို့ အလွန်ပဲစိတ်လှုပ်ရှားနေတဲ့အတွက် သူမရဲ့ချစ်သူကောင်လေးဖြစ်တဲ့ Ayan Zhademov ကကူညီဖို့ကြိုးစားခဲ့ပါတယ်။ သူက ဆံပင်အတုစွပ်ပြီး မိတ်ကပ်အနည်းငယ်လူးကာ ကျောင်းသူယူနီဖောင်းဝတ်စုံတွေဖြစ်တဲ့အဖြူရောင်အင်္ကျီ ကြပ်ကြပ် မီးခိုးရောင်စကတ်တို့ဝတ်ဆင်ခဲ့ပါတယ်။ Ayan Zhademov ကသူ့ကောင်မလေးခုံနံပါတ်နေရာမှာဝင်ထိုင်ပြီး သူချစ်ရတဲ့ချစ်သူမိန်းကလေးစာမေးပွဲအောင်ဖို့ အစားထိုးဝင်ဖြေခဲ့ပါတယ်။
အဲဒီမှာပဲစာမေးပွဲကြီးကြပ်ရေးမှူးက Ayan Zhademov ပုံစံကိုကြည့်ပြီး ထူးဆန်းနေတဲ့အတွက် စုံစမ်းစစ်ဆေးတဲ့အခါမှာဖုံးကွယ်ထားသမျှပေါ်သွားပါတော့တယ်။
ဒါကြောင့် Ayan Zhademov ဟာ ကျောင်းသူအဖြစ်အယောင်ဆောင်ပြီး စာမေးပွဲဝင်ဖြေခဲ့မှုကြောင့် ဒဏ်ကြေးအနေနဲ့ ပေါင် ၁၄၀၀ (မြန်မာငွေ ၂၆သိန်းကျော်)ပေးဆောင်ရမှာဖြစ်ပါတယ်။ Ayan Zhademov ရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး တချို့ကျောင်းသားတွေကလည်းအားကျလို့နေပါတယ်။ အထူးသဖြင့် မိန်းကလေးတွေပါ။
“ရူးကြောင်ကြောင်နိုင်ပေမယ့် အရမ်းရိုမန်တစ်ဆန်တာပဲ၊ တစ်ခါတလေမှာအချစ်က ကျွန်မတို့ကိုရူးကြောင်ကြောင်ဖြစ်စေတယ်။ ကျွန်မကတော့ ကျွန်မချစ်သူကို ဒီလိုရိုမန်တစ်ဆန်တဲ့အခိုက်အတန့်တွေဖန်တီးပေးနိုင်ခဲ့ရင်ကောင်းမှာပဲလို့ ဆုတောင်းမိတယ်” ဆိုပြီးကျောင်းသူတစ်ယောက်ကပြောပါတယ်။
ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး Ayan Zhademov ရဲ့ချစ်သူကောင်မလေးဖြစ်သူဟာ ဒီတစ်နှစ်အတွက်စာမေးပွဲဖြေခွင့်ပိတ်ပင်ခံရပြီး နောက်စာသင်နှစ်မှထပ်မံဖြေဆိုခွင့်ရမှာဖြစ်ပါတယ်။