တစ်နိုင်ငံလုံးရှိဆိုင်ကယ် နံပါတ်ပြားများကိုအင်္ဂလိပ်အက္ခရာဂဏန်း ပြောင်းလဲမည်
mmtimes.com
|
2019-01-09

မန္တလေးတိုင်းဒေသကြီးအတွင်း စီးနင်းနေသည့် မြန်မာအက္ခရာနံပါတ်တပ် ဆိုင်ကယ်အချို့။ဓာတ်ပုံ - မြန်မာတိုင်းမ်

မြန်မာတစ်နိုင်ငံလုံးရှိမော်တော်ဆိုင်ကယ်များ ယာဉ်မှတ်ပုံတင်ပြုလုပ်ရာတွင် ယာဉ်အက္ခရာ နံပါတ်ပြားများကို မြန်မာအက္ခရာမှအင်္ဂလိပ်အက္ခရာဂဏန်းပြောင်းလဲခြင်းကို ဇန်နဝါရီ ၁၀ ရက်မှစ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှူဦးစီးဌာနမှ ဇန်နဝါရီ ၉ ရက်တွင် သိရသည်။

ယခင်က မော်တော်ဆိုင်ကယ်များ မှတ်ပုံတင် နံပါတ်ပြားများထုတ်ပေးရာတွင် ၄၆ယ/---အစရှိသော မြန်မာအက္ခရာများထုတ်ပေးခဲ့ရာ တိုင်းဒေသကြီးအလိုက် မော်တော်ယာဉ် နံပါတ်ပြားများအတိုင်းအင်္ဂလိပ်အက္ခရာကို ပြောင်းလဲထုတ်ပေးမည်ဖြစ်သည်။

" ဇန်နဝါရီ ၁၀ ရက်ကစပြီး မော်တော်ဆိုင်ကယ်တွေကို မြန်မာအက္ခရာနံပါတ်ပြားကနေအင်္ဂလိပ်အက္ခရာနံပါတ်ပြားတွေ ပြောင်းလဲထုတ်ပေးသွားမှာပါ။ မော်တော်ယာဉ်လိုပဲအင်္ဂလိပ်နံပါတ်ပြား MDY 46 W ဆိုပြီး ပြောင်းလဲထုတ်ပေးသွားမှာပါ။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၉ ရက်တွင် မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောသည်။

တရားမဝင်တင်သွင်းလာသော လိုင်စင်မဲ့ဆိုင်ကယ် သုံးဘီးဆိုင်ကယ်များနှင့် လျှပ်စစ်ဆိုင်ကယ်များ ကို စီမံချက်အနေဖြင့် ၂၀၁၈ခုနှစ် နိုဝင်ဘာလ ၁ ရက်မှ နိုဝင်ဘာလ ၂၃ ရက်နေ့အထိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူဦးစီးဌာနရုံးစိုက်ရာ ၄၉ ရုံးတွင် မှတ်ပုံတင်လုပ်ဆောင်ပေးခဲ့သည်။




Some text some message..