ရုပ်တုနိုင်ငံရေးနှင့် တိုင်းရင်းသားအရေးတို့ တိုးတိုက်မိသော်
mmtimes.com
|
2019-02-14

ဓာတ်ပုံ -အီးပီအေ

နေပြည်တော်ရှိ ပုဗ္ဗသီရိမြို့နယ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ပုံတူရုပ်တုကိုအောင်မြင်စွာ ဖွင့်လှစ်နေချိန်တွင် ကယားပြည်နယ် လွိုင်ကော်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုမှာမူ ဖယ်ရှားပေးရန် ဆန္ဒပြတောင်းဆို ခံနေရသည်။

သမိုင်းဝင်နေ့ထူးနေ့မြတ်ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ပြည်မနှင့် တိုင်းရင်းသားခေါင်းဆောင်များ ဦးဆောင်သော တောင်တန်းဒေသများအတူတကွ လွတ်လပ်ရေးရယူရန် ပင်လုံစာချုပ်ချုပ်ဆိုသည့် ပြည်ထောင်စုနေ့တွင် နိုင်ငံ့လွတ်လပ်ရေးဖခင်ကြီး၏ ရုပ်တုနှစ်ခုမှာ ဆန့်ကျင်ဘက် ဖြစ်စဉ်နှစ်ခုအကြား ငြိမ်သက်စွာ တည်ရှိလျက် ရှိကြသည်။

နေပြည်တော်ရှိ ဗိုလ်ချုပ်ရုပ်တုရှေ့တွင် ပန်းများ၊ မိုးပျံပူဖောင်းများ၊အပြုံးများ၊ ဝတ်ကောင်းစားလှဖြင့် ဓာတ်ပုံအရိုက်ခံနေသူများနှင့် စည်ကားနေသည်။ လွိုင်ကော်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မြင်ကွင်းကားအလွန်ကွဲပြားခြားနားသည်။ ခံပြင်းသည့် ကြွေးကြော်သံများ၊အဓိကရုဏ်းဖြိုခွင်းရာတွင်အသုံးပြုသည့် ရာဘာကျည်ဆံများ၊ ဒဏ်ရာရနေသူများနှင့် လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့များက လွိုင်ကော်မြို့၏ ပြည်ထောင်စုနေ့ကို ပုံဖော်နေသည်။

စစ်အစိုးရလက်ထက်က နိုင်ငံရေးအရ ဖိနှိပ်မှုများ ပြင်းထန်ခဲ့ချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကိုးကွယ်သည့် ဘာသာ၊ လူမျိုးမတူသူများ၊အယုတ်အလတ်၊အမြတ်မရွေးလူအများကို စုစည်းနိုင်ခဲ့သည့် တစ်ခုတည်းသော နိုင်ငံ့ပြယုဂ်ဖြစ်ခဲ့သည်။ ယခုတွင်မူကား လွတ်လပ်ရေးဖခင်ကြီး၏ရုပ်တုကိုအကြောင်းပြုပြီး မတူညီသည့်အယူအဆ၊ ဝိဝါဒကွဲပြားမှုတစ်ခုကား မြန်မာနိုင်ငံအတွင်းအခိုင်အမာအမြစ်တွယ်နေချေပြီ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွင် နိုင်ငံ့လွတ်လပ်ရေးဖခင်ဖြစ်သည်ကတစ်ကြောင်း၊ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဖြစ်သည်က တစ်ကြောင်းကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ ပုံတူရုပ်တုကို နိုင်ငံအနှံ့ ပါတီဝင်များက စိုက်ထူခြင်းက ခေတ်စားလာသည်။တိုင်းဒေသကြီး နေရာအချို့တွင် ဗိုလ်ချုပ်ရုပ်တု၊ ဗိုလ်ချုပ်အမည်ကိုအသုံးပြုခြင်းက မည်သည့်ကန့်ကွက်မှုမျှ မခံရသော်လည်း တိုင်းရင်းသားများ နေထိုင်ရာ ပြည်နယ်များတွင်မူအငြင်းပွားဖွယ်ကိစ္စများ ဖြစ်ပေါ်စေခဲ့သည်။ လွိုင်ကော်မြို့တွင် ဖြစ်ပွားနေသည့် ပြည်နယ်အစိုးရနှင့် ဒေသခံများအကြားက ရုပ်တုကြောင့် ဖြစ်ပေါ်သည့်အငြင်းပွားဖွယ်က သက်သေသာဓကပင် ဖြစ်သည်။

ယခင်က မွန်ပြည်နယ်၊ ချောင်းဆုံတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟု ပြည်နယ်အစိုးရကအမည်ပေးခဲ့သည်။ ထိုစဉ်ကလည်း ထောင်နှင့်ချီသည့် ဒေသခံများက ကန့်ကွက်သည့်ကြားကအာဏာရပါတီက ယင်းသို့ ပြုလုပ်ခဲ့သည်။ကန့်ကွက်သည့် တိုင်းရင်းသားဒေသခံများကမူ ဗိုလ်ချုပ်အောင်ဆန်းအပေါ် မုန်းတီးစိတ် စိုးစဉ်းမျှမရှိဟု ဆိုကြသည်။ ဥပမာအားဖြင့် စစ်အစိုးရလက်ထက်က ကယားပြည်နယ်တွင် နည်းလမ်းပေါင်းစုံဖြင့် ပိတ်ပင်သည့်ကြားမှ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှင့်အာဇာနည်နေ့အခမ်းအနားများကို ခက်ခက်ခဲခဲ ကျင်းပချိန်တွင် လက်ရှိအချိန်တွင် လွိုင်ကော်၌ ဆန္ဒပြနေသည့် လူငယ်အချို့လည်း ပါဝင်ကြောင်း လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ပြောသည်။

''ဗိုလ်ချုပ်ကိုမုန်းလို့ ကန့်ကွက်တာမဟုတ်ဘူး။ ဒါတော့သေချာတယ်'' ဟု သူက ပြောသည်။ဒေသခံများက ကန့်ကွက်၍ လပေါင်းများစွာ တန့်နေခဲ့သည့် လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံအတွင်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုစိုက်ထူရေးသည် ဖေဖော်ဝါရီ ၂ ရက်ကကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ဦးဆောင်မှုဖြင့် ရုပ်တုကို ဖွင့်လှစ်လိုက်ချိန်တွင် ကန့်ကွက်သံများ ဆူညံသထက် ဆူညံလာသည်။ကန့်ကွက်သည့်ကြားမှ ဝန်ကြီးချုပ်က ရှေ့ဆက်တိုးခဲ့ခြင်းက ဆန္ဒဖော်ထုတ်သည့် ကရင်နီလူငယ်များကို ဒေါသထွက်စေသည်။ ကရင်နီလူငယ်များကလည်း ဇွဲမလျှော့ပေ။ ပန်းခြံအနီး၊ ကယားပြည်နယ်အင်န်အယ်လ်ဒီရုံးရှေ့၊ ယင်းမှတစ်ဆင့် လွှတ်တော်ဝင်းထဲရှိ ဟစ်တိုင် စသည့် နေရာများတွင် ဆန္ဒဖော်ထုတ်ကြသည်။

ပြည်ထောင်စုနေ့အရောက်တွင်ကား ကရင်နီလူငယ်များက ဆန္ဒဖော်ထုတ်မှုသည် ပြင်းထန်လာသည်။ ယခင်က ဗိုလ်ချုပ်အောင်ဆန်း၏ရုပ်တု ပြန်လည်ဖြုတ်သိမ်းရေးဖြစ်သော်လည်း နောက်ပိုင်းတွင် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးတို့ နုတ်ထွက်ရေးအထိ တောင်းဆိုခဲ့ကြသည်။လူအင်အား ၁,ဝဝဝ ကျော်က ပြည်ထောင်စုနေ့တွင် ချီတက်ဆန္ဒဖော်ထုတ်ရာ၊ ယင်းကိုအာဏာပိုင်များက ရာဘာကျည်ဆံများဖြင့် ပစ်ခတ်ပြီး ဖြေရှင်းခဲ့သည်။ ရလဒ်ကား မြို့တော်လွိုင်ကော်၏ ပြည်ထောင်စုနေ့သည် သွေးထွက်သံယိုမှုများ ဖုံးလွှမ်းခဲ့သည်။ လူငယ် ၂၁ ဦး ဒဏ်ရာရရှိခဲ့သည်။မွန်းလွဲပိုင်းတွင် ဝန်ကြီးချုပ်က ဆန္ဒပြလူငယ်အချို့နှင့် တွေ့ဆုံခဲ့ပြီးသဘောတူညီချက်အချို့ ရရှိခဲ့သော်လည်း ချီတက် လမ်းလျှောက်ဆန္ဒဖော်ထုတ်သည့် လူငယ်များ၏ သွေးထွက်သံယိုမြင်ကွင်းများက လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ကုန်သည်။ ထို့အတူ ပြည်နယ်အစိုးရ၏ ဆန္ဒဖော်ထုတ်သည့် လူအုပ်ကို ကိုင်တွယ်ဖြေရှင်းပုံကိုလည်း ဝေဖန်သံများ ကျယ်လောင်သထက် ကျယ်လောင်လာသည်။




တိုင်းပြည်ပြု ခေါင်းဆောင်ကြီးတွေ ချမှတ်ခဲ့တဲ့ စိတ်ဝိညာဉ်တွေ၊ ကတိကဝတ်တွေ၊ ပဋိညာဉ်တွေကိုအကောင်အထည်ဖော်ဖို့ မကြိုးစားဘဲ ရုပ်တုတွေ၊ သင်္ကေတတွေ၊ နာမည်တွေ၊ ပညတ်တွေနဲ့ပဲအချိန်ကုန်နေရင် . . .

''ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကတိကဝတ်တွေကိုအရင်အကောင်အထည်မဖော်ဘဲ သူ့ရဲ့ ရုပ်တုဗန်းပြပြီး ကျွန်တော်တို့ကိုအနိုင်ကျင့်နေတာက ဗိုလ်ချုပ်ကို စော်ကားနေတာပဲ'' ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သည့် ကရင်နီလူငယ်တစ်ဦးက ပြောသည်။နိုင်ငံ၏ လွတ်လပ်ရေးဖခင်ဖြစ်သည့်တိုင် ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်၍ ပြည်မဟု ခေါ်ဆိုနိုင်သည့် တိုင်းဒေသကြီးများက လူထု၏ခံယူချက်နှင့် ပြည်နယ်များတွင်နေထိုင်သည့် တိုင်းရင်းသားများ၏ ခံစားချက် ကွာခြားမှုကိုအာဏာရပါတီက သိရှိနားလည်သင့်သည်ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောသည်။ယင်းကွာခြားချက်ကို မြစ်ဖျားခံ၍ ဖြစ်ပေါ်လာသည့် မကျေနပ်မှုများနှင့် ဆန္ဒဖော်ထုတ်မှုများကိုလည်း ချင့်ချင့်ချိန်ချိန် ကိုင်တွယ်ရန် လိုအပ်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ဆိုသည်။

''ပျော့ပျော့ပျောင်းပျောင်း မကိုင်တွယ်နိုင်ရင် တိုင်းရင်းသားတွေနဲ့အင်န်အယ်လ်ဒီကြားထဲ ပိုပြီးအဟကြီးလာလိမ့်မယ်လို့ မြင်တယ်''ဟု ၎င်းက ပြောသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ယခင်က တိုင်းရင်းသားဒေသများတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် လုပ်ဆောင်ချက်များက နိုင်ငံရေးအရ သင်ခန်းစာယူဖွယ်ဖြစ်သည်ဟု လေ့လာသူများက ထောက်ပြသည်။ထောင်နှင့်ချီသည့် ဒေသခံများ ကန့်ကွက်သည့်ကြားမှ မော်လမြိုင်နှင့် ချောင်းဆုံမြို့နယ်များကို ဆက်သွယ်ထားသည့် တံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟုအမည်ပေးခဲ့သည်။အကျိုးဆက်အဖြစ် ၂ဝ၁၇ ကြားဖြတ် ရွေးကောက်ပွဲတွင် ချောင်းဆုံပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင်အင်န်အယ်လ်ဒီပါတီ ရှုံးနှိမ့်ခဲ့သည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင်လည်း ဒေသခံများ၏ ကန့်ကွက်မှုကို လျစ်လျူရှုပြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကိုအင်န်အယ်လ်ဒီပါတီက ၂ဝ၁၇အတွင်း စိုက်ထူခဲ့သည်။ ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် မြစ်ကြီးနားမြို့ ပါဝင်သောအမှတ်(၂)အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင်အင်န်အယ်လ်ဒီပါတီ ရှုံးနှိမ့်ခဲ့သည်။ရုပ်တုစိုက်ထူခြင်းသည် နိုင်ငံရေးအရအဓိပ္ပာယ်များစွာ သက်ရောက်မှုရှိကြောင်း တကောင်းအင်စတီကျု ညွှန်ကြားရေးမှူးဦးရဲမျိုးဟိန်းက ပြောသည်။

''ရုပ်တုက နိုင်ငံရေးဖြစ်တယ်။ နိုင်ငံရေးသမား မှန်ရင် ဒါကိုနားလည်ရမယ်'' ဟု ၎င်းက ပြောသည်။''ဒီတော့တိုင်းပြည်ကို ပြန်တည်ဆောက်ကြတဲ့အခါ တိုင်းပြည်ပြု ခေါင်းဆောင်ကြီးတွေ ချမှတ်ခဲ့တဲ့ စိတ်ဝိဉာဏ်တွေ၊ ကတိကဝတ်တွေ၊ ပဋိညာဉ်တွေကိုအကောင်အထည်ဖော်ဖို့ မကြိုးစားဘဲ ရုပ်တုတွေ၊ သင်္ကေတတွေ၊ နာမည်တွေ၊ ပညတ်တွေနဲ့ပဲအချိန်ကုန်နေရင် စစ်မှန်တဲ့ဒီမိုကရေစီ ပြည်ထောင်စုပန်းတိုင်နဲ့အလှမ်းဝေးနေမှာပဲ'' ဟု ဦးရဲမျိုးဟိန်းက ဆက်လက်ပြောကြားသည်။အင်န်အယ်လ်ဒီပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကမူ ဗိုလ်ချုပ်ရုပ်တုစိုက်ထူမှုကို ကန့်ကွက်မှုများ၏ နောက်ကွယ်တွင် ၎င်းတို့ပါတီကို နိုင်ငံရေးအရ တိုက်ခိုက်လိုသူများ ရှိနေကြောင်း ပြောသည်။

''ဒါကြောင့် ဒီလုပ်ဆောင်မှုတွေရဲ့ နောက်ကွယ်မှာ ရိုးသားတဲ့ တိုင်းရင်းသားတွေရဲ့ ဆန္ဒလား၊ နိုင်ငံရေးအကျိုးအမြတ်ထုတ်ချင်တာလားဆိုတာတော့ ပြည်သူတွေ ဂရုစိုက်ပြီး ကြည့်ဖို့လိုပါတယ်'' ဟု ၎င်းက ပြောသည်။ပါတီအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူရန် ညွှန်ကြားထားခြင်း မရှိကြောင်းလည်း ၎င်းက ပြောသည်။အင်န်အယ်လ်ဒီပါတီဝင်များက တိုင်းရင်းသားအများစုနေထိုင်ရာ ပြည်နယ်များတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ဆက်လက်စိုက်ထူနေလျှင်နိုင်ငံရေးအကျိုးဆက်များရှိနိုင်ကြောင်း လေ့လာသူများက သုံးသပ်သည်။

အာဏာရပါတီဝင်များက နိုင်ငံအနှံ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများ စိုက်ထူနေသည့်အဖြစ်သည် စစ်အစိုးရလက်ထက်က ရွှေတိဂုံစေတီတော်ပုံတူများ နိုင်ငံအနှံ့ လိုက်လံတည်ထားကိုးကွယ်သည့် လုပ်ရပ်နှင့်ဆင်တူနေသည်ဟု မဟာဗျူဟာနှင့်မူဝါဒရေးရာအင်စတီကျု−မြန်မာ(ISP-Myanmar) ၏ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သည့် ဦးအောင်သူငြိမ်းက ပြောသည်။

''ဗမာ့ယဉ်ကျေးမှု ချဲ့ထွင်တယ်ဆိုတဲ့အမြင်မျိုး တိုင်းရင်းသားတွေက မြင်နိုင်တယ်''ဟု သူက ဆိုသည်။မြန်မာ့နိုင်ငံရေး ခေါင်းဆောင်အဆက်ဆက်တွင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ဖက်ဒရယ်စနစ်ကို နားလည်ပြီး လက်တွေ့လုပ်ဆောင်သည့် ခေါင်းဆောင်မရှိကြောင်း နိုင်ငံရေးဆောင်းပါးရှင် ဦးတင်မောင်သန်းက ပြောသည်။အဆိုပါအမြင်များက လက်ရှိအစိုးရနှင့် တိုင်းရင်းသားများအကြား ဆွေးနွေးညှိနှိုင်းနေသည့်အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးလုပ်ငန်းစဉ်အပေါ် ကြီးမားသည့်အကျိုးသက်ရောက်မှု ရှိစေနိုင်သည်။ ထို့ပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး မျှော်မှန်းချက်ခရီးရှည်ကိုလည်း ကြန့်ကြာစေနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

စစ်မှန်သည့်ပြည်ထောင်စုကို တည်ဆောက်မည်ဆိုပါက ပြည်နယ်များတွင် သက်ဆိုင်ရာပြည်နယ်၏ သင်္ကေတများနှင့် တိုင်းရင်းသားခေါင်းဆောင်များ၏ ရုပ်ထုများ စိုက်ထူပေးသင့်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး(၂) ဦးစိုင်းကျော်ညွန့်က ပြောသည်။

''အစကတည်းက ဗိုလ်ချုပ်အောင်ဆန်းဆိုရင် လူတိုင်းက ချစ်ခင်မြတ်နိုးပြီးသားပါ။အဲဒီအပေါ်မှာ မလိုလားအပ်တာ သွားလုပ်တဲ့အခါ မသက်ဆိုင်ဘူးလို့ ထင်သူတွေက ကန့်ကွက်မှာပဲ။ ပြည်ထောင်စုတည်ဆောက်ရေးသွားနေတဲ့အခါမှာ ဒီလိုမချဉ်းကပ်သင့်ဘူး''ဟု ၎င်းက ပြောသည်။ဒေသခံများ၏ ဆန္ဒကိုဆန့်ကျင်လျက် ညှိနှိုင်းခြင်းမရှိဘဲ ရုပ်တုစိုက်ထူရေးကိုအတင်းအဓမ္မ ဆက်လက်ဆောင်ရွက်နေပါက ဗိုလ်ချုပ်အောင်ဆန်းအပေါ် တိုင်းရင်းသားများ၏အမြင်ပြောင်းလဲ သွားနိုင်သည်ကိုအင်န်အယ်လ်ဒီပါတီက သတိပြုသင့်ကြောင်း ဦးမောင်မောင်စိုးက ပြောသည်။

''ညှိနှိုင်းရေးလမ်းစဉ်သည်သာအဖြေဆိုတာအစိုးရက နားလည်ဖို့လိုတယ်။ ဒီလိုမှမဟုတ်ရင် တိုင်းရင်းသား နယ်တွေမှာအင်န်အယ်လ်ဒီ သြဇာကျသွားလိမ့်မယ်။အဲဒါက၂ဝ၂ဝ ရွေးကောက်ပွဲအပေါ် သက်ရောက်လိမ့်မယ်''ဟု ၎င်းက ပြောသည်။




Some text some message..