ဘုရားပွဲတော် မြိုင်မြိုင်ဆိုင်ဆိုင်လတန်ဆောင်တိုင်
lotaya.mpt.com.mm
|
2018-11-19




ဘုရားပွဲတော် မြိုင်မြိုင်ဆိုင်ဆိုင်လတန်ဆောင်တိုင်

နိုဝင်ဘာလကတော့ သီတင်းကျွတ်ပွဲတော်ကြီးပြီးလို့ တန်ဆောင်မုန်းတန်ဆောင်တိုင် ဆီမီးကမြိုင်ဆိုတဲ့ စာသားနဲ့အညီ တန်ဆောင်မုန်းလပြည့်နေ့ပွဲတော်တွေ ကျင်းပလေ့ရှိတဲ့ လတစ်လပါပဲ။ မြန်မာနိုင်ငံမှာ လအလိုက်၊ နေရာဒေသအလိုက် စည်ကားထင်ရှားတဲ့ပွဲတော်တွေ များစွာရှိနေပြီး ဗုဒ္ဓဘာသာနိုင်ငံတစ်နိုင်ငံဖြစ်တဲ့အလျှောက်အစည်ကားဆုံးကတော့ ဘုရားပွဲတော်တွေပါပဲ။ လာမယ့် တန်ဆောင်မုန်းလပြည့်နေ့မှာဆိုရင်လည်း နှစ်စဉ်နှစ်တိုင်းကျင်းပနေကြ နိုင်ငံအနှံ့အပြားက ဘုရားပွဲတော်တွေ ကျင်းပကြတော့မှာပါ။ နိုဝင်ဘာလအတွင်းမှာ စစ်ကိုင်းကောင်းမှုတော်ဘုရားပွဲ၊ ပုဂံရွှေစည်းခုံဘုရားပွဲ၊ မုံရွာသမ္ဗုဒ္ဓေဘုရားပွဲ၊ ဖိုလ်ဝင်တောင်ဘုရားပွဲ၊ ကျိုက်ထီးရိုးဘုရားတန်ဆောင်တိုင် မီးထွန်းပွဲ၊ မန္တလေးမြို့ ဘုရားစေတီအလိုက် တန်ဆောင်တိုင်မီးထွန်းညှိပွဲတွေ၊ ရွှေတိဂုံအပါအဝင် ရန်ကုန်တစ်မြို့လုံးမှာရှိတဲ့ ဘုရားစေတီတွေရဲ့ တန်ဆောင်တိုင်မီးထွန်းပွဲတော်အစရှိတဲ့ ဘုရားပွဲတွေနဲ့ တောင်ကြီးနဲ့ ပြင်ဦးလွင်မှာဆိုရင် မီးပုံးပျံပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြတာပဲဖြစ်ပါတယ်။ ဒါကြောင့် ပါဝင်ဆင်နွှဲလိုသူတွေအတွက် တန်ဆောင်မုန်းလမှာကျင်းပမယ့်ပွဲတော်တွေရဲ့ နေ့ရက်နဲ့အစဉ်အလာတစ်ချို့ကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။


၁ - နိုင်ငံအနှံ့မီးထွန်းညှိပူဇော်ပွဲတွေနဲ့ မသိုးသင်္ကန်းရက်ပြိုင်ပွဲတွေ(တန်ဆောင်မုန်းလပြည့်နေ့- နိုဝင်ဘာ ၂၁ -၂၂)







တန်ဆောင်မုန်းလပြည့်နေ့မတိုင်ခင်ကတည်းက မသိုးသင်္ကန်းရက်ပြိုင်ပွဲတွေကိုအနယ်နယ်အရပ်ရပ်က တန်ခိုးကြီး ဘုရားစေတီတွေမှာ ကျင်းပနေကြတာဖြစ်ပြီး ရန်ကုန်မြို့ရွှေတိဂုံစေတီတော်မှာလည်း မသိုးသင်္ကန်းရက်ပြိုင်ပွဲကြီးကိုအနယ်နယ်အရပ်ရပ်က လာရောက်ယှဉ်ပြိုင်သူတွေနဲ့ စည်ကားသိုက်မြိုက်စွာ နှစ်စဉ်ကျင်းပလေ့ရှိတာ ဖြစ်ပါတယ်။ ဘုရားရင်ပြင်တော်တွေမှာ ဆီမီးထွန်းညှိပူဇော်ကြပြီး လမ်းအလိုက် ပွဲဈေးတွေ၊ ပွဲတော်တွေ၊ ကာတွန်းပွဲတော်တွေကိုလည်း ကျင်းပလေ့ရှိကြတာပါ။ ကထိန်ပွဲလှည့်လည်ကြသူတွေ၊ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းမှုပြုကြသူတွေကလည်းအများအပြားပါပဲ။ တန်ဆောင်မုန်းလပြည့် နိုဝင်ဘာ ၂၂ ရက်နေ့ကျရင်တော့ မသိုးသင်္ကန်းရက်ပြိုင်ပွဲဆုရသူတွေကို ဆုချီးမြှင့်ပြီး ရွှေတိဂုံစေတီတော်မှာရှိတဲ့ ဘုရားတွေကို မသိုးသင်္ကန်း ကပ်လှူကြမှာပဲဖြစ်ပါတယ်။ တန်ဆောင်မုန်းလပြည့်ညမှာပဲ ဘုရားရင်ပြင်တော်မှာ ဆီမီးထွန်းညှိပူဇော်ပွဲတွေကို ယခင်နှစ်တွေအတိုင်း ပြုလုပ်ကျင်းပမှာဖြစ်ပါတယ်။


၂ - မန္တလေးမဟာမြတ်မုနိရုပ်ပွားတော်ကြီးတန်ဆောင်တိုင်မီးထွန်းပွဲတော် (နိုဝင်ဘာ ၂၁-၂၂)







မန္တလေး မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးမှာလည်း တန်ဆောင်မုန်းလပြည့်နေ့ည ဘုရားရင်ပြင်တော်မှာ မီးထွန်းပွဲ ကျင်းပလေ့ရှိပြီး ရုပ်ပွားတော်မြတ်ကြီးကိုလည်း မသိုးသင်္ကန်း ကပ်လှူပူဇော်ကြတယ်လို့ သိရပါတယ်။


၃ - စစ်ကိုင်းကောင်းမှုတော်ဘုရားပွဲ ( နိုဝင်ဘာ ၁၅- နိုဝင်ဘာ ၂၃)







ဒီဘုရားပွဲကတော့ နိုဝင်ဘာလအတွင်း တန်ဆောင်မုန်းလပြည့်နေ့ မတိုင်ခင်ကနေ တန်ဆောင်မုန်း လပြည့်နေ့အထိ ကျင်းပလေ့ရှိကြတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။ ထူးခြားမှုအနေနဲ့ ပွဲတော်လာသူတွေနဲ့ ဈေးရောင်းသူတွေက နွားလှည်းတွေနဲ့ လာရောက်ကြတဲ့ပွဲဖြစ်ပြီး ဘုရားအနီးပတ်ဝန်းကျင်နဲ့ သစ်ပင်ရိပ်တွေမှာ စတည်းချပြီး ဘုရားပွဲတော်အတွင်း ပါဝင်ဆင်နွှဲလေ့ရှိကြပါတယ်။ ဒေသထွက်အဝတ်အထည်တွေ၊ လက်မှုပစ္စည်းတွေနဲ့ ပွဲဈေးပစ္စည်းအစုံ တွေ့မြင်ရတဲ့ ဘုရားပွဲတစ်ခုလည်း ဖြစ်ပါတယ်။


၄ - တောင်ကြီးတန်ဆောင်တိုင်မီးပုံးပွဲ ( နိုဝင်ဘာ ၁၇ - နိုဝင်ဘာ ၂၂)










တောင်ကြီးတန်ဆောင်တိုင် မီးပုံးပွဲကိုတော့ တန်ဆောင်မုန်းလပြည့်နေ့မတိုင်ခင် ငါးရက်လောက်အလိုကနေ တန်ဆောင်မုန်းလပြည့်နေ့အထိ ကျင်းပတာဖြစ်ပြီးအခုဆိုရင် နှစ်ပေါင်း ၇၀ ကျော်နီးပါး ရှိနေပြီပဲဖြစ်ပါတယ်။ ဒီပွဲတော်ဟာဆိုရင် တောင်ကြီးစူဠာမုနိ ဘုရားကို ရည်စူးပြီး မီးပုံးလေးတွေလွှတ်တင် ဆုတောင်းလေ့ရှိတဲ့ပွဲကနေအဆင့်ဆင့်တိုးတက် ပြောင်းလဲလာတာဖြစ်ပြီး ဒီနေ့အချိန်မှာတော့အရမ်းကို စည်ကားလူသိများနေတာကို တွေ့ရမှာပါ။ ၂၀၀၈ ခုနှစ်ကနေစပြီး ယခင်ပြုလုပ်နေကျ မီးပုံးပျံကွင်းက ကျဉ်းတာကြောင့်အခုလက်ရှိနှစ်စဉ်ပြုလုပ်နေတဲ့ တောင်ကြီးမြို့အဝေရာကွင်းကို ပြောင်းလဲ ပြုလုပ်လာခဲ့ကြတယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၁၇ ရက်နေ့လောက်မှာ မသိုးသင်္ကန်းရက်ပြိုင်ပွဲ စတင်မှာဖြစ်ပြီး နောက်ပိုင်းရက်တွေမှာ မသိုးသင်္ကန်းရက်ပြိုင်ပွဲ နဲ့ မီးပုံးပျံပွဲတွေကို ဆက်တိုက်ကျင်းပတာက တန်ဆောင်မုန်းလပြည့်နေ့အထိပါပဲ။ တန်ဆောင်မုန်းလပြည့်နေ့မတိုင်ခင်တစ်ရက်မှာ ကထိန်လှည့်လည်ပွဲကို ကျင်းပလေ့ရှိကြပြီး ညပိုင်းမှာ လှည့်လည်ကြတဲ့ ပအိုဝ့်လူမျိုးတွေရဲ့ မီးကြာလှည့်ပွဲကလည်း မြင်ရသူအပေါင်း နှစ်သက်စေတဲ့ ပွဲလေးတစ်ခုပါပဲ။ တန်ဆောင်မုန်းလပြည့်နေ့ကတော့ မသိုးသင်္ကန်းရက်ပြိုင်ပွဲ ဆုရရှိသူတွေကို ဆုချီးမြှင့်ပေးအပ်တဲ့နေ့ဖြစ်ပြီး တောင်ကြီးမီးပုံးပျံပွဲရဲ့အစည်းကားဆုံးနေ့တစ်နေ့ပဲ ဖြစ်ပါတယ်။


၅ - ရွှေစည်းခုံဘုရားပွဲတော် ( နိုဝင်ဘာ ၁၉ - နိုဝင်ဘာ ၂၂ )




ရွှေစည်းခုံစေတီတော်ကို ဧရာဝတီမြစ်ကမ်းနဖူးမှာ တည်ထားတာဖြစ်ပြီး ညောင်ဦးမြို့ကနေအနောက်တောင်ဘက် မိုင်ဝက်ခန့်ကွာဝေးတဲ့နေရာမှာ တည်ရှိတာဖြစ်ပါတယ်။ ရွှေစည်းခုံဘုရားပွဲတော်ကိုတော့ နိုဝင်ဘာ ၁၉ ၊ ၂၀ ဝန်းကျင်ကနေ နိုဝင်ဘာလ ၂၂ ရက်နေ့ တစ်ခါတစ်ရံ နိုဝင်ဘာလကုန်အထိ ပြုလုပ်လေ့ရှိကြပါတယ်။ ရွှေစည်းခုံဘုရား တန်ဆောင်တိုင်ပွဲတော် စပြီဆိုတာနဲ့ တေးသီချင်းဖျော်ဖြေပွဲ၊ ဇာတ်ပွဲ၊ သဘင်၊အငြိမ့် စတာတွေကို ကြည့်ရှုနိုင်မှာဖြစ်ပြီး ဟာသလူရွှင်တော်တွေကလည်း နှစ်စဉ်နှစ်တိုင်း ပါဝင်အားဖြည့်ပေးလေ့ရှိကြပါသေးတယ်။ တန်ဆောင်မုန်းလပြည့်နေ့အထိ စည်ကားလှတဲ့ ရွှေစည်းခုံဘုရားပွဲတော်ကို နယ်ခံတွေအပြင်အနယ်နယ်အရပ်ရပ်က ဘုရားပွဲလာ ပရိသတ်တွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့ကို ရောက်ပြီဆိုရင်တော့အနီးအနားဘုန်းကြီးကျောင်းတွေက ဘုန်းကြီးအပါး ၆၀၀ ကျော်ကို ဆွမ်းကပ်လှူဒါန်းပွဲ ကျင်းပကြတာဟာ ရွှေစည်းခုံဘုရားပွဲတော်ကြီးရဲ့အစဉ်အလာအနှစ်သာရတစ်ခုပဲ ဖြစ်ပါတယ်။


၆ - မုံရွာ သမ္ဗုဒ္ဓေဘုရားပွဲတော်( နိုဝင်ဘာ ၂၁- နိုဝင်ဘာ ၂၃)




သမ္ဗုဒ္ဓေဘုရားပွဲတော်ကို တန်ဆောင်မုန်းလပြည့်အခါသမယမှာ ကျင်းပလေ့ရှိပြီး တစ်ခြားသော ဘုရားပွဲတော်တွေလိုပဲ ဇာတ်ပွဲ၊အငြိမ့်ပွဲ၊ တေးသီချင်းသီဆိုဖျော်ဖြေမှုတွေနဲ့ တင်ဆက်ကျင်းပလေ့ရှိတာဖြစ်ပါတယ်။ ဒီပွဲတော်မှာ ထင်ရှားတဲ့အချက်တစ်ခုကတော့ သနပ်ခါးဈေးတန်းကြီးပါပဲ။ သနပ်ခါးရောင်းတဲ့ဆိုင်တွေများလွန်းလို့ ဘယ်ဆိုင်ဝယ်ရမှန်းတောင် မသိဖြစ်သွားနိုင်တယ်နော်။ လက်မှုပစ္စည်းတွေနဲ့ ချည်ထည်လေးကိုလည်း ရောင်းချလေ့ရှိကြပါတယ်။ သမ္ဗုဒ္ဓေဘုရားပွဲတော်ကိုတော့ နိုဝင်ဘာ၂၁ ကနေ ၂၃အထိ ကျင်းပမယ်လို့ ခန့်မှန်းရပါတယ်။


၇ - ဖိုလ်ဝင်တောင်ဘုရားပွဲတော် ( နိုဝင်ဘာ ၂၁- ၂၂- ၂၃ )







မုံရွာမြို့မှာတည်ရှိတဲ့ ဖိုလ်ဝင်တောင်ဘုရားပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့ မတိုင်မီတစ်ရက်ကနေစပြီး တန်ဆောင်မုန်းလပြည့်ကျော်အထိ ကျင်းပလေ့ရှိကြတာဖြစ်ပါတယ်။ ဖိုလ်ဝင်တောင်ဘုရားပွဲတော်ကို တစ်ခြားဘုရားပွဲတွေနည်းတူ ဇာတ်၊အငြိမ့်၊ ပွဲဈေးတန်း ဈေးသည်အစုံနဲ့ ကျင်းပကြတာဖြစ်ပြီး ဒီပွဲတော်ရဲ့ ထူးခြားချက်က သနပ်ခါး၊အမွေးနံ့သာခဲအစုံ နဲ့ လက်ရက်ကန်းထည်တွေ ပေါများစွာ ရောင်းချကြတာပဲဖြစ်ပါတယ်။


၈ - ကျိုက်ထီးရိုးဘုရားတန်ဆောင်တိုင်မီးထွန်းပွဲ( နိုဝင်ဘာ ၂၂ )







မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ ဘုရားစေတီပုထိုးတွေထဲက တစ်ဆူဖြစ်တဲ့ ကျိုက်ထီးရိုးဘုရား ပွဲတော်ကို သီတင်းကျွတ် လပြည့်နေ့ကနေ ကဆုန်လပြည့်နေ့ထိ ၇ လတိုင် ကျင်းပတာမို့အရှည်ကြာဆုံး ဘုရားပွဲပါ။ ကျိုက်ထီးရိုးဘုရား မီးထွန်းပွဲတော်တွေကို တောင်ဖွင့်ပွဲ ကျင်းပနေတဲ့ လအပိုင်းအခြားအတွင်း မကြာခဏ ပြုလုပ်လေ့ရှိကြတာဖြစ်ပါတယ်။ သီတင်းကျွတ်၊ တန်ဆောင်တိုင်နဲ့ ဒီဇင်ဘာ ဆီမီးကိုးထောင်ကာလတွေကျရင် ကျိုက်ထီးရိုးဘုရားရင်ပြင်မှာ ဆီမီးထွန်းညှိပူဇော်လေ့ရှိကြတာ တွေ့ရပါတယ်။ ကျိုက်ထိုမြို့နယ်မှာရှိတဲ့ ကျိုက်ထီးရိုးစေတီတော်ဟာဆိုရင် ပေါင်းလောင်းတောင်ပေါ်မှာ တည်ရှိပြီး မြန်မာနိုင်ငံရဲ့ တန်ခိုးကြီးဘုရားစေတီတစ်ဆူလည်း ဖြစ်ပါတယ်။ လာမယ့် တန်ဆောင်မုန်းလပြည့်နေ့ကျရင်တော့ ဘုရားရင်ပြင်တော်ပေါ်မှာ ဆီမီးပူဇော်ပွဲတွေ ပြုလုပ်ကျင်းပကြမယ်လို့ သိရပါတယ်။


၉ -အင်းလေးဖောင်တော်ဦးဘုရားပွဲတော်( နိုဝင်ဘာ ၂၁-၂၂-၂၃)







အင်းလေးဖောင်တော်ဦး ဘုရားပွဲလှည့်လည်ပူဇော်ပွဲနဲ့ လှေပြိုင်ပွဲကို ပြီးခဲ့တဲ့အောက်တိုဘာလ သီတင်းကျွတ်ကာလအတွင်း ကျင်းပပြီးစီးခဲ့ပြီဖြစ်ပေမယ့် ဘုရားပွဲတော်ကိုတော့ တန်ဆောင်မုန်း လပြည့်ကျော်တစ်ရက်နေ့ နိုဝင်ဘာလ ၂၃ ရက်နေ့အထိ ဆက်လက်ကျင်းပနေတာပဲဖြစ်ပါတယ်။အင်းလေးဖောင်တော်ဦးဘုရား ရုပ်ရှင်တော်မြတ်တွေဟာဆိုရင် သီတင်းသုံးနေရာ ဖောင်တော်ဦးရတနာစံကျောင်းတော်ကနေအင်းလေးဒေသ ၂၁ ဌာနကို ဒေသစာရီလှည့်လည်အပူဇော်ခံပြီးအောက်တိုဘာ၂၇ ရက်နေ့မှာ ဖောင်တော်ဦး ရတနာစံကျောင်းတော်ဆီ ပြန်လည်ကြွချီသီတင်းသုံးခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဘုရားဖူးလာ ပြည်သူတွေနဲ့ စည်ကားသိုက်မြိုက်လျှက်ရှိပြီး တန်ဆောင်မုန်းလပြည့်နေ့ ဘုရားပွဲတော်အနေနဲ့ ဆက်ပြီးကျင်းပနေတဲ့ ပွဲဈေးတန်းကို တွေ့မြင်ရမှာဖြစ်ပါတယ်။




Some text some message..