ဂျပန်ဝန်ကြီးချုပ်နဲ့အမေရိကန်သမ္မတတို့ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားဖျက်သိမ်းရေး ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေး
popolay.com
|
2018-09-26

ဂျပန်ဝန်ကြီးချုပ် ရှင်းဇိုးအာဘဲ(Shinzo Abe) က သူနဲ့အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်(Donald Trump) တို့ဟာ ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယားဖျက်သိမ်းရေးအောင်မြင်ဖို့အတွက် ဆက်ပြီးတော့အနီးကပ်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ပြောကြားလိုက် ပါတယ်။



သူတို့ ၂ ဦးဟာ တနင်္ဂနွေနေ့က နယူးယောက်မှာရှိတဲ့ ထရမ့်ပ် တာဝါမှာ ၂ နာရီကျော်ကြာ ညစာစားရင်းဆွေးနွေးခဲ့ကြပါတယ်။အခုသီတင်းပတ်အနှောင်းပိုင်းမှာ နောက်တစ်ကြိမ် တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

ဇွန်လတုန်းက ကျင်းပခဲ့တဲ့အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲက ဖော်ဆောင်ခဲ့တဲ့အရှိန်ကို တိုးမြှင့်လုပ်ဆောင် သွားဖို့ သမ္မတ ထရမ့်ပ်နဲ့ သဘောတူခဲ့ ကြတယ်လို့ ဝန်ကြီးချုပ်အာဘဲက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။







ဝန်ကြီးချုပ်အာဘဲကအမေရိကန်ကိုမသွားခင် မြောက်ကိုရီးယားကအဓမ္မခေါ်ဆောင်သွားခြင်းခံရတဲ့ ဂျပန်နိုင်ငံသားတွေရဲ့ မိသားစုဝင်တွေရဲ့ ဆန္ဒတွေကို နားထောင်ခဲ့တယ်လို့ ပြောပါတယ်။ သူကအဲဒီမိသားစုဝင်တွေရဲ့ သတင်းစကားကို သမ္မတ ထရမ့်ပ်ဆီကို ပြောပြခဲ့ပါတယ်။

အဲဒီအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း(Kim Jong Un)နဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးဖို့က နောက် ခြေလှမ်းတစ်ခုဖြစ်တယ် လို့လည်း ဝန်ကြီးချုပ်အာဘဲက ပြောပါတယ်။ ဒါ့အပြင် ဒီကိစ္စနဲ့ ပတ်သက်ပြီး တတ်နိုင်သမျှအမြန်ဆုံး ဖြေရှင်းဖို့ ဘယ်လိုအခွင့်အရေးမျိုးမဆို လက်လွတ်မခံဘူးလို့ ဆုံးဖြတ်ထား ကြောင်းလည်း သူက ပြောဆိုခဲ့ပါတယ်။

သူနဲ့ သမ္မတ ထရမ့်ပ်တို့ဟာ နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာအပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့လည်း ဝန်ကြီးချုပ်အာဘဲက ပြောပါတယ်။ သူတို့ ၂ ဦးဟာအဲဒီကိစ္စနဲ့ပတ်သက်ပြီး ကြာသပတေးနေ့မှာ ဒီထက်ပိုပြီး ဆွေးနွေးသွားကြဖို့ စီစဉ်ထားပါတယ်။







ဂျပန့်စီးပွားရေးပြန်လည်အားကောင်းလာစေရေး ဝန်ကြီး တိုရှိမိဆု မိုတဲဂီ (Toshimitsu Motegi) ဟာအမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် ရောဘတ် လိုက်သီဇာ (Robert Lighthizer) နဲ့အင်္ဂါနေ့မှာ တွေ့ဆုံဖို့ ရှိပါတယ်။

သမ္မတ ထရမ့်ပ်အစိုးရအဖွဲ့ဟာ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်နဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံနဲ့ စေ့စပ်ညှိနှိုင်းဖို့ ဆန္ဒရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ကုန်သွယ်ရေးမှာအမေရိကန်ရဲ့ လိုငွေပြမှုကို လျှော့ချနိုင်ဖို့အမေရိကန်အစိုးရက လိုလားနေပါတယ်။

Ref ; NHK






Some text some message..