၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၂၈.၆.၂၀၂၀ မှ ၄.၇.၂၀၂၀ အထိ)
lotaya.mpt.com.mm
|
2020-06-28

ဗေဒင်သုတ (အွန်လိုင်းဗေဒင်စာစောင်) တည်ထောင်သူ ၊ မြန်မာ့ရိုးရာ ဗေဒင်နှင့် နက္ခတ်ပညာသုတေသီ ဆရာဧက ဟောပြောထားတဲ့ (၇) ရက်သားသမီး တစ်ပတ်စာ ဗေဒင်ဟောစာတမ်း (၂၈.၆.၂၀၂၀ မှ ၄.၇.၂၀၂၀ အထိ) ကို လိုတရ ဗေဒင်ပရိတ်သတ် အတွက် ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေနေ့ဖွား

အလုပ်အကိုင် - ဝန်ထမ်းဆိုရင် နေရာကောင်း ရရှိတာ၊ လူကြီးက အသိအမှတ်ပြုတာ၊ အခွင့်အရေး ပေးတာမျိုး ရရှိတတ်တယ်။ စီးပွားရေးသမားတွေ လုပ်ငန်းကိုင်ငန်း အောင်မြင်ပေါက်မြောက်မယ့် ကာလ ဖြစ်တယ်။ အလုပ် ကံကောင်းနေပေမယ့် ငွေကြေးအတွက်ကိုတော့ အနည်းငယ် အခြေအတင် ပြောဆိုနိုင်မှ အဆင်ပြေလိမ့်မယ်။

ကျန်းမာရေး - အများအားဖြင့် ကျန်းမာရေး ကောင်းမွန်မယ့် သီတင်းပတ် ဖြစ်တယ်။ ဘေးအန္တရာယ် မရှိနိုင်ပါ။

လူမှုအိမ်ထောင် - အိမ်ထောင်ဖက်နဲ့ ပတ်သက်လို့ စိတ်ဆင်းရဲရတတ်တယ်။ မိသားစုရေး ပူပန်စရာတွေ ရှိမယ်။ ပြင်ပပေါင်းသင်းဆက်ဆံရေးမှာလည်း ကတောက်ကဆလေးတွေ ရှိတတ်တယ်။ လူငယ်တွေ နှလုံးသားရေးမှာ ပျော်စရာထက် စိတ်ညစ်စရာက ပိုများနေတတ်တယ်။ အချင်းချင်းကြားမှာ နားလည်မှု ယူဖို့ ခက်ခဲတတ်တယ်။

ကံကောင်းစေတဲ့ အရောင် - အဝါရင့် ၊ ပုလဲ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၅ ၊ ၂

ကံကောင်းစေတဲ့ အရပ် - အနောက် ၊ အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး ၊ ကြာသပတေး

ယတြာ - စေတီတော် (သို့မဟုတ်) ဘုန်းကြီးကျောင်းတွင် ညလုံးပေါက် မီးအလင်း အလှူ ပြုပေးပါ။

တနင်္လာနေ့ဖွား

အလုပ်အကိုင် - ဘာလုပ်လုပ် ကံကောင်း အဆင်ပြေနေတတ်တယ်။ ကိုယ့်ဘက်က နည်းနည်း အားစိုက်ပေးရုံနဲ့ များများ ပြန်ရလိမ့်မယ်။ အလုပ်မှာ မျက်နှာပန်းလှတာ၊ အများက လက်ခံကြည်ဖြူတာတွေ ကြုံရမယ်။ ဒါပေမယ့် ခေါင်းမာပြီးတဇွတ်ထိုး လုပ်တာ၊ စိတ်မြန်လက်မြန် လျှောက်လုပ်တာကိုတော့ သတိပြုပါ။ အမှား ဖြစ်လွယ်မယ်။

ကျန်းမာရေး - ဒီအပတ် နည်းနည်း ချူချာနိုင်တယ်။ မကြာခဏ ဖျားနာလိုက် ပြန်ကောင်းလိုက် ဖြစ်တတ်တယ်။

လူမှုအိမ်ထောင် - လူအများနဲ့ တွဲလုပ်ရတဲ့ ကိစ္စတွေမှာ အဆင်မပြေ ဖြစ်မယ်။ မပြတ်သားတဲ့ လူတွေကြောင့် ကိုယ့်မှာ စိတ်အနှောင့်အယှက် ဖြစ်မယ်။ အပေါင်းအသင်းတွေနဲ့ အစပ်အဟပ် မတည့် ဖြစ်နေမယ်။ အချစ်ရေး ကသိကအောက် ဖြစ်စရာ များမယ်။ အိုးအိမ်နေရာထိုင်ခင်းကိစ္စနဲ့ ပတ်သက်လို့ ဒီအပတ်မှာ သတိပြုရမယ်။

ကံကောင်းစေတဲ့ အရောင် - အရောင်ရင့် ၊ ကော်ဖီရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၉ ၊ ၇

ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက် ၊ အနောက်တောင်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ စနေ

ယတြာ - မွေးနေ့ (တနင်္လာ) မနက်စောစော အိမ်က ဘုရားမှာ ကြံရည်တစ်ခွက်နဲ့ ကျောက်ကျော ကပ်လှူပါ။

အင်္ဂါနေ့ဖွား

အလုပ်အကိုင် - တစ်ပတ်လုံးမှာ ကံဇာတာ အားနည်းနေပါတယ်။ လုပ်ချင်တာတွေ မပြီးမပြတ် ဖြစ်လာတတ်ပြီး သောင်မတင် ရေမကျ ဖြစ်နေမယ်။ အတိုက်အခံ လုပ်၊ ပြဿနာ ရှာသူတွေနဲ့ မကြာခဏ ထိပ်တိုက် တိုးရမယ်။ စာရင်းဇယားကိစ္စ မကျေမလည် ဖြစ်တတ်တယ်။ လူလိမ်တွေနဲ့ ကြုံတတ်လို့ သတိနဲ့ ရင်ဆိုင် ကိုင်တွယ်ရမယ်။

ကျန်းမာရေး - မတော်တဆ ထိခိုက်မှုလေးတွေ ဖြစ်တတ်တယ်။ စက်ပစ္စည်းနဲ့ ထိတွေ့နေရသူများ ပိုသတိပြုပါ။

လူမှုအိမ်ထောင် - အများအားဖြင့် လူငယ်တွေ နှလုံးသားရေးမှာ ကျေနပ်ပျော်ရွှင်စရာတွေ များမယ့် ကာလပါ။ ဒါပေမယ့် ကိုယ်တိုင်က စိတ်မရှည်တတ်လို့ အဆင်ပြေလည်း ခဏပဲ ဖြစ်မယ်။ ဒီအပတ်မှာ အသွားအလာတွေ ဂရုစိုက်ရမယ်။ မိတ်ဆွေအပေါင်းအသင်းကြောင့် စိတ်ရှုပ်ရတတ်တယ်။ လမ်းခရီးကိစ္စ ပျက်သွားတတ်တယ်။

ကံကောင်းစေတဲ့ အရောင် - အနက် ၊ အဝါရင့်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၇ ၊ဝ

ကံကောင်းစေတဲ့ အရပ် - အရှေ့ ၊ အနောက်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ စနေ

ယတြာ - ကြာသပတေးနေ့ မနက် ၁၁ နာရီ အိမ်က ဘုရားမှာ အုန်း (၆) ညွှန့်နဲ့ အလင်းတိုင် (၆) တိုင် လှူပါ။

ဗုဒ္ဓဟူးနေ့ဖွား

အလုပ်အကိုင် - ဒီအပတ်မှာ လုပ်ငန်းအခြေအနေ အားနည်းမှုတွေ ဖြစ်လာနိုင်ပါတယ်။ စိတ်ကူး အကြံအစည် ရှိသလောက် လက်တွေ့မှာ အကောင်အထည် ဖော်နိုင်မှု နည်းနေမယ်။ အလုပ်တွေ အစကနေ မကြာခဏ ပြန် စနေရမယ်။ ရှေ့မတိုးနိုင်ဘဲ နောက်ချည်း ပြန်လှည့် လုပ်ပေးနေရတတ်တယ်။ ငွေကုန်ကြေးကျလည်း များမယ်။

ကျန်းမာရေး - သွေးသားနဲ့ ပတ်သက်တာ၊ အကြောနဲ့ ပတ်သက်တာတွေမှာ အားနည်း ချူချာတတ်တယ်။

လူမှုအိမ်ထောင် - အချစ်ရေးမေတ္တာရေးကိစ္စမှာ နှစ်ဦးကြားဆန့်ကျင်ကွဲလွဲမှုတွေ များတတ်တယ်။ အိမ်တွင်းရေး မသာမယာ ဖြစ်နေတတ်တယ်။ ဘာမဟုတ်တာလေးနဲ့ စကားများရတတ်တယ်။ ကိုယ့်ကို အသုံးချမယ့်သူတွေနဲ့ ကြုံရတတ်လို့ သတိထား ပေါင်းသင်းရမယ်။ လူမှုကွန်ရက်မှာ အငြင်းအခုံ ပြင်းထန်တတ်လို့ သတိနဲ့ သုံးရမယ်။

ကံကောင်းစေတဲ့ အရောင် - အနီတောက်တောက်၊ အဝါရင့်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၂

ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက် ၊ အနောက်

ကံကောင်းစေတဲ့ နေ့ရက် - စနေ ၊ ကြာသပတေး

ယတြာ - အသုံးမလိုတဲ့ လက်မှတ် ၊ ဖြတ်ပိုင်း ဘောက်ချာအဟောင်းတွေ စွန့်ပါ။ ဘုရားမှာ ပေါင်မုန့်ဆွမ်းကပ်ပါ။

ရာဟုဖွား

အလုပ်အကိုင် - ဒီအပတ်မှာ အလုပ်အကိုင်ဘက် အာရုံ နည်းနေတတ်တယ်။ လူမှုရေးကိစ္စတွေ လူငယ်တွေဆို နှလုံးသားရေးတွေထဲ နစ်မျောပြီး လုပ်ငန်းထဲ စိတ်မပါလက်မပါ ဖြစ်နေမယ်။ ကိုယ့်အတွက် အကျိုးအမြတ် မရှိ၊ အရေးမပါတဲ့ကိစ္စတွေနဲ့ အချိန်ကုန်ရတတ်တယ်။ အလုပ် သိပ်မကောင်းသလို ငွေကြေးလည်း ခက်ခဲနိုင်တယ်။

ကျန်းမာရေး - မျိုးပွားအင်္ဂါနဲ့ ပတ်သက်လို့ ဂရုစိုက်ရမယ်။ အစားမှား ဆေးမှားတာမျိုးလည်း ဖြစ်တတ်တယ်။

လူမှုအိမ်ထောင် - နှလုံးသားရေးကိစ္စမှာ ပြဿနာဟောင်းတွေ ပေါ်လာတတ်သလို လူဟောင်းတွေနဲ့လည်း ပြန် ပတ်သက်ဆက်နွယ်ရတတ်တယ်။ နှစ်ဦးပြိုင် ၊နှစ်ယောက်တွဲတာမျိုးတွေ ကြုံရမယ်။ အိမ်ထောင်သည်တွေမှာ မကြာခဏ ရန်ဖြစ်ရတတ်တယ်။ သူများစကား နားယောင်မိရင် အမှား ဖြစ်လွယ်လို့ သတိနဲ့ ဆင်ခြင်ရလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - အပြာနု ၊ ဆင်စွယ်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ၅

ကံကောင်းစေတဲ့ အရပ် - အနောက် ၊ အနောက်တောင်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ စနေ (မွန်းလွဲပိုင်း)

ယတြာ - လက်ထပ်ပြီးစ၊ ကြင်စဦး ဇနီးမောင်နှံအတွက် ဖုန်းဘေလ် ကိုယ်တတ်နိုင်သလောက် လက်ဖွဲ့ ပြုပါ။

ကြာသပတေးနေ့ဖွား

အလုပ်အကိုင် - ဘယ်အလုပ်မဆို ဒီအပတ်မှာ အခက်အခဲ၊ အတားအဆီးတွေ သိပ်များလာမယ်။ အလုပ်ကို အတိုက်အခံ လုပ်၊ ပြဿနာ လာရှာတာမျိုး ခံရတတ်တယ်။ အလုပ်နဲ့ ပတ်သက်လို့ စိတ်ထဲမှာ မွန်းကြပ်ဖိစီးမှု သိပ်များလာနိုင်တယ်။ အမှားမခံတဲ့ ကာလ ဖြစ်လို့ သေချာ လုပ်ရမယ်။ ငွေကြေးကံ အသင့်အတင့် ရှိတယ်။

ကျန်းမာရေး - အနာရောဂါ ကင်းပြီး ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်တဲ့ ကာလ ဖြစ်တယ်။ ဘေးဥပါဒ် ကင်းမယ်။

လူမှုအိမ်ထောင် - ဒီအပတ် အချစ်ရေးကိစ္စမှာ တကျက်ကျက်နဲ့ စကားများမယ်။ ပြီးတော့ ပြန်တည့်သွားမယ်။ အိမ်ထောင်သည်တွေ စကားနည်းမှ ရန်စဲမယ်။ အပြင်မီးကို အတွင်း မဝင်ပါစေနဲ့။ မိတ်ဆွေအပေါင်းအသင်းရဲ့ အကျိုးကျေးဇူး ခံစားရမယ်။ အကူအညီတွေ ရလိမ့်မယ်။ ဘာသာရေး လုပ်ဖြစ်ရင် ကံအညံ့တွေ ကင်းဝေးမယ်။

ကံကောင်းစေတဲ့ အရောင် - အဝါ၊ စိမ်းပြာ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၂ ၊ ၅

ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက် ၊ အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး ၊ တနင်္လာ

ယတြာ - မွေးနေ့ မနက်မှာ သံဃာတစ်ပါးကို တတ်နိုင်သလောက် ဝထ္ထုငွေ ကပ်ပါ။ လိုရာဆန္ဒ ဆုတောင်းပါ။

သောကြာနေ့ဖွား

အလုပ်အကိုင် - ယေဘုယျအားဖြင့် ကံဇာတာ နိမ့်ပါးချိန် ဖြစ်တယ်။ ဘာလုပ်လုပ် အဆင်မပြေနိုင်ဘဲ လွဲချော်မှု ညံ့ဖျင်းမှုတွေသာ ကြုံရတတ်တယ်။ အတိုက်အခံလည်း သိပ်များမယ်။ လုပ်သမျှ အလုပ်တိုင်းမှာ ပြဿာနာတွေ မကင်းဘဲ ဖြစ်နေမယ်။ ကိုယ်တိုင်က အတွေးမှား၊ ဆုံးဖြတ်ချက်မှားလို့လည်း ရသင့်တာတွေနဲ့ လွဲရတတ်တယ်။

ကျန်းမာရေး - ဒီအပတ်မှာ အလွယ်တကူ ဖျားနာပြီး ကျန်းမာရေး ညံ့တတ်တယ်။ ရောဂါအခံ ရှိရင် ပိုဂရုစိုက်ပါ။

လူမှုအိမ်ထောင် - မိတ်ဆွေတွေ၊ အနားက လူတွေကြောင့် စိတ်တိုဒေါသ ဖြစ်ရမယ်။ သူတပါးအမှားအတွက်နဲ့ ကိုယ်က ခေါင်းခံ ရှင်းရတတ်တယ်။ အချစ်ရေးကဏ္ဍမှာ မသင်္ကာစရာတွေ ဖြစ်မယ်။ စိတ်ရှုပ်ထွေးရတတ်တယ်။ အိမ်ထောင်ရေး အဆင်ပြေမယ့် ကာလ ဖြစ်တယ်။ အိမ်ထောင်ဖက်နဲ့ အကြီးအကဲတွေက အကူအညီ ပေးမယ်။

ကံကောင်းစေတဲ့ အရောင် - အရောင်ဖျော့ ၊ အဖြူ

ကံစမ်းနိုင်တဲ့ ဂဏန်း - ရွှေအိုရောင် ၊ အဝါ

ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက် ၊ အနောက်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ ၊ တနင်္လာ

ယတြာ - ခြေ (သို့) ကိုယ်အောက်ပိုင်း မသန်စွမ်းသူတစ်ဦးကို အစာအာဟာရ ဒါနပြုပြီး အညံ့တွေ သက်သာဖို့ ဆုတောင်းပါ။

စနေနေ့ဖွား

အလုပ်အကိုင် - စီးပွားရေး ဖြောင့်ဖြူး အဆင်ပြေမယ့် သီတင်းပတ် ဖြစ်တယ်။ လုပ်ကိုင်သမျှ အောင်မြင်တာက များပြီး အခွင့်အရေးတွေလည်း ကိုယ့်ဆီပဲ လာနေမယ်။ လူကြီးသူမတွေက စောင့်ရှောက်လိမ့်မယ်။ စိတ်ပင်ပန်း လူပင်ပန်းတတ်ပေမယ့် စီးပွားကောင်းလို့ စိတ်ချမ်းသာရမယ်။ ငွေရေးကြေးရေးလည်း စိတ်တိုင်းကျ ဖြစ်မယ်။

ကျန်းမာရေး - အသွားအလာကိစ္စမှာ သတိပြုရမယ်။ မတော်တဆ သွေးထွက်သံယိုလေးတွေ ဖြစ်တတ်တယ်။

လူမှုအိမ်ထောင် - နေရင်းထိုင်ရင်း ကိုယ့်ကို ပြဿနာလာရှာသူတွေနဲ့ ကြုံရမယ်။ ကိုယ်လုပ်သမျှ လိုက်လံ တုပ ပြိုင်ဆိုင်တတ်တယ်။ နှလုံးသားရေးမှာတော့ ပုံမှန်အတိုင်း ဖြတ်သန်းရမယ်။ အိမ်ထောင်သည်တွေမှာတော့ စိတ် အနှောင့်အယှက်တချို့ ဖြစ်တတ်တယ်။ ဒီအပတ် ဘာလုပ်လုပ် အကြီးအကဲတွေနဲ့ တိုင်ပင်နှီးနှောပြီးမှ လုပ်ပါ။

ကံကောင်းစေတဲ့ အရောင် - အဝါရင့်နဲ့ အရောင်ရင့်ရင့်များ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၇ ၊ ဝ

ကံကောင်းစေတဲ့ အရပ် - အရှေ့ ၊ အနောက်တောင်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ ကြာသပတေး

ယတြာ - မွေးနေ့မနက်မှာ ဖခင် (သို့မဟုတ်) အကြီးအကဲတစ်ဦးဦးကို ဆေးဝါးပစ္စည်း လှူဒါန်းပေးပါ။

ဧက

ဗေဒင်သုတေသီ

#lotaya_horoscope

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။



Some text some message..