၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၁၂.၇.၂၀၂၀ မှ ၁၈.၇.၂၀၂၀ အထိ)
lotaya.mpt.com.mm
|
2020-07-12

ဗေဒင်သုတ (အွန်လိုင်းဗေဒင်စာစောင်) တည်ထောင်သူ ၊ မြန်မာ့ရိုးရာ ဗေဒင်နှင့် နက္ခတ်ပညာသုတေသီ ဆရာဧက ဟောပြောထားတဲ့ (၇) ရက်သားသမီး တစ်ပတ်စာ ဗေဒင်ဟောစာတမ်း (၁၂.၇.၂၀၂၀ မှ ၁၈.၇.၂၀၂၀ အထိ) ကို လိုတရ ဗေဒင်ပရိတ်သတ် အတွက် ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေနေ့ဖွား

အလုပ်အကိုင် - တစ်ပတ်တာ လုပ်ငန်းအခြေအနေက အကောင်းအဆိုးတွေ ရောထွေးနေမယ်။ အတက်အကျ လှုပ်ရှားမှုလည်း များလိမ့်မယ်။ ဒီအပတ်မှာ ကိုယ်လုပ်ချင်တာထက် အခြေအနေပေါ် မူတည်ပြီး အပြောင်းအလဲ လုပ်ကိုင်သင့်တယ်။ အကြံအစည်တွေ ဖြစ်မလာတာက များမယ်။ ငွေရေးကြေးရေးလည်း ခက်ခဲသွားနိုင်တယ်။

ကျန်းမာရေး - ခဏတာ ဖျားနာ ကိုယ်လက် ကိုက်ခဲတာမျိုး ဖြစ်တတ်ပေမယ့် အမြန် ပြန်ပျောက်ပါလိမ့်မယ်။

လူမှုအိမ်ထောင် - ချစ်မေတ္တာရေးမှာ အနှောင့်အယှက် များတတ်တယ်။ စုံတွဲတွေကြား အချင်းများစရာတွေက ခဏခဏ ဖြစ်လာတတ်တယ်။ မျှော်လင့်တာနဲ့ ဖြစ်လာတာက အံမကိုက်ဘဲ လွဲနေတတ်တယ်။ ဒီအပတ်ထဲမှာ အပေါင်းအသင်းကံ အားနည်းတယ်။ အကူအညီ မရတာ၊ အပေါင်းအသင်းကြောင့် စိတ်ညစ်ရတာတွေ ဖြစ်မယ်။

ကံကောင်းစေတဲ့ အရောင် - ရွှေရောင်၊ ရောင်စုံကွက်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၇ ၊ ၄

ကံကောင်းစေတဲ့ အရပ် - တောင်၊ အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး ၊ စနေ

ယတြာ - မွေးနေ့မနက် ၉ နာရီ အိမ်က ဘုရားမှာပဲ အုန်းနို့ခေါက်ဆွဲနဲ့ နွားနို့အပူတစ်ခွက် ကပ်လှူပေးပါ။

တနင်္လာနေ့ဖွား

အလုပ်အကိုင် - အကြီးအကဲတွေ၊ အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ ပတ်သက်လို့ အလုပ်မှာ ထိခိုက်နစ်နာစရာ ဖြစ်တတ်တယ်။ ဥပဒေနဲ့ ငြိစွန်းတာတွေ လုံးဝ ရှောင်ရမယ့် ကာလ ဖြစ်တယ်။ အမှားအယွင်း ဖြစ်ရင် ကိုယ့်မှာ ပြဿနာကြီးသွားနိုင်တယ်။ အလုပ်မှာ မရေရာတဲ့ မှန်းရခက်တဲ့ အခြေအနေတွေ အမျိုးမျိုး ဖြစ်လာနိုင်တယ်။

ကျန်းမာရေး - အစာ မကြေတာ ၊ ခြေ/ ခါး ထိခိုက်မှု ဖြစ်တာ၊ သွေးအားနည်းတာတွေ ဖြစ်တတ်ပါတယ်။

လူမှုအိမ်ထောင် - နှလုံးသားရေးကံ ကောင်းမွန်မယ့် ကာလ ဖြစ်တယ်။ အဆင့်အတန်း မြင့်မားသူ၊ ကိုယ့်ထက် ကြီးသူနဲ့ ဆုံဆည်းရတတ်တယ်။ စုံတွဲတွေကြားမှာလည်း စိတ်ချမ်းသာ ပျော်ရွှင်ချိန် များမယ်။ မိသားစုတွင်းမှာ သတင်းကောင်းတွေ ကြားရတတ်တယ်။ ပြင်ပလူမှုရေးမှာ ကိုယ်လုပ်သမျှ လိုက်လံဝေဖန်သူတွေ ပေါ်လာမယ်။

ကံကောင်းစေတဲ့ အရောင် - အရောင်ရင့် ၊ မီးခိုး၊ အညို

ကံစမ်းနိုင်တဲ့ ဂဏန်း - ၇ ၊ ၀ ၊ ၆

ကံကောင်းစေတဲ့ အရပ် - မြောက်၊ အနောက်တောင်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ ၊ ဗုဒ္ဓဟူး

ယတြာ - တစ်ပတ်အတွင်း အဆင်ပြေရာအချိန်မှာ လမ်းမြေဖို့တာ ၊ ရွှံ့ဗွက်ထူရာ လမ်းခင်းပေးတာမျိုး လုပ်ပါ။

အင်္ဂါနေ့ဖွား

အလုပ်အကိုင် - ကိုယ့်ထက် ကြီးကဲသူတွေကြောင့် မကြာခဏ စိတ်ညစ်ရတတ်တယ်။ အလုပ်အခြေအနေတွေ ကောင်းမွန်ဖို့ ရှိတယ်။ အနှောင့်အယှက်တွေကြား ဖြတ်သန်းပြီးမှ အဆင်ပြေမယ်။ ဘယ်အရာမဆို အလွယ်နဲ့ မရဘဲ ပြောယူ တိုက်ယူနိုင်မှ ရလိမ့်မယ်။ တစ်ပတ်တာလုံး ငွေကြေးကံဇာတာ အကောင်းဘက်မှာ ရှိနေတယ်။

ကျန်းမာရေး - ခေါင်းမူးခေါင်းနောက် ဖြစ်တတ်တယ်။ မျက်စိအားနည်းသူတွေ ပါဝါ တက်နိုင်လို့ သတိပြုရမယ်။

လူမှုအိမ်ထောင် - ချစ်မေတ္တာရေးမှာ စုံတွဲတွေကြား ပြဿနာ ဖြစ်လွယ်နေမယ်။ လက်တွဲဖော် ရှာနေသူဆိုရင် ဒီကာလ အဆင်မပြေနိုင်သေးဘူး။ အိမ်ထောင်သည်တွေ ဒီအပတ်မှာ အငြင်းအခုံ၊ ပဋိပက္ခကြောင့် တော်တော်နဲ့ မပြေလည်ဘဲ ဖြစ်တတ်တယ်။ အိမ်တွင်းအပူတွေ များနေပြီး အကြီးအကဲတွေကြောင့်ပါ စိတ်ညစ်ရတတ်တယ်။

ကံကောင်းစေတဲ့ အရောင် - အစိမ်း ၊ စိမ်းပြာ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ၈ ၊ ၀

ကံကောင်းစေတဲ့ အရပ် - အနောက် ၊ မြောက်

ကံကောင်းစေတဲ့ နေ့ရက် - သောကြာ၊ စနေ

ယတြာ - မွေးနေ့ (အင်္ဂါ) မနက် ၉ နာရီကျော်ရင် အိမ်က ဘုရားမှာ နန်းကြီးသုပ်နဲ့ လက်ဖက်ရည် ကပ်လှူပါ။

ဗုဒ္ဓဟူးနေ့ဖွား

အလုပ်အကိုင် - ကိုယ်တိုင်က ကြိုးစားနေပေမယ့် ရလဒ်ပိုင်းမှာ ညံ့နေမယ်။ အလုပ်တွေ မကောင်းဘဲ စိတ်ညစ် ပူပန်ရတတ်တယ်။ အလုပ်နဲ့ ပတ်သက်လို့ စိတ်ဖိစီး လူပင်ပန်းရလိမ့်မယ်။ အကျိုးအမြတ်ကျတော့ အားနည်းပြီး စိတ်ပျက်စရာ ဖြစ်မယ်။ စပ်တူရှယ်ယာအလုပ်တွေ အကျိုးမပေးပါ။ ငွေရေးကြေးရေးမှာ စိတ်ညစ်ပြီးမှ ရရှိမယ်။

ကျန်းမာရေး - ဘေးဥပါဒ် ဖြစ်လောက်တဲ့အထိ အညံ့ မရှိပေမယ့် အရေပြားနဲ့ အရိုးအဆစ်မှာ အားနည်းမယ်။

လူမှုအိမ်ထောင် - ချစ်သူစုံတွဲနဲ့ အိမ်ထောင်သည်တွေကြားမှာ မကြာခဏ ကတောက်ကဆတွေ များလာမယ်။ အဲဒီအတွက်လည်း စိတ်ပင်ပန်းရလိမ့်မယ်။ လက်တွဲဖော် ရှာနေသူတွေမှာလည်း ရည်ရွယ်တာနဲ့ ဖြစ်လာတာက လွဲနေတတ်တယ်။ အပေါင်းအသင်းကဏ္ဍမှာ မပြေလည်မှုတွေ ကြုံရမယ်။ ရင်းနှီးသူတွေနဲ့ အဆင်မပြေဖြစ်မယ်။

ကံကောင်းစေတဲ့ အရောင် - ဖက်ဖူးရောင် ၊ အနီတောက်တောက်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၈

ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက် ၊ တောင်

ကံကောင်းစေတဲ့ နေ့ရက် - စနေ ၊ တနင်္ဂနွေ

ယတြာ - မွေးနေ့ မနက် ၉း၄၅ မိနစ် အိမ်က ဘုရားမှာ ထီးနီတစ်လက်နဲ့ ရွက်လှ ၄ ညွှန့်နဲ့ လှူဒါန်းပေးပါ။

ရာဟုဖွား

အလုပ်အကိုင် - ဒီတစ်ပတ် အလုပ်အကိုင် စီးပွားရေးကံ အားနည်းနေတယ်။ လုပ်ကိုင်သမျှ အပျက်အစီးက ပို များလိမ့်မယ်။ ပြင်ပပယောဂ မကင်းတဲ့အနှောင့်အယှက်က စီးပွားရေးကို ဝင်မွှေတတ်တယ်။ ဒါပေမယ့် ဖြစ်သမျှ အကြောင်းအားလုံးက ကောင်းဖို့ ဖြစ်လာတာပါပဲ။ ငွေကြေးကိစ္စမှာ မလိုအပ်ဘဲနဲ့စွန့်စားတာမျိုးကို ရှောင်ရမယ်။

ကျန်းမာရေး - ခြေချော်ကျတာ၊ မတော်တဆ ထိခိုက်တာမျိုး ဖြစ်တတ်တယ်။ နေထိုင်စားသောက်မှု သတိပြုပါ။

လူမှုအိမ်ထောင် - ချစ်မေတ္တာရေးမှာ စိတ်မကောင်းစရာတွေ ပေါ်ထွက်လာမယ်။ နှစ်ဦးကြားမှာ နားလည်မှုတွေ မပေးနိုင်တော့လို့ လမ်းခွဲပြတ်စဲရသည်အထိ ဖြစ်တတ်တယ်။ မမျှော်လင့်တဲ့ ပြဿနာတွေ ဝင်လာတတ်တယ်။ လူမှုဆက်ဆံရေးမှာ ရိုးသားမှု မရှိသူတွေ ပေါ်လွင်လာမယ်။ ကိုယ့်အနားကနေ အလိုလို ထွက်သွားရလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - ကောင်းကင်ပြာ၊ အပြာရင့်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၀ ၊ ၇

ကံကောင်းစေတဲ့ အရပ် - အရှေ့တောင် ၊ အနောက်

ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ ၊ သောကြာ

ယတြာ - ဗုဒ္ဓဟူးနေ့ ညနေစောင်းမှာ နွမ်းပါးတဲ့ သက်ကြီးရွယ်အိုတွေကို တတ်နိုင်သလောက် ဆေးဝါး လှူပါ။

ကြာသပတေးနေ့ဖွား

အလုပ်အကိုင် - ခေါင်းခဲစရာ ပြဿနာတွေ ပေါ်လာတတ်တယ်။ အလုပ်မှာ ရန်သူ၊ ပြိုင်ဘက် ဒုက္ခပေးသူတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်။ အသက်မွေးဝမ်းကျောင်းအတွက် ပူပန်ရ ၊ စိတ်ရှုပ်ရ ဖြစ်မယ်။ ကိုယ့်အပေါ် မရိုးသားသူတွေ မလိမ့်တပတ် လုပ်သူတွေ ရှိနေတတ်တယ်။ ငွေအလွယ်ပေါ်တဲ့ အလုပ်ထက် ရေရှည်ကို မျှော်ကြည့်ဖို့ လိုမယ်။

ကျန်းမာရေး - အကြောအချဉ်တွေ ထိုင်းမှိုင်းတာနဲ့ အညောင်းမိပြီး ပင်ပန်းတဲ့ ဒဏ်တွေ ခံစားရတတ်တယ်။

လူမှုအိမ်ထောင် - တစ်ဦးထက် မကတဲ့ နှလုံးသားရေးကိစ္စတွေ ပေါ်လာတတ်တယ်။ အချစ်ရေးမှာ အပြိုင်တွေ ရှိလာမယ်။ ရွေးရခက်တာ ၊ စဉ်းစားရ ကျပ်တာတွေ ဖြစ်မယ်။ ချစ်သူ၊ စုံတွဲတွေကြား သံသယတွေ ပိုများမယ်။ နားလည်မှု ပိုပေးနိုင်မှ အဆင်ပြေမယ်။ အပေါင်းအသင်းတွေ၊ အကြီးအကဲတွေရဲ့ ကူညီမှုကို ရရှိလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - အပြာဖျော့ ၊ စိမ်းနု

ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၇

ကံကောင်းစေတဲ့ အရပ် - အရှေ့ ၊ အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် - စနေ ၊ ဗုဒ္ဓဟူး

ယတြာ - မွေးနေ့ (ကြာသပတေး) နေ့မှာ သီလရှင်ဆရာကြီးတစ်ပါးကို စားစရာနဲ့ ငွေကြေးတွေ လှူဒါန်းပါ။

သောကြာနေ့ဖွား

အလုပ်အကိုင် - စီးပွားဖြစ်ပြီး အလုပ်အကိုင်တွေ ကောင်းမယ့် သီတင်းပတ် ဖြစ်တယ်။ ကိုယ်ကြံစည်သမျှက အောင်မြင်စွာနဲ့ အကောင်အထည် ပေါ်လိမ့်မယ်။ ကိုယ်တိုင်ကလည်း အင်တိုက်အားတိုက်နဲ့ စွန့်စွန့်စားစားကို လုပ်ချင်ကိုင်ချင်စိတ် ဖြစ်နေမယ်။ အခက်အခဲလေးတွေ ရှိတတ်ပေမယ့် အလွယ်တကူ ကျော်ဖြတ်နိုင်မယ်။

ကျန်းမာရေး - ဖြစ်ချင်စိတ် များပြီး မနားမနေ အလုပ်လုပ်လွန်းလို့ သေချာ စားသောက် အနားယူပေးရမယ်။

လူမှုအိမ်ထောင် - နှလုံးသားရေးမှာ စိတ်တိုင်းကျ ပျော်ရွှင်စရာတွေ ဖန်တီးနိုင်မယ်။ အချစ်ရှာနေသူတွေတော့ ကံမကောင်းနိုင်သေးပါ။ စုံတွဲတွေကြားမှာ ကြည်နူးချမ်းမြေ့စရာတွေ ရှိလိမ့်မယ်။ မိတ်ဆွေအပေါင်းအသင်းနဲ့ ပတ်သက်လို့ အကူအညီ မရနိုင်ဘဲ ကိုယ်ကချည်း ပေးဆပ်နေရတတ်တယ်။ အများအတွက် အချိန်ပေးရမယ်။

ကံကောင်းစေတဲ့ အရောင် - အဝါရင့် ၊ အပြာဖျော့

ကံစမ်းနိုင်တဲ့ ဂဏန်း - ၆ ၊ ဝ

ကံကောင်းစေတဲ့ အရပ် - မြောက် ၊ အနောက်မြောက်

ကံကောင်းစေတဲ့ နေ့ရက် - သောကြာ ၊ တနင်္ဂနွေ

ယတြာ - ကိုယ့်ထက် ကြီးကဲသူ ဆရာသမားတစ်ဦးအတွက် သူ လိုအပ်တာတစ်ခုခုကို ဝယ်လှူပေးလိုက်ပါ။

စနေနေ့ဖွား

အလုပ်အကိုင် - အလုပ်တွေ စီးပွားရေးအခြေအနေတွေ ကောင်းပေမယ့် ကိုယ့်ကို အံတု ယှဉ်ပြိုင်သူတွေလည်း များလာလိမ့်မယ်။ နေရာတည်မြဲရေး၊ ရာထူး ခိုင်မာရေးအတွက် ရုန်းကန်ရမယ်။ အနှောင့်အယှက်တွေ များမယ်။ ဒါပေမယ့် လူကြီးသူမနဲ့ အုပ်ချုပ်မှုပိုင်းက ကိုယ့်ကို ကာကွယ်ပေးမယ်။ အပင်မြင့်လေ လေတိုက်ခံလေ ဖြစ်မယ်။

ကျန်းမာရေး - ရောဂါအခံ ရှိသူတွေ ဂရုစိုက်ရမယ်။ မကျန်းမမာ ဖြစ်တတ်ပေမယ့် ခဏနဲ့ ပြန်သက်သာမယ်။

လူမှုအိမ်ထောင် - နှလုံးသားရေးနဲ့ ပတ်သက်လို့ ဒီအပတ်မှာ ကံဇာတာ ညံ့တတ်တယ်။ ချစ်သူစုံတွဲတွေကြားမှာ နားလည်မှု မရဘဲ ပြဿနာ ဖြစ်လွယ်နေမယ်။ စိတ်ထိခိုက်စရာတွေ ကြုံရတတ်တယ်။ ပြဿနာဟောင်းတွေက အသစ်တဖန် ပြန်ပေါ်လာတတ်တယ်။ မိတ်ဆွေ ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း မသင့်မတင့် ဖြစ်တတ်တယ်။

ကံကောင်းစေတဲ့ အရောင် - အစိမ်း၊ ကောင်းကင်ပြာ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ၈ ၊ ဝ

ကံကောင်းစေတဲ့ အရပ် - အနောက်တောင် ၊ အနောက်မြောက်

ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ ၊ စနေ

ယတြာ - အင်္ဂါနေ့ မနက်ပိုင်းမှာ သံဃာတစ်ပါးကို လိုအပ်တဲ့ ဆေးဝါးပစ္စည်း လှူဒါန်းရင်း လိုရာဆုတောင်းပါ။

ဧက

ဗေဒင်သုတေသီ

#lotaya_horoscope

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။



Some text some message..