၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၂၆.၇.၂၀၂၀ မှ ၁.၈.၂၀၂၀ အထိ)
lotaya.mpt.com.mm
|
2020-07-26

ဗေဒင်သုတ (အွန်လိုင်းဗေဒင်စာစောင်) တည်ထောင်သူ ၊ မြန်မာ့ရိုးရာ ဗေဒင်နှင့် နက္ခတ်ပညာသုတေသီ ဆရာဧက ဟောပြောထားတဲ့ (၇) ရက်သားသမီး တစ်ပတ်စာ ဗေဒင်ဟောစာတမ်း (၂၆.၇.၂၀၂၀ မှ ၁.၈.၂၀၂၀ အထိ) ကို လိုတရ ဗေဒင်ပရိတ်သတ် အတွက် ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေနေ့ဖွား

အလုပ်အကိုင် - သီတင်းပတ်အစမှာ လုပ်တိုင်း မဖြစ်တာ၊ အလွဲအချော် များတာတွေ ရှိပေမယ့် နောက်ပိုင်းမှာ အဆင်ပြေ ချောမွေ့လာလိမ့်မယ်။ အဘက်ဘက်က ကူညီမစမယ့်သူတွေ ပေါ်လာမယ်။ အကြီးအကဲတွေဆီက အကူအညီကောင်းတွေ ရမယ်။ နေရာကောင်းရမယ်။ ရာထူးတိုးတတ်တယ်။ ငွေကြေးကံလည်း ပွင့်လန်းမယ်။

ကျန်းမာရေး - ဒီအပတ်မှာ အသေးအဖွဲကလွဲရင် ကျန်းမာရေးအညံ့ မရှိပါဘူး။ ဝမ်းပျက်၊ဝမ်းနာတော့ သတိပြုပါ။

လူမှုအိမ်ထောင် - မိသားစုရေး၊ အိမ်တွင်းရေးမှာ စိတ်ညစ်စရာလေးတွေ စပေါ်လာမယ်။ ချစ်သူရည်းစားတွေမှာ မကြာခဏ ရန်စကားများရတတ်တယ်။ အစောပိုင်းမှာ ပြေလည်သမျှက နောက်ပိုင်းမှာ အမြင်မှားစရာ ဖြစ်မယ်။ ပညာရေးသမားတွေက မျှော်လင့်တာထက် စိတ်ချမ်းသာမယ်။ မိတ်ဆွေအပေါင်းအသင်း အကျိုးပေးလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - အဖြူ ၊ နီရဲရဲ ၊ အဝါဖျော့

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၂ ၊ ၅

ကံကောင်းစေတဲ့ အရပ် - အရှေ့ ၊ အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး

ယတြာ - ကြာသပတေးနေ့မနက် အိမ်က ဘုရားမှာ အဖြူရောင်ပန်း (၅) ပွင့်ကို အပွင့်ချည်း ချွေပြီး ကပ်လှူပါ။

တနင်္လာနေ့ဖွား

အလုပ်အကိုင် - ကြံစည် လုပ်ကိုင်မှုတွေ အဆင်ချော အောင်မြင်လိမ့်မယ်။ ဒါပေမယ့် စာရွက်စာတမ်းကိစ္စတွေ လက်မှတ်ထိုးရာမှာ ဂရုစိုက်ရမယ်။ သီတင်းပတ်အစမှာ အလုပ်တွေ ကောင်းပေမယ့် နောက်ပိုင်းမှာ နည်းနည်း အညံ့ ရှိတယ်။ အလုပ်ကိစ္စ အတိုက်အခံ ပြောရလိမ့်မယ်။ ငွေကြေးကံကတော့ တစ်ပတ်လုံး အဆင်ပြေနေမယ်။

ကျန်းမာရေး - တစ်ပတ်လုံး ကျန်းမာရေးအညံ့ သိပ်မရှိပါ။ အဆာခံ အလုပ်လုပ်တာကိုတော့ သတိထားရမယ်။

လူမှုအိမ်ထောင် - နှလုံးသားရေးကိစ္စမှာ အနှောင့်အယှက် ရှိမယ်။ စိတ်မပါလက်မပါလည်း ဖြစ်နေတတ်တယ်။ ဘေးလူစကားတွေ နားမယောင်ဖို့ လိုမယ်။ ကြားလေသွေးလို့ ပြဿနာ ရှိနိုင်တယ်။ အမျိုးသမီးအကြီးအကဲရဲ့ အကြံဉာဏ် ယူသင့်တယ်။ ပညာရေး ကောင်းတဲ့အချိန် ဖြစ်တယ်။ မိတ်ဆွေတွေက အားကိုးမရဘဲ ဖြစ်မယ်။

ကံကောင်းစေတဲ့ အရောင် - အဖြူ ၊ ရွှေအိုရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၃ ၊ ၈

ကံကောင်းစေတဲ့ အရပ် - အရှေ့တောင် ၊ အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ၊ တနင်္ဂနွေ

ယတြာ - မိခင် (သို့) အမျိုးသမီးအကြီးအကဲတစ်ဦးကို စားချင်တာ ဝယ်ကျွေးပါ။ လိုရာဆန္ဒ ဆုတောင်းပါ။

အင်္ဂါနေ့ဖွား


အလုပ်အကိုင် - တစ်ပတ်တာလုံးမှာ အေးအေးဆေးဆေး မနေရဘဲ အပြိုင်အဆိုင်နဲ့ အခက်အခဲတွေကြားကနေ ဖြတ်သန်းရမယ်။ အလုပ်ကိစ္စအတွက် ခရီး၊ အသွားအလာတွေလည်း ပိုများလာတတ်တယ်။ တစ်ခုထက်မကတဲ့ အခွင့်အရေးတွေ ပေါ်လာမယ်။ အရာရာကို သတိထားလုပ်ရလိမ့်မယ်။ ငွေကြေးကိစ္စ မကျေလည်စရာ ဖြစ်မယ်။

ကျန်းမာရေး - သီတင်းပတ်နှောင်းပိုင်းမှာ မတော်တဆထိခိုက်မှု ဖြစ်တတ်တယ်။ အသွားအလာ ဆင်ခြင်ရမယ်။

လူမှုအိမ်ထောင် - အချစ်ရေးမှာ မပြေလည်ခဲ့တာတွေ ပြေလည်လာမယ်။ အပြိုင်တွေလည်း ပေါ်လာနိုင်တယ်။ စိတ်ထဲ အဖုအထစ်တွေ များမယ်။ တအုံ့တနွေးနွေး ခံစားရတတ်တယ်။ ပညာရေးမှာတော့ အောင်မြင်မှု ရမယ်။ အခွင့်အရေးသစ်တွေ ပေါ်လာမယ်။ မိတ်ဆွေတွေနဲ့ ပတ်သက်လို့ သီတင်းပတ်နှောင်းပိုင်းမှာ သတိထားရမယ်။

ကံကောင်းစေတဲ့ အရောင် - အနက်၊ အရောင်ရင့်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၇ ၊ ၀ ၊ ၁

ကံကောင်းစေတဲ့ အရပ် - အနောက်တောင် ၊ အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ ကြာသပတေး

ယတြာ - မွေးနေ့ (အင်္ဂါ) မနက်ပိုင်းမှာ ထီးဖြူအကြီးတစ်လက် အိမ်ကဘုရားမှာ လှူဒါန်းပြီး ဆုတောင်းပါ။

ဗုဒ္ဓဟူးနေ့ဖွား

အလုပ်အကိုင် - ဒီအပတ်မှာ ကိုယ့်အလုပ်၊ ကိုယ့်တာဝန်ပဲ အလေးထားပါ။ သူတပါးကိစ္စတွေထဲ ဝင်ပါမိသွားရင် ပြဿနာအရှုပ်ထုပ်ထဲ ပတ်သက်မိတတ်တယ်။ အလုပ်မှာ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ပေါ်လာပေမယ့် ထိခိုက်မှုတော့ မရှိပါ။ စီးပွားရေး အတော်သင့် ကောင်းလိမ့်မယ်။ ငွေကြေးကိစ္စမှာတော့ ရလိုက်ကုန်လိုက်ပါပဲ။

ကျန်းမာရေး - မတော်တဆမှုလေးတွေ ဖြစ်တတ်တယ်။ စိတ်ကြောင့် လူပါ ပင်ပန်းမယ်။ အနားယူဖို့ လိုတယ်။

လူမှုအိမ်ထောင် - ချစ်သူတွေကြားမှာ မလိုသူတွေ များလာတတ်တယ်။ ဘေးကနေ အနှောင့်အယှက် ပေးမယ်။ မဟုတ်သတင်း အတင်းအဖျင်း ပြောခံရလိမ့်မယ်။ စိတ်ညစ်စရာ များပေမယ့် ကျော်ဖြတ်နိုင်မှာပါ။ မိတ်ဆွေကိစ္စ သတိထားရမယ်။ ယုံကြည်စိတ်ချရသူ နည်းနေမယ်။ ပညာရေးလမ်းကြောင်းမှာတော့ စိတ်မပါဘဲ ဖြစ်နေမယ်။

ကံကောင်းစေတဲ့ အရောင် - အဝါဖျော့ ၊ အဖြူကွက်ကျား

ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၅

ကံကောင်းစေတဲ့ အရပ် - အရှေ့ ၊ အနောက်တောင်

ကံကောင်းစေတဲ့ နေ့ရက် - သောကြာ ၊ တနင်္လာ

ယတြာ - စနေနေ့ မနက် အိမ်က ဘုရားမှာ လက်ဖက်အသား (၄) ပုံနဲ့ ထန်း ၄ ညွန့် လှူဒန်းပေးပါ။

ရာဟုဖွား

အလုပ်အကိုင် - ကံဇာတာ နိမ့်ပါးနိုင်တဲ့ သီတင်းပတ် ဖြစ်လို့ အစစအရာရာ သတိထားလုပ်ကိုင်ရမယ်။ စီးပွား၊ ငွေကြေးကိစ္စတိုင်းမှာ ရည်ရွယ်လိုက်တိုင်း အဆင်မပြေဘဲ ဖြစ်နေမယ်။ အခိုင်အမာ ကြိုးစားပြီးကာမှ အဆုံးမှာ ပျက်ပြားသွားတတ်တယ်။ အကုန်အကျတွေလည်း များနိုင်တယ်။ အစောပိုင်း ရသမျှ ပြန်ကုန်ဖို့ လွယ်နေမယ်။

ကျန်းမာရေး - အသွားအလာ သတိထားရမယ်။ ချော်လဲတာ၊ လူကို ထိမိခိုက်မိတာတွေ ဖြစ်တတ်တယ်။

လူမှုအိမ်ထောင် - ဒီအပတ်မှာ တစ်ကိုယ်ရေ နေတာထက် အပေါင်းအသင်းတွေနဲ့ နေထိုင်တာ ပိုကောင်းမယ်။ မိတ်ဆွေရောင်းရင်းတွေဆီက အကူအညီတွေလည်း ရတတ်တယ်။ နှလုံးသားရေးမှာတော့ မရေမရာ ဖြစ်ရာက အဆင်ပြေပြေနဲ့ အေးချမ်းသွားမယ်။ ပညာရေးမှာ အခက်အခဲတွေ ပေါ်လာမယ်။ အတော်လေး ရုန်းရလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - အဝါရင့် ၊ ရွှေရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၂

ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက်၊ အနောက်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ စနေ

ယတြာ - ဗုဒ္ဓဟူးနေ့ ညနေစောင်း အိမ်ကဘုရားမှာ သောက်တော်ရေ ၈ ခွက် လှူပါ။ လိုရာဆုတောင်းပါ။

ကြာသပတေးနေ့ဖွား

အလုပ်အကိုင် - အစောပိုင်းက ရပ်နားထားရတဲ့ အလုပ်တွေ ရှိရင် ဒီအပတ် ပြန်စနိုင်မယ်။ လက်ရှိအလုပ်တွေ အရှိန်အဟုန် ရလာမယ်။ ဒါပေမယ့် သီတင်းပတ်နှောင်းပိုင်းမှာ အလုပ်နဲ့ ပတ်သက်လို့ စိတ်ညစ်ရတာ များမယ်။ စုပေါင်းစပ်ပေါင်းအလုပ်တွေ ညံ့မယ်။ သတင်းကောင်းတွေ ကြားရမယ်။ ငွေကြေးကံကောင်းပြီး လာဘ်ရွှင်မယ်။

ကျန်းမာရေး - အရင်က ညံ့နေတဲ့ ကျန်းမာရေးအခြေအနေ တိုးတက်လာမယ်။ ရောဂါအနာကင်းရှင်းလိမ့်မယ်။

လူမှုအိမ်ထောင် - နှလုံးသားရေးမှာ ညံ့လိုက်၊ ကောင်းလိုက် ဖြစ်နေမယ်။ လူဟောင်း၊ ပြဿနာဟောင်းတွေက ဘဝထဲ ပြန်ဝင်လာတတ်တယ်။ မပတ်သက်တာ ကောင်းလိမ့်မယ်။ မိတ်ဆွေအပေါင်းအသင်းဆီက အကူအညီ ရမယ်။ အကြီးအကဲတွေက စောင့်ရှောက်လိမ့်မယ်။ ပညာရေးမှာ အခက်အခဲတွေကို ကျော်ဖြတ်သွားနိုင်မယ်။

ကံကောင်းစေတဲ့ အရောင် - အဝါရင့် ၊ ကောင်းကင်ပြာ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၅ ၊ ၂ ၊ ၉

ကံကောင်းစေတဲ့ အရပ် - အနောက် ၊ အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး

ယတြာ - မွေးနေ့ (ကြာသပတေး) မနက်မှာ သံဃာတစ်ပါးကို ဝထ္ထုငွေ တတ်နိုင်သလောက် လှူဒါန်းပေးပါ။

သောကြာနေ့ဖွား

အလုပ်အကိုင် - တစ်ပတ်တာ လုပ်ငန်းစီးပွားကိစ္စတွေမှာ အတိုက်အခံ၊ အပြိုင်အဆိုင်တွေ အလွန် များမယ်။ လုပ်လိုက်တဲ့ အလုပ်တိုင်းမှာ ကိုယ့်ကို မနာလို၊ တိုက်ခိုက်သူတွေ ဝိုင်းနေတတ်တယ်။ ခရောင်းလမ်းကြမ်းကို ဖြတ်သန်းရသလို လုပ်ကိုင်ရလိမ့်မယ်။ ခက်ခဲပင်ပန်းပေမယ့် အကျိုးအမြတ်ကတော့ ကောင်းမွန်နေလိမ့်မယ်။

ကျန်းမာရေး - ယာဉ်ကားကိစ္စနဲ့ ပတ်သက်လို့ ဒဏ်ရာ ရတတ်တယ်။ ခြေ၊ ခါးကို ဂရုစိုက်ရလိမ့်မယ်။

လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကြားလူဝင်တာ၊ အပြိုင်ပေါ်တာမျိုး ဖြစ်တတ်တယ်။ ချစ်သူ လက်တွဲဖော်ချင်း နားလည်မှုလေး လွဲနေတတ်တယ်။ မိတ်ဆွေအပေါင်းအသင်းကဏ္ဍမှာတော့ စိတ်ချမ်းသာ ကျေနပ်စရာတွေ ကြုံရမယ်။ အကူအညီတွေ ရမယ်။ ပညာရေးမှာ အခက်အခဲတွေကြားကနေ ဖြတ်သန်းရမယ်။

ကံကောင်းစေတဲ့ အရောင် - အညို၊ ကော်ဖီရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၇ ၊ ၀ ၊ ၂

ကံကောင်းစေတဲ့ အရပ် - အနောက်တောင် ၊ မြောက်

ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး၊ စနေ

ယတြာ - တနင်္လာနေ့မှာ သက်ကြီးရွယ်အိုတစ်ဦးကို အရောင်ရင့် ထီးတစ်ချောင်း လှူဒါန်းပေးပါ။

စနေနေ့ဖွား

အလုပ်အကိုင် - သီတင်းပတ်အစောပိုင်းမှာ ဘေးကျပ်နံကျပ် အခြေအနေတွေထဲ ရောက်နေမယ်။ အလုပ်တွေ မပြီးမပြတ်နဲ့ ဖြစ်တတ်တယ်။ နောက်ပိုင်းကျမှ အလုပ်၊ စီးပွားကံ အကောင်းဘက် ရောက်လာမယ်။ အကူအညီ အထောက်အပံ့တွေ ရရှိမယ်။ ဒါပေမယ့် ဒီအပတ်ကံဇာတာက သိပ်အကောင်း မဟုတ်ဘူး။ ဝင်ငွေမမြဲ ဖြစ်မယ်။

ကျန်းမာရေး - ဆေးမှား၊ အစားမှား ဖြစ်တတ်တယ်။ မထင်ထားတဲ့ ရောဂါ၊ ဝေဒနာက ပြန်ပေါ်လာတတ်တယ်။

လူမှုအိမ်ထောင် - နှလုံးသားရေးမှာ ယာယီအညံ့ ရှိတယ်။ အချင်းချင်း အမြင်ကွဲလွဲလို့ စကားအခြေအတင်တွေ ဖြစ်ရတတ်တယ်။ အချိန်တန်တော့လည်း ပြီးသွားမယ်။ လူမှုရေးမှာ အများနဲ့ တစ်ယောက် အမြင်မတူတာတွေ များနေမယ်။ အမြင်ကပ်ခံရတတ်တယ်။ ပညာရေးကံ အားနည်းတယ်။ မှန်းသလောက် မရဘဲ ဖြစ်တတ်တယ်။

ကံကောင်းစေတဲ့ အရောင် - အနက် ၊ မီးခိုးရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၀ ၊ ၉

ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက်၊ အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ စနေ

ယတြာ - အိမ်က ဘုရားမှာ နေ့စဉ် အလင်းဖွင့် ပူဇော်ပါ။ စေတီတွေမှာလည်း ညလုံးပေါက် မီးအလှူပေးပါ။

ဧက

ဗေဒင်သုတေသီ

#lotaya_horoscope

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။



Some text some message..