၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၂၀.၉.၂၀၂၀ မှ ၂၆.၉.၂၀၂၀ အထိ)
lotaya.mpt.com.mm
|
2020-09-20

တနင်္ဂနွေနေ့ဖွား

အလုပ်အကိုင် - တစ်ပတ်တာလုံးမှာ အငြိမ်မနေရဘဲ လှုပ်ရှားသွားလာ လုပ်ကိုင်စရာတွေ ပိုများလာနိုင်တယ်။ ဝန်ထမ်းဆို သတိထား လုပ်သင့်တယ်။ အမှား များတတ်တယ်။ လုပ်ငန်းရှင်တွေမှာတော့ အောင်မြင်မှု ရမယ့် သီတင်းပတ် ဖြစ်တယ်။ ငွေကြေးကိစ္စမှာ စိတ်တိုင်းမကျတာတွေ ရှိပေမယ့် အများအားဖြင့် အဆင်ပြေမယ်။

ကျန်းမာရေး - အညောင်းမိတာ၊ အကြောတွေ ထိုင်းတာ၊ ခေါင်းမူးဇက်လေး ဖြစ်တာမျိုး ခံစားရတတ်တယ်။

လူမှုအိမ်ထောင် - ဒီအပတ်မှာ သူများကိစ္စတွေထဲ ပါဝင်ရတာ များလိမ့်မယ်။ ကိုယ့်မိသားစု၊ အိမ်တွင်းရေးမှာ သာယာချမ်းမြေ့မှု ရှိမယ်။ အိမ်ထောင်ရေး စိတ်ချမ်းသာရမယ်။ အချစ်ရေးမှာလည်း စန်းပွင့်သလို ဖြစ်နေမယ်။ ပြင်ပလူမှုရေးမှာ ကိုယ်က အလေးထားသလောက် ပြန်မလာတာမျိုး ဖြစ်မယ်။ စိတ်ကသိကအောက် များမယ်။

ကံကောင်းစေတဲ့ အရောင် - ရောင်စုံကွက်၊ ပုလဲရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၂ ၊ ၆

ကံကောင်းစေတဲ့ အရပ် - အရှေ့ ၊ အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ ၊ တနင်္လာ

ယတြာ - အင်္ဂါနေ့ မနက် ၈ နာရီ အိမ်ကဘုရားမှာ ကျောက်ကျောမုန့်နဲ့ ကော်ဖီတစ်ခွက် ကပ်လှူပေးပါ။

တနင်္လာနေ့ဖွား

အလုပ်အကိုင် - ဝန်ထမ်းတွေအဖို့ အလုပ်မှာ စဉ်းစားရခက်တာတွေ ဖြစ်မယ်။ လုပ်ချင်တာတွေ လုပ်မရနိုင်ဘဲ ဖြစ်တတ်တယ်။ ဒါပေမယ့် စီးပွားရေးသမားတွေမှာတော့ လုပ်သာကိုင်သာ ရှိလိမ့်မယ်။ အကျိုးပေးမယ့်ကာလ ဖြစ်တယ်။ ကိုယ်တတ်တဲ့ ပညာ၊ အစွမ်းအစတွေကို အသုံးချနိုင်မယ်။ ငွေကြေးကိစ္စမှာ အဝင်အထွက် မျှမယ်။

ကျန်းမာရေး - ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးမှာ ဘေးဥပါဒ် မရှိနိုင်ပါဘူး။ စိတ်ပူလွယ်တာကိုတော့ သတိပြုပါ။

လူမှုအိမ်ထောင် - လူငယ်တွေဖို့ ဒီအပတ်မှာ အချစ်ရေးကံဇာတာ အားနည်းတယ်။ စိတ်ဆင်းရဲစရာတွေ များပြီး အကြီးအကဲတွေကပါ ဝင်ပါလာတတ်တယ်။ အိမ်ထောင်သည်တွေမှာလည်း တကျက်ကျက် စကား များရမယ်။ မိတ်ဆွေအပေါင်းအသင်းကြောင့် စိတ်ရှုပ်ရတတ်တယ်။ မိသားစုရေး၊ ပြင်ပလူမှုရေးကံ အားနည်းချိန် ဖြစ်တယ်။

ကံကောင်းစေတဲ့ အရောင် - ခရမ်းဖျော့ ၊ ဗေဒါရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၃

ကံကောင်းစေတဲ့ အရပ် - မြောက် ၊ အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ ၊ ကြာသပတေး

ယတြာ - မွေးနေ့ မနက်စောစော အိမ်ကဘုရားမှာ ဆီဆမ်းထမင်းနဲ့ ငှက်ပျောသီးတစ်လုံး ကပ်လှူပေးပါ။

အင်္ဂါနေ့ဖွား

အလုပ်အကိုင် - လုပ်ငန်းရှင်တွေအဖို့ ရွေးရခက်တဲ့ အခြေအနေတွေ ကြုံရမယ်။ လုပ်ရကိုင်ရ ခက်ခဲတဲ့ ကာလ ဖြစ်လာမယ်။ သတင်းအမှား၊ ကောလာဟလတွေကြောင့် အလုပ် ထိခိုက်တတ်တယ်။ ဝန်ထမ်းတွေမှာ အလုပ် အဆင်ပြေချိန် ဖြစ်မယ်။ ဒါပေမယ့် ကိုယ့်နေရာ သူများဝင်ယူတာ၊ အထင်အမြင်လွဲခံရတာတွေ ဖြစ်တတ်တယ်။

ကျန်းမာရေး - ခဏတာ ဖျားနာတာ၊ အတွေးလွန် စဉ်းစားလွန်းလို့ ဦးနှောက်ခြောက်တာတွေ ဖြစ်တတ်တယ်။

လူမှုအိမ်ထောင် - နှလုံးသားရေးမှာ အခြေအတင်လေးတွေ ဖြစ်လာနိုင်တယ်။ အများက ဝင်စွက်လာလိမ့်မယ်။ အိမ်ထောင်ရေးမှာ ဘုနဲ့ဘောက်လို မသင့်မမြတ် ဖြစ်တတ်တယ်။ မိတ်ဆွေအပေါင်းအသင်းဆီက အကူအညီ ရမယ်။ ဒီအပတ် ငွေကြေးအဝင်အထွက် များမယ်။ ခရီးတွေလည်း ပေါ်လာနိုင်တယ်။ သွားလို့ သင့်လျော်မယ်။

ကံကောင်းစေတဲ့ အရောင် - ကြက်သွေးရောင်၊ အနီရဲရဲ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၆

ကံကောင်းစေတဲ့ အရပ် - အရှေ့တောင်

ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ ၊ သောကြာ

ယတြာ - မွေးနေ့ မနက် ၉ နာရီ၊ အိမ်က ဘုရားမှာ သြဇာ ၈ ညွှန့် လှူပါ။

ဗုဒ္ဓဟူးနေ့ဖွား

အလုပ်အကိုင် - ဒီအပတ် စီးပွားရေးမှာ သောင်မတင် ရေမကျ အခြေအနေတွေ ကြုံရမယ်။ အရှုံးအမြတ် မကွဲ အရင်းတိုင်းနဲ့ လည်ပတ်ရတတ်တယ်။ ဝန်ထမ်းတွေအဖို့ စိတ်ညစ်စရာတွေ သိပ်များတတ်တယ်။ ပြဿနာတွေ ဖြစ်လွယ်နေလို့ ဂရုစိုက် လုပ်ကိုင်ရမယ်။ လုပ်ငန်းရှင်တွေမှာ အတွေးများ၊ အာရုံများလို့ အလုပ်မှာ ထိခိုက်မယ်။

ကျန်းမာရေး - ရောဂါဟောင်း၊ အနာဟောင်းတွေ ပေါ်တတ်တယ်။ ရင်၊ ဝမ်းနဲ့ ပတ်သက်လို့ သတိထားရမယ်။

လူမှုအိမ်ထောင် - မိသားစုရေး စိတ်ပူပန်စရာတွေ များလာနိုင်တယ်။ အိမ်ထောင်ရေးမှာ ပြဿနာ ရှိနိုင်တယ်။ လူငယ်တွေ နှလုံးသားရေးမှာ ပျော်ရွှင်စရာတွေ ကြုံရမယ်။ သတင်းကောင်းတွေ ကြားရမယ်။ မိတ်ဆွေတွေက ကူညီဖေးမမယ်။ အဆက်အသွယ်ဟောင်းတွေနဲ့ ပြန်ပတ်သက်မိတတ်တယ်။ ငွေကြေးကံကောင်းတတ်တယ်။

ကံကောင်းစေတဲ့ အရောင် - အဖြူဆွတ်ဆွတ်၊ လိမ္မော်ရင့်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ၂ ၊ ၉

ကံကောင်းစေတဲ့ အရပ် - တောင်၊ အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ၊ သောကြာ

ယတြာ - မွေးနေ့ မနက်စောစော အိမ်က ဘုရားမှာ အကြော် ၄ မျိုးနဲ့ ဆီဆမ်းထမင်း ကပ်လှူပေးပါ။

ရာဟုဖွား

အလုပ်အကိုင် - အကြံအစည် စိတ်ကူးတွေ ပျက်ပြားတတ်တယ်။ အစီအစဉ်တွေ ရှိရင် ခဏ သိမ်းထားရမယ်။ လက်တွေ့ အကောင်အထည်ဖော်မိရင် မျှော်လင့်သလို မဖြစ်လာဘဲ ဆုံးရှုံးမှု များတတ်တယ်။ အလုပ်အကိုင်ကံ အားနည်းချိန် ဖြစ်လို့ အစစအရာရာ သတိထားရမယ်။ မဟုတ်တာကို အဟုတ်ထင်လုပ်မိလို့ နစ်နာတတ်တယ်။

ကျန်းမာရေး - အနာရောဂါဘေး ကင်းဝေးမယ်။ ဒါပေမယ့် ခေါင်းမူးခေါင်းကိုက်တာမျိုးတော့ ဖြစ်တတ်တယ်။

လူမှုအိမ်ထောင် - မိတ်ဆွေအပေါင်းအဖော်နဲ့ ပတ်သက်လို့ စိတ်ညစ်ရမယ်။ သူတို့ဒဏ်ကို ကိုယ်က ဝင်ခံရမယ်။ နှလုံးသားရေး၊ အိမ်ထောင်ရေးမှာတော့ အများအားဖြင့် စိတ်ချမ်းသာပျော်ရွှင်ရမယ်။ နားလည်မှုတွေ ရလာမယ်။ ဒီအပတ်မှာ အသွားအလာတွေ သတိထားရမယ်။ အသွားမတော်တစ်လှမ်းဆိုသလို ဘေးအန္တရာယ် ရှိနိုင်တယ်။

ကံကောင်းစေတဲ့ အရောင် - ရောင်စုံကွက် အရောင်လက်လက်များ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၉

ကံကောင်းစေတဲ့ အရပ် - မြောက်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ ၊ သောကြာ

ယတြာ - တစ်ပတ်အတွင်း အားလပ်ချိန်တစ်ခုခုမှာ လမ်းဘေးကလေးတွေကို မုန့်ပဲသွားရည်စာ ဝယ်ကျွေးပါ။

ကြာသပတေးနေ့ဖွား

အလုပ်အကိုင် - ဟိုဟာလုပ်ရနိုး၊ ဒီဟာကောင်းနိုးနဲ့ ဘာမှ ယတိပြတ် မဆုံးဖြတ်တာ များမယ်။ လုပ်ငန်းရှင်တွေ စီးပွားဖြစ်၊ လုပ်ငန်း အောင်မြင်ကိန်း ရှိပေမယ့် ကိုယ်တိုင်က စိတ်များနေလို့ ရသင့်သလောက် မရဘဲ ဖြစ်မယ်။ ဝန်ထမ်းတွေကတော့ အတိုက်အခံကြားက လုပ်ကိုင်ရမယ်။ တစ်ခါတည်းနဲ့ အလုပ်တွေ မပြတ်ဘဲ ဖြစ်လိမ့်မယ်။

ကျန်းမာရေး - ရှောင်တခင်နာမကျန်း ဖြစ်တာ၊ ယာယီဖျားနာတာမျိုး ဖြစ်တတ်တယ်။ နှစ်မျိုး ခံစားရတတ်တယ်။

လူမှုအိမ်ထောင် - ချစ်သူ၊ အိမ်ထောင်ဖက်နဲ့ တကျက်ကျက် စကားများရတတ်တယ်။ ပြဿနာ မဟုတ်တာကို ပြဿနာ လုပ်မိတတ်တယ်။ မိတ်ဆွေအပေါင်းအသင်းထဲမှာ ဆရာလုပ်၊ သြဇာပေးသူတွေက ကူညီကြလိမ့်မယ်။ အစုအဖွဲ့ ရှယ်ယာအလုပ်တွေ ကောင်းလာနိုင်တယ်။ ငွေကြေးကံဇာတာ တက်လာနိုင်လို့ ကံစမ်းကြည့်နိုင်တယ်။

ကံကောင်းစေတဲ့ အရောင် - အဖြူ ၊ ပန်းရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၉

ကံကောင်းစေတဲ့ အရပ် - အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ ၊ ဗုဒ္ဓဟူး

ယတြာ - တနင်္လာနေ့ မနက် နေထွက်ချိန် အိမ်ကဘုရားမှာ ကြက်သွန်သုပ်နဲ့ ဆွမ်းကပ် လှူဒါန်းပါ။

သောကြာနေ့ဖွား

အလုပ်အကိုင် - ဝန်ထမ်းတွေအဖို့ အဆင်ပြေမယ့် ကာလ ဖြစ်ပြီး လုပ်ငန်းစီးပွား လည်ပတ်လုပ်ကိုင်သူဆိုရင် အခက်အခဲ များလာနိုင်တဲ့ သီတင်းပတ် ဖြစ်တယ်။ လုပ်ငန်းမှာ အရှုံးပေါ်တာ၊ လူပင်ပန်း စိတ်ပင်ပန်းမှု များပြီး အကျိုးအမြတ် မသေချာတာ၊ တာဝန်ပိုတွေ ထမ်းရ လုပ်ရတာတွေ များမယ်။ လုပ်ငန်းတွေ နှေးသွားလိမ့်မယ်။

ကျန်းမာရေး - တစ်ပတ်တာလုံး ကျန်းမာရေး ပူစရာ မလိုပါ။ တော်ရုံ ဖျားနာတာတွေ ပျောက်ကင်းပါမယ်။

လူမှုအိမ်ထောင် - လူငယ်တွေ အချစ်ရေးက စကားမှား၊ ကတိပျက်လို့ ပြဿနာ ဖြစ်တတ်တယ်။ ပြီးတော့လည်း ခဏနဲ့ ပြန်အဆင်ပြေမယ်။ အိမ်ထောင်ရေးမှာ အလကားနေရင်း စိတ်ပူစရာတွေ များမယ်။ သူတပါးကိစ္စတွေက ကြားဝင်လွှမ်းမိုးတတ်တယ်။ ဒီအပတ် ငွေကြေးကိစ္စမှာ ဝင်လိုက်၊ ထွက်လိုက်နဲ့ မတည်မငြိမ်တွေ ဖြစ်လိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - အနီရင့် ၊ အဖြူပျောက်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၃

ကံကောင်းစေတဲ့ အရပ် - မြောက် ၊ အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ

ယတြာ - အချိန်ရရင် ရသလို သီလရှင်ဆရာလေးတွေကို ဆွမ်းဆန်စိမ်း တတ်နိုင်သလောက် လောင်းလှူပါ။

စနေနေ့ဖွား

အလုပ်အကိုင် - အရင်က ရုန်းကန်ကြိုးစားခဲ့တဲ့ အလုပ်တွေ ရှိရင် ဒီအပတ်မှာ အောင်မြင်မှု စရမယ်။ အလုပ်မှာ အတိုက်အခိုက်တွေ၊ အနှောင့်အယှက်တွေ များတတ်တယ်။ ဒါပေမယ့် ဖြတ်ကျော်နိုင်မယ်။ ရေရှည်အကျိုးမျှော် လုပ်တဲ့ လုပ်ငန်းတွေ အခြေတည်နိုင်မယ်။ ရေတိုဖြတ်လမ်းလိုက်လုပ်ငန်းမျိုးဆို ဒီအပတ်မှာ အရှုံးများနိုင်တယ်။

ကျန်းမာရေး - အအေးပတ်၊ အပူရှပ်တာမျိုးတွေ ဖြစ်တတ်တယ်။ သတိလက်လွတ် နေထိုင်တာမျိုး ဆင်ခြင်ပါ။

လူမှုအိမ်ထောင် - ဒီအပတ် လူမှုရေး၊ အိမ်ထောင်ရေးကံ အားနည်းနိုင်တယ်။ မိတ်ဆွေအပေါင်းအသင်းတွေက အကူအညီ မရဘဲ ဖြစ်မယ်။ သူတို့ကြောင့် စကားများရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်မကြည် စိတ်အခန့်မသင့်စရာတွေ များမယ်။ သံသယတွေ ဝင်တတ်တယ်။ မိသားစုထဲမှာလည်း ပူပူဆူဆူ ဖြစ်နိုင်တယ်။

ကံကောင်းစေတဲ့ အရောင် - လိမ္မော် ၊ ရွှေရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၀

ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ စနေ

ယတြာ - တစ်ပတ်တာအတွင်း အဆင်ပြေရာ နေ့တစ်နေ့မှာ ဒုက္ခိတတစ်ဦးကို အစာရေစာ လှူဒါန်းပေးပါ။

ဧက

(ဗေဒင်သုတေသီ)

#lotaya_horoscope


အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်



Some text some message..