တစ်ကိုယ်တည်းနေ အမျိုးသမီးများအတွက် မိစ္ဆာဆိုး
lotaya.mpt.com.mm
|
2021-12-06

အဖြစ်အပျက်ကား ၁၉၆၂ခုနှစ်ကနေ ၁၉၆၄ခုနှစ်အတွင်းမှာ ဖြစ်ပျက်ခဲ့တာပါ။ နေရာကတော့ အမေရိကန်နိုင်ငံ ဘော်စတွန်မြို့၊ မက်ဆာချူးဆက်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လူထုအကြားအရမ်းကိုတုန်လှုပ်စရာကောင်းတဲ့ ဖြစ်ရပ်ဆိုးကြီးပါပဲ။ ဒီဖြစ်ရပ်မှာ တစ်ကိုယ်တည်းနေအမျိုးသမီးတွေဟာ မုဒိန်းကျင့်အသတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး ဖြစ်စဉ်တွေ၊ ဖြစ်ရပ်တွေဟာလည်း တူညီမှုရှိနေတာကို တွေ့ရတယ်။ ဒီဖြစ်ရပ်မှာ အသက် ၁၉နှစ်ကနေ အသက် ၈၅ကြား အမျိုးသမီး ၁၃ ယောက်ထိ မုဒိန်းကျင့်အသတ်ဖြတ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

ဒီရာဇဝတ်မှုမှာ ပထမဆုံးအကျူးလွန်ခံရတဲ့ အမျိုးသမီးကတော့ အသက် ၅၅နှစ်အရွယ် အန်နာဆစ္စဆာပါ။ အန်နာဆစ္စဆာ ဟာ အထည်ချုပ်ဆရာမတစ်ယောက်ဖြစ်ပြီး သူဟာ ရိုးရိုးအေးအေးနေထိုင်တတ်တဲ့သူလို့ ပတ်ဝန်းကျင်က ပြောကြတယ်။ သူ့ရဲ့ သား ဂျူးရစ်ဟာ တစ်ရက်မှာ သူ့အမေဆီရောက်လာချိန်မှာတော့ ရေချိုးခန်းထဲမှာ လည်ပင်းကိုခါးပတ်နဲ့ပတ်ပြီး သေဆုံးနေတဲ့ သူ့အမေကို တွေ့ခဲ့တာပါ။ သူ့သား ဂျူးရစ်ဟာ စတွေ့တွေ့ချင်းမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုလို့  ထင်ခဲ့ပေမဲ့ သူ့အမေမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေချင်လောက်တဲ့ ပြဿနာတွေမကြားမိထားတာကြောင့် နည်းနည်းတော့ သံသယဖြစ်မိတယ်။ လူသတ်မှုစုံထောက်တွေဖြစ်တဲ့ ဂျိန်းမယ်လွန် နဲ့ ဂျွန်ဒရစ်ကော တို့ကတော့ ဖောက်ထွင်းလုယက်သတ်ဖြတ်မှုလို့ ယူဆခဲ့ကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အသတ်ခံရသူ အန်နာဆစ္စဆာ ရဲ့ ပိုက်ဆံအိတ်နဲ့ အသုံးအဆောင်ပစ္စည်းတွေက မြေပြင်ပေါ်မှာပြန့်ကျဲနေတယ်။ ဒါကြောင့် မှုခင်းရဲတွေကတော့ ဒါဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုလို့ ကောက်ချက်မချခဲ့ဘဲ လူသတ်သမားကြောင့် သေဆုံးသွားတာလို့ပဲ မှတ်တမ်းတင်ထားခဲ့တယ်။ ဒါပေမဲ့ လူသတ်သမားကို ရှာဖွေဖို့အတွက်တော့ ဘာသဲလွန်စမှ ရှာဖွေလို့မရခဲ့ဘူး။

အဲဒီလိုနဲ့ အန်နာဆစ္စဆာ အမှုဖြစ်ပြီး နောက်ထပ် သုံးပတ်အကြာမှာ အသက် ၈၅ နှစ်အရွယ် မာရီမယ်လန်း ဟာ သူ့ရဲ့ နေအိမ်မှာ သေဆုံးခဲ့သလို နှစ်ရက်အကြာမှာတော့ အသက် ၆၈နှစ်အရွယ် နီနာနီကိုးလ် ထပ်မံသေဆုံးခဲ့ပြန်တယ်။ သေဆုံးမှုတွေဟာ တစ်ပုံစံတည်းနီးပါးဖြစ်ပြီး အဖိုးတန်ပစ္စည်းတွေ၊ ငွေတွေဖောက်ထွင်းမှုပုံစံတွေကိုလည်း မြင်တွေ့ခဲ့ရတယ်။ နီနာနီကိုးလ် သေဆုံးတဲ့တစ်ရက်ထဲမှာပဲ နောက်ထပ်ဆိုးရွားတဲ့အသတ်ခံရမှုတစ်ခု ဘော်စတွန်မြို့မှာ ထပ်ဖြစ်ခဲ့တယ်။ ဒီတစ်ခါသားကောင်ကတော့ အသက် ၆၅နှစ်အရွယ် တစ်ခုလပ် ဟီလန်ဘရတ်ခ် ဖြစ်ပြီး သူဟာ သေဆုံးနေချိန်မှာ သူ့ရဲ့ မိန်းမကိုယ်နဲ့စအို တို့မှာ ပေါက်ပြဲဒဏ်ရာ‌တွေကို တွေ့ရှိခဲ့တာပါ။ သူဟာ သူ့ရဲ့ ဘရာစီယာနဲ့ လည်ပင်းညှစ်အသတ်ခံခဲ့ရတာဖြစ်ပြီး တစ်မြို့လုံးကို အကြီးအကျယ်တုန်လှုပ်သွားစေတဲ့ သတင်းတစ်ပုဒ်လည်း ဖြစ်ခဲ့တယ်။ ဟီလန်ဘရိတ်ခ် ရဲ့ ရက်စက်ကြမ်းကြုတ်စွာအသတ်ခံရပြီးချိန်မှာတော့ ဘော်စတွန်ရဲတပ်ဖွဲ့ဟာ ဒီမြို့မှာ အန္တရာယ်ကြီးမားတဲ့ လူသတ်သမားတစ်ယောက်ရှိတယ်ဆိုပြီး ပြည်သူလူထုကို သတိပေးချက်ထုတ်ပြန်ခဲ့တယ်။ အမျိုးသမီးများအနေနဲ့ တစ်ယောက်တည်းရှိနေချိန်မှာ ဘယ်လိုလူစိမ်းမျိုးကိုမှ လက်သင့်မခံဖို့၊ နောက်ပြီးတော့ လူသတ်သမားဟာ အမျိုးသမီးတွေကို မုန်းတီးနေတဲ့ စိတ္တဇလူသတ်သမားဖြစ်နိုင်ဖွယ်ရှိတယ်လို့လည်း ရေဒီယိုတွေကနေတဆင့် ကြေညာချက်ထုတ်ပြန်ခဲ့တယ်။

ဒါပေမဲ့လည်း လူသတ်မှုတွေကတော့ ရပ်တန့်သွားခြင်းမရှိဘူး။ ကြေညာချက်ထုတ်ပြန်အပြီး သုံးပတ်အကြာမှာပဲ ဘော်စတွန်မြို့အနောက်ဘက်စွန်းမှာရှိတဲ့ 7 Grove Garden မှာ စတုတ္တမြောက်လူသတ်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ပြန်တယ်။ ဒီတစ်ခါအသတ်ခံရတာက အသက် ၇၅နှစ်အရွယ် မုဆိုးမ အီဒါလာဂါ ဖြစ်ပြီး သူကလည်းတကယ့်ကို ရက်ရက်စက်စက်အသတ်ခံခဲ့ရတာပါ။ သူဟာ အသတ်ခံရချိန်မှာ အညိုရောင်ညဝတ်အကျီကိုဝတ်ဆင်ထားတာဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးဟာ စုတ်ပြဲနေသလို လည်ပင်းညှစ်အသတ်ခံထားရတဲ့ အထောက်အထားတွေတွေ့ရတယ်။ သူကလည်း မုဒိန်းကျင့်အသတ်ခံရတယ်လို့ ယူဆလောက်ဖွယ်ရာမြင်ကွင်းမျိုးရှိပေမဲ့ စစ်ဆေးမှုမှာတော့ မုဒိန်းမှုမြောက်တဲ့အထောက်အထားတွေတော့ မတွေ့ရပြန်ဘူး။ အဲဒီနေ့အမှုအခင်းအပြီး ၂၄နာရီအကြာမှာပဲ နောက်ထပ်လူသေအလောင်းတစ်ခုကို ထပ်တွေ့ခဲ့ရတယ်။ ဒီတစ်ခါသေဆုံးနေသူကတော့ ဂျာနီဆူလေဗန်ဖြစ်ပြီး သူဟာ သူနာပြုတစ်ယောက်ပါ။ သူဟာ ရေချိုးခန်းထဲမှာ လည်ပင်းကိုနိုင်လွန်ကြိုးတွေနဲ့ ပတ်ပြီး သေဆုံးနေတာကို တွေ့ရတာဖြစ်ပြီး လွန်ခဲ့တဲ့တစ်ပတ်လောက်ကတည်းက သေဆုံးနေခဲ့တာပဲ ဖြစ်တယ်။ ဒီဖြစ်ရပ်တွေဟာ ဘော်စတွန်တစ်မြို့လုံးကို ပိုမိုကြောက်လန့်တုန်လှုပ်သွားစေခဲ့တယ်။

ဒီလိုနဲ့ နောက်သုံးလအကြာမှာတော့ လူသတ်မှုထပ်မံဖြစ်ပွားခဲ့ပြန်တယ်။ ဒီတစ်ခါသားကောင်ကတော့ အသက်ငယ်ရွယ်တဲ့ အမျိုးသမီးငယ်လေးတစ်ယောက်ဖြစ်တယ်။ သူ့နာမည်က ဆိုဖီကလပ်ဖြစ်ပြီး သူဟာ ဘော်စတွန်မြို့မှာ ဖြစ်ပွားနေတဲ့အခြေအနေတွေကြောင့် သူ့ရဲ့ လုံခြုံရေးကို အထူးဂရုစိုက်နေခဲ့ပေမဲ့လည်း လူသတ်သမားရဲ့ လက်ကတော့ လွတ်မြောက်ခဲ့ခြင်းမရှိပါဘူး။ သူ့ရဲ့အလောင်းကိုတော့ ဒီဇင်ဘာ ၂ရက်နေ့မှာ တွေ့ရှိခဲ့တာပါ။ သူဟာ ကိုယ်လုံးတီးနဲ့ လိင်ပိုင်းဆိုင်ရာစော်ကားခံရတဲ့ တိကျတဲ့အထောက်အထားဖြစ်တဲ့ သုတ်ရည်တွေကိုပါ တွေ့ရှိခဲ့တာပါ။ သူကတော့ ခြေအိတ်နဲ့ လည်ပင်းကိုညှစ်သတ်ခံခဲ့ရတာဖြစ်ပြီး ဆိုဖီကလပ်ဟာ အရင်ကအမှုတွေနဲ့ တူညီစွာအသတ်ခံခဲ့ရတာဖြစ်ပြီး သူ့ရဲ့ ငယ်ရွယ်တဲ့အသက်အပိုင်းအခြားကြောင့် စုံစမ်းဖော်ထုတ်သူတွေအတွက် ပိုမိုခေါင်းစားစရာဖြစ်လာခဲ့တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရှေ့အမှုတွေမှာတုန်းက တုန့်ပြန်မှုအားနည်းပြီးအသက်အရွယ်ကြီးရင့်တဲ့ အမျိုးသမီးတွေသာ သား‌ကောင်ဖြစ်ခဲ့ပေမဲ့ အခုတစ်ခါမှာတော့ သန်မာပြီးတုန့်ပြန်နိုင်တဲ့ငယ်ရွယ်တဲ့အမျိုးသမီးကိုပါ ပစ်မှတ်ထားသတ်ဖြတ်လာခဲ့တာကြောင့်ပဲ ဖြစ်တယ်။

နောက်ပြီးတော့ ဆိုဖီကလပ်အသတ်ခံရတဲ့ အမှုမှာ လူသတ်သမားရဲ့ လှုပ်ရှားမှုကိုလည်း တစွန်းတစ ဖော်ထုတ်လာနိုင်ခဲ့တယ်။ လူသတ်သမားဟာ သူ့ရဲ့သားကောင်တွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်လို့ ယူဆလာကြပြီး ဆိုဖီကလပ်ဟာ အသတ်မခံမီအချိန်မှာ သူ့ရဲ့အိမ်ကို အမျိုးသားတစ်ယောက်က ဆေးသုတ်ဖို့လာရောက်တာဆိုပြီး တံခါးခေါက်ကြောင်းကို အိမ်နီးချင်းမျက်မြင်တစ်ယောက်က ပြောပြလာတာကြောင့်ပါပဲ။

နောက်ထပ်သုံးပတ်အကြာမှာတော့ နောက်ထပ်ငယ်ရွယ်တဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ယောက် သေဆုံးခဲ့တယ်။ သူ့နာမည်ကတော့ ပတ်ထရီစီယာဘက်စီတီဖြစ်ပြီး သူဟာ ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီးငယ်တစ်ယောက်ပဲဖြစ်တယ်။ သူ့ရဲ့အလောင်းကို တွေ့ရှိတာက သူ့ရဲ့သူဌေးဖြစ်ပြီး သူအလုပ်မလာတာအချိန်ကြာလာတာကြောင့် သူ့အိမ်ကိုလိုက်သွားကြည့်တော့မှ အလောင်းကိုတွေ့လိုက်ရတာဖြစ်တယ်။ သူ့ရဲ့အလောင်းဟာ အိပ်ရာခင်းတွေနဲ့ ရစ်ပတ်ခံထားရတာဖြစ်ပြီး လိင်ပိုင်းဆိုင်ရာစော်ကားခံရတဲ့အထောက်အထားတွေနဲ့ လည်ပင်းကိုညှစ်သတ်ထားတဲ့ သက်သေတွေကို တွေ့ရှိခဲ့တာပါ။ ဒီလိုနဲ့ ရဲတွေဟာ တရားခံကိုဖမ်းမိရေးအပူအပြင်းလှုပ်ရှားတော့တယ်။ ထောင်ထဲမှာ မုဒိန်းမှုနဲ့ရောက်ရှိနေတဲ့သူတွေ၊ မြို့ထဲက မသင်္ကာသူတွေကို ခေါ်ယူစစ်မေးခဲ့ပေမဲ့လည်း တရားခံကို ဖမ်းမိဖို့တော့ အလှမ်းကွာဝေးနေဆဲပါပဲ။

အချိန်အတော်ကြာတဲ့အထိ လူသတ်မှုတွေဟာ ငြိမ်သက်သွားပြီးနောက်မှာတော့ လူသတ်မှုတွေပြန်ဖြစ်လာခဲ့ပြန်တယ်။ ဒီတစ်ခါတော့ အသက် ၆၈နှစ်အရွယ် မေရီဘရောင်းဆိုသူကို မုဒိန်းကျင့်သတ်ဖြတ်တာဖြစ်သလို နောက်နှစ်လအကြာမှာတော့ အသက် ၂၃နှစ်အရွယ် ဘီဘာလီဆီမန် ကို သတ်ဖြတ်ခဲ့တာပဲ ဖြစ်တယ်။ ဘီဘာလီဆီမန် ရဲ့ သတ်ဖြတ်ခံရမှုကလည်း အင်မတန်ရက်စက်ကြမ်းကြုတ်တယ်လို့ ဆိုလို့ရတယ်။ သူဟာ လက်ပြန်ကြိုးတုပ်ခံထားရသလို နိုင်လွန်ခေါင်းစွပ်တစ်ထည်နဲ့ လက်ကိုင်ပဝါနှစ်ခုဟာ သူ့ရဲ့လည်ပင်းမှာ ရစ်ပတ်နေတယ်။ အဝတ်တစ်ထည်ဟာ သူ့ရဲ့မျက်နှာပေါ်မှာဖုံးအုပ်ထားပြီး ပါးစပ်ထဲမှာလည်းနောက်ထပ် အဝတ်တစ်ထည်ကို ထိုးထည့်ထားတာ တွေ့ရတယ်။ လည်ပင်းမှာလည်း ဓားဒဏ်ရာလေးချက်တွေ့ခဲ့ရသလို တစ်ကိုယ်လုံးအနှံ့မှာတော့ ဓားဒဏ်ရာ ၂၂ ချက်အထိ တွေ့ခဲ့ရတာဖြစ်ပြီး ညာဘက်ရင်အုံတစ်ခုတည်းမှာတင် ၁၈ချက် ထိုးသွင်းခဲ့တာပဲ ဖြစ်တယ်။ သူဟာ အဓ္ဓမပြုကျင့်ခံခဲ့ရတယ်ဆိုတာ သေချာနေသော်လည်း သုတ်ရည်သက်သေတော့မရှိပါဘူး။ ဘီလာဘီဆီမန်ဟာ သီချင်းဆိုသူတစ်ဦးဖြစ်တာကြောင့် သူ့ရဲ့လည်ချောင်းတွေက သန်မာတာမလို့ လူသတ်သမားအနေနဲ့ ပိုမိုအားစိုက်ပြီး သတ်ဖြတ်ခဲ့ပုံရတယ်။

နောက်တစ်ယောက်ကတော့ အသက် ၅၈နှစ်အရွယ် ကော်ဘင်။ သူကလည်း မုဒိန်းကျင့်သတ်ဖြတ်ခံရတာဖြစ်ပြီး သူ့ရဲ့အတွင်းခံဘောင်းဘီကို သူ့ပါးစပ်ထဲမှာဆို့ပြီး လည်ပင်းညှစ်သတ်ဖြတ်ခဲ့တာဟု ရဲတွေက ဆိုတယ်။ နောက်တစ်ယောက်က ဒီဇိုင်နာ ဂျွန်ကရော့။ သူက သူ့ရဲ့တိုက်ခန်းမှာ မုဒိန်းကျင့်သတ်ဖြတ်ခံရတာဖြစ်ပြီး သဲလွန်စတွေအရတော့ ဆိုဖီကလပ် ကို သတ်ဖြတ်သွားသူနဲ့ အခု ဂျွန်ကရော့ကို သတ်ဖြတ်သွားသူဟာ တစ်ယောက်တည်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တယ်။ ၁၉၆၄၊ ဇန်နဝါရီလ ၄ ရက်နေ့မှာတော့ မယ်ရီဆူလီဗန် ဟာ ကုတင်ပေါ်မှာထိုင်လျက်သေဆုံးနေပြန်တယ်။ သူကတော့ အနက်ရောင်ခေါင်းစွပ်နဲ့ လည်ပင်းညှစ်အသတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး လိင်ပိုင်းဆိုင်ရာအစော်ကားခံခဲ့ရတဲ့ အထောက်အထားတွေကိုလည်း တွေ့ခဲ့ရတယ်။

ဒီလိုနဲ့ ထိတ်လန့်တုန်လှုပ်နေတဲ့ ဘော်စတွန်မြို့အနေနဲ့ လူသတ်သမားကို အလျင်အမြန်ရှာဖွေဖို့ အပူတပြင်းလုပ်ဆောင်တဲ့အနေနဲ့ မက်ဆာချူးဆက်ပြည်နယ်ရဲ့ အမြင့်ဆုံးဥပဒေစိုးမိုးရေးအရာရှိ အက်ဒဝပ်ဘရွတ်ကီ ဟာ ကွင်းဆက်လူသတ်သမားကို ဖော်ထုတ်နိုင်ဖို့ မှတ်တမ်းမှတ်ရာတွေနဲ့အတူ စတင်စုံစမ်းတော့တာပဲ ဖြစ်တယ်။ သူဟာ ဒီလူသတ်မှုကိုဖော်ထုတ်ဖို့ အရေးပေါ်အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းထဲပြီး သူ့အဖွဲ့ထဲမှာ လက်ထောက်ရှေ့နေချုပ် ဂျွန်ဘော့တလီ ပါ ပါဝင်လာခဲ့တယ်။ ရဲတပ်ဖွဲ့မှာရှိတဲ့ မှတ်တမ်းမှတ်ရာတွေ၊ သက်သေအထောက်အထားတွေအရ လူသတ်သမားဟာ အသက်သုံးဆယ်အရွယ်၊ စမတ်ကျကျနဲ့ စည်းစနစ်တကျလုပ်ဆောင်တတ်တဲ့သူလို့ ကောက်ချက်ချခဲ့ကြတယ်။ ပြီးတော့သူ အိမ်ထောင်ကွဲထားသူ ဒါမှမဟုတ် အထီးကျန်သူတစ်ယောက် ဖြစ်ဖို့ ရာခိုင်နှုန်းလည်းများတယ်။ အဲဒီလို လုပ်ဆောင်နေရင်းကြားထဲက လူသတ်သမားဟာ အမျိုးသမီးတစ်ယောက်ကို မုဒိန်းကျင့်ပြီး သတ်ဖြတ်သွားသေးတယ်။ ဒါပေမဲ့ ကွင်းဆက်တွေနဲ့ လိုက်လံဖော်ထုတ်ပြီးနောက်မှာ ရဲတပ်ဖွဲ့ဟာ လူသတ်သမားရဲ့ ပုံကြမ်းကို ရရှိသွားတော့တယ်။

ဒါကြောင့် သူတို့ရရှိထားတဲ့ ပုံကြမ်းနဲ့ ကိုက်ညီတဲ့ ဘော်စတွန်မြို့မှာနေထိုင်တဲ့ ဒီဆယ်ဗို ကို ဖမ်းဆီးလိုက်တော့တာပါပဲ။ အချိန်အတော်ကြာ စစ်မေးမှုတွေ ပြုလုပ်ပြီးနောက်မှာတော့ ဒီဆယ်ဗို ဟာ လူသတ်မှုတွေအတွက် သူဟာ တရားခံဖြစ်ကြောင်းဝန်ခံသွားခဲ့ပါတော့တယ်။ သူဟာ ရာနဲ့ချီတဲ့တိုက်ခန်းတွေကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး လုယက်တာတွေ၊ မုဒိန်းကျင့်တာတွေ၊ သတ်ဖြတ်တာတွေကို ပြုလုပ်ခဲ့တာပါ။ သူ့ရဲ့ စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ရဲတွေဟာ အယုံအကြည်မရှိပေမဲ့လည်း လုပ်ထုံးလုပ်နည်းအရ သူ့ကို စိတ်ရောဂါကုဆရာဝန်များနဲ့စစ်ဆေးရန် ဆေးရုံကိုပို့‌ဆောင်ပေးခဲ့တယ်။ စိတ်ရောဂါကုဆေးရုံမှ နေစဉ်အတွင်းမှာပဲ ဒီဆယ်ဗိုဟာ နောက်ထပ်အသိဥာဏ်ရှိပြီး အန္တရာယ်များတဲ့ ဂျော်ဂျီနက်ဆာနဲ့ ရင်းနှီးသွားတယ်။ ဒီဆယ်ဗို က သူဟာ ထောင်ထဲမှာတစ်သက်လုံးနေရတော့မယ်ဆိုတာကို သိရှိတာကြောင့် သူ့ဇနီးကို ငွေရေးကြေးရေးဖူဖူလုံလုံနဲ့ ထားခဲ့ချင်သေးတယ်။ ဒါကြောင့်သူဟာ သတင်းဌာနတွေမှာ အခကြေးငွေယူပြီး သူကျူးလွန်ခဲ့တဲ့အမှုတွေရဲ့ အသေးစိတ်ကို ဖွင့်ပြောဖို့ ဆက်သွယ်ခဲ့တယ်။ သူ့ဇနီးကတော့ ဒီဆယ်ဗိုဟာ တရားခံအစစ်မဟုတ်ဘူးလို့ ယုံကြည်နေသေးတယ်။ နောက်ပြီးတော့ ဒီဆယ်ဗိုရဲ့ ရှေ့နေအဖြစ် ဘီလေ ဟာ တာဝန်ပေးအပ်ခြင်းခံခဲ့ရပြီး သူဟာ သူ့ရဲ့အမှုသည်ရဲ့ အသေးစိတ်ဝန်ခံမှုတွေကို ကြားသိရပြီးနောက် အတော်လေးတုန်လှုပ်ခြောက်ခြားသွားခဲ့တယ်။ ပြီးတော့ ဘီလေဟာ ဒီဆယ်ဗိုရဲ့ ဇာတ်လမ်းကိုရေးပြီး ငွေကြေးများစွာရှာ‌ဖွေနိုင်ခဲ့ပြီး ဒီဆယ်ဗိုရဲ့ မိသားစုကို ‌ထောက်ပံ့ပေးခဲ့တယ်။ ဘီလေဟာ ပထမတုန်းကတော့ သူ့ရဲ့ အမှုသည်ဟာ လူသတ်တရားခံတစ်ယောက်ဆိုတာကို လက်ခံဖို့ခက်ခဲခဲ့ပေမဲ့လည်း အီဒါလာဂါရဲ့ ကိစ္စဖွင့်ဟဝန်ခံမှုအပြီးမှာတော့ သူ့အမှုသည်ဒီဆယ်ဗိုဟာ လူသတ်တရားခံအစစ်ဖြစ်ကြောင်း လက်ခံသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဆယ်ဗိုကို ထောင်ချခံခဲ့ရပြီးနောက်မှာတော့ ဘော်စတွန်မြို့မှာ အမျိုးသမီးတွေ မုဒိန်းကျင့်လည်ပင်းညှစ်အသတ်ခံရတဲ့ အမှုတွေလည်း မရှိတော့ပါဘူး။ ဒါပေမဲ့ ဘော်စတွန်မြို့အနေနဲ့ကတော့ အဲဒီကိစ္စအတွက် သတိကြီးကြီးထားနေရဆဲပါပဲ။

ဒီဆယ်ဗို ရဲ့ ဘဝဇာတ်ကြောင်းကလည်း စိတ်ဝင်စားဖို့ကောင်းခဲ့ပြီး သူဟာ မွေးချင်းလေးယောက်ရှိပြီး သူ့အဖေက အရက်သမားတစ်ယောက်ဖြစ်တယ်။ သူဟာ ငယ်စဉ်ကတည်းက ဆိုးသွမ်းသောလူငယ်တစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့ရတာပါ။ ‌သေးငယ်သောရာဇဝတ်မှုတွေ၊ အကြမ်းဖက်မှုတွေ‌ကြောင့် ထောင်နဲ့မစိမ်းတဲ့သူလည်းဖြစ်တယ်။ အရွယ်ရောက်လာချိန်မှာ ဂျာမနီနိုင်ငံက အာရာဂတ်ဘတ်နဲ့ အိမ်ထောင်ကျခဲ့ပြီး ပထမတုန်းက သူဟာ မသန်စွမ်းကလေးတစ်‌ယောက်ကို မွေးဖွားခဲ့ဖူးတာကြောင့် နောက်ထပ်မသန်စွမ်းကလေးတစ်ယောက် မွေးဖွားမှာကို စိုးရိမ်တာကြောင့် ဒီဆယ်ဗိုနဲ့ လိင်ဆက်ဆံရမှာကို ရှောင်လွှဲခဲ့တယ်။ ဒါပေမဲ့နောက်တစ်‌ယောက်ထပ်မွေးတဲ့ ကလေးတစ်ယောက်ကတော့ ကျန်းမာစွာမွေးဖွားခဲ့တာဖြစ်ပြီး ဒီဆယ်ဗိုအနေနဲ့ အလုပ်ထဲမှာ မျက်နှာပွင့်ခဲ့တယ်။ ဒီဆယ်ဗို ဟာ ကြွားလုံးထုတ်တတ်သူ၊ ဒေါသကြီးတတ်သူအဖြစ်သာ သိထားခဲ့တဲ့လူတွေအနေနဲ့ အခုလို လူသတ်တရားခံတစ်ယောက်ဖြစ်တယ်ဆိုတာကို ယုံကြည်ဖို့ ခက်ခဲခဲ့ကြတယ်။

ဒီဆယ်ဗိုရဲ့ ရှေ့နေ ဘီလေ က ဘာကြောင့် သက်ကြီးရွယ်အိုတွေကို ပစ်မှတ်ထားခဲ့တာလဲလို့ မေးတော့ ဒီဆယ်ဗိုက “ဆွဲဆောင်မှုက အသက်အရွယနဲ့မဆိုင်ဘူး” လို့ ပြန်ဖြေခဲ့တာကိုကြည့်ရင် ဒီဆယ်ဗိုဟာ လိင်စိတ်ဖောက်ပြန်မှားယွင်းနေသူတစ်ယောက်လို့တောင် ထင်စရာရှိနေပါတယ်။

၁၉၇၃ခုနှစ်မှာတော့ ဒီဆယ်ဗို ဟာ ထောင်ထဲမှာတင် ဓားထိုးခံရပြီး သေဆုံးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၁ခုနှစ်မှာ ဒီဆယ်ဗိုရဲ့ အလောင်းကိုတူးဖော်ခဲ့ပြီး DNA စစ်ဆေးကြည့်တဲ့အခါမှာ မယ်ရီဆူလေဗန် ကို သတ်မှုမှာ ကိုက်ညီမှုမရှိတာကို သွားတွေ့ရတယ်။ ၂၀၁၃ခုနှစ်မှာလည်း DeSalvo ၏ ရုပ်အလောင်းအား မှုခင်းဆေးစစ်မှုအသစ်ဖြင့် ပြန်လည်အကဲဖြတ်ရန်အတွက် ထပ်မံအကဲဖြတ်ရန် ကြေညာခဲ့ပြီး၊ ဤခွဲခြမ်းစိတ်ဖြာမှုအသစ်သည် နောက်ဆုံးတွင် Boston Strangler ၏အထောက်အထားကို အခိုင်အမာသက်သေပြနိုင်သည်ဟု အစီရင်ခံစာများက ခန့်မှန်းချက်ထုတ်ပြန်ခဲ့တာကြောင့် ဒီလူသတ်တွေမှာ ဒီဆယ်ဗိုဟာ ၁၀၀% လူသတ်သမားတစ်ယောက်ကို ကောက်ချက်ချဖို့ ဒွိဟဖြစ်စရာတွေဖြစ်ခဲ့တယ်။

ဒီဆယ်ဗိုရဲ့ မိသားစုတွေနဲ့ မယ်ရီဆူလေဗန် ရဲ့ တူတစ်ယောက်ကတော့ ဒီဆယ်ဗိုဟာ အပြစ်ကင်းခဲ့တယ်လို့ ယခုချိန်တိုင် ယုံကြည်နေဆဲပဲ ဖြစ်ကြတယ်။ ဒါပေမဲ့လည်း သူကိုယ်တိုင်ဖွင့်ဟဝန်ခံခဲ့မှုတွေကြောင့် "Boston Strangler" လို့ နာမည်ကျော်ခဲ့တဲ့အမှုကြီးရဲ့ တရားခံဟာ ဒီဆယ်ဗိုလို့ပဲ အားလုံးက လက်ခံထားကြပြီပဲ ဖြစ်ပါတယ်။       ။

ခြူသစ်မောင်

#lotaya_shortstory




Some text some message..