ယုန်နှစ်မှာ တရုတ်နှစ်ဖွားအလိုက် ကံကောင်းစေမယ့် နေ့ရက်နဲ့ ကိန်းဂဏန်းများ
lotaya.mpt.com.mm
|
2023-05-07

၂၀၂၃ ခုနှစ်ဟာ တရုတ်ရိုးရာပြက္ခဒိန်အရ ယုန်နှစ်ဖြစ်ပါတယ်။ တရုတ်ဗေဒင်အယူအဆအရ နှစ်တွေကို ၁၂ နှစ်တစ်ကြိမ် စက်ဝိုင်းနဲ့ သတ်မှတ်ထားပြီး နှစ်တစ်နှစ်စီအတွက် ကိုယ်စားပြုတိရစ္ဆာန်တစ်မျိုးစီနဲ့ ၁၂ မျိုးသတ်မှတ်ထားပါတယ်။ အခု ယုန်နှစ်မှာ ကိုယ့်ရဲ့ ကံကြမ္မာနဲ့ ကံကောင်းစေမယ့် နေ့ရက်၊ ကိန်းဂဏန်းတွေကို မွေးဖွားတဲ့နှစ်အလိုက် ဖော်ပြထားပါတယ်။ ကိုယ့်ရဲ့ တရုတ်နှစ်ဖွားအလိုက် ဘာတွေပြောထားလဲဆိုတာ ဖတ်ကြည့်လိုက်ပါဦး။

၁။ ကြွက်နှစ်ဖွား (၁၉၄၈, ၁၉၆၀, ၁၉၇၂, ၁၉၈၄, ၁၉၉၆, ၂၀၀၈)


ကြွက်နှစ်မှာ ဖွားမြင်ခဲ့သူတွေအတွက်တော့ ယုန်နှစ်ဟာ ခက်ခဲမယ့်နှစ် ဖြစ်ပါတယ်။ နောက်ကွယ်က ဝေဖန်မှုတွေကို ဂရုမစိုက်ဘဲ ကိုယ့်ရဲ့အလုပ်နဲ့ရည်မှန်းချက်ကို အာရုံစိုက်ထားနိုင်ဖို့ လိုပါတယ်။ ယုန်နှစ်ဟာ ခက်ခက်ခဲခဲ ကြိုးစားရမယ့်နှစ် ဖြစ်တဲ့အတွက် ကိုယ်ရဲ့ကျန်းမာရေးကို ဂရုစိုက်ဖို့လည်း လိုပါတယ်။ ကြွက်နှစ်ဖွားတွေအတွက် ယုန်နှစ်မှာ ကံကောင်းစေမယ့် ဂဏန်းက ၃ ဖြစ်ပြီး ကံကောင်းစေမယ့်နေ့က စနေနေ့ဖြစ်ကာ အပြာ၊ ရွှေရောင်နဲ့ အစိမ်းရောင်တို့က ကံကောင်းစေမယ့်အရောင်တွေ ဖြစ်ပါတယ်။

၂။ နွားနှစ်ဖွား (၁၉၄၉, ၁၉၆၁, ၁၉၇၃, ၁၉၈၅, ၁၉၉၇, ၂၀၀၉)


၂၀၂၃ ခုနှစ်ဟာ နွားနှစ်ဖွားတွေအတွက်တော့ ကောင်းခြင်းတွေ ပြည့်စုံမယ့်နှစ် ဖြစ်ပါတယ်။ အထူးသဖြင့် လက်တွဲဖော်မရှိသူတွေအတွက် အချစ်ရေးကံကောင်းမယ့်နှစ် ဖြစ်ပါတယ်။ ဒါ့အပြင် လက်ထပ်ဖို့ ရည်ရွယ်ထားသူတွေ၊ ရင်သွေးလိုချင်တဲ့ စုံတွဲတွေအတွက်လည်း မင်္ဂလာသတင်း ကြားရမှာ ဖြစ်ပါတယ်။ နွားနှစ်ဖွားတွေအတွက် ကံကောင်းစေတဲ့ဂဏန်းက ၁၀ ဖြစ်ပြီး ကံကောင်းစေမယ့်နေ့က ကြာသပတေးနေ့ဖြစ်ကာ အဖြူ၊ ရွှေရောင်နဲ့ အညိုရောင်တွေက ကံကောင်းစေမှာ ဖြစ်ပါတယ်။

၃။ ကျားနှစ်ဖွား (၁၉၅၀, ၁၉၆၂, ၁၉၇၄, ၁၉၈၆, ၁၉၉၈, ၂၀၁၀)


၂၀၂၃ ခုနှစ်ဟာ ကျားနှစ်ဖွားတွေအတွက် ဟန်ချက်ညီဘက်မျှတဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်။ ကျားနှစ်ဖွားတွေအနေနဲ့ အခုယုန်နှစ်အတွင်းမှာ ယခင်အမှားတွေကနေ သင်ခန်းစာယူပြီး ပြုပြင်နိုင်ရင် အောင်မြင်မှုတွေ ရရှိနိုင်မှာပါ။ ဒါ့အပြင် မိတ်ဆွေကောင်းတွေထံက အကူအညီလည်း ရရှိနိုင်ပါတယ်။ ကျားနှစ်ဖွားတွေအတွက် ယုန်နှစ်အတွင်းမှာ ကံကောင်းစေမယ့် နံပါတ်က ၉ ဖြစ်ပြီး အရောင်နဲ့ နေ့ရက်တွေကတော့ အစိမ်းရောင်နဲ့ အင်္ဂါနေ့တို့ ဖြစ်ပါတယ်။

၄။ ယုန်နှစ်ဖွား (၁၉၅၁, ၁၉၆၃, ၁၉၇၅, ၁၉၈၇, ၁၉၉၉, ၂၀၁၁)


ယုန်နှစ်ဖွားတွေအတွက် ယုန်နှစ်ဖြစ်တဲ့ ၂၀၂၃ ခုနှစ်ဟာ ပုံမှန်အားဖြင့် ကောင်းမွန်တဲ့နှစ်လို့ ဆိုနိုင်ပေမယ့် အတက်အကျ၊ အလှည့်အပြောင်းတွေ ကြုံတွေနိုင်တာကို သတိပြုရပါမယ်။ ဒီနှစ်အတွင်းမှာ ယုန်နှစ်ဖွားတွေဟာ အကြီးအကဲတွေရဲ့ စောင့်ရှောက်မှုကို ရရှိနိုင်ပါတယ်။ ယုန်နှစ်ဖွားတွေအတွက် ကံကောင်းစေမယ့်အရောင်တွေက အပြာနဲ့ အစိမ်းတို့ဖြစ်ပြီး ၆ ဂဏန်းနဲ့ ဗုဒ္ဓဟူးနေ့တွေကလည်း ကံကောင်းစေမှာ ဖြစ်ပါတယ်။

၅။ နဂါးနှစ်ဖွား ( ၁၉၅၂, ၁၉၆၄, ၁၉၇၆, ၁၉၈၈, ၂၀၀၀, ၂၀၁၂)


နဂါးနှစ်ဖွားတွေအတွက်တော့ ယုန်နှစ်ဟာ အလုပ်အကိုင်နဲ့ စီပွားရေးဆိုင်ရာ အောင်မြင်မှုတွေ ရရှိနိုင်မယ့်အချိန် ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွဲဖော်မရှိသေးသူတွေကတော့ ယုန်နှစ်အတွင်း အချစ်ရေးမှာ အာရုံမများဘဲ အလုပ်ကိုပဲ အာရုံစိုက်တာက ပိုပြီးအကျိုးရှိစေနိုင်မှာပါ။ ဒါ့အပြင် ဒီနှစ်အတွင်း ဒေါသရှေ့ထားပြီး အမှားတွေလုပ်မိတတ်တာကြောင့် ဂရုပြုရပါမယ်။ နဂါးနှစ်ဖွားတွေအတွက် ယုန်နှစ်မှာ ကံကောင်းစေမယ့် ဂဏန်းက ၇ ဖြစ်ပြီး အဖြူရောင်နဲ့ သောကြာနေ့တွေကလည်း ကံကောင်းစေနိုင်ပါတယ်။

၆။ မြွေနှစ်ဖွား (၁၉၅၃, ၁၉၆၅, ၁၉၇၇, ၁၉၈၉, ၂၀၀၁, ၂၀၁၃)


ယုန်နှစ်ဖြစ်တဲ့ ၂၀၂၃ ခုနှစ်ဟာ မြွေနှစ်ဖွားတွေအတွက် ပုံမှန်အားဖြင့် အဆင်ပြေချောမွေ့တဲ့ နှစ်ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ကြိုးစားမှုတွေ အသိအမှတ်ပြုခံရဖို့တော့ အကြိမ်ကြိမ်သက်သေပြဖို့ လိုနေပါတယ်။ လက်တွဲဖော်မရှိသူတွေအတွက် ယုန်နှစ်ဟာ အပြောင်းအလဲရှိလာနိုင်တဲ့ကာလ ဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာ ၃ ဂဏန်း၊ အဝါရောင်နဲ့ တနင်္လာနေ့တွေက မြွေနှစ်ဖွားတွေအတွက် ကံကောင်းမှာ ဖြစ်ပါတယ်။

၇။ မြင်းနှစ်ဖွား (၁၉၅၄, ၁၉၆၆, ၁၉၇၈, ၁၉၉၀, ၂၀၀၂, ၂၀၁၄)


မြင်းနှစ်ဖွားတွေအတွက်တော့ ၂၀၂၃ ခုနှစ်ဟာ အလှည့်အပြောင်းတွေနဲ့ သတိထားရမယ့်နှစ် ဖြစ်ပါတယ်။ ငွေကြေးနဲ့ အလုပ်ကိစ္စတွေမှာ စွန့်စားမှု အရမ်းမလုပ်ဖို့ လိုပါတယ်။ ယုန်နှစ်အတွင်း ဘယ်အရာမဆို မြင်းနှစ်ဖွားတွေအနေနဲ့ အလျင်မလိုဘဲ ချင့်ချင့်ချိန်ချိန် ရှိတာက အကျိုးရှိစေမှာပါ။ မြင်းနှစ်ဖွားတွေအတွက် ကံကောင်းစေမယ့်နေ့က တနင်္ဂနွေနေ့ဖြစ်ပြီး အနီရောင်နဲ့ ၅ ဂဏန်းတွေကလည်း ကံကောင်းစေမှာပါ။

၈။ သိုးနှစ်ဖွား (၁၉၅၅, ၁၉၆၇, ၁၉၇၉, ၁၉၉၁, ၂၀၀၃, ၂၀၁၅)


သိုးနှစ်ဖွားတွေအတွက် ယုန်နှစ်မှာ ခံစားချက်ကို ဦးစားပေးတာကြောင့် လမ်းလွဲမိတာတွေ ရှိနိုင်တဲ့အတွက် လက်တွေ့ကျတဲ့အမြင်မျိုး ရှိဖို့လိုပါတယ်။ အလုပ်အကိုင်၊ ပုဂ္ဂလိကဘဝ၊ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး အရာအားလုံး ဟန်ချက်ညီမျှတနေဖို့ သတိပြုရပါမယ်။ သိုးနှစ်ဖွားတွေအတွက် ယုန်နှစ်အတွင်း ကံကောင်းစေတဲ့အရောင်တွေက လိမ္မော်ရောင်၊ အနီရောင်နဲ့ ခရမ်းရောင်တွေဖြစ်ပြီး ၈ ဂဏန်းနဲ့ ဗုဒ္ဓဟူးနေ့တွေကလည်း ကံကောင်းစေမှာပါ။

၉။ မျောက်နှစ်ဖွား (၁၉၅၆, ၁၉၆၈, ၁၉၈၀, ၁၉၉၂, ၂၀၀၄, ၂၀၁၆)


မျောက်နှစ်ဖွားတွေအတွက် ၂၀၂၃ ခုနှစ်ဟာ မမျှော်လင့်တာတွေ ကြုံတွေ့ရနိုင်တဲ့နှစ် ဖြစ်ပါတယ်။ ငွေကြေးဆိုင်ရာ ကံကောင်းမှုတွေ ရှိလာပြီး ရပ်တန့်နေတဲ့ အလုပ်အကိုင်တွေ အဆင်ပြေလာနိုင်ပြီး စိတ်လှုပ်ရှားစရာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ မျောက်နှစ်ဖွားတွေအတွက် ကံကောင်းစေတဲ့ အရောင်တွေကတော့ အဖြူရောင်၊ ရွှေရောင်နဲ့ ငွေရောင်တွေဖြစ်ပါတယ်။ ကံကောင်းစေတဲ့နေ့က သောကြာနေ့ဖြစ်ပြီး ကံကောင်းစေတဲ့ ဂဏန်းက ၉ ဖြစ်ပါတယ်။

၁၀။ ကြက်နှစ်ဖွား ( ၁၉၅၇, ၁၉၆၉, ၁၉၈၁, ၁၉၉၃, ၂၀၀၅, ၂၀၁၇)


၂၀၂၃ ခုနှစ်ဟာ ကြက်နှစ်ဖွားတွေအတွက်တော့ စိန်ခေါ်မှုတွေ ကြုံတွေ့ရနိုင်တဲ့နှစ် ဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာ ပင်ပမ်းခက်ခဲတာတွေ ကြုံရနိုင်ပြီး အလွယ်လမ်းလိုက်ဖို့ ကြိုးစားတာတွေက ပိုပြီးအခက်အခဲ ဖြစ်စေနိုင်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ရင်လည်း စွန့်စားရတဲ့ရင်းနှီးမြှုပ်နှံ့မှုတွေ မလုပ်သင့်ပါဘူး။ ကြက်နှစ်ဖွားအတွက် အဝါရောင်၊ အဖြူရောင်နဲ့ ရွှေရောင်တွေက ကံကောင်းစေနိုင်ပြီး အင်္ဂါနေ့နဲ့ ၅ ဂဏန်းတွေကလည်း ကံကောင်းစေမှာ ဖြစ်ပါတယ်။

၁၁။ ခွေးနှစ်ဖွား ( ၁၉၅၈, ၁၉၇၀, ၁၉၈၂, ၁၉၉၄, ၂၀၀၆, ၂၀၁၈)


ခွေးနှစ်ဖွားတွေအတွက်တော့ ယုန်နှစ်ဟာ တည်တည်ငြိမ်ငြိမ်နဲ့ ပုံမှန်ဖြတ်သန်းရမယ့် နှစ်တစ်နှစ် ဖြစ်ပါတယ်။ အပြောင်းအလဲတစ်ချို့ ကြုံရနိုင်ပေမယ့် ကြီးကြီးမားမားမဟုတ်ဘဲ ပုံမှန်တိုးတက်နေတာမျိုးပဲ ကြုံရမှာပါ။ ခွေးနှစ်ဖွားတွေအတွက် ယုန်နှစ်အတွင်း ကံကောင်းစေမယ့် အရောင်တွေက အနီ၊ အဝါနဲ့ အညိုရောင်တွေဖြစ်ပြီး ၂ ဂဏန်းနဲ့ ကြာသပတေးနေ့တွေကလည်း ကံကောင်းစေမှာ ဖြစ်ပါတယ်။

၁၂။ ဝက်နှစ်ဖွား ( ၁၉၅၉, ၁၉၇၁, ၁၉၈၃, ၁၉၉၅, ၂၀၀၇, ၂၀၁၉)


၂၀၂၃ ခုနှစ်ဟာ ဝက်နှစ်ဖွားတွေအတွက် တိုးတက်မှုကြုံတွေ့မယ့် ကံကောင်းတဲ့နှစ် ဖြစ်ပါတယ်။ ဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းခွင်မှာ ရာထူးတိုးတာမျိုး ကြုံတွေ့နိုင်သလို ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူတွေဟာလည်း ရင်းနှီးမြှုပ်နှံမှုအသစ် ရရှိတာလို တိုးတက်မှု ကြုံတွေ့နိုင်ပါတယ်။ ဝက်နှစ်ဖွားတွေအတွက် ယုန်နှစ်အတွင်းမှာ အနက်နဲ့အဝါရောင်တွေက ကံကောင်းစေပြီး ကံကောင်းစေတဲ့ဂဏန်းက ၃ ဖြစ်ကာ နေ့ရက်ကတော့ စနေနေ့ ဖြစ်ပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz




Some text some message..