သင်ထိုင်တဲ့ပုံစံက ဖော်ပြနေတဲ့ သင့်အကြောင်း
lotaya.mpt.com.mm
|
2023-09-10

လူတစ်ယောက် ထိုင်ခုံပေါ်မှာ ထိုင်တဲ့အခါ သူ့ရဲ့ခြေထောက်တွေကို ဘယ်လိုပုံစံထားရှိလဲဆိုတဲ့ အချက်က သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြနေတယ်လို့ ဆိုကြပါတယ်။ သင်ရော အခုဖော်ပြထားတဲ့ ပုံစံ ၅ မျိုးထဲက ဘယ်လိုပုံစံနဲ့ ထိုင်လေ့ရှိပါသလဲ။ သင်ထိုင်တဲ့ပုံစံက သင့်အကြောင်း ဘာတွေဖော်ပြနေလဲဆိုတာ ဖတ်ကြည့် လိုက်ပါဦး။

၁။ ပုံစံ ၁


ဒူးနှစ်ဖက်ကို နီးကပ်စွာထားပြီး တည့်တည့်မတ်မတ်ထိုင်တဲ့ ပုံစံ ၁ အတိုင်း ထိုင်သူတွေဟာ ထက်မြက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ အများအားဖြင့် အကောင်းမြင်စိတ် ရှိကြပါတယ်။ အလုပ်အင်တာဗျူးတွေမှာ ဒီလိုပုံစံနဲ့ ထိုင်သူတွေက အလုပ်ရဖို့ အခွင့်အလမ်းအများဆုံး ဖြစ်ပါတယ်။ သူတို့ဟာ လုပ်ငန်းခွင်မှာရော အိမ်မှာပါ သပ်သပ်ရပ်ရပ် နေထိုင်တတ်ကြပါတယ်။ ဒီလိုပုံစံနဲ့ ထိုင်သူတွေဟာ ရိုးသားကြပေမယ့် ကိုယ့်ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ထုတ်ပြဖို့တော့ ဝန်လေးတတ်ကြသူတွေ ဖြစ်ပါတယ်။

၂။ ပုံစံ ၂


ပုံစံ ၂ ကတော့ ဒူးနှစ်ဖက်ကိုချဲပြီး မတ်မတ်ထိုင်တဲ့ပုံစံပါ။ ဒီပုံစံနဲ့ ထိုင်သူတွေဟာ ကိုယ့်ကိုယ်ကိုယ် ဦးစားပေး စဉ်းစားတတ်ကြပြီး တစ်ခါတရံ ပေါင်းသင်းရခက်ခဲသူတွေ ဖြစ်တတ်ပါတယ်။ သူတို့ဟာ တစ်စုံတစ်ခုမှာ ကြာရှည်စိတ်ဝင်စားလေ့မရှိဘဲ ငြီးငွေ့လွယ်တတ်ပါတယ်။ စကားပြောကောင်းတတ်ကြပေမယ့် အကြောင်း အရာတစ်ခုကို ဆုံးခန်းမတိုင်ဘဲ နောက်တစ်ခု ပြောင်းသွားတတ်ကြပါတယ်။ ဒီပုံစံနဲ့ ထိုင်တတ်သူတွေဟာ လုပ်ငန်းခွင်မှာ ရေရှည်တည်ငြိမ်ဖို့ တွန်းအားများစွာ လိုအပ်လေ့ရှိကြပါတယ်။

၃။ ပုံစံ ၃


ပုံစံ ၃ မှာလို ခြေနှစ်ချောင်းကို ချိတ်ပြီးထိုင်တတ်သူတွေကတော့ ဖန်တီးနိုင်စွမ်းကောင်းသူ၊ စိတ်ကူးကောင်းသူနဲ့ အနုပညာဘက်မှာထူးချွန်သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ လူအများကြား ရှိနေချိန်မှာတောင် တစ်ဦးတည်း အတွေးထဲမှာ မျောလွင့်နေတတ်သူတွေပါ။ ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်ပြီး အရည်အချင်းရှိပေမယ့် လူရှေ့သူရှေ့မှာ နေရာယူဖို့ ဝန်လေးတတ်သူတွေ ဖြစ်ပါတယ်။ ဒီလိုပုံစံနဲ့ ထိုင်တတ်သူတွေဟာ စိုးရိမ်စိတ်များ တတ်သူတွေလည်း ဖြစ်ပါတယ်။

၄။ ပုံစံ ၄


ခြေချင်းဝတ်နှစ်ခုကို ချိတ်ပြီးထိုင်တဲ့ ပုံစံ ၄ ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသလို နှိမ့်ချတတ်တဲ့သူတွေ ဖြစ်ပါတယ်။ ဒီပုံစံဟာ ဗြိတိန်တော်ဝင်မိသားစုတွေ အများဆုံးထိုင်လေ့ရှိတဲ့ ပုံစံလည်း ဖြစ်ပါတယ်။ ဒီပုံစံနဲ့ ထိုင်တတ်သူတွေက ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို သက်တောင့်သက်သာ ရှိစေပါတယ်။ သူတို့ဟာ ရည်မှန်းချက်ခိုင်မာပြီး အလုပ်ကြိုးစားကြပါတယ်။ သူတို့ဟာ ယုံကြည်စိတ်ချရပြီး တခြားသူတွေရဲ့ လျှို့ဝှက်ချက်တွေကို စောင့်ထိန်းတတ်သူတွေလည်း ဖြစ်ပါတယ်။

၅။ ပုံစံ ၅


နောက်ဆုံးပုံစံ ၅ ကတော့ ခြေတစ်ဖက်ကို တခြားတစ်ဖက်ရဲ့ ဒူးပေါ်မှာတင်ပြီး ထိုင်တဲ့ပုံစံပါ။ ဒီပုံစံနဲ့ ထိုင်တတ်သူတွေဟာ ယုံကြည်မှုမြင့်မားပြီး စွန့်စားမှု၊ စိန်ခေါ်မှုတွေကို နှစ်သက်သူတွေပါ။ စိတ်ရောကိုယ်ပါ နုပျိုနေတတ်ပြီး အမြဲတတ်ကြွနေသူတွေလည်း ဖြစ်ပါတယ်။ သူတို့ဟာ ကိုယ့်ရဲ့အသွင်အပြင်ကို အမြဲသပ်ရပ်ပြီး စမတ်ကျနေအောင် ဂရုစိုက်တတ်သူတွေ ဖြစ်ပါတယ်။ ထက်မြက်သူတွေ ဖြစ်ပြီး တခြားသူတွေအပေါ် လွှမ်းမိုးနိုင်စွမ်း ရှိကြပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz




Some text some message..