သင့်ချစ်သူနဲ့ လက်ကိုင်တဲ့ပုံစံကိုကြည့်ပြီး သင့်အချစ်ရေးကိုပြောပြမယ်
lotaya.mpt.com.mm
|
2023-09-27

ချစ်သူတွေဖြစ်လာပြီဆိုရင် ပွေ့ဖက်တာ၊ နမ်းရှုံ့တာနဲ့ လက်ကိုင်တာတွေက ချစ်သူနှစ်ဦး ရဲ့ ချစ်နှောင်ကြိုး တွေကို ပိုမိုခိုင်မြဲစေမယ့် အပြုအမူလေးတွေဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ ချစ်သူချင်းလက်ကိုင်တဲ့ပုံစံကိုကြည့် ပြီး အချစ်ရေးအကြောင်းကိုပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ လက်ကိုင်တဲ့ပုံစံတွေက တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး၊ ဒီလိုမတူတာကပဲ မတူညီတဲ့ အဓိပ္ပာယ်တွေကို ပြောပြပေးနေတာဖြစ်ပါတယ်။ သင့်ချစ်သူနဲ့ ဘယ်လို ပုံစံမျိုး လက်ကိုင်ဖြစ်နေလဲဆိုတာ ကြည့်ပြီး အဖြေလေးတွေကို ဖတ်ကြည့်လိုက်ရအောင်ပါ။

(၁) လက်ချောင်းအချင်းချင်းယှက်ပြီး ဆုပ်ကိုင်ထားတဲ့ပုံစံ 


ဒီလိုပုံစံမျိုး လက်ကိုင်တတ်တဲ့ စုံတွဲတွေက အချင်းချင်းအပေါ်မှာ နက်နက်ရှိုင်းရှိုင်း ချစ်တဲ့သူတွေပါ။ အချိန်တွေအကြာကြီးချစ်ခဲ့ကြသူတွေဖြစ်ရင်တောင်မှာ တစ်ယောက်အပေါ်မှာတစ်ယောက်ထားတဲ့ ချစ်မေတ္တာ‌ တွေက လျော့မသွားသေးပါဘူး။ ဒီလက်ပုံစံက အဆုံးစွန်သောပျော်ရွှင်မှု၊ ကြီးမားသောစိတ်အားထက်သန်မှုနဲ့ ထူးခြားသော အချစ် ဇာတ်လမ်းကို ကိုယ်စားပြုပါတယ်။

နောက်ထပ်တစ်မျိုးအနေနဲ့ ဒီလိုပုံစံ ဆုပ်ကိုင်ထားတဲ့အချိန်မှာ အချင်းချင်း ယုံကြည်မှု၊ အားကိုးမှု ရှိတဲ့စိတ်နဲ့ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားတာမျိုးမဟုတ်ဘဲ စိတ်မပါလက်မပါ မထိတထိနဲ့ ဘာခံစားချက်မှ မပါသလို ဖြစ်နေရင်တော့ ဒီအချစ်ရေးက လျော့ရဲပြီး အချင်းချင်းအပေါ်မှာ ချစ်တဲ့စိတ်အားနည်းနေတဲ့ သဘောကိုပြောပြနေပါတယ်။ 

(၂) လက်ဖဝါးအချင်းချင်း ဆုပ်ကိုင်ထားတဲ့ပုံစံ


ဒီလိုပုံစံကိုင်တတ်တယ်ဆိုရင်တော့ သင်တို့ရဲ့အချစ်ရေးက များသောအားဖြင့် ဖြူစင်သန့်ရှင်းတဲ့အချစ် စိတ်ပေါ်မှာ အခြေမခံဘဲ လိုချင်တပ်မက်စိတ်အပေါ်မှာ အခြေခံထားတယ်လို့ ပြောလို့ရပါတယ်။ သင်တို့ကြားမှာ ပျော်ရွှင်စရာကောင်းပြီး ရိုမန်းတစ်ဆန်တဲ့ စိတ်ခံစားချက်မျိုးရစေမယ့် ကောင်းမွန်တဲ့ အချစ်ရေး ရှိပါတယ်။ အချိန် တိုင်းမှာ အရမ်းချစ်နေကြတာမဟုတ်ပေမယ့် အချင်းချင်းအပေါ်မှာတော့အမြဲပဲ နားလည်မှုနဲ့ ချစ်ခြင်းမေတ္တာတွေ တည်ရှိနေပါတယ်။ တစ်ယောက်စိတ် တစ်ယောက်သိပြီး အေးအတူပူအမျှ ရှိပေးနေကြတာပါ။

            ပုံမှန်အားဖြင့်တော့ အပေါ်ဘက်ကနေစီးမိုးကိုင်ထားတဲ့ လက်ပိုင်ရှင်မှာ အချစ်ရေးနဲ့ပတ်သက်ပြီး  ခိုင်မာပြတ်သားတဲ့ စိတ်မျိုး ရှိနေတတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ စိတ်သဘောထားတွေ ရှိတာဖြစ်တဲ့အတွက် အပေါ်ဘက်ကနေ စီးမိုးကိုင်ထားတယ်ဆိုတိုင်း တစ်ဘက်သား အပေါ်ကို နိုင်ထက်စီးနင်း လုပ်တတ်တဲ့စိတ်ရှိတယ်လို့ ပြောလို့မရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ဒီလိုပုံစံ လက်ကိုင်တတ်တဲ့ စုံတွဲတိုင်းမှာ လှပတဲ့အချစ်ကတော့ အမြဲရှိနေမှာပါပဲ။

(၃) အသာအယာ ဖွဖွလေးကိုင်ထားတဲ့ ပုံစံ


ဒီလိုပုံစံကတော့ သမီးရည်းစားဘဝ အစပျိုးတဲ့အချိန်မှာ ကိုင်တဲ့ပုံစံမျိုးပါ။ တစ်ယောက်အကြောင်း တစ်ယောက်သိပ်မသိသေးခင် သွေးတိုးစမ်းတဲ့အချိန် ဒါမှမဟုတ် ချစ်စခင်စကြင်နာစမှာ လက်ကလေးကို တယုတယနဲ့ ဖွဖွလေးကိုင်ထားတာပါ။ ဒီလိုအခြေအနေမျိုးက ချိုမြိန်တဲ့အချစ်ဇာတ်လမ်းလေးကို ဖော်ကျုး နေတာပဲဖြစ်ပါတယ်။

            လက်ကို ဘယ်သူကအရင်စကိုင်တာလဲဆိုတာကို သတိထားကြည့်ပါ။ လက်ကို အရင်ကိုင်တဲ့သူက ရုပ်ပိုင်းဆိုင်ရာဆက်သွယ်မှုတစ်ခုဖြစ်အောင် ကြိုးစားလိုက်တာပါ။ ဒီကြိုးစားမှုက အခြေအနေနှစ်မျိုး ဖြစ်သွား နိုင်ပါတယ်။ လက်ကိုင်လိုက်တဲ့အချိန်မှာ တစ်ဘက်သားက ကြည်ဖြူနေရင်တော့ ချိုမြိန်တဲ့ ချစ်ခရီး ရှည်ကြီးကို စတင်ပြီလို့ မှတ်ယူနိုင်ပြီး ဒီလိုမှမဟုတ်ဘဲ လက်အကိုင်မခံဘူးဆိုရင်တော့ သင့်အနေနဲ့ ဆက်ကြိုးစားလိုက်ပါဦး။

(၄) လက်ချင်းချိတ်တွဲထားတဲ့ပုံစံ


အခမ်းအနားတွေ၊ ပွဲတွေမှာ စုံတွဲအများစုက ဒီလိုလက်ချင်းချိတ်တဲ့ပုံစံမျိုးနဲ့ တက်ရောက်လေ့ ရှိပါတယ်။ ဒါဟာ ချစ်ခင်ကြင်နာမှုရဲ့ ပြယုဒ်ဖြစ်တာကြောင့် ချစ်သူရည်းစားတွေသာမက အိမ်ထောင်သည်တွေပါ ဒီလို လက်ချိတ်တဲ့ပုံစံမျိုး ပြုလုပ်တတ်ကြပါတယ်။

             ဒါပေမဲ့ ပွဲတက်တာအပြင် အချိန်တိုင်းမှာ ဒီလိုပုံစံလက်ချိတ်ထားမယ်ဆိုရင်တော့ လက်ချိတ်တဲ့သူက တစ်ဘက်သားအပေါ်မှာ စိတ်မချမှု ဒါမှမဟုတ် စိတ်မလုံခြုံမှုကို ခံစားနေရတယ်ဆိုတဲ့ သဘောကို ဖော်ပြနေပါ တယ်။

(၅) လက်သန်းချင်းချိတ်ထားတဲ့ပုံစံ


လက်တစ်ချောင်းတည်းကို ကိုင်ထားတယ်ဆိုတာ လွတ်လပ်မှုကို ကိုယ်စားပြုပါတယ်။ ဒါဟာ ချစ်သူ တွေကြားမှာ ပွင့်လင်းတဲ့ဆက်ဆံရေးရှိတယ်လို့တော့ ပြောလို့မရပါဘူး။ ဒီလိုစုံတွဲတွေဟာ သူတို့တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင် လွတ်လပ်မှုကို တန်ဖိုးထားကြပြီး ချစ်ခြင်းမေတ္တာနဲ့ပတ်သက်တဲ့ ကတိသစ္စာပြုတာမျိုးကို မနှစ်သက် ကြပါဘူး။ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စနဲ့ တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်အတ္တစိတ်တွေရှိနေတာကြောင့် တစ်ယောက်အပေါ်တစ်ယောက် လေးစားမှုဖို့ မျှော်လင့်ပါတယ်။

            လက်ချောင်းလေးတစ်ချောင်းကိုပဲ ချိတ်ထားတာဖြစ်တဲ့အတွက် ဒီဆက်ဆံရေးက ထိလွယ်ရှလွယ်တဲ့ အချိန်တစ်ခုကို ဖြတ်သန်းနေရတယ်လို့ အဓိပ္ပာယ်ရပြီး နှစ်ယောက်ထဲက တစ်ယောက်က မိတ်ဆွေသူငယ်ချင်း အဆင့်ကို ပြန်သွားလိုစိတ်ရှိနေပါတယ်။ အချင်းချင်းအပေါ်မှာ သံယောဇဉ်ရှိကြပေမယ့် ချစ်တဲ့အနေအထား အထိတော့ မရောက်ပါဘူး။

(၆) ပခုံးပေါ်လက်တင်တဲ့ ပုံစံ


ချစ်သူနှစ်ဦးရုပ်ရှင်ထိုင်ကြည့်နေတယ်ဆိုပါစို့၊ အဲ့ဒီအချိန်မှာ တစ်ယောက်ရဲ့ လက်က တစ်ယောက်ရဲ့ ပခုံး ပေါ်ကို တင်ထားမယ်၊ ကျန်တဲ့လက်တစ်ဘက်စီက အပြန်အလှန်ဆုပ်ကိုင်ထားတယ်ဆိုရင် ချစ်သူရည်စားသဘာဝထိတွေ့မှုကိုလိုချင်တဲ့ သဘောဖြစ်ပါတယ်။ ဒါ့အပြင် အများအမြင်မှာလည်း ကိုယ့်လူဆိုတဲ့ သဘောကို ချပြထားတာပဲ ဖြစ်ပါတယ်။

            ဒီလိုပုံစံလက်ကိုင်တတ်တဲ့သင်တို့နှစ်ဦိးကြားမှာ ခိုင်မာတဲ့ ဆက်ဆံရေးနဲ့ စိတ်ပိုင်းဆိုင်ရာဆက်သွယ်မှု တစ်ခုလည်း ရှိနေပါတယ်။

(၇) လက်နှစ်ဘက်နဲ့ အုပ်မိုးဆုပ်ကိုင်ထားတဲ့ ပုံစံ


သင့်လက်နှစ်ဘက်စလုံးနဲ့ လက်တွဲဖော်ရဲ့ လက်ကို အုပ်မိုးဆုပ်ကိုင်ထားတယ်ဆိုရင် သူ့အပေါ်မှာ အာရုံစိုက်မှုအပြည့်အဝရှိနေတယ်လို့ ပြသတာပဲဖြစ်ပါတယ်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာအရ လက်ကို ဒီလိုပုံစံ ဆုပ်ကိုင်ထားတာက အလွန်ရင်းနှီးပြီး လုံခြုံနွေးထွေးတဲ့ ခံစားချက်ကို ဖြစ်စေပါတယ်။

            ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုကြောင့် သင်ရဲ့ဦးနှောက်အတွင်းမှာ အောက်ဆီတိုစင်ဓာတ်အများအပြား ထွက်လာပြီး တစ်ယောက်ခံစားချက်ကို တစ်ယောက်က နားလည်ပေးနိုင်တာ၊ ပိုပြီးချစ်မြတ်နိုးလာတာတို့ကို ဖြစ်စေပါတယ်။ ဒီလိုပုံစံ လက်ကိုင်ထားတာကြောင့် တစ်ယောက်အတွက် တစ်ယောက်က အမြဲရှိနေပေးပါမယ်လို့ ပြောနေတာဖြစ်ပြီး ဒီလိုအချိန်မှာ သင်တို့နှစ်ထက်အရေးကြီးတဲ့အရာ ဘာမှမရှိနိုင်တော့ပါဘူး။

(၈) လက်မကိုင်ဘူး


တစ်ယောက်နဲ့တစ်ယောက် လက်ကိုင်ဖို့ကို ရှောင်နေမယ်ဆိုရင် နှစ်ဦးကြားဆက်ဆံရေးက သာယာ ပျော်ရွှင်တဲ့ အနေအထားမှာ မရှိပါဘူး။ အတူရှိနေကြတယ်ဆိုပေမယ့် အချင်းချင်းဆက်ဆံရေးက တိုးတက် မလာတာ၊ သွေးအေးနေတာမျိုး ဖြစ်နေပါတယ်။

            နောက်တစ်ချက်အနေနဲ့ကတော့ သင့်လက်တွဲဖော်က လက်ကိုင်ဖို့ ရှက်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုမှမဟုတ်ရင်လည်း လွတ်လွတ်လပ်လပ်နေချင်လို့ ဖြစ်နိုင်ပါတယ်။ သီးသန့်နေတတ်တဲ့သူတွေအနေနဲ့ တစ်ခုခုကို ကိုင်ထားဖို့ ဒါမှမဟုတ် အကိုင်ခံရတဲ့အခါ စိတ်ကျဉ်းကျပ်တဲ့ ခံစားချက်ဖြစ်ပေါ်လာတတ်ပါတယ်။ လက်ကိုင်တာက အရေးကြီးတဲ့အရာမဟုတ်တဲ့အတွက် အလျင်စလို မဆုံးဖြတ်ပါနဲ့၊ ကိုယ့်ဘာသာ လွတ်လွတ် လပ်လပ် လမ်းလျှောက်ချင်တာ၊ စိတ်ကျဉ်းကျပ်တဲ့ခံစားချက်ကို မကြိုက်တာတွေကြောင့်လည်း ဖြစ်နိုင်ပါ သေးတယ် ဆိုတာကို မမေ့ပါနဲ့။ သူတို့လိုချင်တာက ရိုးရှင်းတဲ့အချစ်တစ်ခုတည်းပါ။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz




Some text some message..