
သင်လွယ်အိတ်လွယ်တဲ့အခါ ဘယ်လိုပုံစံနဲ့ လွယ်လေ့ရှိလဲ။ ပုခုံးတစ်ဖက်မှာပဲလွယ်တာ၊ ကန့်လန့်ဖြတ်လွယ်တာ စတဲ့ လွယ်အိတ်လွယ်တဲ့ပုံစံတွေက သင်ဟာ ဘယ်လိုလူတစ်ယောက်လဲဆိုတာ စိတ်ဝင်စားစရာ ဖော်ပြနေပါတယ်။ ကိုယ်လွယ်တဲ့ပုံစံအလိုက် ဘာတွေဖော်ပြထားလဲဆိုတာ ဖတ်ကြည့်လိုက်ပါဦး။
၁။ လွယ်အိတ်ကိုကျောမှာလွယ်သူ

လွယ်အိတ်ကို ကျောပိုးအိတ်တစ်လုံးလို ကျောမှာလွယ်တတ်သူတွေက အမှီအခိုကင်းကင်းနဲ့ လွတ်လွတ်လပ်လပ် နေတတ်ပြီး စွန်းစားမှုတွေကို နှစ်ခြိုက်သူ ဖြစ်ပါတယ်။ အခွင့်အရေးရတာနဲ့ ခရီးသွားဖို့ ချောင်းနေကြသူတွေပါ။ ကိုယ်နှစ်သက်တဲ့ ဖက်ရှင်တွေ၊ နေထိုင်မှုပုံစံတွေကိုလည်း တခြားသူတွေရဲ့ ဝေဖန်မှုတွေကို ဂရုမစိုက်ဘဲ စိတ်ထဲရှိတဲ့အတိုင်း နေတတ်ကြပါတယ်။ တခြားသူတွေက အားကျရတဲ့အထိ ပေါ့ပေါ့ပါးပါး နေတတ်သူတွေလည်း ဖြစ်ပါတယ်။
၂။ မလွယ်ဘဲ လက်နဲ့ကိုင်သူ

လွယ်အိတ်ကို မလွယ်ဘဲ လက်မှာပဲကိုင်သွားတတ်ရင်တော့ သင်ဟာ လုပ်ငန်းခွင်မှာ စိတ်ပါဝင်စားပြီး စည်းကမ်းရှိသူတစ်ဦး ဖြစ်ပါတယ်။ အလုပ်နဲ့ပတ်သက်ရင် အရာရာ စည်းကမ်းတကျဖြစ်နေအောင် စီစဉ်တတ်သူလည်း ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး အလုပ်ကို ထိရောက်အောင် လုပ်နိုင်တဲ့အတွက် စိတ်ချရသူလို့ မှတ်ယူခံရလေ့ ရှိပါတယ်။
၃။ ပုခုံးတစ်ဖက်တည်းမှာ လွယ်သူ

တကယ်လို့ လွယ်အိတ်ကို ပုခုံးတစ်ဖက်တည်းမှာ လွယ်လေ့ရှိရင်တော့ သင်ဟာ စဉ်းစားတွေးခေါ်တတ်သူ၊ ဂရုစိုက်တတ်သူတစ်ယောက်လို့ ဆိုနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး ပြဿနာတွေ ဖြေရှင်းရာမှာ ထူးချွန်သူတစ်ဦး ဖြစ်ပါတယ်။ အမြင်ကောင်းဖို့ထက် လက်တွေ့အလုပ်ဖြစ်မယ့် နည်းလမ်းတွေကို ပိုမိုနှစ်သက်သူလည်း ဖြစ်ပါတယ်။
၄။ ကန့်လန့်ဖြတ်လွယ်သူ

လွယ်အိတ်ကို ခန္ဓာကိုယ်မှာ ကန့်လန့်ဖြတ်လွယ်တာက လှုပ်ရှားလို့ကောင်းပြီး လုံခြုံမှုလည်း ရှိပါတယ်။ ဒီလိုလွယ်တတ်သူတွေကတော့ တည်ငြိမ်အေးဆေးသူတွေ ဖြစ်တတ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး ရက်ရောသူတွေလည်း ဖြစ်ပါတယ်။
၅။ ရှေ့မှာထားပြီး လွယ်သူ

လွယ်အိတ်ကို ခန္ဓာကိုယ်ရဲ့ရှေ့မှာထားပြီး လွယ်တတ်သူတွေကတော့ အမြဲလှုပ်ရှားတက်ကြွနေပြီး ဘယ်အရာကိုမဆို စိတ်အားထက်သန်စွာ လုပ်ကိုင်တတ်သူတွေပါ။ စိတ်မြန်လက်မြန်ရှိပြီး နောက်မှစဉ်းစား၊ အရင်လုပ်ကြည့်လိုက်မယ်ဆိုတဲ့ သူတွေဖြစ်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုပါ စိတ်တက်ကြွစေပြီး စိတ်ဝင်စားစရာကောင်းသူတွေအဖြစ် ရှုမြင်ခံရတတ်ပါတယ်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_quiz