
သင်အသုံးပြုနေတဲ့ ဖုန်းနံပါတ်က ဘယ်လိုလုပ်ငန်းတွေအတွက် သင့်တော်သလဲ၊ တစ်နည်းအားဖြင့် သင့်လုပ်ငန်းအတွက် ဘယ်လိုဖုန်းနံပါတ်က အောင်မြင်စေနိုင်လဲဆိုတာ အခုပြထားတဲ့ နည်းနဲ့ စမ်းစစ်ကြည့်လိုက်ပါ။ အရင်ဆုံး ကိုယ့်ရဲ့ဖုန်းနံပါတ်ကို ဂဏန်း ၁ လုံးထဲဖြစ်တဲ့အထိ ပေါင်းလိုက်ပါ။ ဥပမာ - ၀၉၁၂၃၄၅၆၇၈၉ ဆိုရင် ၀+၉+၁+၂+၃+၄+၅+၆+၇+၈+၉ = ၅၄ ။ ၅+၄ = ၉ ဆိုပြီး ပေါင်းရမှာပါ။ နောက်ဆုံးရလာတဲ့ ဂဏန်းအလိုက် ကိုယ့်ဖုန်းနံပါတ်က ဘာတွေဖော်ပြနေလဲဆိုတာ ကြည့်လိုက်ပါဦး။
၁။

ပေါင်းခြင်းဂဏန်း ၁ ကတော့ ကြံ့ခိုင်သန်မာမှု၊ လွှမ်းမိုးနိုင်မှု၊ လွတ်လပ်မှုတွေနဲ့ ပတ်သက်နေပါတယ်။ ဒါ့အပြင် စိတ်အားတက်ကြွမှုကိုလည်း ကိုယ်စားပြုတာကြောင့် ပေါင်းခြင်း ၁ ရတဲ့ ဖုန်းနံပါတ်တွေဟာ ဘယ်လုပ်ငန်းနဲ့မဆို သင့်တော်တယ်လို့ ပြောနိုင်ပါတယ်။ ဒီဖုန်းနံပါတ် အသုံးပြုသူအနေနဲ့ စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုအပိုင်းတွေမှာ ပိုမိုအောင်မြင်နိုင်ပါတယ်။
၂။

နံပါတ်အားလုံးပေါင်းလိုက်လို့ ၂ ဂဏန်းရတဲ့ ဖုန်းနံပါတ်တွေကတော့ သုံးသပ်နားလည်နိုင်စွမ်း၊ အခြေအနေ အကြောင်းအရာတွေကို သဘောပေါက်နိုင်စွမ်းတွေနဲ့ ပတ်သက်နေပါတယ်။ ပူးပေါင်းဆောင်ရွက်မှု၊ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ အကျိုးပေးနိုင်တာကြောင့် အကြံပေးလုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အောင်မြင်နိုင်ပါတယ်။ ဒါ့အပြင် သံတမန်ရေးလုပ်ငန်းတွေမှာလည်း အောင်မြင်စေမယ့် ဖုန်းနံပါတ် ဖြစ်ပါတယ်။
၃။

တကယ်လို့ သင့်ရဲ့ဖုန်းနံပါတ်က ပေါင်းခြင်းနံပါတ် ၃ ရခဲ့ရင်တော့ တီထွင်ဖန်တီးမှုနဲ့ အနုပညာလုပ်ငန်းတွေနဲ့ အကျိုးပေးမယ့်နံပါတ်လို့ ဆိုနိုင်ပါတယ်။ ဒီနံပါတ်က အကောင်းမြင်မှု၊ တက်ကြွမှုနဲ့ ပျော်ရွှင်မှုတွေကို ကိုယ်စားပြုပြီး ဂီတပညာရှင်တွေ၊ သရုပ်ဆောင်တွေနဲ့ ပန်းချီဆရာတွေလို အနုပညာသမားတွေအတွက် အသင့်တော်ဆုံး ဖုန်းနံပါတ်တွေ ဖြစ်ပါတယ်။
၄။

ပေါင်းခြင်းနံပါတ် ၄ ရတဲ့ ဖုန်းနံပါတ်တွေကတော့ တာဝန်ယူမှု၊ စိတ်ချယုံကြည်ရမှုနဲ့ တိကျသေခြာမှုတွေကို ကိုယ်စားပြုပါတယ်။ ဒီဖုန်းနံပါတ်ကို အသုံးပြုသူတွေကတော့ အဲဒီအချက်တွေ အဓိကလိုအပ်တဲ့ စာရင်းဇယားနဲ့ ငွေကြေးဆိုင်ရာလုပ်ငန်းတွေ၊ ဥပဒေရေးရာ လုပ်ငန်းတွေမှာ အောင်မြင်နိုင်ပါတယ်။ ဒါ့အပြင် ကုန်သွယ်ရေးနဲ့ ဆောက်လုပ်ရေးလို လုပ်ငန်းတွေအတွက်လည်း သင့်တော်တဲ့ဖုန်းနံပါတ် ဖြစ်ပါတယ်။
၅။

တကယ်လို့ သင့်ရဲ့ဖုန်းနံပါတ်တွေကို ပေါင်းလိုက်တဲ့နောက်ဆုံးရလဒ်က ၅ ဖြစ်ခဲ့ရင်တော့ လှုပ်ရှားပြောင်းလဲမှုတွေ၊ တက်ကြွမှုတွေနဲ့ ပတ်သက်နေပါတယ်။ လွတ်လွတ်လပ်လပ်နဲ့ စွန့်စားရတာတွေ၊ အတွေ့အကြုံသစ်တွေနဲ့ အကျိုးပေးတာကြောင့် ခရီးသွားလုပ်ငန်းတွေ၊ အားကစားနဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာ အောင်မြင်နိုင်စေမယ့် ဖုန်းနံပါတ် ဖြစ်ပါတယ်။
၆။

ပေါင်းခြင်းနံပါတ် ၆ ရတဲ့ ဖုန်းနံပါတ်တွေကတော့ ဟန်ချက်ညီမှု၊ မျှတမှု၊ နားလည်မှုတွေနဲ့ ပတ်သက်နေပါတယ်။
ဒီဖုန်းနံပါတ်တွေဟာ မိသားစုနဲ့ မိတ်ဆွေအပေါင်းအသင်းတွေ၊ အသင်းအဖွဲ့တွေကို ကိုယ်စားပြုပြီး လုပ်ငန်းအနေနဲ့ကတော့ ကျန်းမာရေးဆိုင်ရာတွေ၊ ပညာရေးလုပ်ငန်းတွေမှာ အောင်မြင်စေနိုင်ပါတယ်။
၇။

ပေါင်းခြင်းနံပါတ် ၇ ရတဲ့ ဖုန်းနံပါတ်တွေကတော့ အတွေးအခေါ်နဲ့ အသိပညာတွေကို ကိုယ်စားပြုပါတယ်။ ဒီဖုန်းနံပါတ်ဟာ စူးစမ်းလေ့လာမှုတွေ၊ ထူးခြားဆန်းပြားမှုတွေနဲ့လည်း ပတ်သက်နေပြီး ပုံမှန်မဟုတ်တဲ့ သဘာဝလွန်အကြောင်းအရာတွေနဲ့လည်း ပတ်သက်နေပါတယ်။ ဒါကြောင့် ဒီဖုန်းနံပါတ်ဟာ ဗေဒင်လက္ခဏာလို လုပ်ငန်းတွေ၊ ယုံကြည်မှုနဲ့သက်ဆိုင်တွေ လုပ်ငန်းတွေမှာ အကျိုးပြုနိုင်ပါတယ်။
၈။

ပေါင်းခြင်းဂဏန်း ၈ ရရှိတဲ့ ဖုန်းနံပါတ်တွေကတော့ ရည်မှန်းချက်၊ စိတ်အားထက်သန်မှုနဲ့ အာရုံစိုက်မှုတွေကို ကိုယ်စားပြုပါတယ်။ ဒီနံပါတ်တွေကလည်း လုပ်ငန်းအားလုံးအတွက် သင့်တော်နဲ့နံပါတ်တွေ ဖြစ်ပါတယ်။ အထူးသဖြင့် စီမံအုပ်ချုပ်ရေးနဲ့ သံတမန်ဆိုင်ရာတွေ၊ ငွေကြေးဆိုင်ရာတွေမှာ အောင်မြင်စေနိုင်တဲ့ ဖုန်းနံပါတ် ဖြစ်ပါတယ်။
၉။

ဖုန်းနံပါတ်မှာပါတဲ့ နံပါတ်တွေရဲ့ ပေါင်းခြင်းရလဒ်က ၉ ဖြစ်ခဲ့ရင်တော့ စာနာမှု၊ မျှဝေမှု၊ ကြင်နာဖေးမမှုတွေနဲ့ ဆက်စပ်နေပါတယ်။ ဒီဖုန်းနံပါတ်တွေက လူမှုအသိုင်းအဝိုင်းနဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်တာကိုလည်း ကိုယ်စားပြုပါတယ်။ ဒါကြောင့် ဒီဖုန်းနံပါတ်တွေဟာ ပရဟိတအဖွဲ့အစည်းတွေ၊ အများအကျိုးအတွက် ဆောင်ရွက်တဲ့ လုပ်ငန်းတွေနဲ့ အသင့်တော်ဆုံး ဖြစ်ပါတယ်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_quiz