
သင်က လပြည့်နေ့မှာ မွေးသူလား၊ လဆန်းစရက်တွေမှာ မွေးသူလား။ သင်မွေးဖွားချိန်မှာရှိနေတဲ့ လရဲ့ပုံသဏ္ဍန်က သင့်အကြောင်း စိတ်ဝင်စားစရာအချက်တွေ ဖော်ပြနေပါတယ်။
၁။ လပြည့်နေ့

တကယ်လို့သင်ဟာ လပြည့်နေမှာမွေးဖွားသူ ဖြစ်ခဲ့ရင်တော့ ဘဝရဲ့အဓိပ္ပါယ်ကို ရှာဖွေဖို့ စိတ်အားထက်သန်သူ ဖြစ်ပါတယ်။ အရာရာကို အလေးအနက်ထားတတ်ပြီး စိတ်ခံစားချက် ပြင်းထန်သူလည်းဖြစ်ပါတယ်။ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပေါင်းသင်း ဆက်ဆံရေးမှာဖြစ်ဖြစ်၊ အချစ်ရေးမှာဖြစ်ဖြစ် ကိုယ့်ဘက်က ရယူဖို့ထက် ပေးဆပ်ဖို့ ပိုအားသန်သူပါ။ စိတ်ခံစားချက် ပြင်းထန်တာက ဘဝကို လိုအပ်တာထက်ပိုပြီး ရှုပ်ထွေးစေနိုင်သလို တခြားသူတွေထက်ပိုတဲ့ ယုံကြည်ချက်နဲ့ စိတ်အားထက်သန်မှု တွေလည်း ရရှိစေနိုင်ပါတယ်။
၂။ လကွယ်နေ့

တကယ်လို့သင်ဟာ လကွယ်နေ့မှာ မွေးဖွားသူဖြစ်ခဲ့ရင်တော့ လက်တွေ့ကျပြီး တည်ငြိမ်သူလို့ ဆိုနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး ကိုယ့်ရည်မှန်းချက်အတွက် ကူညီဖေးမသူမရှိရင်လည်း တစ်ဦးတည်း ရင်ဆိုင်ကြိုးစားနိုင်သူပါ။ ရိုးသားမှုကို တန်ဖိုးထားပြီး ဘဝရဲ့သင်ခန်းစာတွေကို အလေးအနက်ထား မှတ်ယူတတ်ကာ ဟန်ဆောင်သူတွေ၊ အလုပ်ထက်အပြောသန်သူတွေကို ရှောင်ဖယ်တတ်သူလည်း ဖြစ်ပါတယ်။ တစ်ဦးတည်းနေထိုင်ရတာ နှစ်သက်သူဖြစ်တဲ့အတွက် ပေါင်းသင်းရခက်ခဲသူလို့လည်း အထင်ခံရလေ့ ရှိပါတယ်။
၃။ လတစ်ခြမ်းရှိတဲ့နေ့

လရဲ့ပုံစံက စက်ဝိုင်းခြမ်းပုံရှိတဲ့ရက်မှာ မွေးဖွားသူဖြစ်ခဲ့ရင်တော့ သင်ဟာ တက်ကြွပြီး လွတ်လပ်တဲ့ စိတ်သဘောထားရှိသူပါ။ အစဉ်အလာဟောင်း၊ အယူအဆဟောင်းတွေကို ဖောက်ထွက်ပြီး အတွေးအမြင်သစ်တွေ ရှာဖွေလက်ခံဖို့ အသင့်ရှိနေတတ်သူလည်း ဖြစ်ပါတယ်။ အားနည်းသူတွေကို ကူညီဖို့ စိတ်အားထက်သန်ပြီး လိုအပ်ရင် စွန့်စားမှုတွေလုပ်ကာ တွန့်ဆုတ်မှုမရှိဘဲ အန္တရာယ်ကိုရင်ဆိုင်နိုင်သူပါ။ လူမှုဆက်ဆံရေးမှာလည်း ပွင့်ပွင့်လင်းလင်းနဲ့ စိတ်ပါလက်ပါ ပေါင်းသင်းတတ်သူ ဖြစ်ပါတယ်။
၄။ လခြမ်းကွေးနေ့

တကယ်လို့ သင်မွေးတဲ့ရက်မှာ လရဲ့ပုံစံက လခြမ်းကွေးဖြစ်ခဲ့ရင်တော့ သင်ဟာ အတွေးအခေါ်နဲ့ အနုပညာခံစားမှု အားကောင်းသူ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက အသက်အရွယ်ထက်ပိုတဲ့ ဉာဏ်ပညာနဲ့ ကျွမ်းကျင်မှုတစ်မျိုးမျိုး ပိုင်ဆိုင်တတ်သူလည်း ဖြစ်ပါတယ်။ ကိုယ်နဲ့ စိတ်ဝင်စားမှု၊ ဝါသနာတူသူတွေကို ရင်းရင်းနှီးနှီးပေါင်းသင်းတတ်ပြီး ခင်တွယ်တတ်သူ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာတော့ လုပ်ချင်တာတွေများပြီး ဘဝလမ်းကြောင်း ရွေးချယ်ရာမှာ ဝေခွဲမရ ဖြစ်နေတတ်ပါတယ်။
၅။ လတစ်ခြမ်းထက်ပိုတဲ့နေ့

လရဲ့ပုံစံက တစ်ခြမ်းထက်ပိုတဲ့ နေ့ရက်တွေမှာ မွေးဖွားခဲ့ရင်တော့ သင်ဟာ စိတ်ဓာတ်ခိုင်မာပြီး ဇွဲကောင်းသူတစ်ဦး ဖြစ်ပါတယ်။ တခြားသူတွေကို ကူညီလိုစိတ်ရှိသူ၊ ပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်စေလိုသူ ဖြစ်တာကြောင့် ပရဟိတလုပ်ငန်းတွေမှာ အားတက်သရော ပါဝင်လုပ်ဆောင်တတ်သူပါ။ အခက်အခဲတွေ ကြုံတွေ့လာရင်လည်း စိတ်ရှည်ရှည်နဲ့ ရင်ဆိုင်နိုင်သူပါ။ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေက သက်လတ်ပိုင်းအရွယ်မှ အကောင်အထည်ပေါ်လာပြီး အကျိုးခံစားရတတ်သူလည်း ဖြစ်ပါတယ်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_quiz