" နင်ဘာဖြစ်နေတာလဲ...''
ဒေါ်သိန်းကြွယ်မှာ နားမလည်နိုင်စွာဖြင့်ကြည့်ရင်း မေးလိုက်သည်။
ထို့နောက်သတိရသွားကာ သလင်းကျောက်ကြီးကိုအမြန်ကောက်ယူ
ကြည့်လိုက်၏။
" ငါ နင်တို့အကုန်လုံးကိုခေါ်သွားမှာ... ငါ့ကျွန်ဖြစ်စေရမယ် "
သူမ၏တပည့်မှာ မျက်လုံးများရဲတောက်နေရင်း ဒေါသတကြီးအသံ
ဖြင့်ပြောနေသဖြင့် ဂျိုနှစ်ချောင်းမကောင်းဆိုးရွား မှန်းရိပ်မိလိုက်လေ
ပြီ။
" ဒါဘယ်လိုဖြစ်ရတာလဲ... သလင်းကျောက်ထဲဝင်သွားတာငါသေချာ
မြင်လိုက်တာပဲ... "
" ဟင်း...ဟင်း...ငါ့ကိုလျော့တွက်တာကိုး... သလင်းကျောက်နဲ့
ဖမ်းမယ်ဟုတ်လား... ဟား...ဟား...အဲ့ထဲပိတ်မိနေတာက နင်တို့
လိုချင်နေတဲ့ကောင်လေ "
မြယွန်းသွယ်မှာ စိတ်ပူစွာဖြင့်အမြန်ကုန်းရုန်းထပြီး သလင်းကျောက်
ထံပြေးသွားကြည့်သည်။
" မောင်...မောင်... အထဲမှာပိတ်မိနေတာလား...မောင်...ယွန်းကို
ပြန်ဖြေပါဦး "
မြယွန်းသွယ်မှာ သွေးပျက်ချောက်ချားကာအော်ဟစ်မေးမြန်းနေ၏။
ဒေါ်သိန်းကြွယ်မှာတော့ အစီအစဉ်တကျဖြစ်မလာသည့်အပေါ်အလွန်
ပင်စိုးထိတ်နေရင်း ဒေါ်ငြိမ်းမယ်ကိုလှုပ်နိုးနေသည်။
" သူ့ကိုပြန်ခေါ်ချင်ရင် ကျောက်ကိုဆွဲပစ်လိုက်လေ..."
ဂျိုနှစ်ချောင်းမကောင်းဆိုးရွား ကပူးကပ်နေရင်းပြောသည့်အခါ မြယွန်း
သွယ်သည် လုပ်မည့်ဟန်ဖြင့် ကျောက်ကိုထုခွဲပစ်ရန် ရှာဖွေနေတော့
သည်။ ဒေါ်သိန်းကြွယ်မှာ ထိတ်လန့်စွာဖြင့် တားဆီးသော်လည်း မြ
ယွန်းသွယ်ကိုမတားနိုင်ချေ။
" နင်တို့ကငါ့ကိုထောင်ချောက်ဆင်တယ်...ငါ့ကိုစိန်ခေါ်တယ်...
အခုငါ့အလှည့်ပဲ "
ပြောပြောဆိုဆိုဖြင့် ဂျိုနှစ်ချောင်းမကောင်းဆိုးရွား သည် ဒေါ်သိန်း
ကြွယ်ထံပြေးလာပြီး လေပေါ်ကိုင်မြှောက်ပစ်လိုက်၏။ ဒေါ်သိန်းကြွယ်
မှာ ရုန်းကန်နိုင်စွမ်းမရှိရှာတော့ဘဲ မျော့မျော့လေးသာကျန်တော့သည်။
" မကြီးရေ... ကယ်ပါဦး "
အသံမထွက်တထွက်ဖြင့် အားကုန်အော်ဟစ်ကြည့်သည်။ ခပ်ယဲ့ယဲ့
သာထွက်လာ၏။ မေ့မျောနေသောဒေါ်ငြိမ်းမယ်မှာ လူးလွန့်လာပြီး
သတိပြန်ရသည့်အခါ လေပေါ်မြှောက်တက်နေသည့်ဒေါ်သိန်းကြွယ်
နှင့် ဂျိုနှစ်ချောင်းမကောင်းဆိုးရွား ပူးကပ်နေသော တပည့်ဖြစ်သူကို
တွေ့မြင်လိုက်ရလေတော့သည်။ အမြန်ထိုင်ကာ ဆေးရည်အနီဖြင့်
တပည့်ဖြစ်သူအားဖြန်းပစ်ပြီး ဂါထာကိုရွတ်ဆိုလိုက်သည်။
" အစောင့်အရှောက်ပုဂ္ဂိုလ်များ ဤမကောင်းဆိုးရွားကို နင်းချေပစ်
ပေးပါ...သူ၏ဝိဉာဉ်ကို နာမ်နိမ်ပေးတော်မူပါ...ဆင်အကောင်တစ်ရာ
အားနဲ့ နင်းထားပေးတော်မူပါ..."
ထိုသို့ဆိုသည့်အခါ ဂျိုနှစ်ချောင်းမကောင်းဆိုးရွား သည်ဒူးနှစ်ဖက်
ခွေကျသွားသလို ဒေါ်သိန်းကြွယ်ကိုလည်းလွှတ်လိုက်ရလေသည်။
မည်သည့်ပုံရိပ်မျှမမြင်တွေ့ရသော်လည်း ဂျိုနှစ်ချောင်းမကောင်းဆိုးရွား
သည် နာနာကျင်ကျင်အော်ဟစ်လာသည်။ ကြမ်းပြင်ပေါ်လူးလှိမ့်ရင်း
ဒေါသတကြီးဖြစ်နေသည်။
" ခုရပ်မလား..ဒီခန္ဓာရှင်ကို ဝိဉာဉ်နှုတ်ရမလား "
ဂျိုနှစ်ချောင်းမကောင်းဆိုးရွား ကပြောလည်းပြော သူ၏လက်ဖြင့်
ရင်ဘတ်အသားစများအားဆွဲကုတ်ပစ်လိုက်သည်။ တပည့်ဖြစ်သူ၏
ခန္ဓာကိုယ်မှာထိခိုက်ပြီးသွေးများထွက်လာပြီဖြစ်၍ ဒေါ်ငြိမ်းမယ်လည်း
ရပ်တန့်လိုက်ရသည်။ ထိုစဉ် သလင်းကျောက်ကိုထုခွဲရန်ရှာဖွေနေ
သည့် မြယွန်းသွယ်မှာ အခန်းထောင့်ရှိ သံတူတစ်လက်ကိုတွေ့သွား
တော့သည်။ သလင်းကျောက်အလယ်တည့်တည့်ချိန်ရွယ်ပြီး တူကို
မြှောက်လိုက်သည့်အခါ...
" ထု..."
ဂျိုနှစ်ချောင်းမကောင်းဆိုးရွား ကအော်ဟစ်လိုက်သလို ဒေါ်ငြိမ်းမယ်
က ' မလုပ်နဲ့ ' ဟုအာခေါင်ခြစ်သံဖြင့်အော်ပြောကြလေသည်။ သို့
သော်မြယွန်းသွယ်မှာ တူကိုအားကြီးဖြင့်ကိုင်လွဲလိုက်နှင့်ပြီ။
" ဖြောင်း... "ဆိုသည့်အသံကြီးနှင့်အတူ သလင်းကျောက်ကြီးမွကြေ
သွားကာ အငွေ့များထွက်လာသည်။ နတ်ဝင်သည်တစ်အိမ်လုံးထို
အငွေ့များရစ်လွှမ်းသွားပြီး အိမ်ခန်းမှာရုတ်တရက်အေးခဲလာလေ၏။
ထို့အတူ ဝိဉာဉ်များစွာရစ်ဝဲပျံသန်းနေလေသည်။
" ငါသတိပေးတယ်...အဲ့ဒါမသုံးပါနဲ့လို့...သိန်းကြွယ်...နင်ငါ့စကား
နားမထောင်ဘူး ''
ဒေါ်သိန်းကြွယ်မှာတော့ သူမလုပ်မိသည်ကအမှားကြီးမှားလေပြီဟု
နောင်တရစွာ တွေးရင်း ယခုအချိန်သည် သူမ၏နောက်ဆုံးထွက်
သက်ပင်ဖြစ်ပေမည်ဟုခံစားနေရတော့သည်။
ဂျိုနှစ်ချောင်းမကောင်းဆိုးရွား ကတဟားဟားရယ်မောနေသလို မြ
ယွန်းသွယ်ကလည်း သူရထက်ဝင်းကို အမောတကောရှာဖွေနေခဲ့
သည်။ စိမ်းဖန့်ဖန့် အင်္ကျီ လေးအားတွေ့သွားသည့်အခါအပြေးလိုက်
သှား၏။
" မောင်ရေ...မောင်... လွတ်အောင်ပြေးပါတော့... ယွန်းကိုစိတ်မပူ
နဲ့...မောင်မြန်မြန်ပြေးတော့ "
မြယွန်းသွယ်က အော်ဟစ်ပြောဆိုနေသော်လည်း သူရထက်ဝင်းမှာ
ပြန်လှည့်လာသည်။ ဒေါ်ငြိမ်းမယ်က ဒေါ်သိန်းကြွယ်ထံတိုးကပ်သွား
ပြီး လည်ပင်းတွင်ဆွဲထားသောဆွဲကြိုးမျိုးစုံကိုဆွဲချွတ်ယူလိုက်လေ
သည်။ ထို့နောက်ထိုဆွဲကြိုးများကို ဆေးရည်အနီဖြင့်လောင်းပက်ပြီး
သူမလည်ပင်းတွင်စွပ်ကာ ဂျိုနှစ်ချောင်းမကောင်းဆိုးရွား ပူးကပ်
နေသည့်တပည့်ဖြစ်သူကိုပါဆေးရည်အနီဖြင့်ပက်လိုက်ရင်းထိုင်ချ
လိုက်၏။ ထို့နောက်ဂါထာကိုတရစပ်ရွတ်ဆိုနေသည်။ ထိုအခါ ဂျိုနှစ်
ချောင်းမကောင်းဆိုးရွား ပူးကပ်ခံနေရသည့် တပည့်ဖြစ်သူထံမှ
အော်သံနက်ကြီးထွက်ပေါ်လာတော့သည်။
" အား "
ဂျိုနှစ်ချောင်းမကောင်းဆိုးရွားမှာအော်ဟစ်ရင်း ဒေါ်ငြိမ်းမယ် ၏
လည်ပင်းဆီသို့ကြည့်သည့်အခါ ဆွဲကြိုးများသည်လည်ပင်းထက်မှာဝေ့ဝဲဝိုက်ကာလည်နေပြီး ပို၍ပို၍အမြန်လည်လာသည်။ ထိုအခါ အိမ်ခန်းအတွင်းပျံသန်းနေကြသည့်ဝိဉာဉ်များမှာ လေစုပ်အားကြောင့် မပျံနိုင်
လာတော့ဘဲ ဆွဲကြိုးထံတိုးဝင်လာကြတော့သည်။ ဒေါ်ငြိမ်းမယ်မှာ
သူမကိုယ်သူမစတေးခံအဖြစ်သဘောထားသည်ထင်။ ဂါထာကိုသာ
အဆက်မပြတ်စေဘဲရွတ်ရင်း ဝိဉာဉ်များကို ဆွဲကြိုးဝဲဂယက်တွင်းသို့
စုပ်ယူပစ်နေလေတော့၏။
ဒေါ်သိန်းကြွယ်ကလည်း အခြေအနေကိုရိပ်စားမိသည့်ဟန်ရသည်။
ဒေါ်ငြိမ်းမယ်ကိုစိတ်ပူသဖြင့် သူမကူမှဖြစ်မည်ဟုသိလိုက်ပြီး ကမန်းက
တန်း ထရပ်ကာ မြယွန်းသွယ်ကိုအော်ပြောလိုက်၏။
" ဗီဒိုထဲက မြေအိုးယူပြီး သူရထက်ဝင်းကိုဝင်ခိုင်းထား "
ထိုသို့မှာကာ တပည့်ဖြစ်သူထံတိုးကပ်သွားသည်။
" အစောင့်အရှောက်များ မ စကြပါ... ဒီကလေးခန္ဓာအား မြဲစေရန်
ကူညီပေးကြပါ... ''
ဟုဆိုကာ ချည်ကြိုးအနီလေးကို တပည့်ဖြစ်သူ၏ဘယ်ဖက်လက်၌
ရစ်ချည်နှောင်ပေးလိုက်၏။ ထို့နောက် စည်းဝိုင်းထဲမှ ဝါးခြမ်းတစ်
ချောင်းကိုဆွဲထုတ်ယူပြီး ပန်းကန်ထဲမှဆေးရည်အနီများကိုလောင်း
ချပစ်သည်။ နီရဲရဲဝါးခြမ်းချောင်းဖြင့် တပည့်၏ကျောပြင်ကိုတဘုန်း
ဘုန်းရိုက်ရင်း ဂါထာကိုအဆက်မပြတ်ရွတ်ဖတ်လိုက်တော့သည်။
ဂျိုနှစ်ချောင်းမကောင်းဆိုးရွားကြီးမှာ တောင့်ခံမထားနိုင်တော့ဘဲ
ပူးကပ်နေရာမှ တဖြည်းဖြည်းခွာလာရပြီး ဒေါ်ငြိမ်းမယ်၏ဆွဲကြိုးဝဲ
ဂယက်တွင်းသို့ မျောလွင့်ဝင်ရောက်လာရတော့၏။ ထိုအခါ ပူးကပ်
ခံခဲ့ရသောတပည့်လေးမှာ တုံးကနဲ လဲကျမေ့မြောသွားရှာလေသည်။
ဒေါ်ငြိမ်းမယ် နှင့်ဒေါ်သိန်းကြွယ်တို့ညီအစ်မမှာ ဂါထာကိုသာအဆက်
မပြတ်ရွတ်ရင်း ဆွဲကြိုးဝဲဂယက်အားထိန်းထားသလို မြယွန်းသွယ်
ကလည်း မြေအိုးအဖုံးဖွင့်ကာ သူရထက်ဝင်းဝိဉာဉ်အား ဝင်ရောက်
ခိုင်းပြီး အဖုံးပြန်ပိတ်ကာ အခန်းထောင့်တွင် မြေအိုးကြီးပိုက်ရင်း
ကြောက်လန့်တကြားကြည့်နေလေသည်။
ဂျိုနှစ်ချောင်းမကောင်းဆိုးရွားကြီးသည် ဆွဲကြိုးဝဲဂယက်တွင်းသို့ဝင်
ရောက်သွားသည်နှင့် အိမ်ခန်းတစ်ခန်းလုံး အငွေ့မည်းများကင်းရှင်း
သွားသော်လည်း မုန်တိုင်းဝင်ရောက်ထားသကဲ့သို့ အခန်းတွင်းရှိ
ပစ္စည်းများက ကျိုးပဲ့ပျက်စီးသွားခဲ့လေပြီ။ ဆွဲကြိုးမှာ လည်နေဆဲ။
လည်နေသည်ကိုမရပ်တန့်လျှင် ထိုဝဲဂယက်တွင်းသို့ ဒေါ်ငြိမ်းမယ်
ဝိဉာဉ်သည်လည်း ခန္ဓာကိုယ်မှခွာကာ ဝင်ရောက်သွားပေလိမ့်မည်။
ဒေါ်ငြိမ်းမယ်မှာဂါထာများရွတ်ဆိုနေရင်း အသံတိတ်လာချေပြီ။ မျက်
လုံးနှစ်ဖက်လည်းအမှိတ်လိုက်ဖြင့် ခေါင်းကတချက်ချက်ငိုက်ကျလာ
နေ၏။ မကြာခင်မှာပင်ထိုဆွဲကြိုးဝဲဂယက်တွင်းသို့မျောလွင့်ပါသွား
မည့်ပုံစံဖြစ်ပေါ်နေလေပြီ။ ဒေါ်သိန်းကြွယ်မှာ စိုးရိမ်မှုအရှိန်အမြင့်ဆုံး
သို့မြင့်တက်လာကာ အခန်းထဲမှပွလန်ကျဲနေသည့်ပစ္စည်းများကြား
ကုန်းရုန်းရှာဖွေနေတော့သည်။ ရှာရင်းဖွေရင်းသူမ၏လက်ထဲကတ်
ကြေးတစ်လက်ပါလာခဲ့၏။ ဒေါ်ငြိမ်းမယ်ထံပြေးသွားပြီး ကတ်ကြေး
ဖြင့်ထိုဆွဲကြိုးများကို တိကနဲဖြတ်ချလိုက်တော့သည်။ထိုအခါလည်နေသည့်ဆွဲကြိုးများကပြတ်ကျသွားပြီးကြမ်းပြင်ပေါ်ပြန့်ကျဲကျကုန်သည်
နှင့်တပြိုင်နက် ဆူညံသံများပါငြိမ်သက်သွားခဲ့သည်။
ဒေါ်ငြိမ်းမယ်လည်းခွေကနဲ ပစ်လဲကြသွား၏။ ထိုအခါမှ ဒေါ်သိန်း
ကြွယ်သည် သက်ပြင်းချလာနိုင်ပြီး ဒေါ်ငြိမ်းမယ်ကိုလှုပ်နိုးလိုက်သည်။
အားအင်ကုန်ခမ်းကာ ယိုင်နဲ့နဲ့ဖြင့် သတိပြန်လည်ရလာသောဒေါ်ငြိမ်း
မယ်မှာ ယခုကိစ္စကြီးအားစိတ်မချနိုင်သေးပေ။ ပတ်ဝန်းကျင်အခြေ
အနေကိုစူးစမ်းနေသည်။ ဟိုကြည့်ဒီကြည့်ဖြင့် တစ်ခန်းလုံးအနှံ့လိုက်
ကြည့်ပြီးစိတ်ချရပြီဆိုမှ သက်ပြင်းချလိုက်နိုင်ခဲ့သည်။ နတ်ဝင်သည်
တပည့်ဖြစ်သူမှာလည်း သတိပြန်လည်ရလာပြီး ထိတ်လန့်စရာများ
ကြောင့်ထင်၏။ ကြောင်တောင်တောင်ဖြစ်နေရှာသည်။
" ထပ်လာဦးမယ်ထင်လား...မကြီး ''
ဒေါ်ငြိမ်းမယ်က ခေါင်းယမ်းပြကာ
" မလာတော့ဘူး... ငါမြင်လိုက်တယ်... သူ့နေရာသူပြန်သွားရပြီ...
ဒါပေမယ့် ငါတို့ ၄ယောက်လုံး မိုင်တိုင် ( ၁၂၈ ) ကိုသေတဲ့အထိ
မသွားရတော့ဘူး...မဖြတ်ရဘူး... တခြားလမ်းကနေပဲ ရှောင်သွား
ရမယ် "
" ဘာဖြစ်လို့လဲ မကြီး... ဂျိုနှစ်ချောင်းကောင်ကြီးက ခေါ်မှာစိုးလို့
လား "
" ခုနကသူငါ့ကိုပြောသွားတယ်... သူ့ပိုင်နက်ထဲမရောက်လာစေနဲ့
တဲ့... ရောက်လာခဲ့ရင် ငါတို့တွေကသူ့အပိုင်ပဲလို့ ကြိမ်းသွားတယ်"
" ဒီအကောင်ကြီးကတော်တော်အငြိုးကြီးတာပဲ "
" ဘာပဲဖြစ်ဖြစ်အခုအဆင်ပြေသွားပြီ... ငါတို့မှာ တန်ဖိုးကြီးတဲ့ပစ္စည်း
တွေတော့ရှုံးသွားရတာပေါ့... ဒါတွေကပြန်မရနိုင်တော့ဘူး...နှမြော
ဖို့ကောင်းတယ်... "
ဒေါ်ငြိမ်းမယ်စကားကြောင့် ဒေါ်သိန်းကြွယ်မှာ ဝမ်းနည်းစွာဖြင့်မျက်
နှာညိုးငယ်သွားလေသည်။
" ဒါတွေမရှိတော့ ရှေ့ဆက်ဘယ်လိုလုပ်ကိုင်စားရတော့မလဲ...
မကြီးရယ် "
" ဟင်း... ဘယ်တတ်နိုင်မလဲ... ငါ့အိမ်မှာကျန်နေတဲ့ ပစ္စည်းလေး
တွေနဲ့အတူမျှသုံးကြတာပေါ့... မကောင်းဆိုးရွားအကောင်ကြီးကြီး
မျိုးတော့မနှိမ်နင်းနိုင်တော့ဘူးပေါ့ဟယ်... ကဲ...ဒါတွေထားလိုက်ဦး
ငါတို့မပြီးသေးတဲ့ကိစ္စတွေရှင်းရဦးမယ်... ''
ဒေါ်ငြိမ်းမယ်မှာ အားတင်းကာထရင်း မြယွန်းသွယ်ထံလျှောက်လာ
ခဲ့သည်။
" ဒီမြေအိုးကို သန့်စင်တဲ့နေရာရောက်မှဖွင့်ရမယ်... သူရထက်ဝင်း
အတွက် ကုသိုလ်ကောင်းမှုအလှူဒါနလုပ်ပေးပြီး အမျှဝေပေးရင်
သူကောင်းရာဘုံဘဝရောက်သွားမှာပါ "
မြယွန်းသွယ်မှာ မျက်ရည်များဝိုင်းကာဖြင့် မြေအိုးကိုပိုက်ရင်းမော့
ကြည့်လာသည်။
" ကျွန်မစိတ်မကောင်းပါဘူး ဆရာမရယ်... ကျွန်မကြောင့်ဆရာမ
တို့ခုလို အခြေအနေပျက်ရတာ...ကျွန်မဘယ်လိုလုပ်ရမလဲမသိ
တော့ဘူး "
မြယွန်းသွယ်က ပြောနေရင်းမျက်ရည်စီးကျလာလေသည်။
" အကြောင်းနဲ့အကျိုးက ဆက်စပ်နေတာပဲသမီးရဲ့... ဆရာမတို့
လည်းကူညီရမယ့်အကြောင်းဖန်လာလို့ကူညီခွင့်ရတယ်သာ သဘော
ထားပါတယ် "
" ဆရာမတို့ကူညီပေးတာ ကျွန်မသိပါတယ်... ကျွန်မနဲ့သဘောတူ
ထားတာက ကျွန်မယောကျာ်းနဲ့စကားလေးပြောခွင့်ရရုံလုပ်ပေးဖို့
သဘောတူထားတာပါ...ခုကစကားပြောရုံမကဘူး...အသက်အန္တ
ရာယ်ကနေပါ ကယ်ထုတ်ပေးခဲ့တာ..ဒီကျေးဇူးကိုကျွန်မ မမေ့ပါဘူး "
" ခုလိုနားလည်ပေးတာကိုပဲဝမ်းသာလှပါပြီ... အချိန်မရှိတော့ဘူး...
သူရထက်ဝင်းကို မြန်မြန်ကျွတ်လွတ်အောင်လုပ်ပေးရမယ်... နောက်
ရကျကူးလို့မရဘူးသမီး "
" ကျွန်မတို့ခုပဲသွားကြတာပေါ့ "
နတ်ဝင်သည်၏တပည့်မှာစိတ်ပြန်လည်တည်ငြိမ်နေပြီဖြစ်၍ ဒေါ်
သိန်းကြွယ်နှင့်အတူ အိမ်ရှင်းရန်နေရစ်ခဲ့သည်။ ဒေါ်ငြိမ်းမယ်နှင့်
မြယွန်းသွယ်မှာ လှူဖွယ်ပစ္စည်းအနည်းအကျဉ်းဝယ်ယူပြီး အနီးဆုံး
ဘုန်းကြီးကျောင်းသို့သွားလိုက်လေ၏။ ကျောင်းထိုင်ဘုန်းဘုန်းအား
ရှင်းပြလျှောက်ထားပြီး ကျောင်းဝန်းထဲတွင်သာ လှူဒါန်းကာ မြေအိုး
ကိုဖွင့်လိုက်တော့သည်။ မြေအိုးထဲမှ အငွေ့ဖြူဖြူများထွက်လာကာ
ပျောက်ကွယ်သွား၏။
" ဒကာကြီးသူရထက်ဝင်းအားရည်စူး၍ အမျှပေးဝေပါတယ်...
သာဓုခေါ်ဆိုနိုင်ပါစေသော် "
" ကြားကြားသမျှ...ကုသိုလ်.. အမျှ...အမျှ...အမျှ ယူတော်မူကြ
ပါကုန်သော်...
သာဓု...သာဓု...သာဓု "
သာဓုခေါ်သံတွင် ဒေါ်ငြိမ်းမယ်နှင့် မြယွန်းသွယ်၏အသံအပြင် ယော
ကျာ်းတစ်ယောက်၏အသံပါ ထင်ထင်ရှားရှားကြားလိုက်ရလေသည်။
ထိုအခါမြယွန်းသွယ်၏ရင်ထဲကြည်နူးဝမ်းသာမှုကသူ့အလိုလိုစီးဆင်း
လာခဲ့ရသည်။ သူမ၏စိတ်ထဲရင်ထဲကပင်သိနေ၏။ ခင်ပွန်းသည်မှာ
ကောင်းရာမွန်ရာသို့ ရောက်သွားပြီဖြစ်ကြောင်း ခံစားမိလိုက်ခဲ့ပြီ။
ထိုကိစ္စဖြစ်ပြီး တစ်ပတ်အကြာတွင် မြယွန်းသွယ်၏ခြံဝင်းထဲ၌ တစ်
ထပ်တိုက်ပုလေးတစ်လုံး စတင်ဆောက်လုပ်ခဲ့သည်။ ထိုအိမ်လေး
တွင် တသက်တာလုံးကိုယ့်အိမ်ကိုယ့်ယာလိုနေထိုင်ရန် ဒေါ်သိန်း
ကြွယ်အတွက်ဆောင်လုပ်ပေးခြင်းလည်းဖြစ်၏။ ဒေါ်သိန်းကြွယ်မှာ
လည်း အိမ်လစာမပူပန်ရတော့သဖြင့် အလွန်ပင်ဝမ်းမြောက်နေခဲ့
သည်။
တစ်ဦးကစေတနာ တစ်ဦးကမေတ္တာဆိုသည်မှာအလကားမဟုတ်ဘဲ
သူမသည်သာ ငွေကြေးကိုရှေ့တန်းတင်မိလျှင်ယခုကဲ့သို့အခွင့်အရေး
အားဆုံးရှုံးရချေမည်ဟု ဆင်ခြင်မိနေသည်။ မြယွန်းသွယ်အပေါ်
သနားစိတ်လေးဖြင့်ကူညီခဲ့သဖြင့်သာ ယခုကဲ့သို့အကျိုးခံစားခွင့်ရ
ခဲ့သည်ဟုတွေးမိတိုင်း ပီတိဖြစ်မိနေလေတော့သည်။
၎င်းတို့ ၄ယောက်မှာ ယခုတစ်သက်တာလုံး မိုင်တိုင် ( ၁၂၈ )
နေရာအား ဖြတ်ကျော်သွားခွင့်မရှိသကဲ့သို့ ဂျိုနှစ်ချောင်းမကောင်းဆိုးရွားကြီးအားလည်း နောက်ထပ် ထပ်မံမနှိမ်နင်းနိုင်တော့ချေ။ ဂျိုနှစ်
ချောင်းမကောင်းဆိုးရွားကြီးမှာတော့ ၎င်းတို့ ၄ယောက်သည် တနေ့နေ့
တချိန်ချိန်တော့ မိမိပိုင်သည့်နေရာထံသို့ရောက်လာလိမ့်မည်ဖြစ်ပြီး
ရောက်လာခဲ့လျှင် ဝိဉာဉ်နှုတ်ယူရန် အသင့်စောင့်ဆိုင်းနေခဲ့သည်။
မြယွန်းသွယ်တို့ ၄ယောက်မှာသာ ခြေဦးမလှည့်ဖြစ်တော့သည့်
မိုင်တိုင် ( ၁၂၈ ) တွင် မကြာခဏဆိုသလို လူသေဆုံးမှုများပြား
နေဆဲဖြစ်သည်။ ဂျိုနှစ်ချောင်းမကောင်းဆိုးရွားကြီး ထိုနေရာ၌
ရှိနေသမျှ ဖြတ်သွားသည့်သူထဲမှ အားနည်းသည့်သူကို ဝိဉာဉ်နှုတ်
ယူနေဦးမည်မှာအသေအချာပင်ဖြစ်ပေတော့လေတည်း။
ပြီးပါပြီ။
သော်တာလမင်းစန္ဒာ
#lotaya_shortstory
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။