
လိုတရရဲ့ ဗေဒင်ဝါသနာရှင် (၁၂) ရာသီခွင်ဖွားတွေအတွက် ဒီတစ်လစာဟောစာတမ်းကို တင်ပေးလိုက်ပါတယ်။ လစဉ်ဖော်ပြပေးမယ့် ဗေဒင်ဟောစာတမ်း ဖြစ်လို့ နောင်လတွေမှာလည်း စောင့်မျှော် ဖတ်ရှုပေးကြပါဦး…
မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - ယခုလအတွင်း လုပ်ဖော်ကိုင်ဖက်များ၊ အကြီးအကဲများနှင့် အခြေအတင် ပဋိပက္ခ ဖြစ်တတ်ပြီး လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးစရာများ ဖြစ်ပေါ်လိမ့်မည်။ လူမှုရေးအဆင်မပြေမှုများမှတစ်ဆင့် လုပ်ငန်းအပေါ်ကို သက်ရောက်မှု ရှိလာမည်။ စိုးရိမ်သောက များပြားမှုကြောင့်လည်း အလုပ်တွင် ထိခိုက်တတ်သည်။ ငွေကြေးကံ ပွင့်လန်းမည့်ကာလ ဖြစ်၍ ပုံမှန်ဝင်ငွေသာမက အခြားရလမ်းများပါ ပွင့်လာမည်။ ထီ၊ လောင်းကစားကံ ရှိနေပြီး မထင်မှတ်ဘဲ ပွပေါက်တိုးတတ်သည်။ တပြိုင်တည်းမှာပင် ငွေအတွက် စိတ်ညစ်စရာတချို့ ပေါ်ပေါက်မည်။
မေတ္တာရေးရာ - လူငယ်များ ချစ်ရသူနှင့် ဆုံဆည်းရကိန်း ရှိသည်။ အိမ်ထောင်သည်များအဖို့ တစ်ဦးနှင့်တစ်ဦး အကြား ရင်ခုန်စိတ်လှုပ်ရှားမှု နည်းပါးတတ်သောလ ဖြစ်သည်။ သို့သော် ပြဿနာ ကြီးကြီးမားမား မရှိနိုင်ပါ။
အခြားကဏ္ဍများ - ယခုလတွင် ကျန်းမာရေး ချူချာ အားနည်းတတ်သဖြင့် သတိပြုရမည်။ ရောဂါဟောင်းများ ပြန်ပေါ်လာတတ်သည်။ ပညာရေးလည်း အားနည်းတတ်ချိန် ဖြစ်၍ ကိုယ့်ဘက်က ကြိုတင် ပြင်ဆင်ထားပါ။ ထို့အပြင် ဇွန်လအတွင်း ခရီးနီး၊ ခရီးဝေးများ တတ်နိုင်သမျှ မလိုအပ်ဘဲနှင့် မထွက်ရန် အကြံပြုလိုပါသည်။
နေ့ကောင်းရက်သာ - ဇွန်လအတွင်း အင်္ဂလိပ်လို ၃ ၊ ၇ ၊ ၈ ၊ ၁၀ ၊ ၁၂ ၊ ၁၃ ၊ ၁၅ ၊ ၁၇ ၊ ၁၈ ၊ ၁၉ ၊ ၂၃ ၊ ၂၄ ၊ ၂၈ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။
ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - လုပ်ငန်းခွင်၌ ဖြစ်စေ၊ ပြင်ပ မည်သည့်လူမှုရေးကိစ္စတွင် ဖြစ်စေ မိမိဘက်က ဆက်ဆံရေး ကျဲ၊ အေးတိအေးစက် ဖြစ်နေတတ်ပြီး ယင်းအချက်ကြောင့်ပင် လုပ်ငန်းခွင်ကို အနည်းနှင့်အများ ထိခိုက်တတ်သည်။ လုပ်ငန်းကိစ္စ ခရီးများ ပေါ်ပေါက်လာနိုင်သော်လည်း အကျိုးရလဒ်မှာ ကျေနပ်စရာ နည်းပါးတတ်သည်။ အလုပ်၊ စီးပွားကံ ထူးခြား တိုးတက်မှု မရှိနိုင်သေးသော ကာလ ဖြစ်သည်။ ငွေကြေးကံ ကောင်းမွန်သော်လည်း ချေးငှား လက်လွှဲမှုများကို ရှောင်ရမည်။ ယခုလအတွင်း ရင်းနှီးမြှုပ်နှံမှု၊ ငွေအထုပ်အထည်လိုက် အပ်နှံမှုမျိုး ရှောင်ရမည်။
မေတ္တာရေးရာ - လူအများ စုဝေးတွေ့ဆုံရာ ပွဲများတွင် ဖူးစက်ဖက်နှင့် ကြုံရတတ်သည်။ ချစ်သူစုံတွဲများအတွက် ယခင်ကထက် ခပ်စိပ်စိပ် ပိုဆုံဖြစ်မည့်လ ဖြစ်သည်။ အိမ်ထောင်သည်များ အိမ်တွင်းရေးအပူ များတတ်သည်။
အခြားကဏ္ဍများ - ကျန်းမာရေး ပုံမှန်ရှိနေမည့် ကာလ ဖြစ်ပြီး တော်ရုံဖျားနာမှုကို ကုသပျောက်ကင်း လွယ်မည်။ စိတ်အေးလက်အေး အနားယူ၍ စိတ်ပိုင်းကို ပိုအနားပေးသင့်သည်။ မိသားစုအတွင်း နားလည်မှု ယူရန် ခက်ပြီး အချင်းချင်းကြား အငြင်းပွား၊ ရန်ဖြစ်တတ်သည်။ အသုံးစရိတ်လည်း ပိုများလာတတ်သည်။ ပညာရေးပိုင်းတွင်မူ အလွယ်တကူ ကံကောင်း အောင်မြင်တတ်သောလ ဖြစ်သည်။
နေ့ကောင်းရက်သာ - ဇွန်လအတွင်း အင်္ဂလိပ်လို ၃ ၊ ၄ ၊ ၁၁ ၊ ၁၅ ၊ ၁၆ ၊ ၁၇ ၊ ၁၈ ၊ ၂၆ ၊ ၂၇ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။
မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - ယခုလတွင် အလုပ်အကိုင်ကံဇာတာ နိမ့်ပါးချိန် ဖြစ်၍ ကိုယ်က ကြိုးစားအားစိုက်သလောက် အရာမထင်၊ မအောင်မမြင် ဖြစ်တတ်သည်။ အများနှင့်တစ်ယောက် ဖြစ်နေတတ်ပြီး နားလည်မှု လွဲမှားခြင်းနှင့် အမြင်မတူ ဆန့်ကျင်ကွဲလွဲခြင်းများ ကြုံရတတ်သည်။ လုပ်ရည်ကိုင်ရည်နှင့် အစွမ်းအစများလည်း လျော့ကျပြီး လုပ်ပြီးသား အလုပ်ကို ပြန်လှည့်လုပ်ရခြင်း၊ ပြဿနာဟောင်းများကို ပြန်အစဖော်မိခြင်းတို့ ဖြစ်တတ်သည်။ ငွေ အသုံးအစွဲနှင့် ပတ်သက်သော အမူအကျင့်များ ပြောင်းလဲပစ်ရမည့် ကာလ ဖြစ်သည်။ သို့မဟုတ်ပါက လက်ထဲ ငွေပြတ်ခြင်း၊ လက်လွန်အသုံးများ၍ ငွေကျပ်ခြင်းမျိုး ဖြစ်သွားတတ်သည်။
မေတ္တာရေးရာ - လူငယ်များ နှလုံးသားရေးကံ ပွင့်လန်းနေပြီး ရည်ရွယ်သူနှင့် ဆုံဆည်းရတတ်သည်။ သို့သော် ကိုယ်တိုင်က စိတ်မြန်လက်မြန် ဆန္ဒစောမိပါက ကြည်နူးစရာမှ ကြေကွဲစရာ ဖြစ်သွားလိမ့်မည်။ အိမ်ထောင်ရေး မိသားစုရေးတွင် အချင်းချင်း မတည့်ကြဘဲ အဆင်ပြေအောင် မနည်း ညှိနှိုင်းယူရတတ်သည်။
အခြားကဏ္ဍများ - ယခုလတွင် ကျန်းမာရေးရာ ပူစရာ မရှိဘဲ ကောင်းမွန်နေလိမ့်မည်။ ပညာရေးပိုင်းတွင် ပိုမို ကြိုးစားရန် လိုအပ်လာမည်။ အဆင့်မြင့်ပညာရေး တက်လှမ်းလိုသူများ အခက်အခဲ ပိုများလိမ့်မည်။ ယခုလတွင် ခရီးသွားလာရန် ကောင်းမွန်ပြီး စီးပွားရေးအရ သွားလာသူများ တွက်ခြေကိုက်ပြီး အကျိုးအမြတ် ရရှိမည်။
နေ့ကောင်းရက်သာ - ဇွန်လအတွင်း အင်္ဂလိပ်လို ၁ ၊ ၂ ၊ ၄ ၊ ၆ ၊ ၁၁ ၊ ၁၉ ၊ ၂၀ ၊ ၂၅ ၊ ၂၈ ၊ ၂၉ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။
ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - အလုပ်အကိုင်ကံ မှေးမှိန်တတ်သော ကာလ ဖြစ်သည်။ လုပ်သလောက် အကျိုးခံစားခွင့် မရ ၊ ကိုယ်လုပ်သမျှ အသိအမှတ်အပြု မခံရတတ်ဘဲ ငွေကြေးအကျိုးအမြတ် ပြန်ရရှိမှုလည်း နည်းပါးတတ်သည်။ တစ်ယောက်တည်းနှင့် ပြဿနာများစွာကို ကိုင်တွယ်ရတတ်ပြီး လူအများနှင့် သင့်မြတ်အဆင်ပြေအောင်လည်း ကြိုးစားနေရလိမ့်မည်။ ငွေကြေးကံ အကောင်းနှင့် အဆိုး ဒွန်တွဲနေမည့်လ ဖြစ်သည်။ ရလိုက်၊ ကုန်လိုက်နှင့် ဖြတ်သန်းရတတ်သည်။ လကုန်ပိုင်းရက်များတွင် ငွေအသုံးအစွဲနှင့် ပတ်သက်၍ ချင့်ချိန်စရာ ဖြစ်လာလိမ့်မည်။
မေတ္တာရေးရာ - ချစ်သူရည်းစားကိစ္စများတွင် အပြန်အလှန် နားလည်မှု တည်ဆောက်နိုင်မည်။ အချစ်ရှာနေသူ လူငယ်များ လက်တွဲဖော် ရှာတွေ့တတ်သည်။ အိမ်ထောင်သည်များ စိတ်ချမ်းသာရမည့် ကာလ ဖြစ်သည်။
အခြားကဏ္ဍများ - ယခုလတွင် မိသားစုအိမ်တွင်းရေး အပူသောကများ ဝင်လာတတ်သည်။ ပြင်ပကိစ္စများနှင့် ပတ်သက်၍ မိသားစုဝင်များအကြား အငြင်းပွားရလိမ့်မည်။ စိတ်ခံစားချက် ဦးစားပေးသော ရာသီခွင် ဖြစ်၍ ယခုလတွင် စိတ်ကို ပို၍ အနားပေးရလိမ့်မည်။ သို့မဟုတ်ပါက ကျန်းမာရေးပါ ကျဆင်းသွားတတ်သည်။
နေ့ကောင်းရက်သာ - ဇွန်လအတွင်း အင်္ဂလိပ်လို ၃ ၊ ၄ ၊ ၁၇ ၊ ၁၈ ၊ ၂၁၊ ၂၂ ၊ ၂၄ ၊ ၂၅ ၊ ၂၇ ၊ ၃၀ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။
သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - ယခုလတွင် ဝန်ထမ်းများ ရာထူး၊ လစာ တိုးတက်ကိန်း ရှိနေပြီး လုပ်ငန်းရှင်များအတွက်လည်း ထူးခြားသော အခွင့်အလမ်းကောင်းများ ပေါ်ပေါက်လာတတ်သည်။ လုပ်ငန်းခွင်အတွင်း ဆက်ဆံရေး ပြေလည် ချောမွေ့လာပြီး ယခင်က မခေါ်မပြော ဖြစ်ခဲ့သူများနှင့်ပင် မျက်နှာကြော တည့်လာလိမ့်မည်။ ကိုယ်ရည်မှန်းရာ ပန်းတိုင်ကို လှမ်းကိုင်နိုင်သော ကာလ ဖြစ်၍ အကောင်းဆုံး ကြိုးစားအားထုတ်ပါ။ ကံတရားက မျက်နှာသာပေး အခွင့်အရေး ပေးလာမည့်အချိန် ဖြစ်သည်။ ငွေကြေးကံလည်း ကောင်းမွန်လိမ်မည်။ သို့သော် ငွေကြေးကိစ္စတွင် စိတ်ညစ်စရာအချို့ ဖြစ်လာနိုင်သည်။ အပေးအယူများတွင် သေချာစွာ စိစစ်ပြီးမှ လက်ခံ လုပ်ကိုင်သင့်သည်။
မေတ္တာရေးရာ - လူပျိုအပျိုများအနေဖြင့် အချစ်သစ် ဆုံဆည်းရန် အကြောင်းဖန်လာနိုင်သည်။ လူမှုရေးပွဲများ၌ ကံအကြောင်းဆက်စပ် ဆုံတွေ့ရတတ်သည်။ အိမ်ထောင်သည်များအဖို့ အချင်းချင်းကြား ပိုနီးစပ်လာလိမ့်မည်။
အခြားကဏ္ဍများ - ကျန်းမာရေး အညံ့မရှိသော ကာလ ဖြစ်သည်။ မိသားစုရေးရာများတွင် ပျော်ရွှင်စရာများကို ဖန်တီးနိုင်လိမ့်မည်။ ပညာရေးနှင့် ပတ်သက်၍မူ ကျောင်းကိစ္စ၊ စာမေးပွဲကိစ္စများအတွက် စိတ်ပူရတတ်သည်။ ယခုလတွင် သိဟ်ရာသီဖွားများ စီးပွားရေးအရ ခရီးသွားလာ၍ အကျိုး သိပ်မရှိဘဲ ဖြစ်နေလိမ့်မည်။
နေ့ကောင်းရက်သာ - ဇွန်လအတွင်း အင်္ဂလိပ်လို ၂ ၊ ၃ ၊ ၄ ၊ ၅ ၊ ၈ ၊ ၉ ၊ ၂၃ ၊ ၂၅ ၊ ၂၈ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။
ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - အလုပ်ကိစ္စများတွင် အကောင်းနှင့်အဆိုး ရောထွေးနေမည့် ကာလ ဖြစ်သည်။ အောင်မြင်မှုဆီ သွားရာလမ်းတွင် အခက်အခဲများက ကြိုတင်ကာဆီးနေလိမ့်မည်။ အလုပ်တာဝန်များ ပိုမို ကိုင်တွယ်လာရသလို အသိအမှတ်ပြု နေရာပေးခံရသည့် အခြေအနေကောင်းများလည်း ဖြစ်ပေါ်လာမည်။ အလုပ် ရှာဖွေနေသူများ ထိုက်တန်သင့်လျော်သော နေရာကောင်းကို ရရှိတတ်သည်။ ရာထူ ၊ နေရာ လုပ်ပိုင်ခွင့်များ ရရှိလာတတ်သည်။ ငွေကြေးကံ ကောင်းမွန်သောလ ဖြစ်သော်လည်း မလိုအပ်သော အသုံးစရိတ်များ လျှော့ချရမည်။ သို့မှသာလျှင် ကံကောင်းမှုကို အပြည့်အဝ ခံစားရမည်။ ငွေကြေးနှင့် ပတ်သက်၍ စကားအခြေအတင် ပြောရတတ်သည်။
မေတ္တာရေးရာ - လူလွတ်များအဖို့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းထဲမှာပင် လက်တွဲဖော်နှင့် ဆုံဆည်းရတတ်သည်။ အိမ်ထောင်သည်နှင့် စုံတွဲများ ယခုလတွင် ပြဿနာ ဖြစ်လိုက်၊ ပြန်တည့်လိုက်နှင့် တစ်လလုံး ကုန်ဆုံးလိမ့်မည်။
အခြားကဏ္ဍများ - ယခုလတွင် မိသားစု အိမ်တွင်းရေးနှင့် ပတ်သက်၍ စိတ်ညစ်ဖွယ်ရာများ ပေါ်ပေါက်လာမည်။ လူကြီးသူမများနှင့် မတည့်ခြင်း၊ မိသားစုချင်း ရန်စကားများခြင်း၊ မသင့်မမြတ် ဖြစ်ခြင်းတို့ ကြုံရတတ်သည်။ မိမိ ကျန်းမာရေးသည်လည်း ပုံမှန်ထက် အားနည်းသွားတတ်သဖြင့် သေချာစွာ အနားယူ၊ စားသောက်သင့်သည်။ ပညာရေးလိုက်စားသူများ ယခုလတွင် အောင်မြင်မှု ရတတ်သောကြောင့် အကောင်းဆုံး ကြိုးစားထားရမည်။
နေ့ကောင်းရက်သာ - ဇွန်လအတွင်း အင်္ဂလိပ်လို ၄ ၊ ၇ ၊ ၈ ၊ ၂၅ ၊ ၂၆ ၊ ၂၇ ၊ ၂၈ ၊ ၂၉ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။
တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - အလုပ်အကိုင်နှင့် ပတ်သက်၍ လက်ရှိအလုပ်ကို ဆက်လုပ်သင့်၊ မသင့် ပြန်လည် သုံးသပ်ရန် လိုအပ်လာချိန် ဖြစ်လိမ့်မည်။ အလုပ်နေရာ အပြောင်းအလဲများအတွက် စိတ်ကူးအကြံအစည် ပေါ်လာတတ်ပြီး နောက်ထပ် အခွင့်အလမ်းသစ်၊ အလုပ်သစ်များကိုလည်း ရှာဖွေလာလိမ့်မည်။ လက်ရှိ အလုပ်ဟောင်းနေရာ၌ အဆင်မပြေသူများ မိမိ အရည်အချင်းအလျောက် ယခုထက် ပိုကောင်းသော အလုပ်မျိုး ရရှိသွားတတ်သည်။ ငွေကြေးအတွက် စိတ်ပူသောက ရောက်ရမည့် ကာလ ဖြစ်သည်။ လောင်းကစားလုပ်ခြင်း၊ ငွေကစားခြင်းမျိုး ရှောင်ကျဉ်ပါ။ မလိုအပ်သော အသုံးအစွဲများကို လျှော့ချနိုင်ပါက ထိန်းသုံးနိုင်သော ကာလ ဖြစ်လိမ့်မည်။
မေတ္တာရေးရာ - စုံတွဲများအကြား အဆင်ပြေလိုက်၊ မပြေလိုက် ဖြစ်နေလိမ့်မည်။ လက်တွဲဖော် ရှာနေသူများအဖို့ လူမျိုး၊ နေရာဒေသ ကွဲပြားသူနှင့် ဆုံမိတတ်သည်။ အကယ်၍ တွဲဖြစ်ပါက ရေရှည်တည်တံ့သွားတတ်သည်။
အခြားကဏ္ဍများ - ယခုလတွင် အလုပ်၊ နေရာ အပြောင်းအလဲများ လုပ်မိပါက စိတ်ဖိစီးမှုဒဏ်ကို ခံစားရမည်။ ရုပ်ပိုင်းထက် စိတ်ပိုင်း ပင်ပန်းနွမ်းနယ်မှု ဖြစ်လိမ့်မည်။ မိသားစုအတွင်း ငွေကြေး လိုအပ်ချက်များ ရှိလာနိုင်ပြီး ကုန်ကျစရိတ်ကို မနည်း ထိန်းချုပ်ရလိမ့်မည်။ ယခုလအတွင်း ခရီးကိစ္စများ ပေါ်လာနိုင်ပြီး အကျိုးအမြတ်လည်း ရှိလိမ့်မည်။ ပညာရေးလမ်းကြောင်း အထူး ကောင်းမွန်ချိန် ဖြစ်၍ ရည်မှန်းရာကို လျှောက်လှမ်းနိုင်မည်။
နေ့ကောင်းရက်သာ - ဇွန်လအတွင်း အင်္ဂလိပ်လို ၁ ၊ ၃ ၊ ၄ ၊ ၉ ၊ ၁၁ ၊ ၁၅ ၊ ၁၆ ၊ ၁၈ ၊ ၂၈ ၊ ၂၉ ၊ ၃၀ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။
ဗြိစ္ဆာရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - ယခုလတွင် အလုပ်အကိုင်၊ စီးပွားရေးကံ အားနည်းလာနိုင်သဖြင့် အစစအရာရာ သတိထား၍ လုပ်ကိုင်ရလိမ့်မည်။ ကိုယ့်အတွက် အကျိုးမရှိသောအရာများတွင် အချိန်ကုန်၊ လူပန်း ဖြစ်ရတတ်ပြီး အများနှင့် ထိတွေ့ဆက်ဆံရာတွင်လည်း အဆင်မပြေမှုများ ဖြစ်လာနိုင်သည်။ လုပ်ငန်းခွင်အတွင်း လုပ်ဖော်ကိုင်ဖက်များ၊ အကြီးအကဲများနှင့် ဆတ်ဆတ်ထိမခံသော ပြဿနာမျိုး ဖြစ်တတ်သည်။ ငွေကြေးကံ အကောင်းနှင့်အဆိုးများ တစ်လှည့်စီ ဖြစ်လာလိမ့်မည်။ ဝင်လာသမျှ သုံးလောက်ရုံသာ ရှိတတ်ပြီး အပိုအလျှံ မကျန်အောင် ဖြစ်မည်။
မေတ္တာရေးရာ - ယခုလတွင် လူပျိုလွတ်များသာမက စုံတွဲ၊ အိမ်ထောင်သည်များအတွက်ပါ စိတ်ချမ်းသာစရာ ကြည်နူးစရာများ ပြည့်နှက်နေလိမ့်မည်။ အဆင်မပြေခဲ့သော ကိစ္စများတွင် ပြေလည်မှု ပြန်ရပြီး ပျော်ရွှင်စရာများ ဖန်တီးနိုင်မည်။ ချစ်သူ ရှာနေသူများလည်း မိမိနှင့် လိုက်ဖက်အဆင်ပြေမည့်သူနှင့် ဆုံဆည်းရတတ်သည်။
အခြားကဏ္ဍများ - ကျန်းမာရေး ပူစရာမလိုသော ကာလ ဖြစ်သည်။ ကျောင်းသူကျောင်းသားများ ပညာရေးပိုင်း အခက်တွေ့နိုင်သော အချိန် ဖြစ်၍ ပိုမို အားစိုက်ရလိမ့်မည်။ မိသားစုအိမ်တွင်းရေး သာယာချမ်းမြေ့မှု ရရှိမည်။ ခရီးနီး၊ ခရီးဝေး သွားလာ၍ ကောင်းမွန်သောလ ဖြစ်သည်။ ခရီးစဉ်မှ အကျိုးအမြတ်များ ရှာဖွေရရှိတတ်သည်။
နေ့ကောင်းရက်သာ - ဇွန်လအတွင်း အင်္ဂလိပ်လို ၃ ၊ ၄ ၊ ၅ ၊ ၆ ၊ ၈ ၊ ၁၁ ၊ ၁၂ ၊ ၁၃ ၊ ၁၇ ၊ ၁၈ ၊ ၂၈ ၊ ၂၉ ၊ ၃၀ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။
ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - ယခုလတွင် အလုပ်အကိုင် အသက်မွေးဝမ်းကျောင်းနှင့် ပတ်သက်သော သိသာထင်ရှားသည့် အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည်။ အလုပ်၊ နေရာ အပြောင်းအလဲ လုပ်ချင်ပါက ကိုယ် ပြောင်းချင်သည့် နေရာအလုပ်သစ်ကို သေချာစွာ လေ့လာထားရမည်။ သို့မဟုတ်ပါက သေချင်တဲ့ကျား - တောင်ပြောင်းသလိုမျိုး ဖြစ်သွားတတ်သည်။ လုပ်ဖော်ကိုင်ဖက်များနှင့် နားလည်မှု လွဲတတ်သောကြောင့် အပြောအဆို ဆင်ခြင်ရမည်။ ငွေကြေးကံ ပွင့်လန်းသည့် ကာလ ဖြစ်၍ အစောပိုင်း အခက်အခဲများကို ပြေလည်အောင် ဖြေရှင်းနိုင်လိမ့်မည်။
မေတ္တာရေးရာ - အိမ်ထောင်ရှိသူများ၊ ချစ်သူစုံတွဲများအဖို့ ပျားရည်ဆမ်းသော ကာလကို ဖြတ်သန်းရလိမ့်မည်။ လူပျိုလူလွတ်များအတွက်လည်း ဖူးစာကံကောင်းသော ကာလ ဖြစ်သည်။ အနီးနားမှာပင် ရှာတွေ့တတ်သည်။
အခြားကဏ္ဍများ - စိတ်ဖိစီးမှုများကြောင့် ကျန်းမာရေး ညံ့ဖျင်းသွားတတ်သည်။ မလိုအပ်ဘဲ သောကများကို ခေါက်ထားလိုက်ပါ။ စိတ်ကြောင့် လူပါ အထိနာတတ်သည်။ မိသားစုအရေး စိတ်ချမ်းသာရမည့် ကာလ ဖြစ်ပြီး ပညာရေးပိုင်းနှင့် ပတ်သက်နေသူများမှာ ကြိုးစားသလောက် ခရီးမပေါက် ဖြစ်တတ်သည်။
နေ့ကောင်းရက်သာ - ဇွန်လအတွင်း အင်္ဂလိပ်လို ၅ ၊ ၉ ၊ ၁၀ ၊ ၁၄ ၊ ၁၆ ၊ ၁၈ ၊ ၁၉ ၊ ၂၀ ၊ ၂၈ ၊ ၂၉ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။
မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - အလုပ်အကိုင်၊ စီးပွားရေးတွင် ပျော်ရွှင်အောင်မြင်သော ကာလကို ဖြတ်သန်းရမည်။ အလုပ် တာဝန် ပိုများလာသည့်တိုင် အကောင်းဆုံး ကိုင်တွယ် ဖြေရှင်း လုပ်ကိုင်ပြနိုင်မည်။ ရည်မှန်းထားသည် စိတ်ကူး အကြံအစည်များကို အကောင်အထည် ဖော်နိုင်မည်။ အများနှင့်လည်း အဆင်ပြေစွာ လက်တွဲ လုပ်ကိုင်နိုင်မည်။ ငွေကြေးကိစ္စတွင် မထင်မှတ်ဘဲ ငွေကျပ်သွားတတ်သော်လည်း နောက်ပိုင်းတွင် ပြန်အဆင်ပြေသွားပါလိမ့်မည်။
မေတ္တာရေးရာ - ယခုလနှောင်းပိုင်းတွင် လင်မယားကြား၊ ချစ်သူစုံတွဲများအကြား အဆင်မပြေမှုများကို ပြန်လည် ညှိနှိုင်းယူနိုင်လိမ့်မည်။ အမြင်မတူ၊ သဘောကွဲလွဲမှုများ ပြန်အဆင်ပြေမည်။ လက်တွဲဖော် ရှာနေသူများအတွက် အလုပ်နှင့် ဆက်စပ်ရာမှ ဖူးစာဖက်ကို ရှာတွေ့တတ်သည်။
အခြားကဏ္ဍများ - ယခုလအတွင်း မိသားစုအိမ်တွင်းရေးတွင် စိတ်ညစ်စရာများ မကြာခဏ ဖြစ်ပေါ်တတ်သည်။ တစ်ယောက်နှင့် တစ်ယောက် နားလည်မှု မယူနိုင်ဘဲ အပြန်အလှန် ပြစ်တင်ကြလိမ့်မည်။ အိမ်မှာ နေချင်စိတ် နည်းပြီး အပြင်ချည်း လျှောက်သွားချင်နေတတ်သည်။ ယခုလတွင် ခရီးသွားလာမှုအတွက် အကျိုးမရှိနိုင်ပါ။
နေ့ကောင်းရက်သာ - ဇွန်လအတွင်း အင်္ဂလိပ်လို ၇ ၊ ၈ ၊ ၁၀ ၊ ၁၄ ၊ ၁၅ ၊ ၁၆ ၊ ၁၇ ၊ ၁၈ ၊ ၂၇ ၊ ၂၈ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။
ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - အလုပ်အကိုင်ရေးနှင့် ပတ်သက်၍ အနည်းငယ် အညံ့ ရှိသော ကာလ ဖြစ်သည်။ အလုပ်များ အောင်မြင်အောင် မနည်း ကြိုးစားရုန်းကန်ရတတ်ပြီး ဘေးပတ်ဝန်းကျင်မှ အကူအညီလည်း မရသလောက်ပင် ဖြစ်နေလိမ့်မည်။ လုပ်ငန်းကိစ္စအတွက် ခရီးသွားလာလုပ်ကိုင်မှုများတွင် မျှော်မှန်းသလို အကျိုးအမြတ် မရဘဲ ပြန်လာရတတ်သည်။ အလုပ် သိပ်မကောင်းသော်လည်း ငွေကြေးကံ အကောင်းဘက်တွင် ရှိနေ၍ ဝင်ငွေလမ်း ဖြောင့်ဖြူးလိမ့်မည်။ ရင်းနှီးထည့်ဝင်မှု၊ ငွေကြေးကစားမှုတို့မှ အကျိုးအမြတ်ကောင်းကောင်း ပြန်ရတတ်သည်။
မေတ္တာရေးရာ - ချစ်သူရည်းစား၊ အိမ်ထောင်ဖက်များအကြား အနည်းနှင့်အများဆိုသလို ပြဿနာ ဖြစ်နိုင်သော ကာလသို့ ရောက်နေသည်။ နားလည်မှု ယူ၍ သည်းခံနိုင်မှသာ အဆိုပါပြဿနာကို ကျော်လွှားသွားနိုင်မည်။ လူလွတ်များအတွက် ချစ်သူ၊ လက်တွဲဖော်ကို လုပ်ငန်းခွင်၊ Workshop နေရာများတွင် ဆုံဆည်းတတ်သည်။
အခြားကဏ္ဍများ - ယခုလတွင် မိသားစုရေးအတွက် စိတ်သောကများ ဖြစ်တတ်သည်။ ကျောင်းသူ/သားများ ပညာရေးတွင် ကြိုးစားအားထုတ်မှု အရာထင်မည်။ ယခုလအတွင်း ခရီးအသွားအလာ သိပ်မကောင်းနိုင်ဘဲ ကိုယ့်အတွက် အကျိုးမရှိ ဖြစ်တတ်သည်။ အကြီးအကဲများနှင့် ဆက်ဆံရာတွင် သည်းခံနိုင်မှ အဆင်ပြေမည်။
နေ့ကောင်းရက်သာ - ဇွန်လအတွင်း အင်္ဂလိပ်လို ၃ ၊ ၄ ၊ ၅ ၊ ၉ ၊ ၁၀ ၊ ၁၁ ၊ ၁၃ ၊ ၁၉ ၊ ၂၀ ၊ ၂၉ ၊ ၃၀ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။
မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - အလုပ်အကိုင် ၊ စီးပွားရေးတွင် တိုးတက်အောင်မြင်မှုများ မြင်တွေ့ရမည့်လ ဖြစ်သည်။ အလုပ် နေရာမှ ကူညီပံ့ပိုးသူများ ပေါ်ပေါက်လာမည်။ မိသားစု၊ မိတ်ဆွေများထံမှ အကူအညီကောင်းများ ရရှိလာမည်။ အလုပ်၊ နေရာ၊ ဌာန အပြောင်းအလဲ ပေါ်လာပါက ယခုထက် ပိုကောင်းသည့် အခြေအနေမျိုး ဖြစ်တတ်သည်။ ငွေကြေးကိစ္စများတွင် စိတ်ပျက်စရာ ဖြစ်လာနိုင်ပြီး အပေးအယူများတွင် သတိထားရလိမ့်မည်။ ငွေလွဲငွေယူနှင့် ကြားဝင် အာမခံမိပါက စိုက်လျော် ဖြေရှင်းရတတ်သည်။ ဝင်ငွေထွက်ငွေ သေချာ စိစစ်နိုင်မှ အဆင်ပြေမည်။
မေတ္တာရေးရာ - စုံတွဲနှင့် အိမ်ထောင်သည်များအကြား နားလည်မှု လွဲ၍ အချင်းများတတ်သည်။ စကားပြောဆို ဆက်ဆံရာတွင် အမှား ပါပြီး ဖြေရှင်းရခက်တတ်သည်။ လူလွတ်များအဖို့ လက်တွဲဖက် ရှာရခက်တတ်သည်။
အခြားကဏ္ဍများ - ကျောင်းသူ/သားများအဖို့ ပညာရေးခရီးလမ်း ခက်ခဲတတ်သည်။ လိုချင်သော ကျောင်းမျိုး မရတတ်ဘဲ ပညာသင်ကြားရေးလည်း ခက်ခဲလာနိုင်သည်။ ယခုလအတွင်း လုပ်ငန်းကိစ္စ ခရီးသွားလာသူများ အောင်မြင် အကျိုးရှိမည့် ခရီးစဉ်မျိုး ဖြစ်လာမည်။ မိသားစုအတွင်း ပျော်ရွှင်စရာများ ပြည့်နှက်နေလိမ့်မည်။
နေ့ကောင်းရက်သာ - ဇွန်လအတွင်း အင်္ဂလိပ်လို ၅ ၊ ၆ ၊ ၁၄ ၊ ၁၅ ၊ ၁၉ ၊ ၂၁ ၊ ၂၂ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။
ဧက
(ဗေဒင်သုတေသီ)
#lotaya_horoscope
ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။