(၁၂) ရာသီခွင်ဖွားများအတွက် တစ်လစာဗေဒင်ဟောစာတမ်း (ဇူလိုင်လ ၊ ၂၀၂၀)
lotaya.mpt.com.mm
|
2020-07-01

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - အလုပ်နေရာ ပြန်လည် အထိုင်ချရခြင်း၊ နေရာဌာန ပြောင်းရွှေ့ရခြင်း၊ လုပ်ငန်းပေါ် မူတည်၍ လုပ်ပုံကိုင်ပုံ ပြောင်းလဲရခြင်းတို့ ကြုံရတတ်သည်။ လလယ်ပိုင်းတွင် လုပ်ငန်းအဆက်အသွယ်များ ပြန်ရလာပြီး အကျိုးစီးပွားသစ်များ ဖော်ဆောင်နိုင်မည်။ အစောပိုင်းရက်များတွင်မူ လုပ်လက်စများ မပြီးနိုင်ဘဲ ကြန့်ကြာပြီး အစက ပြန်လုပ်ရခြင်း၊ မရေရာခြင်းတို့ ဖြစ်တတ်သည်။ ငွေကြေးကဏ္ဍတွင် ပုံမှန်လမ်းကြောင်းမှ မဟုတ်သော အခြားရလမ်းများ ပေါ်လာတတ်သည်။ သို့သော် မျှော်လင့်ချက်များများ မထားသင့်ဘဲ ရတာနှင့် ကျေနပ်ရမည်။

မေတ္တာရေးရာ - နှလုံးသားရေးတွင် ကိုယ်ကျိုးအတ္တ ရှေ့တန်းတင်ခြင်း၊ ခေါင်းမာတယူသန်၍ စိတ်မြန်လွယ်ခြင်း စသည့် ခံစားချက်များကြောင့် ပြဿနာ ဖြစ်လွယ်တတ်သည်။ ဇူလိုင် ၂၂ နောက်ပိုင်းမှ အကောင်းဘက် ပြန်၍ ဦးတည်လာနိုင်သည်။ သို့သော် လကုန်ပိုင်းတွင်လည်း အချစ်ရေး၊ အိမ်ထောင်ရေးကိစ္စ စိတ်ညစ်ရတတ်သည်။

အခြားကဏ္ဍများ - အလုပ်အကိုင်နှင့် မိသားစုအကြား စိတ်ရှုပ်စရာများ မကြာခဏ ဖြစ်ပွားလိမ့်မည်။ အများ၏ ဆန္ဒနှင့် လိုက်လျောညီထွေ မဖြစ်ဘဲ ဆန့်ကျင်ကန့်လန့် ဖြစ်နေတတ်သည်။ ပညာရေးကဏ္ဍတွင်မူ စိတ်တိုင်းကျ အဆင်ပြေလာနိုင်သော ကာလ ဖြစ်သည်။ ဇူလိုင် ၁၂ ရက်နောက်ပိုင်းတွင် စိတ်ကူးဆန္ဒများ ပြည့်ဝမည်။

နေ့ကောင်းရက်သာ - ဇူလိုင်လအတွင်း အင်္ဂလိပ်လို ၅ ၊ ၆ ၊ ၁၁ ၊ ၁၂ ၊ ၁၃ ၊ ၁၄ ၊ ၁၅ ၊ ၁၆ ၊ ၂၁ ၊ ၂၂ ၊ ၃၀ ၊ ၃၁ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - အလုပ်အကိုင်၊ စီးပွားရေးတွင် အဘက်ဘက်က တိုးတက်အောင်မြင်မှုများ မြင်တွေ့ရမည့် လ ဖြစ်သည်။ ငွေရေးကြေးရေးတွင်လည်း ကြိုးစားသမျှ အရာထင်လာမည် ဖြစ်သည်။ သို့သော် ငွေရင်းထည့်ဝင်မှု၊ အပေးအယူ စသည်တို့တွင် အလျင်စလို မလုပ်ဘဲ သေချာ ဆန်းစစ်ပြီးမှ လုပ်ရမည်။ ကိုယ်ရစရာ ရှိသည်များ အရ နောက်ကျတတ်သည်။ အလုပ်ကိစ္စများတွင်လည်း မျှော်လင့်တာထက် ပို၍ နှောင့်နှေးကြန့်ကြာတတ်သည်။

မေတ္တာရေးရာ - အစောပိုင်းအရှုပ်အရှင်း ဖြစ်ခဲ့သမျှ ပြန်ဖြေရှင်းနိုင်မည့် ကာလ ဖြစ်သည်။ နှစ်ဦးကြား နားလည် နွေးထွေးမှုများ ပြန်တည်ဆောက်နိုင်မည်။ တပြိုင်တည်းမှာပင် ရည်းစားဟောင်း၊ ပြဿနာဟောင်းကိစ္စများ ပြန် ပေါ်လာတတ်သဖြင့် ကြိုတင် သတိပြုရမည်။ မမျှော်လင့်ဘဲ ပတ်သက်မှုများ ပြန်ပေါ်ကာ ရှုပ်ထွေးတတ်သည်။

အခြားကဏ္ဍများ - စိတ်ပိုင်းဆိုင်ရာ မွန်းကြပ်မှုကြောင့် ရုပ်ပိုင်းတွင်ပါ ပင်ပန်းနွမ်းနယ်ရတတ်သည်။ မကျေမနပ် နှင့် ပေါက်ကွဲထွက်စရာများ ရှိနေသဖြင့် ပထမလဝက်ပိုင်းတွင် စိတ်လျှော့ စိတ်ဖြေနိုင်မှ အဆင်ပြေလိမ့်မည်။ လဆန်းပိုင်းတွင် ခရီးအသွားအလာကိစ္စများ၊ ပညာသင်ကြားရေးကိစ္စများအတွက် စိတ်ရှုပ်စရာများ ဖြစ်လာမည်။ အိမ်နီးနားချင်း (သို့မဟုတ်) အနားက လူများနှင့် ဆက်ဆံရေး အဆင်မပြေလည်း ဖြစ်တတ်သည်။

နေ့ကောင်းရက်သာ - ဇူလိုင်လအတွင်း အင်္ဂလိပ်လို ၆ ၊ ၁၀ ၊ ၁၃ ၊ ၁၄ ၊ ၁၆ ၊ ၁၇ ၊ ၂၀ ၊ ၂၃ ၊ ၂၄ ၊ ၂၈ ၊ ၂၉ ရက် များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - ငွေကြေး အကျပ်အတည်း ကြုံရတတ်သော ကာလ ဖြစ်သည်။ မိသားစုတွင် ငွေပြတ်သွားခြင်း၊ အလုပ်ထဲတွင် ငွေကျပ်ခြင်း၊ လည်ပတ်မှု ရပ်တန့်သွားခြင်းတို့ ဖြစ်တတ်သည်။ အသုံးစရိတ် များလာတတ်သည်။ သို့သော် လလယ်ပိုင်းတွင် အခြေအနေအရပ်ရပ် ပြန်ကောင်းလာရန် ရှိသည်။ လုပ်ငန်းကိစ္စများတွင် ဖြစ်နိုင်ခြေ ရှိသော လမ်းကြောင်းကိုသာ ဦးစားပေးရမည်။ စိတ်ကူးယဉ် စွန့်စားမှု များသော အလုပ်များ အကျိုးမပေးနိုင်ပါ။

မေတ္တာရေးရာ - ပထမလဝက်အတွင်း လက်တွဲဖော်နှင့် ညှိနှိုင်းရ ခက်သော အခြေအနေများထဲတွင် ပိတ်မိကာ ပြဿနာထဲ ဝဲလည်နေတတ်သည်။ သည်းခံစိတ်ရှည်မှု ကုန်ဆုံးသွားပါက လမ်းခွဲပြတ်စဲသည်အထိ ဆိုးရွားသော ရလဒ်များ ဖြစ်သွားနိုင်သည်။ အိမ်ထောင်သည်များ မိမိ ခင်ပွန်း/ဇနီး၏ ငွေကြေးပြဿနာထဲ ဝင်ပါရတတ်သည်။

အခြားကဏ္ဍများ - လူရောစိတ်ပါ ကျန်းမာရေး အားနည်းတတ်သောလ ဖြစ်သည်။ စိတ်ပင်ပန်းစရာများကြောင့် အာရုံကြော အားနည်းခြင်း၊ သတိမကပ်ခြင်းမျိုး ဖြစ်တတ်သည်။ ပညာရေးကိစ္စများတွင် ဆုံးဖြတ်ရ ခက်ခဲသော အနေအထားမျိုး ကြုံရမည်။ မိမိ စိတ်တိုင်းကျ မဖြစ်လာဘဲနှင့် အခြေအနေအရ လက်သင့်ခံရလိမ့်မည်။

နေ့ကောင်းရက်သာ - ဇူလိုင်လအတွင်း အင်္ဂလိပ်လို ၉ ၊ ၁၀ ၊ ၁၆ ၊ ၁၇ ၊ ၁၈ ၊ ၁၉ ၊ ၂၂ ၊ ၂၃ ၊ ၂၅ ၊ ၂၆ ၊ ၂၈ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - အလုပ်ထဲတွင် လုပ်ရဲကိုင်ရဲနှင့် ဖြစ်လာပြီး သူတပါး မလုပ်ဝံ့သော အရာများကို မိမိကိုယ်တိုင် ဖြေရှင်းကိုင်တွယ်နိုင်မည်။ ခါတိုင်းထက် အလုပ် ပိုများလာမည် ဖြစ်ပြီး လူရောစိတ်ပါ မနားမနေ ရုန်းကန်ရမည်။ မည်သည့် ယှဉ်ပြိုင်မှုကိုမဆို အနိုင်ယူ ကျော်လွှားနိုင်မည်။ ယခင်ကလို သိပ်မတွေး၊ သိပ်ငေးမနေဘဲ ခပ်မြန်မြန် သုတ်သုတ် လုပ်ကိုင်ဖြစ်မည်။ စပ်တူရှယ်ယာကိစ္စများ ပြန်သုံးသပ်ရန် အချိန်ကောင်း ဖြစ်ပြီး အလုပ်မဖြစ်သော ဖက်စပ်လုပ်ငန်းများကို ရပ်နားရလိမ့်မည်။ စေ့စပ်ညှိနှိုင်းမှုများလည်း ပြန်လုပ်ရမည်။ ငွေကြေးကံ ပွင့်လန်းမည့် ကာလ ဖြစ်သည်။ အလုပ်ဟောင်း၊ တွဲဖက်ဟောင်းများနှင့် ပြန်ပူးပေါင်းစရာကိစ္စများ ပေါ်လာနိုင်သည်။

မေတ္တာရေးရာ - နှစ်ဦးကြား တအုံ့တနွေးနွေး ဖြစ်နေခဲ့သော ပြဿနာများကို ဖြေရှင်းရတတ်သည်။ လများစွာက မပြေမလည် ဖြစ်နေခဲ့သော ကိစ္စဟောင်းများ တကျော့ပြန် ပေါ်လာမည်။ သို့သော် ခက်ခဲသော အခြေအနေများ ဖြတ်သန်းပြီးနောက် နှလုံးသားရေးရာ ခိုင်မြဲမှု အားကောင်းသွားမည်။ လူလွတ်များ အချစ်ရေးကံခေတတ်သည်။

အခြားကဏ္ဍများ - အလုပ်ကိစ္စနှင့် နှလုံးသားရေးရာတို့တွင် အင်အားစိုက်ထုတ်မှုကြောင့် စိတ်ထောင်းကိုယ်ကြေ ဖြစ်ပြီး ကျန်းမာရေး ညံ့သွားတတ်သည်။ စိတ်လောကြီးပြီး အရာရာကို အလိုမကျ ဖြစ်နေ၍ ပင်ပန်းမှု များမည်။ အလုပ်လည်း လုပ်ပါ။ အနားလည်း ယူသင့်တာ ယူပါ။ အများနှင့် ဆက်ဆံရာတွင် အဆင်မပြေ ဖြစ်တတ်သော ကာလ ဖြစ်သည်။ ပညာရေးကိစ္စများတွင် ခါတိုင်းထက် အချိန်ပေး ကြိုးစားရန် ဖြစ်လာလိမ့်မည်။

နေ့ကောင်းရက်သာ - ဇူလိုင်လအတွင်း အင်္ဂလိပ်လို ၁ ၊ ၁၀ ၊ ၁၁ ၊ ၁၂ ၊ ၁၃ ၊ ၁၈ ၊ ၁၉ ၊ ၂၁ ၊ ၂၂ ၊ ၂၄ ၊ ၂၇ ၊ ၂၈ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - လုပ်ငန်းခွင်ထဲတွင် စိတ်လက် မကြည်လင်စရာများ ဖြစ်ပေါ်လာတတ်သည်။ လက်ရှိအလုပ်၌ စိတ်မပါတော့ဘဲ အလုပ်သစ်၊ နေရာသစ် ရွှေ့ပြောင်းလိုစိတ် ဖြစ်လာမည်။ မည်သို့မျှ ညှိနှိုင်းမရပါက အသစ်ကို ရှာဖွေရန်သာ အကောင်းဆုံး ဖြစ်သည်။ ဝန်ထမ်းများ အလုပ်၊ နေရာ အပြောင်းအလဲ ရုတ်တရက် ဖြစ်လာနိုင်ပြီး လုပ်ငန်းရှင်များအဖို့ အောက်လူ၊ အလုပ်သမားများနှင့် ပြဿနာ ဖြစ်တတ်သည်။ ငွေကြေးကိစ္စများ လလယ်ပိုင်း ကျော်လွန်မှ အဆင်ပြေမည်။ ငွေကြေးအရှုပ်အရှင်းများ ဖြစ်တတ်၍ ကိုယ့်ဘက်က တိကျစွာ လုပ်ထားရမည်။

မေတ္တာရေးရာ - စုံတွဲများအနေဖြင့် လဆန်းပိုင်းရက်များတွင် နှစ်ဦးသားအငြင်းပွားစရာကိစ္စများကို ရှောင်ရမည်။ သို့မဟုတ်ပါက အသေးအဖွဲမှ ပြဿနာကြီးသွားတတ်သည်။ တစ်ကိုယ်ရေသမားများ ယခုလတွင် လက်တွဲဖော် ရှာတွေ့တတ်သည်။ သို့သော် စိတ်တိုင်းမကျစရာ တွေ့သည်နှင့် ပြတ်စဲရန်လည်း လွယ်ကူနေလိမ့်မည်။

အခြားကဏ္ဍများ - ကျန်းမာရေး ဂရုစိုက်ရမည့် လ ဖြစ်သည်။ ရောဂါအခံ ရှိသူများ၊ ဝေဒနာ ခံစားနေရသူများမှာ ပိုမို သတိထားရန် လိုသည်။ သို့သော် ဆိုးဆိုးရွားရွား ဖြစ်စရာ မရှိပါ။ ဇူလိုင်နှောင်းပိုင်းတွင် ကိုယ်လုပ်ချင်သမျှ ကိစ္စအတော်များများကို လက်တွေ့ အကောင်အထည် ဖော်နိုင်မည်။ အကူအညီများလည်း ရရှိလာလိမ့်မည်။

နေ့ကောင်းရက်သာ - ဇူလိုင်လအတွင်း အင်္ဂလိပ်လို ၂ ၊ ၃ ၊ ၄ ၊ ၁၁ ၊ ၁၂ ၊ ၁၄ ၊ ၂၁ ၊ ၂၂ ၊ ၂၃ ၊ ၂၄ ၊ ၂၉ ၊ ၃၁ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - ဇူလိုင် ၁၂ ရက်အထိ လုပ်ငန်းများကို ထိန်းလုပ်သင့်ပြီး ထိုနောက်ပိုင်းတွင်မှ အားသွန်ခွန်စိုက် ကြိုးစား အောင်မြင်လိမ့်မည်။ ထိုရက်ပိုင်းအထိတွင် လုပ်သမျှ အလုပ်တိုင်းကို သေချာအောင် မကြာခဏ ပြန်၍ သုံးသပ်ရမည်။ သို့မဟုတ်ပါက အမှားများပြီး ခဏခဏ ပြန်ပြင်ရလိမ့်မည်။ ဇူလိုင်လလယ်မှ စ၍ လုပ်ငန်းများ အခြေအနေ ကောင်းလာပြီး စိတ်ချမ်းသာရမည်။ စပ်တူစပ်ဖက်အလုပ်များကို ယခုလတွင် ရှောင်ထားသင့်ပြီး လုပ်ကိုင်မိပါက အရှုံးများတတ်သည်။ လုပ်ငန်းခွင်အတွင်း ဆက်ဆံနေရသူများနှင့် မပြေမလည် ဖြစ်တတ်သည်။

မေတ္တာရေးရာ - ယခုလတွင် အချစ်ရေးကံ အားနည်းနေပြီး စုံတွဲများသာမက လက်တွဲဖော် ရှာနေသူများလည်း အဆင်မပြေ ဖြစ်တတ်သည်။ အိမ်ထောင်သည်များလည်း အချင်းချင်း နားလည်မှု လွဲပြီး ရှင်းရခက်လိမ့်မည်။

အခြားကဏ္ဍများ - ကျန်းမာရေးပြဿနာ ကြီးကြီးမားမား မရှိနိုင်သော်လည်း မကြာခဏ စိတ်အာရုံ ရှုပ်ထွေးပြီး ပင်ပန်းရတတ်သည်။ အစားမှား၊ ဆေးမှားတတ်ပြီး နေထိုင်မကောင်း ဖြစ်တတ်သည်။ အပြောမတတ်၍ အဆဲ သန်သည်ဟု အထင်မှားခံရတတ်သည်။ လုပ်ငန်းစီးပွားမှ ငွေရှာကောင်းသော လဖြစ်၍ ကြိုးစားထားရမည်။

နေ့ကောင်းရက်သာ - ဇူလိုင်လအတွင်း အင်္ဂလိပ်လို ၄ ၊ ၅ ၊ ၁၆ ၊ ၁၇ ၊ ၂၂ ၊ ၂၃ ၊ ၂၄ ၊ ၂၅ ၊ ၂၆ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - အိမ်ခြံမြေကိစ္စ၊ ယာဉ်ကားကိစ္စနှင့် လုပ်ငန်းအခြေအနေများတွင် အခက်အခဲမျိုးစုံကို ကိုင်တွယ် ဖြေရှင်းရလိမ့်မည်။ မိသားစုအရေးကြောင့်လည်း လုပ်ငန်းဆောင်တာများ ပျက်ကွက်ရတတ်သည်။ နေရာဌာန ၊ အလုပ်ကိစ္စများ မရေမရာ ဖြစ်ကာ စိတ်ရှုပ်ရမည်။ လလယ်ပိုင်းလောက်မှသာ အခြေအနေ ပုံမှန် ပြန်ကောင်းပြီး တည်ငြိမ်စွာ လည်ပတ်နိုင်မည်။ အလုပ်တွင် ပြိုင်ဘက်များ၊ ယှဉ်ပြိုင်မှုများ ပြင်းထန်လာမည်။ စပ်တူရှယ်ယာ၊ ဖက်စပ်အလုပ်များ၌ ငြင်းခုံဖြေရှင်းရမည်။ လဆန်းပိုင်းတွင် အရေးကြီးလုပ်ငန်းများ မစသင့်ဘဲ ဆိုင်းငံ့ထားပါ။

မေတ္တာရေးရာ - ချစ်သူရည်းစားဖြစ်စေ၊ အိမ်ထောင်သည်ဖြစ်စေ မကြာခဏ ရန်ဖြစ် စိတ်ကောက်နေရလိမ့်မည်။ ကြားလူဝင်ခြင်း၊ အနှောင့်အယှက်ပေးရခြင်းတို့လည်း ကြုံရတတ်သည်။ အချစ်ရေးကံဇာတာ အားနည်းနေမည်။

အခြားကဏ္ဍများ - လဆန်းပိုင်းရက်များတွင် ခံစားထိခိုက်လွယ် ဖြစ်နေ၍ ပေါ်ပေါက်လာသမျှ ကိစ္စတိုင်းကို စိတ် ခံစားချက် ဦးစားပေး မဆုံးဖြတ်ရန် သတိပြုရမည်။ ထိရှပေါက်ကွဲလွယ်နေသဖြင့် နည်းနည်းကို များများ အပြစ် မြင်ကာ အခြေအနေ ပိုဆိုးသွားတတ်သည်။ ကျန်းမာရေး ပုံမှန် ကောင်းမွန်နိုင်သော်လည်း အအေးမိဖျားနာခြင်း ဖြစ်တတ်သည်။ ပညာရေးကဏ္ဍတွင် စိတ်ပျက်လက်ပျက် ဖြစ်စရာများသာ ကြုံရတတ်သည်။

နေ့ကောင်းရက်သာ - ဇူလိုင်လအတွင်း အင်္ဂလိပ်လို ၁ ၊ ၆ ၊ ၁၀ ၊ ၁၃ ၊ ၁၇ ၊ ၂၀ ၊ ၂၂ ၊ ၂၃ ၊ ၂၅ ၊ ၂၈ ၊ ၂၉ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - လုပ်စရာအလုပ်နှင့် တာဝန်များ အလွန် များပြားလာမည့် ကာလ ဖြစ်သည်။ အလုပ် များလာ၍ အမှားလည်း ပါလာတတ်သောကြောင့် လုပ်နိုင်သလောက်ကိုသာ တာဝန်ယူရမည်။ စိတ်မြန်လက်မြန် လုပ်ပါက ရလဒ်မကောင်းဘဲ ဖြစ်လိမ့်မည်။ လဆန်းပိုင်းအထိ အလုပ်များ ရှုပ်ထွေးနေတတ်ပြီး လနှောင်းပိုင်းတွင်မှ အလုပ် ပြန်ကောင်းမည်။ ရာထူးတိုး၊ နေရာရခြင်း၊ ဌာနကောင်း ပြောင်းရွှေ့ရခြင်း စသည့် ကံကောင်းမှုများ ကြုံရမည်။ ငွေကြေးကိစ္စတွင် လလယ်ပိုင်းလောက်မှ အဆင်ပြေမည်။ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးရလိမ့်မည်။

မေတ္တာရေးရာ - လူငယ်လူရွယ်များအဖို့ နှလုံးသားရေးရာ ဇာတာတက်ချိန် ဖြစ်မည်။ ချစ်သူရည်းစားကဏ္ဍတွင် အဆင့်များ တက်လှမ်းနိုင်မည်။ ဇူလိုင်လလယ်မှစ၍ လက်တွဲဖော်ထံမှ သတင်းကောင်းများ ကြားသိရလိမ့်မည်။

အခြားကဏ္ဍများ - ယခုလအတွင်း စိတ်တိုဒေါသထွက်လွယ်နေသဖြင့် သည်းခံထိန်းချုပ်ရလိမ့်မည်။ စိတ်နောက် ကိုယ်ပါလုပ်မိပါက မိမိကျန်းမာရေးပါ ထိခိုက်တတ်သည်။ ပညာရေးကိစ္စများ ခက်ခဲကြန့်ကြာမည်။ ခရီးသွားလာ ဆက်သွယ် ဆောင်ရွက်ချက်များတွင် မျှော်လင့်သလို မဖြစ်ဘဲ ပျက်ပြားတတ်သည်။ သေချာစိစစ် လုပ်ရမည်။

နေ့ကောင်းရက်သာ - ဇူလိုင်လအတွင်း အင်္ဂလိပ်လို ၁ ၊ ၂ ၊ ၃ ၊ ၇ ၊ ၁၀ ၊ ၂၂ ၊ ၂၃ ၊ ၂၇ ၊ ၂၈ ၊ ၂၉ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - ယခုလတွင် ငွေကြေးပြဿနာများ ပေါ်ပေါက်လာမည်။ ကုန်ကျစရိတ် များပြားခြင်း၊ မနိုင်ဝန် ထမ်းရခြင်း၊ ငွေကြေး ကျပ်သွားခြင်းမျိုး ကြုံရတတ်သည်။ ရစရာပေးစရာများ နောက်ကျ၍ ဖြေရှင်းရလိမ့်မည်။ ယခုကာလတွင် ဆုံးဖြတ်ချက် မှားသွားပါက ရေရှည်အထိ အကျိုးသက်ရောက်မှု ဖြစ်မည်။ အလုပ်အကိုင်များ ၁၂ ရက် နောက်ပိုင်းမှ ပုံမှန်လည်ပတ်နိုင်မည်။ အစောပိုင်းရက်များတွင် ကသောင်းကနင်း ဖြစ်နေတတ်သည်။ ကြွေးမြီကိစ္စ၊ ငွေအပေးအယူ ပြဿနာနှင့် ငွေကျပ်သည့် ဖြစ်ရပ်များကြောင့် စီးပွားရေး ထိခိုက်တတ်သည်။

မေတ္တာရေးရာ - ချစ်သူရည်းစားကိစ္စတွင် နားလည်မှု လွဲမှားခြင်း၊ စကားအပြော မတတ်၍ ဖြေရှင်းရခြင်းများ ရှိလိမ့်မည်။ လလယ်ကျော်မှ ပြေလည်မှု ပြန်ရမည်။ တစ်ကိုယ်ရေသမားများ အချိန်ကြာ စောင့်ဆိုင်းခဲ့ရသော မျှော်လင့်ချက်များ မထင်မှတ်ဘဲ ပြည့်ဝတတ်သည်။ နှလုံးသားရေးကိစ္စတွင် တက်ကြွထက်သန်နေလိမ့်မည်။

အခြားကဏ္ဍများ - အိပ်မပျော်၊ စားမဝင်ခြင်း၊ အလုပ် ပင်ပန်း၍ စိတ်ရောကိုယ်ပါ နွမ်းလျခြင်းတို့ ဖြစ်တတ်သည်။ မျက်စိအားနည်းသူ ဖြစ်ပါက ယခုလတွင် သေချာ ဂရုစိုက်ရလိမ့်မည်။ အားကစားဘက်ကို အာရုံထား စမ်းသပ် ကြိုးစားကြည့်သင့်သည်။ ပညာရေး မပြီးဆုံးသေးသူများ လလယ်နှောင်းပိုင်းမှ အဆင်ပြေပြေ ဖြစ်လာမည်။

နေ့ကောင်းရက်သာ - ဇူလိုင်လအတွင်း အင်္ဂလိပ်လို ၂ ၊ ၃ ၊ ၄ ၊ ၅ ၊ ၆ ၊ ၁၁ ၊ ၁၂ ၊ ၂၀ ၊ ၂၃ ၊ ၂၄ ၊ ၂၆ ၊ ၂၉ ၊ ၃၁ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - အလုပ်အကိုင်ကံ အနည်းငယ် ညံ့တတ်သော လ ဖြစ်သည်။ လုပ်ငန်းနှင့် ပတ်သက်၍ မတိကျ မသေချာသော ကောလာဟလများကို နားမယောင်မိရန် သတိထားရမည်။ လုပ်မှားကိုင်မှား ဖြစ်၍ ခေါင်းခံကာ ဖြေရှင်းပေးရတတ်သည်။ အချင်းချင်းကြား ယုံကြည်မှု ပျက်ပြားပြီး ကျောပေး စိတ်ချ၍ မရအောင် ဖြစ်လာမည်။ ကိုယ်တိုင်က ရိုးသား၍ ကတိတည်နိုင်ရန် ကြိုးစားပါ။ သို့မဟုတ်ပါက နှစ်ဖက်စလုံး အခြေအနေ ပိုဆိုးသွားမည်။ အခြေအတင် ပြောရခြင်း၊ အတိုက်အခံ လုပ်ခံရခြင်းတို့ ရှိမည်။ လနှောင်းပိုင်းတွင် ငွေကြေးကံကောင်းနိုင်သည်။

မေတ္တာရေးရာ - ယခုလအတွင်း နှလုံးသားရေးကံ ညံ့နေသည်။ ချစ်သူ၊ အိမ်ထောင်ဖက်အချင်းချင်း ရန်မီးပွား၍ စကားများရတတ်သည်။ အထူးသဖြင့် လဆန်းပိုင်းရက်များတွင် အပြောအဆို သတိထားရမည်။ နည်းနည်းကို ကြီးကြီး ထင်ပြီး ဖြေရှင်းရ ခက်သွားတတ်သည်။ ပြဿနာဟောင်းများကို အစပြန်မဖော်ရန် သတိထားရမည်။

အခြားကဏ္ဍများ - လဆန်းပိုင်းရက်များတွင် စိတ်ရှုပ်ထွေးစရာ ကိုယ်ရေးကိုယ်တာကိစ္စများ ပေါ်လာလိမ့်မည်။ အလိုလိုနေရင်း စိတ်တိုလွယ်၊ ဒေါသထွက်လွယ်နေပြီး ဘာကိုမှ အလိုမကျ ဖြစ်နေမည်။ ထစ်ခနဲရှိ ဒေါကန်၍ ပေါက်ကွဲတတ်သောကြောင့် အတူနေမိသားစုများနှင့် ပြဿနာဖြစ်တတ်သည်။ ပညာရေးကဏ္ဍတွင် ခက်ခဲမှု ကြန့်ကြာမှုများ ရှိနေလိမ့်မည်။ ကိုယ်လိုချင်သော အနေအထားမျိုး ရရန် စောင့်ဆိုင်းရမည်။

နေ့ကောင်းရက်သာ - ဇူလိုင်လအတွင်း အင်္ဂလိပ်လို ၄ ၊ ၅ ၊ ၆ ၊ ၈ ၊ ၁၄ ၊ ၁၅ ၊ ၁၆ ၊ ၂၅ ၊ ၂၆ ၊ ၂၈ ၊ ၂၉ ၊ ၃၁ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - လက်ရှိအလုပ်နှင့် စီမံကိန်းများကို ရပ်နား၍ အလုပ်သစ်၊ အစီအစဉ်သစ်များ စတင် ကြည့်ရန် စိတ်ထက်သန်လာလိမ့်မည်။ လုပ်ငန်းခွင်အတွင်း အတိုက်အခံ ပြဿနာများ ပေါ်တတ်သော်လည်း ပြန်လည် ဖြေရှင်းနိုင်မည်။ အောက်လူငယ်သားများနှင့် ကတောက်ကဆ ဖြစ်တတ်သည်။ လလယ်ပိုင်းလောက်က စ၍ လုပ်ငန်းကိုင်ငန်း အခြေအနေသစ်များ ဖြစ်ပေါ်လာမည်။ ပတ်ဝန်းကျင်သစ်နှင့် ဆက်ဆံထိတွေ့ရတတ်သည်။ ငွေကြေးကံ အားနည်းချိန် ဖြစ်ပြီး ရှာသမျှ အဖတ်မတင်ဘဲ ဖြစ်နေမည်။ ရုတ်တရက် အကုန်အကျ များမည်။

မေတ္တာရေးရာ - လဆန်းပိုင်းတွင် စိတ်ရှုပ်စရာ ပြဿနာအချို့ ဖြစ်တတ်သော်လည်း နောက်ပိုင်းရက်များတွင် နားလည်မှု ပြန်ရလိမ့်မည်။ စုံတွဲများအကြား ယခုထက် ခိုင်မြဲသော ဆက်ဆံရေးကို တည်ဆောက်နိုင်လိမ့်မည်။ ချစ်သူ ရှာနေသူများအဖို့ အားကိုးရသော လက်တွဲဖော်မျိုး ကြုံဆုံရတတ်သည်။ အချစ်ရေး ကံကောင်းမည်။

အခြားကဏ္ဍများ - ယခုလအတွင်း အလိုလိုနေရင်း စိတ်ရှုပ်နေတတ်ပြီး အလိုမကျစရာများလည်း ဖြစ်လာမည်။ ကျန်းမာရေးတွင် ရောဂါ၊ ဝေဒနာများ ပြန်ထလာတတ်သဖြင့် ကြိုတင် ဂရုစိုက်ရမည်။ ပညာရေးတွင် လလယ် နောက်ပိုင်းမှ စတင်၍ မိမိ လိုလားချက်များ၊ ဆန္ဒများ အတော်သင့် ပြည့်ဝလိမ့်မည်။

နေ့ကောင်းရက်သာ - ဇူလိုင်လအတွင်း အင်္ဂလိပ်လို ၆ ၊ ၇ ၊ ၈ ၊ ၉ ၊ ၁၀ ၊ ၁၃ ၊ ၁၆ ၊ ၁၇ ၊ ၂၂ ၊ ၂၄ ၊ ၂၇ ၊ ၂၈ ၊ ၃၁ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - လဆန်းပိုင်းရက်များအထိ အလုပ်အကိုင်ရေးတွင် အဆင်မပြေမှုများ မကြာခဏ ဖြစ်နေမည်။ အလုပ်နှင့် ပတ်သက်၍ ခေါင်းခဲစရာများ ဖြစ်တတ်သလို ပြောဆိုဆက်သွယ် ဆောင်ရွက်မှုများတွင် နားလည်မှု လွဲခြင်း၊ လူကြီးသူမများနှင့် ငြင်းခုံရခြင်းတို့ ဖြစ်တတ်သည်။ အလုပ်မှ ဝင်ငွေအမြတ်အစွန်း နည်းပါးသွားနိုင်ပြီး ကြိုးစားသလောက် အရာမထင်ဘဲ ဖြစ်လိမ့်မည်။ စွန့်စားမှု များ၍ လောင်းကစားဆန်သော အလုပ်များကို လုံးဝ ရှောင်ရမည်။ ကိုယ်တိုင်က စိတ်မြန်လက်မြန် ဖြစ်နေ၍ ရသင့်သော အခွင့်အရေးများနှင့် လွဲချော်တတ်သည်။

မေတ္တာရေးရာ - လူမှုပတ်ဝန်းကျင် ဆက်ဆံရေးတွင် စိတ်ပျက်စရာကိစ္စများ ဖြစ်လာနိုင်သည်။ အချစ်ရေးကိစ္စ ရှုပ်ထွေးပွေလီမှု ဖြစ်တတ်ပြီး လလယ်ပိုင်းတွင်မှ ပြန်အဆင်ပြေလိမ့်မည်။ တစ်ဦးနှင့်တစ်ဦးကြား နားလည်မှု လွဲကာ စကားမှား၊ ကတိပျက် ဖြစ်ရတတ်သည်။ အချင်းချင်းကြား တင်းမာမှုများ ပြင်းထန်နိုင်၍ သတိပြုပါ။

အခြားကဏ္ဍများ - ပညာရေးကဏ္ဍတွင် လလယ်နောက်ပိုင်းမှ ကိုယ့်စိတ်တိုင်းကျ ဖြစ်လာမည်။ စိတ်ကူးဉာဏ်၊ တီထွင်ဉာဏ်များ ထူးကဲစွာ အားကောင်းလာတတ်သည်။ ကျန်းမာရေးပြဿနာ ကြီးကြီးမားမား မရှိသော်လည်း ဗိုက်အောင့်ဗိုက်နာ ဖြစ်တတ်သည်။ မိတ်ဆွေအပေါင်းအသင်းများနှင့် ဆက်ဆံရေး ပဋိပက္ခ ဖြစ်တတ်သည်။

နေ့ကောင်းရက်သာ - ဇူလိုင်လအတွင်း အင်္ဂလိပ်လို ၉ ၊ ၁၀ ၊ ၁၁ ၊ ၁၂ ၊ ၁၃ ၊ ၁၈ ၊ ၁၉ ၊ ၂၀ ၊ ၂၂ ၊ ၂၅ ၊ ၂၆ ၊ ၂၉ ၊ ၃၀ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ဧက

(ဗေဒင်သုတေသီ)

#lotaya_horoscope

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။



Some text some message..