(၁၂) ရာသီခွင်ဖွားများအတွက် တစ်လစာဗေဒင်ဟောစာတမ်း (အောက်တိုဘာ ၊ ၂၀၂၀)
lotaya.mpt.com.mm
|
2020-10-01

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - ယေဘုယျအားဖြင့် တစ်လတာလုံး၌ အလုပ်အကိုင်၊ စီးပွားရေးကံ အားနည်းခက်ခဲတတ်သည်။ လုပ်ငန်းခွင်အတွင်း ဆက်ဆံရေးပြဿနာများ ရှိလာနိုင်သည်။ စီမံကိန်း၊ လျာထားချက်များ နောက်ကျလိမ့်မည်။ ဘေးအကူအညီ မရနိုင်ဘဲ လုပ်ငန်းကိစ္စ ခရီးစဉ်များလည်း အကျိုးမဲ့ ဖြစ်တတ်သည်။ အထူးသဖြင့် ပထမလဝက် ကာလအတွင်း လုပ်ငန်းစီးပွား ကံခေတတ်ပြီး ထိုနောက်ပိုင်းတွင်မှ အခြေအနေများ တစ်စတစ်စ တိုးတက်မည်။ ငွေရေးကြေးရေးကိစ္စများ လလယ်ပိုင်းမှ စတင် အဆင်ပြေမည်။ ပုံမှန်မဟုတ်သော လမ်းကြောင်းမှ ငွေဝင်မည်။

မေတ္တာရေးရာ - လူပျိုလူလွတ်များအဖို့ လက်တွဲဖော်ရှာနိုင်မည့် အခွင့်အရေးများ ပေါ်လာနိုင်သည်။ လဆန်းနှင့် လနှောင်းပိုင်းရက်များတွင် ကံကောင်းတတ်သည်။ စုံတွဲများအတွက် ယခုလတွင် စိတ်ချမ်းသာစရာများ ရှိမည်။ အိမ်ထောင်ရေးလည်း သာယာလိမ့်မည်။ စကားအခြေအတင် အနည်းအကျဉ်းတော့ ရှိတတ်သည်။

အခြားကဏ္ဍများ - ယခုလ ကျန်းမာရေးနှင့် ပတ်သက်၍ ပူပန်စရာ မရှိပါ။ ခံစားနေရသော ရောဂါ၊ ဝေဒနာများ ရှိပါက သက်သာပျောက်ကင်းလိမ့်မည်။ မိသားစုအရေးတွင် အဆင်မပြေမှုများ မကြာခဏ ဖြစ်ပေါ်တတ်သည်။ အထူးသဖြင့် အကြီးအကဲများနှင့် မသင့်မမြတ် ဖြစ်တတ်သည်။ မိသားစုကိစ္စ ငွေကုန်ကြေးကျ များတတ်သည်။

နေ့ကောင်းရက်သာ - အောက်တိုဘာလအတွင်း အင်္ဂလိပ်လို ၁ ၊ ၂ ၊ ၃ ၊ ၅ ၊ ၁၁ ၊ ၁၂ ၊ ၁၄ ၊ ၂၁ ၊ ၂၈ ၊ ၂၉ ၊ ၃၀ ၊ ၃၁ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - ယခုလတွင် လုပ်ငန်းကံဇာတာ ကောင်းလာလိမ့်မည်။ ကျွမ်းကျင်ပညာရှင်များ၊ ဝန်ထမ်းများမှာ ရာထူးတိုး၊ နေရာရခြင်း၊ လုပ်ရည်ကိုင်ရည်များ ပြသနိုင်ခြင်း၊ အခွင့်အကောင်းများ ရရှိခြင်း စသည့် ကံကောင်းမှု အဆင်ပြေမှုများ ကြုံရကိန်း ရှိသည်။ အလုပ်ရှာနေသူများလည်း ယခုလတွင် အလုပ်နေရာကောင်း ရရှိလာမည်။ ယခုလတွင် ငွေဝင်ခါနီးတိုင်း အခက်အခဲ၊ စိတ်အနှောင့်အယှက် ဖြစ်တတ်သော်လည်း ဝင်ငွေရလမ်းဖြောင့်မည်။

မေတ္တာရေးရာ - စုံတွဲများအနေဖြင့် လလယ်ပိုင်းမှ လကုန်ပိုင်းအထိ နားလည်မှု လွဲခြင်း၊ အငြင်းအခုံ ဖြစ်ခြင်းတို့ ရှိတတ်သော်လည်း တစ်လလုံးတွင် အများအားဖြင့် မေတ္တာရေးကဏ္ဍ အဆင်ပြေချောမွေ့လိမ့်မည်။ လူငယ်တို့၏ နှလုံးသားရေးရာကံ စန်းပွင့် အားကောင်းလာနိုင်ပြီး လိုရာဆန္ဒ ပြည့်ဝမည်။ ချစ်သူဆီက အဖြေကောင်းရမည်။

အခြားကဏ္ဍများ - ယခုလအတွင်း ကိုယ့်စိတ်နှင့်ကိုယ် ရန်ဖြစ်နေရတတ်ပြီး အလိုလိုနေရင်း မကျေနပ်စရာများ၊ ပေါက်ကွဲပွင့်ထွက်လိုသည့် ခံစားချက်များ ဖြစ်တည်လာတတ်သည်။ လူရောစိတ်ပါ အပင်ပန်းခံလွန်းခြင်းများကို ရှောင်ပါ။ သို့မဟုတ်ပါက ကောင်းနေသည့် ကျန်းမာရေးပင် ညံ့သွားတတ်သည်။ မိသားစုထဲတွင် ဒေါသဖြစ်စရာ မကျေလည်စရာများ ဖြစ်လာတတ်သည်။ ယခုလတွင် ကိုယ့်စိတ်ကို ဖြေလျှော့အနားယူနိုင်ရန်သာ ကြိုးစားပါ။

နေ့ကောင်းရက်သာ - အောက်တိုဘာလအတွင်း အင်္ဂလိပ်လို ၁ ၊ ၃ ၊ ၄ ၊ ၆ ၊ ၇ ၊ ၁၀ ၊ ၁၂ ၊ ၁၃ ၊ ၁၄ ၊ ၁၆ ၊ ၁၉ ၊ ၂၃ ၊ ၂၄ ၊ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - အလုပ်အကိုင်၊ စီးပွားရေးတွင် ဘက်ပေါင်းစုံက ကံကောင်းအဆင်ပြေမှုများ မြင်တွေ့လာရမည်။ လုပ်ငန်းခွင်ထဲတွင် စိတ်ချမ်းသာ၊ ကျေနပ်စရာများ ဖြစ်လာပြီး ရည်မှန်းထားသည့် အရာများကို လွယ်လင့်တကူ ဖမ်းယူဆုပ်ကိုင်နိုင်လိမ့်မည်။ အလုပ်ကိစ္စ သွားလာရသော ခရီးများလည်း အောင်မြင်အကျိုးရှိမည်။ လူမှုရေးနှင့် အဆက်အသွယ်များက လုပ်ငန်းလည်ပတ်မှုကို အထောက်အကူ ပြုမည်။ အကူအညီများလည်း ရရှိလိမ့်မည်။ ယခုလတွင် ငွေဝင်လမ်းဖြောင့်ပြီး များများစားစား ဝင်မည်။ လောင်းကစား၊ စွန့်စားမှုများကိုမူ ရှောင်ကျဉ်ရမည်။

မေတ္တာရေးရာ - စုံတွဲများအကြားတွင် တကျက်ကျက် ဖြစ်တတ်သော်လည်း ခိုင်မြဲသည့် Relationship တစ်ခုကို တည်ဆောက်လာနိုင်မည်။ လူပျိုလူလွတ်များအဖို့ ဖွင့်ပြောရန် ခက်နေရာက ပွင့်လင်းစွာ ဝန်ခံဖွင့်ပြောလာရမည့် ကာလ ဖြစ်သည်။ ကိုယ့်အသိုင်းအဝိုင်းထဲမှ လူနှင့် ဖူးစက်ဖက်ရတတ်သည်။ ကံကောင်းသော ကာလဖြစ်မည်။

အခြားကဏ္ဍများ - ကျန်းမာရေးအရ ယခုလတွင် ဝမ်းဗိုက်၊ဦးခေါင်းနှင့် အာရုံကြောဝေဒနာများ ခံစားရတတ်ပြီး အစားအသောက် ဆင်ခြင်နိုင်မှ ဖြစ်လိမ့်မည်။ သို့သော် ဆိုးရွားသော အခြေအနေများ မဖြစ်နိုင်ပါ။ မိသားစုကိစ္စ အကောင်းအဆိုး မထင်ရှားဘဲ ပုံမှန်တိုင်း ရှိနေမည်။ ယခုလတွင် အလုပ်ကိစ္စ မဟုတ်သော ခရီးသွားလာမှုမျိုး မသင့်ပါ။ ထစ်ခဲရှိ အာရုံနောက်လွယ်၊ စိတ်ရှုပ်လွယ်နေသဖြင့် ထိုအချက်ကို သတိထားရန် လိုအပ်သည်။

နေ့ကောင်းရက်သာ - အောက်တိုဘာလအတွင်း အင်္ဂလိပ်လို ၂ ၊ ၆ ၊ ၈ ၊ ၉ ၊ ၁၀ ၊ ၁၁ ၊ ၁၂ ၊ ၁၅ ၊ ၁၆ ၊ ၁၇ ၊ ၁၈ ၊ ၂၆ ၊ ၂၈ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - အလုပ်နှင့် မိသားစုအရေး၊ နှလုံးသားရေးတို့အကြား လွန်ဆွဲပွဲများ ဖြစ်ပေါ်တတ်သည်။ အလုပ်၊ စီးပွားကိစ္စများတွင် စိတ်ဖိစီးမှု များလာနိုင်ပြီး တစ်ချိန်တည်းမှာပင် မိသားစုနှင့်လက်တွဲဖော်က နားလည်မှု နည်း၊ စိတ်ဝမ်းကွဲ ဖြစ်လာ၍ အလုပ်မှာ စိတ်မဖြောင့်နိုင်အောင် ဖြစ်တတ်သည်။ တစ်လလုံး ထိုပုံအတိုင်း ဆက်သွားပြီး စိတ်ရောလူပါ ပင်ပန်းရတတ်သည်။ တစ်ဖက်တွင် အဆက်အသွယ်ကောင်းများနှင့် ချိတ်မိ၍ လုပ်ငန်းစီးပွားကိစ္စ အဆင်ပြေမှုများ ရှိလာမည်။ ငွေကြေးကံလည်း ကောင်းလာလိမ့်မည်။ သို့သော် အကုန်အကျ ပြန်များလာမည်။

မေတ္တာရေးရာ - စုံတွဲများအကြား စိတ်အားထက်သန်မှုနှင့် ပေးဆပ်နားလည်မှုများ တိုးပွားခံစားလာရလိမ့်မည်။ လူလွတ်များအတွက် လက်တွဲဖော် ရှာရကျိုးနပ်မည့် ကာလ ဖြစ်သည်။ အိမ်ထောင်သည်များအကြား အငြင်းပွား ရန်ဖြစ်စရာများ ရှိတတ်သော်လည်း နှစ်ဦးနှစ်ဖက် နားလည်မှုကို ပိုမို ဖန်တီး ရယူနိုင်လိမ့်မည်။

အခြားကဏ္ဍများ - ယခုလ ၁၀ ရက်နေ့ဝန်းကျင်တွင် ပတ်ဝန်းကျင်၊ မိသားစု၊ အတူနေသူများနှင့် မသင့်မမြတ် ဖြစ်တတ်ပြီး အကြီးအကျယ် အငြင်းပွားစရာများ ပေါ်ပေါက်တတ်သည်။ သို့သော် တစ်လတာလုံး သုံးသပ်ပါက မိသားစု၊ အိမ်တွင်းရေးရာ၌ နားလည်အဆင်ပြေမှုများ၊ စိတ်ချမ်းသာစရာများ ရှိလာမည်။ ယခုလ ကျန်းမာရေး ပြဿနာ မရှိနိုင်ပါ။ စိတ်ရော၊ လူပါ အနားယူရန်တော့ လိုလိမ့်မည်။ သက်တောင့်သက်သာ နေထိုင်ပေးပါ။

နေ့ကောင်းရက်သာ - အောက်တိုဘာလအတွင်း အင်္ဂလိပ်လို ၅ ၊ ၈ ၊ ၉ ၊ ၁၀ ၊ ၁၂ ၊ ၁၇ ၊ ၁၈ ၊ ၂၁ ၊ ၂၂ ၊ ၂၄ ၊ ၂၅ ၊ ၂၇ ၊ ၃၁ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - အလုပ်အကိုင်ကံဇာတာ အားနည်းသောလ ဖြစ်သည်။ လုပ်ငန်းခွင်ထဲတွင် နားလည်မှု လွဲခြင်း၊ ဆက်ဆံရေး အဆင်မပြေခြင်းတို့ ကြုံရတတ်သည်။ လုပ်ငန်းကိစ္စအတွက် ခရီးသွားလာ၊ လှုပ်ရှားရာတွင်လည်း လိုရာပန်းတိုင် မရောက်ဘဲ ဖြစ်မည်။ အလုပ်နှင့် ပတ်သက်၍ စိတ်ပျက်ဒေါသထွက်စရာများ ဖြစ်ပွားတတ်သည်။ ငွေရလမ်းများ ရှိနေသော်လည်း အမြတ်အစွန်းပိုင်းတွင် မရေမရာများ ဖြစ်လာမည်။ အပေးအယူ သတိထားပါ။

မေတ္တာရေးရာ - တစ်ဦးနှင့် တစ်ဦးကြား စကားမှား၊ အထင်လွဲစရာအချို့ ဖြစ်တတ်သော်လည်း တစ်လလုံးတွင် အချစ်ရေး၊ အိမ်ထောင်ရေး အေးချမ်းသာယာသည်က များမည်။ တတ်နိုင်သမျှ အလျှော့ပေး ဆက်ဆံခြင်းဖြင့် နှစ်ဦးကြား ပြဿနာကို ရှောင်လွှဲနိုင်မည်။ ပျိုရွယ်သူများအဖို့ ယခုလတွင် နှလုံးသားရေး ဆန္ဒပြည့်ဝနိုင်သည်။

အခြားကဏ္ဍများ - ကျန်းမာရေး ချူချာပျော့ညံ့သွားနိုင်သောလ ဖြစ်ပြီး ကိုယ်ခံအားလည်း လျော့နည်းနေမည်။ ရောဂါ၊ ဝေဒနာအခံရှိသူများ ပိုမို သတိထားရလိမ့်မည်။ လိုအပ်သော ဆေးဝါး၊ အစာရှောင်မှုများ လုပ်ထားပါ။ အနားယူအပန်းဖြေပေးပါ။ မိသားစုအရေးတွင် နားလည်မှုလွဲ၍ စကားအခြေအတင် ဖြစ်တတ်သည်။ အိမ်တွင်း အသုံးစရိတ်များ တက်လာနိုင်သဖြင့် ကြိုတင်ပြင်ဆင်ထားရလိမ့်မည်။

နေ့ကောင်းရက်သာ - အောက်တိုဘာလအတွင်း အင်္ဂလိပ်လို ၃ ၊ ၄ ၊ ၅ ၊ ၁၂ ၊ ၁၉ ၊ ၂၀ ၊ ၂၁ ၊ ၂၂ ၊ ၂၄ ၊ ၂၅ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - အလုပ်တွင် ဘက်ပေါင်းစုံက ပြဿနာ၊ အခက်အခဲများ ဝန်းရံလာတတ်သည်။ လုပ်ကိုင်နေကျ ပုံစံ၊ လုပ်ရိုးလုပ်စဉ်များကို ပြန်လည်သုံးသပ်ရမည် ဖြစ်ပြီး လိုအပ်ပါက အပြောင်းအလဲ လုပ်ရလိမ့်မည်။ ၁၀ ရက် ဝန်းကျင်တွင် လုပ်မှားကိုင်မှား ဖြစ်တတ်ပြီး စရိတ်စကများ မြင့်မားလာမည်။ သတိလက်လွတ် လုပ်၍ အမှားများ ကြုံရတတ်သည်။ လနှောင်းပိုင်းတွင်မှ အခြေအနေအရပ်ရပ် ပြန်ကောင်းလာမည်။ ယခုလအတွင်း ဝင်ငွေရလမ်း များစွာ ပွင့်လာရန် ရှိနေသည်။ အမြတ်အစွန်းလည်း တိုးပွားမည်။ သို့သော် အကုန်အကျလည်း များလိမ့်မည်။

မေတ္တာရေးရာ - ချစ်သူ၊ အိမ်ထောင်ဖက်များအကြား အထင်အမြင် လွဲမှားစရာများ ဖြစ်တတ်သည်။ သို့သော် အချိန်မီ နားလည်မှု ရပြီး ပြန်ပြေလည်လိမ့်မည်။ ပျိုရွယ်သူများအနေဖြင့် ယခုလအတွင်း ခိုင်မာတည်တံ့သော လက်တွဲဖော်မျိုးနှင့် ကြုံဆုံရတတ်သည်။ အိမ်ထောင်ပြုရန် (သို့) ရေရှည်တွဲရန် ဆုံးဖြတ်စရာများ ဖြစ်လာမည်။

အခြားကဏ္ဍများ - မတော်တဆ ထိခိုက်မှုများ ဖြစ်ပွားလွယ်သော ကာလထဲ ရောက်နေ၍ သတိထား လုပ်ကိုင် ဆောင်ရွက်ရမည်။ ကျန်းမာရေး ပြဿနာကြီးများ မရှိသော်လည်း စိတ်နွမ်း၍ လူပန်းတတ်သည်။ အာရုံကြော နွမ်းနယ်ခြင်း ဖြစ်တတ်၍ မကြာခဏ အနားယူပေးပါ။ မိသားစုထဲတွင် စရိတ်စက တက်လာ၍ အချင်းချင်းကြား စိတ်ဝမ်းကွဲစရာများ ဖြစ်ပေါ်လာနိုင်သည်။ လနှောင်းပိုင်းတွင် ခရီးအသွားအလာများ အဆင်မပြေ ဖြစ်မည်။

နေ့ကောင်းရက်သာ - အောက်တိုဘာလအတွင်း အင်္ဂလိပ်လို ၈ ၊ ၉ ၊ ၁၁ ၊ ၁၂ ၊ ၁၃ ၊ ၁၄ ၊ ၁၆ ၊ ၁၇ ၊ ၁၈ ၊ ၂၅ ၊ ၂၆ ၊ ၂၈ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - ယခုလတွင် အလုပ်အကိုင်ရေး စိတ်ပူသောက ရောက်စရာများ ဖြစ်လာလိမ့်မည်။ လုပ်နေကျ အလုပ်များပင် ခက်ခဲလာနိုင်သည်။ ကြိုးစားမှုများ ရလဒ်အပေါ်ဘဲ လုပ်ဖော်ကိုင်ဖက်များနှင့်လည်း အဆင်မပြေ ဖြစ်တတ်သည်။ လုပ်ငန်းခွင်အတွင်း ဆက်ဆံရေး ပြတ်စဲခြင်း၊ ညှိနှိုင်းရ ခက်ခြင်း၊ စပ်တူရှယ်ယာများ ပျက်ခြင်း စသည့် ပြဿနာမျိုး ပေါ်ပေါက်လာမည်။ အလုပ်ကံ အားနည်းသော်လည်း ငွေကြေးရှာဖွေမှုအပိုင်းတွင် ကြံဖန်၍ အဆင်ပြေလိမ့်မည်။ ပုံမှန်မဟုတ်သော ရလမ်းများ ပေါ်လာမည်။ အပျော်အပါးကိစ္စအတွက် ကုန်ကျလိမ့်မည်။

မေတ္တာရေးရာ - ချစ်သူရည်းစားကိစ္စတွင် အချင်းချင်း စိတ်အနှောင့်အယှက် ဖြစ်စေမည့် အရာများကို ခဏခဏ လုပ်မိလိမ့်မည်။ သို့ကြောင့်ပင် နှစ်ဦးကြား အဖုအထစ်များ မကြာခဏ ဖြေရှင်းရမည်။ အိမ်ထောင်သည်များအဖို့ ယခုလတွင် ကိစ္စအသေးအမွှားကို ပုံကြီးချဲ့ပြီး စကားများ၊ ရန်ဖြစ်တတ်သောကြောင့် သတိနှင့် ဆင်ခြင်ရမည်။

အခြားကဏ္ဍများ - ကျန်းမာရေးတွင် ယာယီ ဖျားနာခြင်း၊ အပူတက်ခြင်း၊ ထိခိုက်ရှနာခြင်းတို့ ဖြစ်ပွားတတ်သည်။ မိသားစုအရေးတွင် ၁၀ ရက်နှင့် ၁၅ ရက်ကြား ပဋိပက္ခများ ဖြစ်ပွားတတ်ပြီး အားလုံးနှင့် တစ်ယောက်လို အမြင် သဘောထား ကွဲလွဲတတ်သည်။ လနှောင်းပိုင်းရောက်မှ ထိုပြဿနာများ ပြန်ငြိမ်သက်မည်။ စကားအကျအန အကောက်မှားခြင်း၊ အခြေအတင် ပြောဆိုရခြင်းတို့ ကြုံတတ်သည်။ အပြောအဆိုတိုင်းကို သတိထားရမည်။

နေ့ကောင်းရက်သာ - အောက်တိုဘာလအတွင်း အင်္ဂလိပ်လို ၃ ၊ ၆ ၊ ၇ ၊ ၁၀ ၊ ၁၂ ၊ ၁၄ ၊ ၁၅ ၊ ၁၉ ၊ ၂၃ ၊ ၂၄ ၊ ၂၅ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ဗြိစ္ဆာရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - ယခုလတွင် အလုပ်၊ စီးပွားကံဇာတာ ညိုးမှိန်ပြီး ကြံစည်ဆောင်ရွက်သမျှ အောင်မြင်မှု ရရှိရန် ခဲယဉ်းလိမ့်မည်။ ကိုယ့်ဘက်က အင်တိုက်အားတိုက် ကြိုးစားနေသည့်ကြားက ကိုယ်လုပ်သမျှ အဆင်မပြေဘဲ ဖြစ်နေမည်။ လုပ်ငန်းခွင်အတွင်း အများနှင့် ဆက်ဆံရာတွင် ကသိကအောက် ဖြစ်စရာများ ကြုံလာရနိုင်သည်။ အလုပ်ခွင်ထဲတွင် အကူအညီ၊ အထောက်အပံ့ မရဘဲ လုပ်ကိုင်ရလိမ့်မည်။ ငွေကြေးကံလည်း အားနည်းနေ၍ ပုံမှန်ဝင်ငွေရရှိဖို့ပင် ခက်ခဲလာနိုင်သည်။ ရင်းနှီးမြှုပ်နှံထားသော အလုပ်များ ငွေပြန်မပေါ်ဘဲ ဖြစ်နေမည်။

မေတ္တာရေးရာ - ပျိုရွယ်သူများအဖို့ စန်းပွင့်၊ မျက်နှာပွင့် ဖြစ်လာမည်။ မပြောရဲမဆိုရခဲ့သည်များ ဖွင့်ဟဖြစ်မည်။ ကိုယ့်အသိုင်းအဝိုင်း အဆက်အသွယ်ထဲက လူနှင့်ပင် အဆင်ပြေတတ်သည်။ အချစ်ရေးကံကောင်းတတ်သည်။

အခြားကဏ္ဍများ - သူတပါးကိစ္စ၊ သူတပါးပြဿနာများနှင့် ပတ်သက်ရတတ်ပြီး ကိုယ်ပိုင်အချိန် မရှိအောင်ပင် မအားမလပ် ဖြစ်လာနိုင်သည်။ စိတ်အေးချမ်းသာ သိပ်မနေရဘဲ အရေးမပါသည်များကို လုပ်ပေးရတတ်သည်။ ကျန်းမာရေးတွင် အသေးအဖွဲမှအပ ဆိုးဆိုးရွားရွား ဖြစ်နိုင်ခြေ မရှိပါ။ မိသားစုကိစ္စတွင် ကြားလူဝင်လာနိုင်၍ သတိနှင့် ရင်ဆိုင်ရမည်။ ယခုလတွင် အကြောင်းမယ်မယ်ရရ မပြနိုင်ဘဲ ငွေကုန်ကြေးကျ များနေတတ်သည်။

နေ့ကောင်းရက်သာ - အောက်တိုဘာလအတွင်း အင်္ဂလိပ်လို ၁ ၊ ၁၁ ၊ ၁၂ ၊ ၁၇ ၊ ၁၈ ၊ ၂၀ ၊ ၂၁ ၊ ၂၆ ၊ ၂၇ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - လဆန်း ၁၀ ရက်ဝန်းကျင်တွင် ငွေရေးကြေးရေး အခက်အခဲ ကြီးကြီးမားမား ဖြစ်ပေါ်နိုင်သည်။ အလုပ်ကံ၊ စီးပွားကံ ကောင်းမွန်လာရန် ရှိသော်လည်း ငွေအပေးအယူ၊ အချေးအငှားကိစ္စများတွင် သတိထား၍ လုပ်ကိုင်ရမည်။ မမျှော်လင့်ဘဲ ငွေကျပ်သွားတတ်သဖြင့် အသုံးအစွဲကိုလည်း သတိပြုပါ။ ယခုလတွင် အလုပ်၊ နေရာ ပြောင်းလဲမှုတို့လည်း ဖြစ်တတ်သည်။ လုပ်နေကျ မဟုတ်သော ပုံစံများ လုပ်ကြည့်ရမည်။ တခါတည်းနှင့် မပြီးသော အလုပ်များကို ကိုင်တွယ်ဖြေရှင်းရတတ်ပြီး အဆင်မပြေတော့ဘူးလိုလိုနှင့် ပြေလည်သွားလိမ့်မည်။

မေတ္တာရေးရာ - လူငယ်များအဖို့ နှလုံးသားရေးတွင် အဆင်ခြင်မဲ့ မိုက်မှားစရာများ ဖြစ်လာနိုင်သည်။ သတိနှင့် ရှောင်ရှားရန် အကြံပြုလိုသည်။ ဒေါသထွက်စရာ ပေါက်ကွဲချင်စရာများ မြင်တွေ့ရတတ်သည်။ အိမ်ထောင်ရေး စုံတွဲများတွင် လလယ်မှ လကုန်ပိုင်းအထိ နားလည်မှု လွဲမှားစရာများ ပေါ်ပေါက်လာနိုင်သည်။

အခြားကဏ္ဍများ - လဆန်းနှင့် လလယ်ပိုင်းရက်များတွင် ကျန်းမာရေးပိုင်း သတိထားစရာများ ဖြစ်လာနိုင်သည်။ ရုတ်တရက် မထင်မှတ်ဘဲ ကျန်းမာရေး ညံ့သွားတတ်သည်။ မိသားစုအရေးတွင် ပြင်ပမှ အကြောင်းအရာများက ဝင်စွက်လာပြီး အချင်းချင်းကြား အမြင်မကြည်စရာများ ဖြစ်တတ်သည်။ မိတ်ဆွေအပေါင်းအသင်းကိစ္စမှာလည်း စိတ်ခုစရာ၊ မကျေနပ်စရာများ ဖြစ်တတ်သည်။ ယခုလတွင် လောင်းကစား၊ အပျော်အပါးများ ရှောင်ကျဉ်ရမည်။

နေ့ကောင်းရက်သာ - အောက်တိုဘာလအတွင်း အင်္ဂလိပ်လို ၁ ၊ ၂ ၊ ၇ ၊ ၁၂ ၊ ၁၄ ၊ ၁၉ ၊ ၂၀ ၊ ၂၁ ၊ ၂၂ ၊ ၂၈ ၊ ၂၉ ၊ ၃၀ ၊ ၃၁ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - ပုံမှန်ထက် ပို၍ အလုပ်များ၊ တာဝန်များလာနိုင်သော ကာလ ဖြစ်သည်။ အလုပ်အကိုင်၊ စီးပွား ကံဇာတာမှာ အခက်အခဲနှင့် အခွင့်အလမ်းများ အတူယှဉ်တွဲ တည်ရှိလာလိမ့်မည်။ အလုပ်တွင် အပြိုင်အဆိုင်၊ အတိုက်အခိုက်များ ပေါများလာနိုင်သလို ထိုအရာများကိုလည်း အောင်မြင်စွာ ကျော်ဖြတ်နိုင်လိမ့်မည်။ အိုးအိမ် နေရာထိုင်ခင်း၊ ရာထူးဌာနနှင့် ပတ်သက်၍ ယှဉ်ပြိုင်စရာများလည်း ရှိလာမည်။ အစိုးရ၊ အုပ်ချုပ်ရေး အာဏာပိုင် စသူတို့နှင့်ဆက်စပ်ရာတွင် ခက်ခဲတတ်သည်။ ငွေကြေးကိစ္စတွင် ထင်တာထက် ပို၍အဆင်ပြေကံကောင်းမည်။

မေတ္တာရေးရာ - လူငယ်များအဖို့ အချစ်ရေး ကံကောင်းတတ်သောလ ဖြစ်သည်။ လိုအင်ဆန္ဒများ ပြည့်ဝမည်။ အိမ်ထောင်ရေးတွင်မူ လက်တွဲဖော်အတွက် အချိန်ပေးရမည် ဖြစ်ပြီး ပြင်ပကိစ္စများ ကြားဝင်မခံရန် လိုသည်။

အခြားကဏ္ဍများ - ယခုလအတွင်း မကြာခဏ နေထိုင်မကောင်း ဖြစ်တတ်သည်။ အထူးသဖြင့် လလယ်အထိ ဂရုစိုက်ရမည်။ ရောဂါရှာမရခြင်း၊ ဆေးထိုးဆေးသောက် မှားခြင်းတို့ ဖြစ်တတ်သည်။ အိမ်တွင်းမိသားစုအရေး မပြေလည်မှုများ ကြီးမားလာနိုင်သည်။ အချင်းချင်းကြား မသင့်မမြတ် ဖြစ်မည်။ အကြီးအကဲများနှင့် ပဋိပက္ခ မဖြစ်အောင် သတိထားပါ။ အခြေအနေ ပိုဆိုးမသွားအောင် ကိုယ့်ဘက်က လျှော့ပေးရလိမ့်မည်။

နေ့ကောင်းရက်သာ - အောက်တိုဘာလအတွင်း အင်္ဂလိပ်လို ၃ ၊ ၄ ၊ ၅ ၊ ၁၆ ၊ ၂၁ ၊ ၂၂ ၊ ၂၃ ၊ ၂၄ ၊ ၂၅ ၊ ၂၇ ၊ ၃၁ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - ယခုလတွင် အလုပ်အကိုင်၊ စီးပွားရေးကဏ္ဍ အခက်အခဲပေါင်းစုံ ဝင်လာနိုင်သည်။ ကိုယ်တိုင် အပင်ပန်းခံ ရုန်းကန်နေသည့်ကြားက ဘယ်လိုမှ အဆင်မပြေနိုင်အောင် ဖြစ်နေမည်။ လူလိမ်လူကောက်များကို သတိထားရမည်။ လုပ်ငန်းခွင်အတွင်း နားလည်မှု လွဲခြင်း၊ စာရင်းအင်း မှားခြင်း၊ အတိုက်အခိုက် ပေါများခြင်းတို့ ကြုံရတတ်သည်။ တစ်ယောက်နှင့် တစ်ယောက်ကြား အထင်အမြင် လွဲပြီး ဆက်ဆံရေး အဆင်မပြေ ဖြစ်ရာက အလုပ်ကိုပါ ထိခိုက်တတ်သည်။ ငွေရေးကြေးရေးပိုင်းတွင် ငွေဝင်လမ်း ဖြောင့်သလို ကုန်စရာလည်း ရှိနေမည်။

မေတ္တာရေးရာ - အချစ်ရေး၊ အိမ်ထောင်ရေးရာများ ယခုလတွင် စိတ်တိုင်းမကျ၊ အဆင်မပြေစရာ များနေမည်။ လူငယ်စုံတွဲများအကြား တစ်ဖက်သား၏ လွှမ်းမိုးခြယ်လှယ်မှုကို ခံရတတ်သည်။ မကြာခဏ ကတောက်ကဆ ဖြစ်လိမ့်မည်။ အိမ်ထောင်ရေးတွင် ကျေနပ်မှု ပေးရာ၌ လိုတာထက် ပိုသွားသဖြင့် ပြဿနာ ဖြစ်တတ်သည်။

အခြားကဏ္ဍများ - တစ်လတာအတွင်း ကျန်းမာရေးရာ အညံ့ ကြီးကြီးမားမား မရှိနိုင်ပါ။ တခါတရံ စိတ်ဆတ်၍ ဒေါသထွက်လွယ်ခြင်းကိုမူ သတိထားရမည်။ စိတ်ကြောင့် လူပါ ထိခိုက်တတ်သည်။ အိမ်တွင်းမိသားစုအရေး၌ အဆင်ပြေသာယာမှုများ လွှမ်းခြုံလာမည်။ တစ်ဦးနှင့်တစ်ဦးကြား အပြန်အလှန် ဖေးမကူညီပေးနိုင်လိမ့်မည်။

နေ့ကောင်းရက်သာ - အောက်တိုဘာလအတွင်း အင်္ဂလိပ်လို ၆ ၊ ၁၀ ၊ ၁၇ ၊ ၁၈ ၊ ၂၃ ၊ ၂၄ ၊ ၂၅ ၊ ၂၇ ၊ ၂၉ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - လုပ်ငန်းအခြေအနေ တည်ငြိမ်ခိုင်မာမှု ရှိလာပြီး အစောပိုင်းလများက ဖြစ်ပေါ်ခဲ့သော မရေရာ မသေချာမှုများကို အဆုံးသတ်နိုင်မည်။ ကိုယ့်အလုပ်၊ နေရာဌာနနှင့် ပတ်သက်၍ စိတ်တိုင်းကျ ကျေနပ်စရများ ဖြစ်လာမည်။ ရည်မှန်းထားသော အရာများကိုလည်း ကျကျနန အကောင်အထည်ဖော်နိုင်မည်။ ဘေးလူများက အကူအညီပေးလာပြီး လုပ်ငန်းအတွက်လည်း အထောက်အကူ ရလိမ့်မည်။ လဆန်းရက်များတွင် အခက်အခဲ တချို့ ဖြစ်ပေါ်တတ်သော်လည်း ယာယီအညံ့သာ ဖြစ်သည်။ ငွေကြေးကံလည်း ကောင်းမွန်မည့်လ ဖြစ်သည်။

မေတ္တာရေးရာ - လဆန်းရက်များတွင် အဆင်ပြေ စိတ်ချမ်းသာစရာများ ကြုံတွေ့ရမည်။ သို့သော် လဆန်း ၁၀ ရက်ဝန်းကျင်အတွင်း စိတ်အခန့်မသင့်စရာများ ဖြစ်လာတတ်သည်။ နောက်ပိုင်းတွင်မူ အခြေအနေအရပ်ရပ် အကောင်းဘက် ပြန်လှည့်လာမည်။ စကားငြင်းခုံခြင်း၊ ဖိအားပေးခြင်းတု့ိကို ယခုလတွင် ရှောင်ကျဉ်ရမည်။

အခြားကဏ္ဍများ - ယခုလတွင် လူအများနှင့် စုပေါင်းစပ်ပေါင်း လုပ်သည့်ကိစ္စများ ကောင်းသည်။ စပ်တူကိစ္စ၊ ရှယ်ယာအလုပ် စသည်တို့ အကျိုးပေးတတ်သည်။ အိမ်တွင်းရေးတွင်မူ အဆီအငေါ်မတည့်ဘဲ အငြင်းစရာတို့ ဖြစ်ပေါ်လာနိုင်သည်။ အခြေအတင် စကားများရတတ်သည်။ ယခုလတွင် ကျန်းမာရေးပြဿနာ ကြီးကြီးမားမား မရှိနိုင်သော်လည်း အစားအသောက်ကိုမူ ဆင်ခြင်ရလိမ့်မည်။ မိတ်ဆွေအပေါင်းအသင်းကြောင့် စိတ်ညစ်ရမည်။

နေ့ကောင်းရက်သာ - အောက်တိုဘာလအတွင်း အင်္ဂလိပ်လို ၁ ၊ ၂ ၊ ၈ ၊ ၉ ၊ ၁၂ ၊ ၁၆ ၊ ၁၉ ၊ ၂၀ ၊ ၂၁ ၊ ၂၆ ၊ ၂၇ ၊ ၂၈ ၊ ၃၀ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ဧက

ဗေဒင်သုတေသီ

#lotaya_horoscope


အပတ်စဉ် အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်



Some text some message..