(၁၂) ရာသီခွင်ဖွားများအတွက် တစ်လစာဗေဒင်ဟောစာတမ်း (နိုဝင်ဘာ ၊ ၂၀၂၀)
lotaya.mpt.com.mm
|
2020-11-01

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - လဆန်း ၁၀ ရက်နောက်ပိုင်းမှ စ၍ အလုပ်အကိုင်အခြေအနေ ထူးခြားလာနိုင်သည်။ စီးပွားရေး ကံဇာတာများ ပွင့်လန်းလာပြီး ထူးခြားသော အလှည့်အပြောင်းများ တွေ့ကြုံရတတ်သည်။ အခွင့်ကောင်းများက ကိုယ့်ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလိမ့်မည်။ လလယ်နောက်ပိုင်းတွင် နားထားသော အလုပ်များနှင့် အစီအစဉ်များကို စနစ်တကျ ပြန်လည် စတင်နိုင်မည်။ အလျင်လိုခြင်း၊ စိတ်စောခြင်းကိုမူ သတိထား ဆင်ခြင်ပါ။

မေတ္တာရေးရာ - စုံတွဲများအကြား ယခင်က ဖြစ်ပွားနေသည့် အရှုပ်အရှင်းများ ပြေလည်သွားလိမ့်မည်။ လအဝင် ရက်များမှာပင် လွဲချော်နေသည့် နားလည်မှုများ ပြန်လည် တည့်မတ်နိုင်မည်။ သို့သော် ၂၀ ရက် နောက်ပိုင်း၌ နှလုံးသားရေးနှင့် ပတ်သက်သော ဝမ်းနည်းစရာများ ဖြစ်တည်လာနိုင်သည်။ တတ်နိုင်သမျှ စိတ်လျှော့ရမည်။

အခြားကဏ္ဍများ - ယခုလ ၁၀ ရက်နေ့နှင့် ၂၀ ရက်နေ့နောက်ပိုင်းတို့တွင် ငွေကြေးရလမ်းများ ပေါ်လာနိုင်ပြီး အကျိုးပြုမည့် အစုစပ်ရှယ်ယာရှင်များလည်း ရလာတတ်သည်။ ကျန်းမာရေးအတွက် စိတ်ပူစရာ မရှိသော်လည်း ၁၅ ရက်ဝန်းကျင်အထိ မတော်တဆ ထိခိုက်မှုများ ဖြစ်ပွားတတ်သောကြောင့် သတိထား ရှောင်ရှားရလိမ့်မည်။

နေ့ကောင်းရက်သာ - နိုဝင်ဘာလအတွင်း အင်္ဂလိပ်လို ၁ ၊ ၂ ၊ ၃ ၊ ၁၂ ၊ ၁၇ ၊ ၁၈ ၊ ၁၉ ၊ ၂၃ ၊ ၂၄ ၊ ၂၅ ၊ ၂၆ ၊ ၂၉ ၊ ၃၀ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - အရှုပ်အရှင်း ဖြစ်နေသော အလုပ်ကိစ္စများကို လဆန်းရက်များမှာပင် ကျေလည်အောင် ရှင်း၍ လက်စဖြတ်နိုင်မည်။ လုပ်ငန်းခွင်အတွင်း မပြေလည်သော အစိုင်အခဲများလည်း သူ့အလိုလို ပြေလည်သွားမည်။ အလုပ်၊ စီးပွားကံဇာတာ ပုံမှန် ရှိနေမည် ဖြစ်ပြီး ၁၀ ရက် နောက်ပိုင်းတွင် ကိုယ့်အတွက် အကျိုးရှိမည့် ခရီးဝေး ပေါ်လာတတ်သည်။ ပြန်မရဟု ထင်ထားသော ငွေများ ပြန်ရတတ်သည်။ သို့သော် ငွေအတွက် စိတ်ပူနေရမည်။

မေတ္တာရေးရာ - ၁၀ ရက်နောက်ပိုင်းတွင် နှလုံးသားရေးရာ အဆက်အသွယ်များ ပေါ်လာပြီး စုံတွဲများအကြား၌ နားလည်မှုများ ပိုမို တည်ဆောက်နိုင်မည်။ သို့သော် ၁၅ ရက်ဝန်းကျင်တွင် ကတိပျက်၊ စကားများစရာကိစ္စများ ပေါ်လာတတ်၍ နှစ်ဦးသား ဆက်ဆံရေးကို သတိပြုရမည်။ ၂၀ ရက်နောက်ပိုင်းတွင် ဝမ်းသာစရာများ ဖြစ်မည်။

အခြားကဏ္ဍများ - ပညာရေးနှင့် သင်တန်းကိစ္စများအတွက် ယခုလတွင် အခွင့်ကောင်းများ ပေါ်လာတတ်သည်။ နိုင်ငံရပ်ခြားခရီး ကြိုးပမ်းနေသူများ မမျှော်လင့်ဘဲ အဆင်ပြေသွားနိုင်သည်။ အတတ်ပညာ၏ အကျိုးကျေးဇူးကို ခံစားရမည်။ ကျန်းမာရေး ပူစရာ မရှိသော်လည်း လလယ်ခန့်ထိ သတိပြုရမည်။ ထိုနောက်ပိုင်း အဆင်ပြေမည်။

နေ့ကောင်းရက်သာ - နိုဝင်ဘာလအတွင်း အင်္ဂလိပ်လို ၂ ၊ ၄ ၊ ၁၀ ၊ ၂၀ ၊ ၂၁ ၊ ၂၂ ၊ ၂၈ ၊ ၂၉ ၊ ၃၀ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - အသက်မွေးဝမ်းကျောင်း (သို့) အဓိကပင်မ လုပ်ငန်းဆိုင်ရာ အပြောင်းအလဲကြီးများ ယခုလထဲ ဖြစ်ပေါ်လာနိုင်သည်။ အဆိုပါပြောင်းလဲခြင်းမှာ ရေတိုခဏ မဟုတ်ဘဲ ရေရှည်အကျိုးသက်ရောက်မှု ရှိလိမ့်မည်။ ယခုလတွင် ဖြစ်သင့်တာနှင့် ဖြစ်ချင်တာကြား ဗျာများရတတ်သည်။ ၁၀ ရက်နေ့နောက်ပိုင်းမှ စ၍ လုပ်ငန်းကိစ္စ အာရုံစိုက်စရာများ ဖြစ်လာလိမ့်မည်။ ငွေကြေးအခက်အခဲများ ပြေလည်ပြီး အပေးအယူများ ရှင်းလင်းနိုင်မည်။

မေတ္တာရေးရာ - ယခုလ ၂၀ ရက်အထိ စိတ်လှုပ်ရှား ရင်ခုန်စရာများ၊ အပျော်အပါးကိစ္စများ တည်ရှိနေလိမ့်မည် ဖြစ်ပြီး ၁၅ ရက်နောက်ပိုင်းမှ စကာ အာရုံနောက်စရာများ ကြီးစိုးလာနိုင်သည်။ ၁၅ နှင့် ၂၀ ကြားတွင် အချစ်ရေး ကံဇာတာ အားနည်းနိုင်ပြီး စိတ်ပျက်ဒေါသထွက်စရာများ ဖြစ်ပွားတတ်သည်။ အချင်းချင်း ရန်စကားများရမည်။

အခြားကဏ္ဍများ - ယခင်လက မပြီးမပြတ် တန်းလန်းကျန်ခဲ့သော ကိစ္စများကို ယခုလတွင် အပြီးသတ်နိုင်မည်။ ဝေ့ဝိုက်နေသော၊ မှားယွင်းနေသော ကိုယ်ရေးကိုယ်တာအလုပ်များ ပုံမှန် ပြန်ဖြစ်လာမည်။ ကျန်းမာရေးအတွက် စိတ်ပူစရာ မလိုသော ကာလ ဖြစ်သည်။ သို့သော် နာမည်တပ် မရသော ဝေဒနာများ ဖြစ်ပွားခံစားရတတ်သည်။

နေ့ကောင်းရက်သာ - နိုဝင်ဘာလအတွင်း အင်္ဂလိပ်လို ၂ ၊ ၃ ၊ ၄ ၊ ၆ ၊ ၁၀ ၊ ၁၁ ၊ ၁၂ ၊ ၁၇ ၊ ၁၈ ၊ ၁၉ ၊ ၂၁ ၊ ၂၃ ၊ ၂၆ ၊ ၂၇ ၊ ၂၉ ၊ ၃၀ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - ရှေ့တိုးရ နောက်ဆုတ်ရ ခက်နေသော အလုပ်ကိစ္စများ ပုံမှန်အတိုင်း ပြန်၍ လည်ပတ်နိုင်မည်။ ရွှေ့ဆိုင်းထားသော၊ လက်စမသတ်သေးသော လုပ်ငန်းများလည်း လဆန်းပိုင်းမှ စတင်ကာ ပုံမှန်လမ်းကြောင်း အတိုင်း ရွေ့လျားလာမည်။ ပြတ်တောက်နေသော အဆက်အသွယ်များနှင့် ပြန်ချိတ်မိပြီး လုပ်ငန်းစီးပွားရေးကို အားစိုက် လုပ်ဆောင်နိုင်မည်။ အောင်မြင်မှုလည်း ရရှိလိမ့်မည်။ ငွေကြေးကံလည်း ကောင်းမွန်လာရန် ရှိသည်။

မေတ္တာရေးရာ - လလယ်ပိုင်းမှ စ၍ စုံတွဲများအကြား အပြန်အလှန် နားလည်မှုများ ဖန်တီးနိုင်မည်။ ရှေ့ယခင် အစောပိုင်းက အဆင်မပြေမှုများကိုလည်း ပြေလည်အောင် ရှင်းလင်းသွားနိုင်မည်။ ပျော်ရွှင်စရာများကို အတူ ဖန်တီးနိုင်လိမ့်မည်။ ထို့ပြင် ၂၀ ရက်နောက်ပိုင်းတွင်လည်း လူငယ်များ နှလုံးသားရေးရာ စိတ်ချမ်းသာရမည်။

အခြားကဏ္ဍများ - မိသားစုအိမ်တွင်းရေး မကျေလည်မှုများ ယခုလဆန်းမှ စတင်၍ လမ်းကြောင်းမှန်ပေါ်သို့ ပြန် ရောက်လာမည်။ အချင်းချင်း အမြင်ရှင်း၍ ကြည်လင်သွားလိမ့်မည်။ အိုးအိမ်နှင့် ယာဉ်ကားကိစ္စ အခက်အခဲများ တဖြည်းဖြည်း အဆင်ပြေလာရန် ရှိသည်။ ကျန်းမာရေးနှင့် ပတ်သက်၍ မတော်တဆမှုများကို သတိထားပါ။

နေ့ကောင်းရက်သာ - နိုဝင်ဘာလအတွင်း အင်္ဂလိပ်လို ၂ ၊ ၅ ၊ ၇ ၊ ၁၃ ၊ ၁၄ ၊ ၂၄ ၊ ၂၅ ၊ ၂၈ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - လဆန်းပိုင်းမှ စ၍ မရေမရာ ဖြစ်နေသော အလုပ်ကိစ္စများ ပုံမှန်ပြန် ဖြစ်လာမည်။ အလုပ်များ ရှုပ်ထွေး များပြားလာသလောက် ၁၀ ရက်နောက်ပိုင်းတွင် အခြေအနေကောင်းများ ဖြစ်ပေါ်လာရန် ရှိနေသည်။ သို့သော် ၂၀ ရက်ဝန်းကျင်၌ အလုပ်နှင့် မိသားစုကိစ္စ စိတ်ပူစရာများ ဖြစ်ပွားနိုင်သည်။ လုပ်ငန်းခွင်၌ တင်းမာမှု ပြဿနာများ အနည်းနှင့်အများ ပေါ်ပေါက်လာမည်။ ငွေကြေးကံ အတော်သင့် ကောင်းနိုင်သောလ ဖြစ်သည်။

မေတ္တာရေးရာ - တစ်လလုံးနီးပါး အချစ်ရေးကံဇာတာ ပုံမှန်အတိုင်းသာ ရှိနိုင်ပြီး ၂၀ နောက်ပိုင်းတွင်မှ စိတ်ထဲ ကသိကအောက် ဖြစ်စရာများ ရှိလာလိမ့်မည်။ ထိုရက်ပိုင်းတွင် အလုပ်နှင့် ကိုယ်ရေးကိုယ်တာကိစ္စများကြားထဲ ပိတ်မိလာပြီး စိတ်ရှုပ်စရာများနှင့် ရင်ဆိုင်ရတတ်သည်။ လနှောင်းပိုင်းတွင်မှ အခြေအနေ ပုံမှန် ပြန်ဖြစ်မည်။

အခြားကဏ္ဍများ - ယခုလတွင် ကိုယ့်ကို အကျိုးပြုမည့် သတင်းနှင့် အဆက်အသွယ်များ ရရှိမည်။ ခရီးတိုများ သွားလာရန် အခါကောင်း ဖြစ်သည်။ အလုပ်ကိစ္စအတွက် အထောက်အကူ ပြုလိမ့်မည်။ အိမ်တွင်းမိသားစုရေး စိတ်ပင်ပန်းစရာများ ရှိတတ်သော်လည်း ကောင်း၊ ဆိုး ဒွန်တွဲနေမည်။ ကျန်းမာရေး အနည်းငယ်ဂရုစိုက်ရမည်။

နေ့ကောင်းရက်သာ - နိုဝင်ဘာလအတွင်း အင်္ဂလိပ်လို ၂ ၊ ၃ ၊ ၅ ၊ ၉ ၊ ၁၀ ၊ ၁၂ ၊ ၁၄ ၊ ၁၅ ၊ ၁၆ ၊ ၁၈ ၊ ၂၄ ၊ ၂၆ ၊ ၂၇ ၊ ၃၀ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - ယခင်လက ရည်မှန်းသလို မဖြစ်ခဲ့သော အလုပ်ကိစ္စများ ယခုလဆန်းတွင် စတင်၍ ပုံစံတကျ ဖြစ်လာမည်။ အကြံဉာဏ်ကောင်းများ ပေါ်ထွက်လာပြီး စီးပွားရေးကို ကိုယ့်စိတ်တိုင်းကျ အကောင်အထည်ဖော် လုပ်ဆောင်နိုင်မည်။ လုပ်ငန်းဆောင်တာများလည်း ခါတိုင်းထက် မြန်ဆန်ချောမွေ့လာရန် ရှိသည်။ အတိုက်အခံ ပေါ်တတ်သော်လည်း ယှဉ်ပြိုင်နိုင်လိမ့်မည်။ ငွေကြေးကံ ထူးခြားနေပြီး အခက်အခဲကြားက ငွေဝင်လမ်း ရှိမည်။

မေတ္တာရေးရာ - လူငယ်များအဖို့ နှလုံးသားရေး ကံကောင်းတတ်ပြီး ယခုလ ၁၂ ရက်ဝန်းကျင်တွင် ထူးခြားသော အချစ်ရေးကံကြမ္မာနှင့် ကြုံရတတ်သည်။ အပျော်အပါး၊ အသွားအလာများလည်း ရှိလာလိမ့်မည်။ သို့သော် ၁၅ ရက်နောက်ပိုင်း၌ မမျှော်လင့်သော ပြဿနာများ ပေါ်လာပြီး အဆိုးဘက်သို့ ဦးတည် ပြောင်းလဲသွားနိုင်သည်။

အခြားကဏ္ဍများ - ယခုလတွင် စကားဝိုင်းဖွဲ့ခြင်း၊ အွန်လိုင်းပေါ်တွင် ဆွေးနွေးခြင်း၊ ဆက်သွယ်အဖြေရှာခြင်းတို့ ကောင်းမွန်ပြီး ကိုယ်ပြောသမျှ စကားလည်း အောင်မြင်တတ်သည်။ အခြေအတင် ဖြစ်လေ ပိုမို အကျိုးရှိလေ ဖြစ်မည်။ လကုန်ပိုင်းတွင် စွန့်စားမှ အကျိုး ဖြစ်ထွန်းမည့်ကိစ္စများ ပေါ်လာမည်။ အခွင့်အရေးကို အမိအရယူပါ။

နေ့ကောင်းရက်သာ - နိုဝင်ဘာလအတွင်း အင်္ဂလိပ်လို ၄ ၊ ၉ ၊ ၁၀ ၊ ၁၁ ၊ ၁၂ ၊ ၁၇ ၊ ၁၈ ၊ ၁၉ ၊ ၂၁ ၊ ၂၃ ၊ ၂၆ ၊ ၂၇ ၊ ၂၈ ၊ ၂၉ ၊ ၃၀ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - ကိုယ်ရေးကိုယ်တာရော လုပ်ငန်းစီးပွားကဏ္ဍတွင်ပါ ကံကောင်းခြင်းများ ဖြစ်ပေါ်လာလိမ့်မည်။ ၁၀ ရက်ဝန်းကျင်တွင် အလုပ်အကိုင်အခြေအနေကောင်းများ ကြုံလာနိုင်ပြီး လလယ်ပိုင်းတွင်လည်း ငွေကြေးကံ ပွင့်လန်းလာရန်ရှိသည်။ သုံးစရာစွဲစရာများအတွက် လက်ဝယ် ပိုင်ဆိုင်သော ငွေကြေးပမာဏ တိုးပွားလာမည်။ အလုပ်ထဲတွင် မျက်နှာသာပေး ချီးမြှောက်ခံရတတ်သည်။ လိုချင်သောအသုံးအဆောင်များလည်း ရရှိလိမ့်မည်။

မေတ္တာရေးရာ - ယခုလတွင် ချစ်သူရည်းစား စုံတွဲများအကြား ပြင်းပြသော နှလုံးသားဆန္ဒများ ဖြစ်ပေါ်လာမည်။ တော်ရုံပြဿနာများကို ဘေးခေါက်ထား၍ အချင်းချင်း ပြေလည်ငြိမ်းချမ်းရေးနှင့် စိတ်တိုင်းကျအဆင်ပြေရေးကို ဦးတည်ဖန်တီးလိမ့်မည်။ ၂၀ ရက်ဝန်းကျင်အထိ မေတ္တာရေးရာကိစ္စများသာ လွှမ်းခြုံအားကောင်းနေလိမ့်မည်။

အခြားကဏ္ဍများ - ယခုလသည် တူရာသီဖွားများအဖို့ အခွင့်ကောင်း၊ အခြေအနေကောင်းများ ဖန်တီးပေးမည့် ကာလ ဖြစ်ပြီး ပျော်စရာရွှင်စရာကိစ္စများ မကြာခဏ ကျင်းပဆင်နွှဲရတတ်သည်။ လူငယ်များအဖို့ စိတ်လှုပ်ရှား ပျော်ရွှင်ရမည့် ကာလ ဖြစ်သလို လုပ်ငန်းရှင်နှင့်ဝန်ထမ်းများအဖို့လည်း ကြိုးစားမှုများ အရာထင်လာနိုင်သည်။

နေ့ကောင်းရက်သာ - နိုဝင်ဘာလအတွင်း အင်္ဂလိပ်လို ၁၂ ၊ ၁၃ ၊ ၁၄ ၊ ၂၀ ၊ ၂၁ ၊ ၂၂ ၊ ၂၉ ၊ ၃၀ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - ယခုလ ၁၀ ရက်နောက်ပိုင်းမှ စတင်၍ အလုပ်အကိုင်နှင့် ကိုယ်ရေးကိုယ်တာကိစ္စအားလုံးမှာ အကောင်းဘက်သို့ ဦးတည် ပြောင်းလဲလာလိမ့်မည်။ အစောပိုင်းက ခက်ခဲရုန်းကန်ခဲ့ရသမျှအားလုံး ပြန်လည် ကောင်းမွန်လာတော့မည် ဖြစ်၍ ကိုယ့်ဘက်က အားသွန်ခွန်စိုက် ကြိုးစားရန်သာ ရှိသည်။ ၂၀ ရက်ကျော်ပါက ကံဇာတာ ပိုကောင်းလာလိမ့်မည်။ ငွေကြေးကံ အသင့်အတင့် ရှိသော်လည်း လကုန်ပိုင်းတွင် ခက်ခဲနိုင်သည်။

မေတ္တာရေးရာ - ချစ်ရေးချစ်ရာကိစ္စများ ခါတိုင်းထက် ပိုအရေးပါလာနိုင်သော ကာလ ဖြစ်သည်။ ချစ်သူစုံတွဲနှင့် အိမ်ထောင်ရှင်များအကြား နှလုံးသားခံစားချက်များ ပိုမို ပြင်းပြလာတတ်သည်။ အထူးသဖြင့် ၂၀ ရက်ကျော်၌ ပျိုရွယ်သူများ စန်းပွင့်ခြင်း၊ စုံတွဲများ အိမ်ထောင်ကျခြင်း၊ အိမ်ထောင်သည်များ ပျော်ရွှင်ရခြင်းတို့ ကြုံရမည်။

အခြားကဏ္ဍများ - ပြီးခဲ့သောလများက ကြိုးစားသလောက် ခရီးမပေါက်ခဲ့သည့်ကိစ္စများ ယခုလလယ်မှစကာ လမ်းကြောင်းပြန်တည့်သွားလိမ့်မည်။ အခြေအနေ မဟန်၍ နောက်ဆုတ်ခဲ့ရသည့် အလုပ်များလည်း ယခုလ၌ အရှိန်အဟုန်နှင့် ပြန်ကြိုးစား အောင်မြင်နိုင်မည်။ မိတ်ဆွေအပေါင်းအသင်းကိစ္စများ စိတ်ချမ်းသာရလိမ့်မည်။

နေ့ကောင်းရက်သာ - နိုဝင်ဘာလအတွင်း အင်္ဂလိပ်လို ၁ ၊ ၂ ၊ ၁၀ ၊ ၁၁ ၊ ၁၂ ၊ ၁၃ ၊ ၁၄ ၊ ၁၆ ၊ ၁၈ ၊ ၁၉ ၊ ၂၂ ၊ ၂၃ ၊ ၂၅ ၊ ၂၆ ၊ ၂၇ ၊ ၃၀ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - လလယ်ပိုင်းတွင် စိတ်အနှောင့်အယှက် ဖြစ်စရာများ ရှိတတ်သည်မှအပ တစ်လလုံးနီးပါးတွင် အလုပ်အကိုင်၊ စီးပွားရေး အခြေအနေ ကောင်းမွန်လိမ့်မည်။ ယခင်လက ရှင်းမရသော အခက်အခဲများကိုလည်း ယခုလတွင် ကျကျနန ကိုင်တွယ်ဖြေရှင်းနိုင်မည်။ နားထားရသော အလုပ်များကိုလည်း ပြန်၍လည်ပတ်နိုင်မည်။ ငွေကြေးအကျိုးအမြတ် သေချာသောအလုပ်များ ပေါ်လာမည်။ အမြတ်အစွန်းခံစားခွင့်လည်း ကောင်းလိမ့်မည်။

မေတ္တာရေးရာ - ချစ်သူများအကြား စိတ်အခန့်မသင့်စရာများ ပြန်ပြေလည်မှု ရလာမည်။ အချင်းချင်း နားလည်မှု လွဲ၍ ရှုပ်ထွေးသွားသော ပြဿနာများကို ပြန်ရှင်းနိုင်လိမ့်မည်။ နောက်ဆုတ်ထားရသော ချစ်ခွင့်ပန်သည့်ကိစ္စ ၊ ဝေ့လည်နေသော နားလည်မှု တည်ဆောက်ရေးတို့ကို ယခုလတွင် အပြီးသတ်အကောင်အထည်ဖော်နိုင်မည်။

အခြားကဏ္ဍများ - ယခုလ ၁၅ ရက်နှင့် ၂၀ ရက်ကြားတွင် အလိုမကျစရာများ၊ ခေါင်းရှုပ် အာရုံနောက်စရာများ ပေါ်လာတတ်သည်။ အကြောင်းမဲ့ ငွေကုန်ခြင်း၊ အတွက်အချက် မှားခြင်းတို့ကြောင့်လည်း စိတ်ညစ်ရလိမ့်မည်။ သို့သော် မိတ်ဆွေအကျိုးကျေးဇူးကို ခံစားရမည်။ အဆက်အသွယ်များက ကိုယ့်ကို ကူညီထောက်ပံ့ပေးမည်။

နေ့ကောင်းရက်သာ - နိုဝင်ဘာလအတွင်း အင်္ဂလိပ်လို ၁၁ ၊ ၁၂ ၊ ၁၄ ၊ ၁၆ ၊ ၁၇ ၊ ၁၈ ၊ ၁၉ ၊ ၂၄ ၊ ၂၅ ၊ ၂၆ ၊ ၂၈ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - ယခုလတွင် အလုပ်အကိုင်၊ စီးပွားရေးကံဇာတာ တိုးတက်မြင့်မားလာနိုင်သည်။ ပုံမှန်ထက် ပို၍ အလုပ်များလာနိုင်ပြီး လုပ်သလောက်လည်း အောင်မြင်လာမည် ဖြစ်၍ ကိုယ့်ဘက်က အသင့်ပြင်ကာ မျက်စိဖွင့် နားစွင့်ထားရမည်။ အစောပိုင်းက မသေမချာ ဖြစ်နေသော စီးပွားရေးကိစ္စများ သေချာပေါက် အကျိုးပေးလာရန် ရှိနေသည်။ ငွေကြေးရလမ်းတစ်ခုမက ပေါ်လာနိုင်ပြီး လုပ်ငန်း ဝင်ငွေအမြတ်အစွန်းလည်း တိုးပွားလာလိမ့်မည်။

မေတ္တာရေးရာ - အချစ်ရေးကဏ္ဍတွင် မတည့်အတူနေ သဘောမျိုး မကြာခဏ ရန်ဖြစ်လိုက် ၊ တော်ကြာနေ ပြန် အဆင်ပြေနေမည့် အခြေအနေမျိုး ဖြစ်သည်။ စုံတွဲများအကြား ဆူဆူပူပူနှင့် တကျက်ကျက် စကားများတတ်ပြီး အသေးအဖွဲမှ ကြီးကြီးမားမားအထိ ပြဿနာ ဖြစ်သွားနိုင်၍ တတ်နိုင်သမျှ စကားနည်း ရန်စဲ နေထိုင်သင့်သည်။

အခြားကဏ္ဍများ - အိုးအိမ်၊ ယာဉ်ကား စသည့်ကိစ္စများတွင် အဆင်မပြေ ဖြစ်နေရာက အခြေအနေ မှန်ဘက်သို့ ပြန်ဦးတည်လာမည်။ မပြတ်မသား ဖြစ်နေသော နေရာထိုင်ခင်းကိစ္စများ စိတ်တိုင်းကျ အဆင်ပြေသွားလိမ့်မည်။ မိတ်ဆွေအပေါင်းအသင်းကံ ကောင်းမွန်နေပြီး ၎င်းတို့ထံမှ အကူအညီကောင်းများလည်း ရရှိလာတတ်သည်။

နေ့ကောင်းရက်သာ - နိုဝင်ဘာလအတွင်း အင်္ဂလိပ်လို ၁၁ ၊ ၁၂ ၊ ၁၇ ၊ ၂၀ ၊ ၂၁ ၊ ၂၂ ၊ ၂၄ ၊ ၂၅ ၊ ၂၇ ၊ ၂၈ ၊ ၃၀ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - အသက်မွေးဝမ်းကျောင်း အလုပ်ကိစ္စများတွင် အလျင်စလိုနှင့် သုတ်သီးသုတ်ပျာ လုပ်စရာများ ရှိနေပြီး အလုပ်လည်း များ၊ တာဝန်လည်း ကြီးနေလိမ့်မည်။ လလယ်ခန့်မှ စ၍ အလုပ်အကိုင် အခြေအနေများ ကောင်းမွန်လာပြီး ၂၀ ရက်နောက်ပိုင်းတွင် စီးပွားဖြစ်၊ အဆင်ပြေ အောင်မြင်သွားလိမ့်မည်။ လုပ်ငန်းစီးပွားကိစ္စ အဆက်အသွယ်ကောင်းများလည်း ရရှိလာမည်။ ငွေကြေးအဝင်ရှိသော်လည်း အကုန်အကျလည်း များနေမည်။

မေတ္တာရေးရာ - ချစ်သူစုံတွဲများအကြား စကားများခြင်း၊ အထင်လွဲအမြင်လွဲခြင်းတို့ ဖြစ်ပွားတတ်ပြီး ၁၀ ရက်နေ့ ကျော်လွန်မှသာ ပုံမှန်အခြေအနေ ပြန်ရလိမ့်မည်။ သို့သော် ၁၅ နှင့် ၂၀ ရက်ကြားတွင်လည်း ကတောက်ကဆ ဖြစ်လွယ်နေ၍ စိတ်ချရသော အနေအထား မဟုတ်သေးပါ။ တစ်လလုံး သည်းခံ နားလည်ပေးဖို့ လိုလိမ့်မည်။

အခြားကဏ္ဍများ - ပညာရေးလမ်းကြောင်းပေါ်မှ ကုမ်ရာသီဖွားများအဖို့ ယခုလအတွင်းအခွင့်အရေးကောင်းများ ပေါ်လာတတ်သည်။ ခရီးနီးခရီးဝေးများလည်း သွားလာရတတ်ပြီး သွားသော ခရီးတိုင်းက အကျိုးအမြတ်အရပါ တွက်ခြေကိုက်လိမ့်မည်။ တတ်မြောက်ထားသော ပညာ၊ အရည်အချင်းတို့ကို ထုတ်သုံးနိုင်မည့်လ ဖြစ်သည်။

နေ့ကောင်းရက်သာ - နိုဝင်ဘာလအတွင်း အင်္ဂလိပ်လို ၂ ၊ ၄ ၊ ၁၃ ၊ ၁၄ ၊ ၂၀ ၊ ၂၁ ၊ ၂၂ ၊ ၂၃ ၊ ၂၉ ၊ ၃၀ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - တစ်လတာလုံးတွင် အလုပ်အကိုင်အခြေအနေ သိပ်မထူးခြားတတ်သော်လည်း ၁၂ ရက်နေ့ ဝန်းကျင်၌ ထူးခြားသော အပြောင်းအလဲတချို့ ဖြစ်ပျက်လာနိုင်သည်။ အလုပ်ပြောင်း၊ နေရာ ပြောင်းလဲခြင်း၊ ထူးထူးဆန်းဆန်းများ လုပ်ကြည့်ရခြင်း၊ လုပ်နေကျ ပုံစံဟောင်းများ ပြင်ဆင်၍ အသစ်များ စမ်းသပ်ကြည့်ခြင်း စသည်တို့ ကြုံရတတ်သည်။ လလယ်နှင့် လနှောင်းပိုင်းတွင် အလုပ်ကိစ္စ အခက်အခဲများ ရှိလာတတ်သည်။

မေတ္တာရေးရာ - အစောပိုင်းက အဆင်မပြေ လွဲချော်နေသော နှလုံးသားရေးရာကိစ္စများ ၁၀ ရက်ကျော်လျှင် အဆင်ပြေ စိတ်ချမ်းသာရမည်။ ချစ်သူစုံတွဲများအကြား လွဲမှားနေသော အထင်အမြင်များလည်း ပြန်လည်၍ တည့်မတ်သွားလိမ့်မည်။ သို့သော် ၂၀ ရက်ဝန်းကျင်တွင် ကတောက်ကဆ ဖြစ်စရာတချို့ ဖြစ်တတ်သည်။

အခြားကဏ္ဍများ - ရှေ့အရင်ကာလက မပြေမလည် ဖြစ်နေသော ငွေကြေးအပေးအယူများ ယခုလထဲတွင် အဆင်ပြေပြေ ဖြစ်လာလိမ့်မည်။ ဝင်စရာလည်း ရှိသလို ထွက်စရာ ကုန်စရာများလည်း တန်းစီနေလိမ့်မည်။ အပျော်အပါး၊ အလည်အပတ်များလည်း ရှိလာမည်။ အထူးခြားဆုံးမှာ စိတ်ခံစားချက်ပြောင်းလဲမှု ဖြစ်သည်။

နေ့ကောင်းရက်သာ - နိုဝင်ဘာလအတွင်း အင်္ဂလိပ်လို ၅ ၊ ၆ ၊ ၉ ၊ ၁၄ ၊ ၁၅ ၊ ၁၆ ၊ ၂၂ ၊ ၂၄ ၊ ၂၅ ၊ ၂၈ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ဧက

(ဗေဒင်သုတ)

#lotaya_horoscope


အပတ်စဉ် အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်



Some text some message..