(၁၂) ရာသီခွင်ဖွားများအတွက် တစ်လစာဗေဒင်ဟောစာတမ်း ( ဒီဇင်ဘာ ၊ ၂၀၂၀ )
lotaya.mpt.com.mm
|
2020-12-01

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - နှစ်တစ်နှစ်၏ နောက်ဆုံးလထဲမှာပင် အလုပ်၊ စီးပွား အပြောင်းအလဲကြီးများ ဖြစ်လာနိုင်သည်။ အလုပ်နေရာ ပြောင်းလဲခြင်း၊ အလုပ်သစ်သို့ ပြောင်းရွှေ့ခြင်း၊ လုပ်ငန်း အပြောင်းအလဲ စတင်ခြင်းတို့ ယခုလထဲ ဖြစ်ပေါ်လာတတ်သည်။ စီးပွားသစ် တိုးချဲ့ရန်လည်း အခွင့်အလမ်း ပေါ်လာမည်။ သို့သော် လုပ်ငန်းကိစ္စများနှင့် ပတ်သက်၍ အငြင်းပွား၊ စကားများရသည်များလည်း ရှိတတ်သည်။ အထူးသဖြင့် အကြီးအကဲများနှင့် ဆက်ဆံ ထိတွေ့ရာတွင် သတိထားရမည်။ ဝင်ငွေရလမ်းသစ်များ ပေါ်လာတတ်ပြီး ပိုလျှံငွေများလည်း ဝင်လာနိုင်သည်။
မေတ္တာရေးရာ - ချစ်သူစုံတွဲများ၊ အိမ်ထောင်ရှင်များကြားတွင် အချင်းချင်း စကားများလိုက်၊ ပြန်အဆင်ပြေလိုက် ဖြစ်နေပြီး တစ်လလုံးကို အကောင်းအဆိုးများ ယှဉ်၍ ဖြတ်သန်းရလိမ့်မည်။ ယခုလ ၂၀ ရက်ဝန်းကျင်၌ အချစ်၊ မေတ္တာရေးကိစ္စတိုင်းတွင် ပြဿနာ ကြီးငယ်တို့ ဖြစ်ပွားတတ်သည်။ သူတပါးအပေါ် ဖိအားမပေးရန် သတိပြုပါ။
အခြားကဏ္ဍများ  - စိတ်ကူးသစ်၊ အတွေးသစ်များ စတင် ဖြစ်တည်လာနိုင်သော ကာလ ဖြစ်၍ အတွေးအကြံနှင့် စိတ်ကူးအဟောင်းများကို စွန့်ပစ်ရမည်။ ပတ်ဝန်းကျင်သစ်၊ နယ်ပယ်သစ်နှင့်လည်း စတင် ထိတွေ့ရတတ်သည်။ မိတ်သစ်ဆွေသစ်များ၊ ပါတနာအသစ်များ ရရှိတတ်သည်။ မိသားစုထဲတွင် အသေးအဖွဲ စိတ်ညစ်စရာ ဖြစ်မည်။
နေ့ကောင်းရက်သာ - ဒီဇင်ဘာလအတွင်း အင်္ဂလိပ်လို အင်္ဂလိပ်လို ၂ ၊ ၃ ၊ ၄ ၊ ၁၂ ၊ ၁၇ ၊ ၂၂ ၊ ၂၈ ၊ ၂၉ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။
ပြိဿရာသီဖွား  (ဧပြီ ၂၀ မှ မေ ၂၀ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - လုပ်ငန်းခွင်အတွင်း စိတ်အနှောင့်အယှက် ပေးသူများ၊ တိုက်ခိုက်လိုသူများ၊ ဝေဖန်ကဲ့ရဲ့ချင်၍ အပြစ်ရှာ စောင့်ကြည့်သူများ ရှိလာလိမ့်မည်။ အလုပ်ထဲတွင် အတိုက်အခံ လုပ်၊ ပြဿနာ ရှာချင်သူများကြောင့် စိတ်ညစ်ရမည်။ သို့သော် လက်တွဲဖေးကူသူများ၊လုပ်ဖော်ကိုင်ဖက်ကောင်းများလည်း ရှိနေမည်။ နိုင်ငံရပ်ခြားနှင့် ဆက်စပ်လုပ်ကိုင်သူများ စီးပွားဖြစ်ပြီး အလုပ်ကောင်းမည်။ ငွေကြေးအဝင်ရှိသလိုအထွက်လည်း များလိမ့်မည်။
မေတ္တာရေးရာ - နှစ်ဦးကြားဆက်ဆံရေးတွင် ဆတ်ဆတ်ထိမခံလိုသော အခြေအနေများ ဖြစ်ပေါ်လာနိုင်သည်။ အချင်းချင်း သည်းညည်းခံပေးခြင်းကသာ အကောင်းဆုံး ယတြာ ဖြစ်မည်။ ကိုယ့်ပြဿနာကို ကိုယ့်ဝမ်းထဲမှာပဲ ထား၍ ဖြေရှင်းရမည်။ ဘေးလူများ ပါဝင်လာပါက ပိုဆိုးသွားတတ်သည်။ လလယ်နောက်ပိုင်း အဆင်ပြေမည်။
အခြားကဏ္ဍများ - ကျန်းမာရေး အားနည်းချူချာနိုင်သောလ ဖြစ်၍ ကြိုတင်ကာကွယ် ဂရုစိုက်ပါ။ ရောဂါဝေဒနာ ဖြစ်လွယ်သောကြောင့် အစားအသောက်အနေအထိုင်ကို ဆင်ခြင်ရမည်။ မိသားစုအိမ်တွင်းရေး ပြဿနာလည်း ယခုလတွင် ဖြစ်ပေါ်လာနိုင်သည်။ ဒီဇင်ဘာနှောင်ပိုင်းတွင်မှ ဖြစ်လာသမျှ အခက်အခဲများ ပြေလျော့သွားမည်။
နေ့ကောင်းရက်သာ - ဒီဇင်ဘာလအတွင်း အင်္ဂလိပ်လို ၁ ၊ ၃ ၊ ၇ ၊ ၈ ၊ ၉ ၊ ၁၀ ၊ ၂၀ ၊ ၂၁ ၊ ၂၅ ၊ ၂၆ ၊ ၂၇ ၊ ၂၈ ၊ ၃၀ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။
မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - ဝန်ထမ်းဖြစ်စေ၊ကိုယ်ပိုင်လုပ်ငန်းသမားဖြစ်စေ ယခုလတွင် အခက်အခဲမျိုးစုံကို ကြုံလာရမည်။ နေ့စဉ် လုပ်နေကျ တာဝန်များကိုပင် ခက်ခက်ခဲခဲ လုပ်ယူရလိမ့်မည်။ လုပ်ဖော်ကိုင်ဖက်များနှင့် ပတ်ဝန်းကျင်၏ စနက်များကြောင့် လုပ်ငန်းဆောင်တာ ထိခိုက်မှု ဖြစ်မည်။ အလုပ်သစ်အကိုင်သစ်များ စသင့်သေးဘဲ ရှိတာနှင့် ကျေနပ်ရလိမ့်မည်။ ငွေကြေးကိစ္စတွင် အဝင်ထက်အထွက်က ပိုများနေမည်။ ဝင်ငွေရလမ်း နည်းပါးတတ်သည်။
မေတ္တာရေးရာ - ချစ်သူဟောင်းနှင့် ပြတ်စဲ၍ အချစ်သစ်ဆီ ဦးတည်ရတတ်သည်။ စုံတွဲများအကြားတွင် ပြဿနာ ဖြစ်လွယ်နေမည်။ အိမ်ထောင်ရေးတွင်လည်း သိသာထင်ရှားသော အချင်းများမှုပဋိပက္ခတို့ ပေါ်ပေါက်နိုင်သည်။ ယခင်ကဖုံးကွယ်ထားသည့်ကိစ္စများ လူသိရှင်ကြားဖြစ်တတ်သည်။ လနှောင်းပိုင်းတွင်မှ အရာရာအေးချမ်းမည်။
အခြားကဏ္ဍများ - သွားလာရင်းလာရင်း မတော်တဆမှု ဖြစ်တတ်၍ ယာဉ်မောင်း၊ ယာဉ်စီးရာတွင် သတိပြုပါ။ အသောက်အစား အပျော်အပါးများကိုလည်း သတိထားရမည်။ ရန်ဖြစ်လွယ်၊ ပြဿနာ တက်လွယ်ချိန် ဖြစ်၍ ဂရုစိုက်ရလိမ့်မည်။ မိတ်ဆွေရင်းချာများနှင့် အချင်းများတတ်သော်လည်း မိသားစုအတွင်း ပျော်စရာများမည်။
နေ့ကောင်းရက်သာ - ဒီဇင်ဘာလအတွင်း အင်္ဂလိပ်လို ၄ ၊ ၅ ၊ ၈ ၊ ၉ ၊ ၂၂ ၊ ၂၃ ၊ ၂၄ ၊ ၂၅ ၊ ၂၆ ၊ ၂၇ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။
ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - လုပ်ငန်းစီးပွားကံဇာတာ အကောင်းဘက်တွင် ရှိနေသော်လည်း ကိစ္စတိုင်းကို အလျင်စလိုနှင့် ရေးကြီးသုတ်ပျာ မလုပ်ဘဲ ဖြည်းဖြည်းမှန်မှန် လုပ်သွားနိုင်မှ အဆင်ပြေလိမ့်မည်။ အလောတကြီး လုပ်မိပါက အမှားအယွင်း ဖြစ်လွယ်ပြီး အငြင်းပွား၊ စကားများရတတ်သည်။ လလယ်ပိုင်းတွင် လုပ်ငန်းများ ရုတ်တရက် အရှိန်သတ်ပြီး ရပ်တန့်သလို ဖြစ်တတ်သည်။ ဝန်ထမ်းများအဖို့ အခက်အခဲကြီးများနှင့် ရင်ဆိုင်ရတတ်သည်။ တစ်လလုံးတွင် ငွေရေးကြေးရေးအတွက် ပူစရာသိပ်မလိုဘဲ သက်တောင့်သက်သာနှင့် ဖြတ်သန်းရလိမ့်မည်။
မေတ္တာရေးရာ - တစ်လလုံး ပြဿနာ မရှိဘဲ ဖြစ်နေပြီးမှ ၂၀ ရက်နောက်ပိုင်းတွင် နှလုံးသားရေးရာ ပြဿနာ ဖြစ်လာနိုင်သည်။ ချစ်သူစုံတွဲကိစ္စတွင်သာမက မိသားစုဘဝတွင်လည်း ဒေါသထွက်ချင်စရာများ ဖြစ်လာမည်။ လူပျိုလူလွတ်များအဖို့ ယခုလတွင် လက်တွဲဖော် ရှာရန် အကောင်းဆုံး ဖြစ်မည်။ ကြိုးစားမှုတို့ အောင်မြင်မည်။ 
အခြားကဏ္ဍများ - ယခင်လများက ခံစားနေရသည့် ရောဂါဝေဒနာများ ရှိပါက ယခုလတွင် ပြန်လည်သက်သာ ကောင်းမွန်လိမ့်မည်။ ကျန်းမာရေးရာ ပူစရာ မလိုဘဲ တစ်လလုံး ပုံမှန် ဖြစ်နေမည်။ ယခုလဆန်းပိုင်းမှ လလယ် ရက်များအထိ ကိုယ့်ကိုကိုယ် အားမလိုအားမရ ဖြစ်တတ်ပြီး ခေါင်းရှုပ်စရာများရှိလာနိုင်၍ သတိထားသင့်သည်။
နေ့ကောင်းရက်သာ - ဒီဇင်ဘာလအတွင်း အင်္ဂလိပ်လို ၁ ၊ ၂ ၊ ၃ ၊ ၁၃ ၊ ၁၄ ၊ ၁၇ ၊ ၂၁ ၊ ၂၈ ၊ ၂၉ ၊ ၃၀ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။
သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - အလုပ်အကိုင်နှင့် စီးပွားရေးအခြေအနေအရပ်ရပ်မှာ တိုးတက်အောင်မြင်လာရန် ရှိနေသည်။ ဘက်ပေါင်းစုံက အကူအညီ၊ ပံ့ပိုးမှုများလည်း ရရှိလိမ့်မည်။ လုပ်ငန်းကိစ္စ ခရီးများမှ ရလဒ်ကောင်းများ ရရှိမည်။ လုပ်ငန်းတိုးချဲ့လိုသူများ၊အလုပ်နေရာသစ်ပြောင်းရွှေ့လိုသူများ အစပိုင်း အခက်အခဲရှိသော်လည်း နောက်ပိုင်း အဆင်ပြေအောင်မြင်မည်။ ပုံမှန်ဝင်ငွေအပြင် အခြားရလမ်းအသစ်များလည်း ပေါ်လာမည်။ စိတ်ချမ်းသာရမည်။
မေတ္တာရေးရာ - လလယ်ပိုင်းရက်များတွင် အချစ်ရေး၊ နှလုံးသားရေး ကံခေပြီး စိတ်ညစ်စရာများ ဖြစ်လိမ့်မည်။ ထိုနောက်ပိုင်းတွင်မူ ချစ်ခရီးလမ်း အစစအရာရာ ဖြောင့်ဖြူးသာယာလိမ့်မည်။ အိမ်ထောင်ပြုလိုသူ၊ တွဲဖက်ကို ရှာဖွေနေသူများ ယခုလနှောင်းပိုင်းတွင် အစပြုနိုင်သည်။ မေတ္တာရေးရာ သောကများ ကင်းဝေးသွားလိမ့်မည်။
အခြားကဏ္ဍများ - အပျော်အပါးကိစ္စများ၊ လောင်းကစားများ ခါတိုင်းထက် ပိုများလာနိုင်သောကာလ ဖြစ်သည်။ လူငယ်များအဖို့ ပျော်ပွဲရွှင်ပွဲ လူမှုရေးကိစ္စများတွင် ပါဝင်ပတ်သက်မှု များလာမည်။ ကျန်းမာရေး ပြဿနာကြီးမျိုး မရှိနိုင်ဘဲ ဘေးကင်းလိမ့်မည်။ သို့သော် အလွန်အကျွံ အပျော်လိုက်ခြင်း၊ အပင်ပန်းခံခြင်းတို့ကို သတိပြုရမည်။
နေ့ကောင်းရက်သာ - ဒီဇင်ဘာလအတွင်း အင်္ဂလိပ်လို ၁ ၊ ၇ ၊ ၈ ၊ ၁၅ ၊ ၁၉ ၊ ၂၄ ၊ ၂၅ ၊ ၂၆ ၊ ၂၈ ၊ ၂၉ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။
ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - ယခုလတွင် လုပ်ငန်းကိစ္စများကို မပေါ့မဆ ဆောင်ရွက်သင့်ပြီး အသေးအဖွဲအမှားလေးမှသည် ပြဿနာ ကြီးကြီးမားမားအထိ ဖြစ်သွားတတ်သည်။ မိမိကိုယ်တိုင်က စေ့စပ်သေချာအောင် ကြိုးစားရမည်ဖြစ်ပြီး သတိလေး တစ်ချက်လွတ်သည်နှင့် အကောင်းမှအဆိုးသို့ ကူးပြောင်းသွားလိမ့်မည်။ ယခုကာလ၌ မည်သူ့ကိုမျှ ယုံ၍ မရဘဲ ကိုယ်တိုင် ကြိုးစားအားထုတ်ခြင်းသာ အကောင်းဆုံး ဖြစ်မည်။ လလယ်ပိုင်းရက်များတွင် လုပ်ငန်း၊ နေရာဌာနနှင့် ပတ်သက်၍ စိတ်သောကများ ဖြစ်ပွားတတ်သည်။ ငွေကြေးအတွက် ပဋိပက္ခများ ဖြေရှင်းရမည်။
မေတ္တာရေးရာ - အိမ်ထောင်ဖက်၊ လက်တွဲဖော်၏ ကျန်းမာရေး၊ ငွေကြေးကိစ္စများ အဆင်မပြေ ဖြစ်ပြီး မိမိကိုပါ လွှမ်းမိုးရိုက်ခတ်လာတတ်သည်။ ပျိုရွယ်သူများ၊ လူလွတ်များ စိတ်ဝင်စားစရာလူအချို့နှင့် ဆုံတွေ့ရတတ်သည်။ ယခုလနှောင်းပိုင်းတွင် နှလုံးသားရေးရာ ပြဿနာများ ဖြစ်လာနိုင်ပြီး စိတ်ဆိုးဒေါသဖြစ်စရာတို့ ကြုံရလိမ့်မည်။
အခြားကဏ္ဍများ - မိသားစုအိမ်တွင်းရေး ပူပန်စရာများ ယခုလတွင် ကြီးထွားလာနိုင်သည်။ မိသားစုအတွက်နှင့် ရတက်မအေး ဖြစ်ရလိမ့်မည်။ မိမိပိုင်ဆိုင်ရာ စည်းစိမ်ဥစ္စာများ ပျောက်ရှခြင်း၊ လျော့ပါးခြင်းမျိုး ဖြစ်တတ်သည်။ လလယ်ပိုင်းရက်များတွင် မိသားစုချင်း စိတ်ဝမ်းကွဲစရာကိစ္စများ ပေါ်ပေါက်လာနိုင်သည်။ လလယ်ကျော်သွားမှ အခြေအနေအရပ်ရပ်မှာ အကောင်းဘက်သို့ ပြန်ဦးတည်လိမ့်မည်။ လနှောင်းပိုင်းတွင် တာဝန် ပိုများလာမည်။
နေ့ကောင်းရက်သာ - ဒီဇင်ဘာလအတွင်း အင်္ဂလိပ်လို ၁ ၊ ၃ ၊ ၈ ၊ ၉ ၊ ၁၃ ၊ ၁၄ ၊ ၁၅ ၊ ၁၆ ၊ ၂၂ ၊ ၂၃ ၊ ၂၅ ၊ ၂၆ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။
တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - အခက်အခဲများကြားက ဖြတ်သန်းအောင်မြင်မည့်လ ဖြစ်သည်။ မည်သည့်လုပ်ငန်းမျိုးတွင်မဆို ကြိုးစားအားထုတ်မှု၏ရလဒ်ကို ပြန်ခံစားရလိမ့်မည်။ အပြိုင်အဆိုင်များရှိနေသည့်တိုင် ကိုယ်က နှာတစ်ဖျားမက ကျော်ဖြတ်နိုင်မည်။ နိုင်ငံရပ်ခြားနှင့် ဆက်နွယ်သော အခွင့်အလမ်းများလည်း ပေါ်လာတတ်သည်။ ကာလရှည် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မှုများ အကျိုးပေးမည်။ လုပ်ငန်းကိစ္စအတွက် သွားလာလှုပ်ရှား ခရီးများပြီး အကျိုးအမြတ် ရရှိမည်။ လုပ်ဖော်ကိုင်ဖက်၊ ပါတနာများက ကူညီလိမ့်မည်။ ငွေရေးကြေးရေးကံဇာတာလည်း ကောင်းမွန်သည်။
မေတ္တာရေးရာ - ချစ်သူ၊ အိမ်ထောင်ဖက်တို့ကြားတွင် ကတောက်ကဆ အနည်းငယ် ဖြစ်တတ်သည်မှအပ ယခု ဒီဇင်ဘာလအတွင်း အဆင်ပြေ စိတ်ချမ်းသာသည်က များလိမ့်မည်။ အပြန်အလှန် နားလည်မှုများ ပိုရလာနိုင်ပြီး အပေးအယူလည်း မျှတလာမည်။ လက်တွဲဖော် ရှာနေသူများလည်း လိုက်ဖက်သူနှင့် ဖူးစာဖက်ရကိန်း ရှိသည်။
အခြားကဏ္ဍများ - လဆန်းပိုင်းရက်များတွင် ကိစ္စများမြောင် ရှုပ်ထွေးနေ၍ လူရောစိတ်ပါ ပင်ပန်းမှု များနေမည်။ လလယ်နှောင်းပိုင်းတွင်မူ ပေါ့ပေါ့ပါးပါး ပျော်ရွှင်စရာများ ရှိလာမည်။ လနှောင်းပိုင်း၌ မိသားစုအရေးကိစ္စအတွက် ပူပန်သောက များရတတ်သည်။ ယခုလတွင် ရင်ဘတ်ပိုင်း၊ ဦးခေါင်း၊ မျက်နှာပိုင်း၌ ဝေဒနာ ခံစားရတတ်သည်။
နေ့ကောင်းရက်သာ - ဒီဇင်ဘာလအတွင်း အင်္ဂလိပ်လို ၁ ၊ ၃ ၊ ၇ ၊ ၈ ၊ ၉ ၊ ၁၂ ၊ ၁၃ ၊ ၁၄ ၊ ၂၀ ၊ ၂၁ ၊ ၃၀ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။
ဗြိစ္ဆာရာသီဖွား  (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - လဆန်းရက်မှ လလယ်ပိုင်းအထိ ငွေရေးကြေးရေး အခက်အခဲများ ရှိလာနိုင်သည်။ အသုံးအစွဲ အပေးအယူများ ဆင်ခြင်ရမည် ဖြစ်ပြီး လက်လွန်ချေးငှားမှုများကိုလည်း ရှောင်ရမည်။ သို့မဟုတ်ပါက ငွေကြေး ပြဿနာမှာ ဖြေရှင်း၍ မရနိုင်အောင် ဆိုးရွားသွားနိုင်သည်။ အလုပ်စီးပွားကံဇာတာမှာ ကောင်းမွန်မှု ရှိလိမ့်မည်။ ကာလရှည်ကြာ စောင့်ဆိုင်းခဲ့သော အခွင့်အရေးများ ရရှိလာမည်။ ကြိုးစားမှု၏ အသီးအပွင့်ကို ပြန်ခံစားရမည်။
မေတ္တာရေးရာ - နှလုံးသားရေးရာတွင် အထိမခံရွှေပန်းကန်လို ဖြစ်နေ၍ အပြောအဆို၊ အပြုအမူတိုင်း သတိနှင့် ဆောင်ရွက်ရမည်။ ချစ်သူစုံတွဲများကြားတွင် စကားများ၊ ရန်ဖြစ်ရသည့်ရက်များစွာ ရှိလာမည်။ ခပ်ဝေးဝေးလေး မနေနိုင်ပါက အပြောအဆို သတိထားရလိမ့်မည်။ လလယ်နောက်ပိုင်းတွင်မှ အဆင်ပြေပြေ စိတ်ချမ်းသာရမည်။
အခြားကဏ္ဍများ - မျက်စိ၊ နား၊ ရင်ဘတ်နေရာများတွင် ကျန်းမာရေးပိုင်း အားနည်းတတ်သည်။ အစားမမှန်ခြင်း အပင်ပန်းခံခြင်းကိုလည်း သတိထားရမည်။ ယခုလတွင် ငွေကြေးအကျပ်အတည်း ရှိတတ်သော်လည်း လလယ် ကျော်ပါက တဖြည်းဖြည်း ပြေလည်မှု ရသွားမည်။ ၂၀ ရက်နောက်ပိုင်းတွင် အလုပ် အခက်အခဲ ဖြစ်တတ်သည်။
နေ့ကောင်းရက်သာ - ဒီဇင်ဘာလအတွင်း အင်္ဂလိပ်လို ၁ ၊ ၃ ၊ ၇ ၊ ၈ ၊ ၉ ၊ ၁၁ ၊ ၁၅ ၊ ၁၉ ၊ ၂၆ ၊ ၂၈ ၊ ၂၉ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။
ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - အလုပ်စီးပွားကံဇာတာ ပုံမှန်ထက် ကောင်းမွန်နိုင်သော်လည်း လက်ရှိအလုပ်မှ ပြောင်းရွှေ့ခြင်း ၊ အလုပ်နေရာသစ် ရှာဖွေခြင်း၊ လုပ်ငန်းသစ် ပြောင်းလဲခြင်းတို့ကို မလုပ်မိရန် သတိပြုပါ။ အပြောင်းအလဲများကို လုပ်မိပါက ကိုယ်မျှော်လင့်သလို ဖြစ်မလာဘဲ အခက်အခဲ များတတ်သည်။ လုပ်ငန်းခွင်၌ အခြေအတင် ဖြစ်ခြင်း ၊ အကြီးအကဲများနှင့် အတိုက်အခံ လုပ်ရခြင်းမျိုးလည်း ရှိလိမ့်မည်။ ငွေကြေးအခြေအနေလည်း အားနည်းမည်။
မေတ္တာရေးရာ - လဆန်းနှင့်လလယ်ရက်များတွင် နှလုံးသားရေးရာပြဿနာများ ဖြစ်ပွားတတ်သည်။ နှစ်ဦးကြား တတိယလူ ဝင်လာခြင်း၊ အရှုပ်အရှင်းများ ဘူးပေါ်သလို ပေါ်လာခြင်း၊ မမျှော်လင့်သော ပဋိပက္ခများ ဖြစ်ပွားခြင်း စသည့် မေတ္တာရေး နာကျင်ခံစားမှုများ ရှိလာနိုင်သည်။ လနှောင်းပိုင်းတွင်မှ အခြေအနေများ ပြန်ငြိမ်သက်မည်။
အခြားကဏ္ဍများ - ယခုလ ၁၅ ရက်အတွင်း စိတ်လေခြင်း၊ အထီးကျန်ခြင်း၊ အလိုမကျခြင်းများ ခံစားရလိမ့်မည်။ ဘယ်သူနှင့်မှ မပြောချင် မဆက်ဆံချင်ဘဲ တစ်ကိုယ်တော်လို ဖြစ်နေတတ်သည်။ ကျန်းမာရေး အားနည်းမှုများ ဖြစ်ပွားခံစားရတတ်သည်။ အစားမှားဆေးမှားကိစ္စ သတိထားရမည်။ မိသားစုထဲတွင် အမြင်မတူ ကွဲလွဲမှုများနှင့် အငြင်းပွားစရာများ ရှိလာလိမ့်မည်။ လူမှုဆက်ဆံရေးတွင်လည်း အထင်မှားအမြင်မှားခံရသည်များ ရှိလာမည်။ 
နေ့ကောင်းရက်သာ - ဒီဇင်ဘာလအတွင်း အင်္ဂလိပ်လို ၄ ၊ ၆ ၊ ၇ ၊ ၈ ၊ ၁၀ ၊ ၁၂ ၊ ၁၃ ၊ ၁၆ ၊ ၁၇ ၊ ၂၆ ၊ ၂၇ ၊ ၃၀ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။
မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - မိသားစုအရေးနှင့် လုပ်ငန်းစီးပွားကိစ္စကြားတွင် ဘေးကျပ်နံကျပ် ဖြစ်လာလိမ့်မည်။ အလုပ်များ ရှုပ်ထွေးများပြားလာနိုင်သလို မိသားစုထဲတွင်လည်း ပြဿနာကြီးငယ်တချို့ ဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့် လုပ်ငန်းအပေါ် အာရုံစူးစိုက်မှု နည်းပြီး အလုပ်ပျက်အကိုင်ပျက် ထိခိုက်မှုများ ဖြစ်လာမည်။ လုပ်ငန်းခွင်ထဲတွင် အချင်းချင်း အမြင်မကြည်လင်စရာများလည်း ဖြစ်ပွားတတ်သည်။ ငွေကြေးကိစ္စတွင် ရှာရဖွေရခက်သလောက် ထွက်စရာကလည်း ကြံဖန် များလာလိမ့်မည်။ မလိုအပ်သော အသုံးအစွဲများ၊ ဖြုန်းတီးမှုများကို သတိပြုရမည်။
မေတ္တာရေးရာ - အချစ်ရေးကံဇာတာ ပုံမှန်သာ ရှိနေနိုင်ပြီး လလယ်ပိုင်းရက်များတွင် အချင်းချင်း စိတ်တိုင်းမကျ ပေါက်ကွဲချင်စရာများ ဖြစ်ပေါ်လာတတ်သည်။ နှစ်ဦးကြားတွင် သူတပါးက ဝင်စွက်လာနိုင်သလို ကိုယ်ကလည်း ဆတ်ဆတ်ထိမခံအောင် ဖြစ်နေ၍ မပြေမလည် ဖြစ်တတ်သည်။ စိတ်ရှည်သည်းခံမှုကို အမြဲလက်ကိုင်ပြုရမည်။
အခြားကဏ္ဍများ - ဒူးနာ၊ သွားနာခြင်း၊ ကိုယ်တစ်ခြမ်း နာကျင်ကိုက်ခဲခြင်း စသည့် ကျန်းမာရေးပြဿနာများနှင့် ကြုံရတတ်သည်။ နေထိုင်မကောင်း ဖြစ်ပါက ကြိတ်မကုသင့်ဘဲ နားလည်တတ်ကျွမ်းသူများနှင့်သာ ပြသရမည်။ ယခုလတွင် မိသားစုအိမ်တွင်းရေးပြဿနာက အဓိက ဖြစ်လာနိုင်သည်။ မိခင်ကျန်းမာရေး ကျဆင်းတတ်သည်။ အကြောင်းပေါင်းစုံဖြင့် ငွေကုန်ကြေးကျ များတတ်သည်။ မတတ်သာ၍ လုပ်ရသောအပြောင်းအလဲများ ရှိမည်။
နေ့ကောင်းရက်သာ - ဒီဇင်ဘာလအတွင်း အင်္ဂလိပ်လို ၅ ၊ ၆ ၊ ၇ ၊ ၈ ၊ ၁၂ ၊ ၁၄ ၊ ၁၅ ၊ ၂၂ ၊ ၂၅ ၊ ၂၇ ၊ ၂၈ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။
ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - အလုပ်အကိုင်ကံဇာတာမှာ အပြိုင်အဆိုင် ရှိလေ ၊ တိုးတက်လေ ဖြစ်မည်။ အလုပ်တာဝန်များ ပို ရှုပ်လာနိုင်ပြီး လုပ်စရာများ တန်းစီ ပေါ်ပေါက်လာလိမ့်မည်။ ကြံစည်လုပ်ကိုင်သမျှလည်း အောင်မြင်သည်က များနေမည်။ အကြီးအကဲများကလည်း ကူညီဖေးမကြမည်။ ပထမလဝက်အထိ အလုပ်အကိုင်ကောင်းနေနိုင်ပြီး စိတ်ဖိစီးမှုနှင့်အတူ ယှဉ်တွဲ လုပ်ကိုင်ရမည်။ မည်သည့်ကိစ္စကိုမဆို အလွယ်တကူ မဆုံးဖြတ်ဘဲ သေချာအောင် စဉ်းစားပြီးမှ လုပ်ပါက ပိုကောင်းလိမ့်မည်။ ငွေကြေးကံကောင်းသော်လည်း အမှားအယွင်းများလည်း ရှိနေမည်။
မေတ္တာရေးရာ - ဒုတိယလဝက်အတွင်း ချစ်မေတ္တာရေးကိစ္စများ အထင်အရှား ပေါ်ပေါက်လာမည်။ ထိုမတိုင်မီ စိတ်သောက ဖြစ်စရာများ၊ နားလည်မှု လွဲ၍ ဖြေရှင်းရသည်များ ရှိလိမ့်မည်။ နှလုံးသားရေးတွင် စိတ်ရှုပ်စရာများ ရှိနေသည့်ကြားက ပျော်စရာများလည်း ကြုံတွေ့ရမည်။ လလယ်မှစ၍ အပြောင်းအလဲများ ဖြစ်လာတတ်သည်။
အခြားကဏ္ဍများ - ယခုလလယ်ဝန်းကျင်တွင် ငွေအပေးအယူကိစ္စများ ပြဿနာ ဖြစ်တတ်သည်။ အချေးအငှား၊ ပေးကမ်းမှုများတွင် အထူး သတိထားရမည်။ မိတ်ဆွေရင်းချာများနှင့် စကားများရတတ်သည်။ လုပ်ငန်းဝင်ငွေ ၊ အကျိုးအမြတ်ကိစ္စများ နားလည်မှု လွဲမည်။ မိသားစုအရေးတွင် အကောင်းအဆိုးများ အလှည့်ကျ ဖြစ်နေမည်။
နေ့ကောင်းရက်သာ - ဒီဇင်ဘာလအတွင်း အင်္ဂလိပ်လို ၁ ၊ ၂ ၊ ၃ ၊ ၅ ၊ ၁၁ ၊ ၁၂ ၊ ၁၄ ၊ ၂၁ ၊ ၂၈ ၊ ၂၉ ၊ ၃၀ ၊ ၃၁ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။
မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - လုပ်ငန်းစီးပွားကံဇာတာတွင် အခက်အခဲနှင့် အခွင့်အလမ်းများ တပြိုင်တည်း ဖြစ်ပေါ်လာမည်။ လဆန်းနှင့် လလယ်အထိ အခက်အခဲပေါင်းစုံကို ဖြတ်သန်းရတတ်ပြီး အလုပ်အကိုင် အနာဂတ် မရေရာခြင်းနှင့် အပြောင်းအလဲများခြင်းတို့ကို ခံစားရမည်။ သို့သော် လလယ်နောက်ပိုင်းတွင် အခြေအနေများ အကောင်းဘက် သို့ ဦးတည်လာရန် ရှိနေသည်။ ငွေကြေးအတွက် စိတ်ညစ်ရတတ်သော်လည်း ဆူဆူပူပူကြားကပင် ငွေရလမ်း ဖြောင့်နေမည်။ အစောပိုင်းက စုဆောင်းရင်းနှီးထားသောငွေကြေးများမှ အကျိုးအမြတ် ခံစားခွင့်များရလာမည်။
မေတ္တာရေးရာ - ချစ်သူစုံတွဲများအကြား ကြည်နူးပျော်ရွှင်ရာများကို ဖြတ်သန်းရလိမ့်မည်။ အထူးသဖြင့် လလယ် ၁၅ ရက်နောက်ပိုင်းတွင် ချစ်မေတ္တာရေးရာကိစ္စများနှင့် ပတ်သက်သောလိုအင်ဆန္ဒများ ပြည့်ဝမည်။ ချစ်သူထံမှ အကူအညီများလည်း ရရှိတတ်သည်။ ပျိုရွယ်သူများအဖို့ နှလုံးသားရေးရာစိတ်ကူးများ ရုပ်လုံးပေါ်လာနိုင်သည်။
အခြားကဏ္ဍများ -  ယခုလမှ စတင်၍ မိမိ အသက်မွေးဝမ်းကျောင်း၊ လုပ်ငန်းစီးပွားအတွက် အရေးကြီးသောနှစ် အပိုင်းအခြားတစ်ခုကို နိဒါန်းပျိုးရမည်။ လုပ်နေကျအလုပ်များ၊ပုံစံများကို ပြောင်းသင့်သမျှ အကုန်လုံး ပြောင်းလဲ အရေခွံချွတ်ပစ်ရလိမ့်မည်။ နှစ်ရှည် ရင်းနှီးမြှုပ်နှံမှုများ စတင်နိုင်မည်။ ရေရှည်အကျိုးမျှော် လုပ်ကိုင်ရတော့မည်။
နေ့ကောင်းရက်သာ - ဒီဇင်ဘာလအတွင်း အင်္ဂလိပ်လို ၅ ၊ ၈ ၊ ၉ ၊ ၁၀ ၊ ၁၂ ၊ ၁၇ ၊ ၁၈ ၊ ၂၁ ၊ ၂၂ ၊ ၂၄ ၊ ၂၅ ၊ ၂၇ ၊ ၃၁ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

#lotaya_horoscope


အပတ်စဉ် အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်



Some text some message..