(၁၂) ရာသီခွင်ဖွားများအတွက် တစ်လစာဗေဒင်ဟောစာတမ်း ( ဇန်နဝါရီ ၊ ၂၀၂၁ )
lotaya.mpt.com.mm
|
2021-01-01

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - လူမှုရေးကဏ္ဍ ပြဿနာများက လုပ်ငန်းအပေါ် ရိုက်ခတ်မှု ရှိလာနိုင်သည်။ လုပ်ဖော်ကိုင်ဖက်၊ မိတ်ဆွေအပေါင်းအသင်းနှင့် ပတ်သက်၍ စိတ်အနှောင့်အယှက် ဖြစ်ရမည်။ ထိုကိစ္စများကြောင့်ပင် လုပ်ငန်းမှာ ထိခိုက်မှု ဖြစ်လာနိုင်သည်။ သို့သော် အဆိုးထဲမှ အကောင်းများကိုလည်း မြင်တွေ့ရမည်။ ၁၀ ရက်နေ့ဝန်းကျင်၌ လုပ်ငန်းကံကောင်းမှုများ ကြုံတွေ့တတ်သည်။ လကုန်ပိုင်းတွင်လည်း ငွေရေးကြေးရေး ကံကောင်းလာလိမ့်မည်။
မေတ္တာရေးရာ - လဆန်းရက်ပိုင်းရက်များတွင် အချစ်ရေး၊ အိမ်ထောင်ရေးကိစ္စများ၌ စိတ်ချမ်းသာစရာ ဖြစ်မည်။ လူပျိုလူလွတ်များ နှလုံးသားရေးရာ လိုအင်ဆန္ဒများ ပြည့်ဝလိမ့်မည်။ တစ်လတာလုံးတွင် အချစ်ရေးကံဇာတာ ကောင်းမွန်နိုင်သော်လည်း လနှောင်းပိုင်းတွင် အချင်းချင်းကြား နားလည်မှုလွဲ၍ စိတ်ညစ်စရာများ ဖြစ်လာမည်။ 
အခြားကဏ္ဍများ  - တစ်လတာလုံးတွင် မိသားစုအရေး စိတ်ချမ်းသာကျေနပ်စရာများ ဖြစ်နေမည်။ အိမ်တွင်းရှိ မိဘ၊ အကြီးအကဲများကပါ မိမိအတွက် အကူအညီများ ပေးအပ်လာမည်။ ယခုလတွင် ကျန်းမာရေး၊ပညာရေး စသည့်ကိစ္စများ ကံကောင်း အဆင်ပြေလိမ့်မည်။ သို့သော် ခရီးကိစ္စများတွင် အခက်အခဲများ ဖြစ်တတ်သည်။
နေ့ကောင်းရက်သာ - ဇန်နဝါရီလအတွင်း အင်္ဂလိပ်လို အင်္ဂလိပ်လို ၁ ၊ ၂ ၊ ၇ ၊ ၉ ၊ ၁၁ ၊ ၁၉ ၊ ၂၀ ၊ ၂၁ ၊ ၂၈ ၊ ၂၉ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။
ပြိဿရာသီဖွား  (ဧပြီ ၂၀ မှ မေ ၂၀ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - လဆန်းပိုင်းမှသည် ၂၀ ရက်နေ့အထိ အလုပ်အကိုင်အခြေအနေ ဟန်မကျဘဲ ဖြစ်တတ်သည်။ ဖြစ်ချင်တာက တစ်မျိုး၊ ဖြစ်လာသည်က တစ်ခြား ကြုံရလိမ့်မည်။ လုပ်ငန်းခွင်၌ အတိုက်အခိုက်များ၊ အငြင်းပွား ဖြေရှင်းစရာများ ရုတ်တရက် ဖြစ်ပေါ်လာနိုင်သည်။ ၂၀ ရက်နောက်ပိုင်းမှသာ အခြေအနေအရပ်ရပ် ကောင်းမွန် တိုးတက်မှု ရှိလိမ့်မည်။ ငွေကြေးကိစ္စတွင် အဝင်ထက် အထွက်က များမည်။ ငွေရှာဖွေရ ခက်ခဲသွားတတ်သည်။
မေတ္တာရေးရာ - လက်ထပ်ဖို့ ရည်ရွယ်ထားသော စုံတွဲများ မျှော်မှန်းသလို အကောင်အထည် ဖော်လာနိုင်မည်။ ချစ်သူစုံတွဲများအကြား လှုပ်ရှားသွားလာမှုများ၊ တက်တက်ကြွကြွနှင့် အတူတကွ ဖြတ်သန်းရမည့် နေ့ရက်များ ရှိလာလိမ့်မည်။ မိသားစုဘဝ မျှော်လင့်နေသူများလည်း ကံကောင်းတတ်သည်။ အချစ်ရေး စိတ်ချမ်းသာရမည်။
အခြားကဏ္ဍများ - အလွန်အင်အားစိုက် လုပ်ကိုင်ခြင်း၊ မနားမနေ ရုန်းကန်ခြင်းကို သတိထားရမည်။ လှုပ်ရှားမှု ပင်ပန်းခံမှုတို့ကြောင့် နေထိုင်မကောင်း ဖြစ်တတ်သည်။ မတော်တဆ ထိခိုက်မှုများလည်း ဖြစ်ပွားတတ်သည်။ မိသားစုအရေးတွင် အချင်းချင်း အမြင်မတူ၊ သဘောကွဲလွဲ၍ အခြေအတင် ဖြစ်ရတတ်သည်။ ငွေကြေးကိစ္စနှင့် ပတ်သက်၍လည်း စကားများရလိမ့်မည်။ ယခုလတွင် ခရီးကိစ္စများ ရှိပါက အောင်မြင်စွာ ဆောင်ရွက်နိုင်မည်။
နေ့ကောင်းရက်သာ - ဇန်နဝါရီလအတွင်း အင်္ဂလိပ်လို ၃ ၊ ၄ ၊ ၈ ၊ ၉ ၊ ၁၁ ၊ ၁၃ ၊ ၁၅ ၊ ၂၁ ၊ ၂၂ ၊ ၂၃ ၊ ၂၄ ၊ ၂၅ ၊ ၂၇ ၊ ၂၈ ၊ ၃၀ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။
မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - အလုပ်အကိုင်ကံဇာတာ ကောင်းမွန်မည့်လ ဖြစ်ပြီး လုပ်ငန်းခွင်မှာလည်း ပျော်ရွှင်ကျေနပ်စရာ ဖြစ်လာလိမ့်မည်။ လုပ်နိုင်စွမ်းအားလည်း များလာ၍ အလုပ်များကို ထိရောက်အောင်မြင်စွာ လုပ်ကိုင်ပြနိုင်မည်။ လုပ်ဖော်ကိုင်ဖက်၊ စပ်တူရှယ်ယာရှင်များထံမှ အကူအညီကောင်းများ ရလာနိုင်သည်။ သို့သော် ငွေကြေးကိစ္စမှာ အခက်အခဲများ ပေါ်လာတတ်သည်။ ငွေကျပ်သွားနိုင်သဖြင့် လုပ်ငန်းသစ် ချဲ့ခြင်း၊ရင်းနှီးမြှုပ်နှံခြင်းမျိုး ရှောင်ပါ။
မေတ္တာရေးရာ - တစ်လလုံးတွင် အချစ်ရေးကဏ္ဍနှင့်ဆက်စပ်သည့်ကိစ္စများ အထင်အရှား ဖြစ်ပေါ်လာနိုင်သည်။ စုံတွဲများအကြား ခါတိုင်းထက် နားလည်မှု ပိုရလာပြီး ပိုမို နီးစပ်သောအခြေအနေထိ ရောက်ရှိသွားတတ်သည်။ ရင်သွေးယူကိစ္စ မျှော်လင့်နေသော အိမ်ထောင်ရှင်များ ဆုတောင်းပြည့်တတ်သည်။ မေတ္တာရေး သာယာမည်။
အခြားကဏ္ဍများ - ယခုလတွင် မိမိအယူအဟောင်းများ စွန့်ခွာ၍ အတွေးသစ်၊ အမြင်သစ်များကို စတင်လက်ခံ ကျင့်သုံးလာတတ်သည်။ နေ့စဉ်လုပ်ရိုးလုပ်စဉ်များကိုပါ ပြောင်းလဲပစ်လာနိုင်သည်။ စိတ်ထဲတွင် အလိုလိုနေရင်း မကြည်မလင်လည်း ဖြစ်နေတတ်သည်။ အလုပ်နှင့် အခြားကိစ္စများ ဖိစိးမှုကြောင့် ကျန်းမာရေး ဂရုစိုက်ရမည်။ ယခုလအတွင်း ခရီးသွားစရာလာစရာများ ပေါ်ပေါက်တတ်သည်။ သို့သော် ကျေနပ်စရာခရီးမျိုး မဖြစ်တတ်ပါ။
နေ့ကောင်းရက်သာ - ဇန်နဝါရီလအတွင်း အင်္ဂလိပ်လို ၁ ၊ ၂ ၊ ၃ ၊ ၄ ၊ ၅ ၊ ၁၁ ၊ ၁၅ ၊ ၁၆ ၊ ၁၇ ၊ ၂၃ ၊ ၂၅ ၊ ၂၆ ၊ ၂၇ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။
ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - လအစပိုင်းရက်များတွင် အလုပ်အကိုင်နှင့် ပတ်သက်သော အခက်အခဲများ ပေါ်လာနိုင်သည်။ သု့ိသော် နောက်ပိုင်းရက်များတွင် လုပ်ငန်းခွင်အတွင်း အဆင်ပြေစိတ်ချမ်းသာစရာများသာ ပြည့်နှက်လာနိုင်ပြီး ကြံစည်လုပ်ဆောင်သမျှလည်း အောင်မြင်တာက များလိမ့်မည်။ သို့သော် လုပ်ငန်းအမြတ်အစွန်း၊ ငွေကြေးကိစ္စ တို့တွင် မကျေလည်စရာများ ဖြစ်တတ်သည်။ ငွေကြေးဘဏ္ဍာရေးကိစ္စ ဆုံးဖြတ်ချက်တိုင်းကို သတိထားရမည်။
မေတ္တာရေးရာ - တစ်လလုံးတွင် ပျမ်းမျှအားဖြင့် အချစ်ရေး၊ အိမ်ထောင်ရေးကိစ္စများ စိတ်ချမ်းသာမှု ရတတ်ပြီး ပထမလဝက်တွင် သိသာထင်ရှားသော မေတ္တာရေးရာ စိတ်ကူးဆန္ဒများ ပြည့်ဝလိမ့်မည်။ လူပျိူလူလွတ်များမှာ ရည်ရွယ်သူနှင့် ဖူးစာပါတတ်ပြီး စန်းပွင့်၊ မျက်နှာပွင့် ဖြစ်နေမည်။ အလုပ်နှင့်နှလုံးသားကြား လွန်ဆွဲရနိုင်သည်။ 
အခြားကဏ္ဍများ - မိသားစုအရေးအတွက် စိတ်ပူခေါင်းရှုပ်စရာများ ခံစားရတတ်သည်။ မိတ်ဆွေများကြားတွင် ပဋိပက္ခနှင့် ငြင်းရခုံရသည်များ ရှိလာနိုင်သည်။ မထင်မှတ်သော ပြဿနာများလည်း ရုတ်တရက် ပေါ်လာနိုင်ပြီး ဖြေရှင်းရ ခက်ခဲတတ်သည်။ ပညာရေးကဏ္ဍတွင်လည်း ရည်မှန်းသလို ဖြစ်မလာ၍ စိတ်ပျက်ရမည်။ ခရီးကိစ္စ၊ အသွားအလာများတွင် မဖြစ်မနေမှလွဲ၍ မသွားတာ ကောင်းမည်။ အကျိုးမဲ့သော ခရီးများသာ ဖြစ်တတ်သည်။
နေ့ကောင်းရက်သာ - ဇန်နဝါရီလအတွင်း အင်္ဂလိပ်လို ၁ ၊ ၂ ၊ ၈ ၊ ၉ ၊ ၁၆ ၊ ၁၈ ၊ ၂၃ ၊ ၂၆ ၊ ၂၇ ၊ ၂၈ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။
သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - ပထမလဝက်အတွင်း လုပ်ငန်းစီးပွားကံဇာတာ အထူးကောင်းမွန်ပြီး အစောပိုင်း ပြဿနာများ အခက်အခဲများကို ကျေလည်အောင် ဖြေရှင်းနိုင်မည်။ လုပ်ဖော်ကိုင်ဖက်များ၏ ကူညီဖေးမမှုလည်း ရရှိလာမည် ဖြစ်၍ ကိုယ့်ဘက်က ကြိုးစားသလောက် ရှေ့ကို ရောက်သွားနိုင်လိမ့်မည်။ လနှောင်းပိုင်းတွင်မူ မထင်မှတ်သည့် အပြောင်းအလဲနှင့် ခက်ခဲကျပ်တည်းမှုများ ဖြစ်ပေါ်လာနိုင်သည်။ အလုပ်နှင့် မိသားစုဘဝကြား ရှုပ်ထွေးမှုများကို ကြုံရတတ်သည်။ ငွေကြေးကံလည်း အားနည်းနိုင်သောကာလ ဖြစ်သည်။ ငွေအတွက် ရုန်းကန်ရတာ များမည်။
မေတ္တာရေးရာ - လဆန်းမှသည် ၂၀ ရက်နေ့အထိ မေတ္တာရေးကံဇာတာ ကောင်းမွန်နေလိမ့်မည်။ စုံတွဲများတွင် အတူနေ ပေါင်းဖက်လိုသည့် ဆန္ဒများ ရှိလာမည်။ မင်္ဂလာရက်မြတ် ရွေးချယ်ရသည့် အခြေအနေထိ ဖြစ်လာရန် ရှိပြီး အိမ်ထောင်ရှင်များတွင်လည်း စိတ်ချမ်းသာကိုယ်ကျန်းမာ ဖြစ်နေမည်။ လူလွတ်များ စန်းပွင့်လာနိုင်သည်။
အခြားကဏ္ဍများ - အိမ်တွင်းရေး စိတ်မချမ်းသာစရာများ ဖြစ်ပွားလာနိုင်သည်။ ညီအစ်ကိုမောင်နှမသားချင်းများ မိသားစုဝင်များကြားတွင် အချင်းချင်း ညှိနှိုင်းမရအောင် ပဋိပက္ခများ ပေါ်လာတတ်သည်။ မိမိကိုယ်တိုင်ကလည်း စိတ်မြန်လက်မြန် ဖြစ်နေ၍ ထိုအချက်ကို ပြုပြင်ရမည်။ ပညာရေးသမားများ ယခုလတွင် စိတ်တိုင်းအောင်မြင်မှု ရယူနိုင်မည်။ ခရီးသွားရန် ရည်ရွယ်ပြင်ဆင်ထားသူများ မျှော်လင့်သလောက် အဆင်မပြေဘဲ ဖြစ်တတ်သည်။
နေ့ကောင်းရက်သာ - ဇန်နဝါရီလအတွင်း အင်္ဂလိပ်လို ၂ ၊ ၇ ၊ ၉ ၊ ၁၀ ၊ ၁၃ ၊ ၁၄ ၊ ၂၄ ၊ ၂၅ ၊ ၂၈ ၊ ၂၉ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။
ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - နှစ်အစ ပထမလတွင် လုပ်ငန်းစီးပွားကံဇာတာ အားနည်းတတ်ပြီး ကြံစည်လုပ်ဆောင်သမျှပါ အလွဲအချော် များနေလိမ့်မည်။ တစ်လလုံးနီးပါး အဆင်မပြေမှုများသာ ဝန်းရံနေတတ်ပြီး လကုန်ပိုင်းရောက်မှ အတော်သင့် ပြန်အဆင်ပြေသွားမည်။ ကိုယ့်ဘက်က ကြိုးစားမှု ရှိသလောက် ရလဒ် မကောင်းဘဲ ဖြစ်နေမည်။ ယခုလတွင် လုပ်ငန်းသစ် စတင်ခြင်း၊ တိုးချဲ့ခြင်းမျိုး မသင့်ပါ။ ငွေရလမ်း ရှိသော်လည်း လက်ထဲ မမြဲ ဖြစ်မည်။
မေတ္တာရေးရာ - လူငယ်လူလွတ်များအဖို့ ယခုလတွင် နှလုံးသားရေးရာ လိုအင်ဆန္ဒများ ပြည့်ဝဖို့ လွယ်နေမည်။ ရည်ရွယ်ထားသည့် ချစ်ရေးချစ်ရာကိစ္စများ အလွယ်တကူ အဆင်ပြေသွားနိုင်သည်။ ပျော်စရာပါးစရာများလည်း တောက်လျှောက် ပေါ်ပေါက်လာတတ်သည်။ လဆန်း ၁၀ ရက်နောက်ပိုင်းတွင် အခွင့်အရေးများ ရရှိလာမည်။
အခြားကဏ္ဍများ - ယခုလတွင်လည်း မိသားစုကိစ္စ အဆင်မပြေမှုများ ဆက်လက် ဖြစ်ပွားနိုင်သည်။ အိမ်တွင်း အပူသောက များတတ်ပြီး မိသားစုဝင်များကြားတွင် နားလည်သည်းခံနိုင်စွမ်း နည်းနေတတ်သည်။ ယခုလတွင် ကျန်းမာရေး အနည်းငယ် ညံ့တတ်သော်လည်း ဆိုးဆိုးရွာရါား မရှိနိုင်ပါ။ ပညာရေးကံကောင်းမည့်လ ဖြစ်သည်။
နေ့ကောင်းရက်သာ - ဇန်နဝါရီလအတွင်း အင်္ဂလိပ်လို ၁ ၊ ၂ ၊ ၃ ၊ ၄ ၊ ၉ ၊ ၁၁ ၊ ၁၃ ၊ ၁၅ ၊ ၁၆ ၊ ၂၃ ၊ ၂၅ ၊ ၃၀ ၊ ၃၁ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။
တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - ယခုလတွင် လုပ်ငန်းဆောင်တာများ လွယ်ကူသက်သာစွာဖြင့် ပြီးမြောက်အောင်မြင်နိုင်မည်။ လုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်နေသော အဖုအထစ်များလည်း ပြေလည်ချောမွေ့သွားလိမ့်မည်။ အနုပညာ (သို့) သတင်းမီဒီယာနှင့် ဆက်သွယ်ရေးလုပ်ငန်းများ ယခုလတွင် ထင်ရှားစွာ အောင်မြင်တတ်သည်။ ဖန်တီးသမျှ အရာတိုင်းကို လူအများက အသိအမှတ်ပြုလာမည်။ ငွေကြေးပိုင်းတွင်မူ စိတ်တိုင်းမကျစရာများ ဖြစ်နေမည်။
မေတ္တာရေးရာ - တစ်လတာလုံးတွင် နှလုံးသားရေးကိစ္စများ အထင်အရှား ပေါ်ပေါက်လာနိုင်သည်။ ချစ်သူစုံတွဲ၊ အိမ်ထောင်ရှင်များအဖို့ နှစ်ဦးကြား နားလည်မှုများ ပိုမို တည်ဆောက်နိုင်မည်။ အထူးသဖြင့် လဆန်း ၁၀ ရက် နောက်ပိုင်းနှင့် လကုန်ပိုင်းတွင် ပျော်ရွှင်စရာများ ရှိလာမည်။ သို့သော် လူလွတ်များ လိုအင်မပြည့်ဝဘဲ ဖြစ်မည်။
အခြားကဏ္ဍများ - ယခုလတွင် မိသားစုဝင်များ၏ ထောက်ပံ့ကူညီမှု ရရှိမည်။ အိမ်တွင်းရေးလည်း သာယာမည်။ မိသားစုအတွင်း သတင်းကောင်း၊ အဆက်အသွယ်ကောင်းများ ရရှိတတ်သည်။ ပညာရေးလိုက်စားသူများအဖို့ ယခုလတွင် အထူးကံကောင်းနိုင်သည်။ သင်တန်းကိစ္စ၊ ပညာရေးလမ်းခရီး ဖြောင့်ဖြူးမည်။ ခရီးသွားလာမှုလည်း ခါတိုင်းထက် ပိုများလာရန် ရှိသည်။ သို့သော် အပျော်အပါး၊ အပန်းဖြေလောက်သာ ကောင်းလိမ့်မည်။
နေ့ကောင်းရက်သာ - ဇန်နဝါရီလအတွင်း အင်္ဂလိပ်လို ၈ ၊ ၉ ၊ ၁၃ ၊ ၁၄ ၊ ၁၅ ၊ ၂၃ ၊ ၂၄ ၊ ၂၆ ၊ ၂၇ ၊ ၂၈ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။
ဗြိစ္ဆာရာသီဖွား  (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - ယခုလ အလုပ်အကိုင်ကံဇာတာ မတည်ငြိမ်မှု ဖြစ်လိမ့်မည်။ လုပ်ငန်းတွင် အခက်အခဲနှင့်အတူ အခွင့်အရေးများပါ ယှဉ်တွဲလာနိုင်သည်။ သို့သော် ကြိုးစားမှုများ အရာမထင်သလို ခံစားရမည်။ လုပ်သလောက် ပြန်မရဘဲ ဖြစ်မည်။ လုပ်ငန်းခွင်ထဲတွင် စိတ်ပင်ပန်းဖိစီးစရာများ ကြုံရတတ်သည်။ စိတ်လိုက်မာန်ပါ လုပ်မိပါက အခြေအနေ ပိုဆိုးတတ်သည်။ ငွေကြေးကံ အားနည်းနိုင်သဖြင့် ငွေရင်းထည့်ဝင်လုပ်ကိုင်မှုမျိုး ရှောင်သင့်သည်။
မေတ္တာရေးရာ - အချစ်ရေး၊ အိမ်ထောင်ရေးကဏ္ဍတွင် တစ်ဖက်သတ် ဖိအားပေးခြင်း၊ ခေါင်းမာတယူသန်ခြင်း၊ ကိုယ်ကချည်း ဖိပြီး ငြင်းခုံခြင်းတို့ ကြုံရတတ်သည်။ လက်တွဲဖော်အပေါ် နားလည်မှု ပိုပေးရန် လိုလာလိမ့်မည်။ နှစ်ဦးကြား ပြဿနာ ဖြစ်တတ်သော်လည်း ကြားထဲတွင် ပျော်ရွှင်စရာ အခိုက်အတန့်များကို ဖြတ်သန်းရမည်။
အခြားကဏ္ဍများ - လူရင်းမျာ၊ မိသားစုရင်းချာများ၊ နီးစပ်ခင်မင်ရသူများနှင့် အဆင်မပြေ ဖြစ်မည်။ အချင်းချင်း သဘောထားကွဲလွဲပြီး နှစ်ဖက်ဆက်ဆံရေးပါ ထိခိုက်တတ်သည်။ စိတ်ဖိစီး ရှုပ်ထွေးစရာကိစ္စများထဲ ပါဝင်ရပြီး ကိုယ်ပါရော၍ ဒေါသထွက်ရလိမ့်မည်။ ကျန်းမာရေး ကောင်းမွန်သော်လည်း မတော်တဆ သွေးထွက်သံယိုမျိုး ဖြစ်ပွားတတ်သည်။ ပညာရေး အားနည်းချိန် ဖြစ်သည်။ ခရီးသွားလာ လှည့်ပတ်မှုများ လုပ်ဆောင်နိုင်သည်။
နေ့ကောင်းရက်သာ - ဇန်နဝါရီလအတွင်း အင်္ဂလိပ်လို ၄ ၊ ၈ ၊ ၉ ၊ ၁၀ ၊ ၁၃ ၊ ၁၄ ၊ ၁၆ ၊ ၁၇ ၊ ၂၇ ၊ ၂၈ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။
ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - နှစ်သစ်အစတွင် ခါတိုင်းထက် ပို၍ အလုပ်များ၊ တာဝန်ကြီးလာနိုင်ပြီး နေ့စဉ်လုပ်ငန်းများတွင် မရပ်မနား လုပ်ကိုင်စရာများ တန်းစီလာလိမ့်မည်။ အလုပ်ထဲတွင် အဆင်ပြေတစ်လှည့်၊ မပြေတစ်လှည့် ဖြစ်ပြီး အကောင်းအဆိုးများ ဒွန်တွဲ ဖြစ်ပေါ်နေမည်။ အလုပ်ဒဏ်ပိ၍ ကျန်းမာရေး ကျဆင်းတတ်သည်။ အထူးသဖြင့် လလယ်ပိုင်းတွင် သတိထားရမည်။ ငွေကြေးပိုင်းတွင် မကျေနပ်စရာ ဖြစ်တတ်သော်လည်း ငွေဝင်ကိန်းရှိသည်။
မေတ္တာရေးရာ - ပထမပတ်နှင့် နောက်ဆုံးပတ်များတွင် ချစ်မေတ္တာရေးကံကြမ္မာ ထူးခြားကောင်းမွန်တတ်သည်။ လူပျိုလူလွတ်များအဖို့ နီးစပ်ရာအသိုင်းအဝိုင်းကပင် လက်တွဲဖော် ရှာတွေ့တတ်သည်။ နှစ်ဦးသား ဆက်ဆံရေး လမ်းကြောင်းသစ်ကို လဆန်းနှင့်လကုန်ပိုင်းတွင် ထူထောင်နိုင်မည်။ စိတ်ကျေနပ်ဖွယ်အခြေအနေများ ရှိမည်။
အခြားကဏ္ဍများ - ငွေမည်မျှ ဝင်သည် ဖြစ်စေ တစ်ဖက်တွင် အကုန်အကျ အလွန် များလာနိုင်သော ကာလမျိုး ဖြစ်သည်။ အိတ်ပေါက်နှင့်ဖားကောက်သလို အဖတ်မတင်ဘဲ ဖြစ်နေမည်။ မိသားစုရေးကိစ္စများအတွင် ငွေကြေး အသုံးအစွဲ များလာနိုင်သည်။ ပညာရေးကဏ္ဍတွင် ခက်ခဲနှောင့်နှေးလိမ့်မည်။ ခရီးကိစ္စလည်း အကျိုးမဲ့နိုင်သည်။ 
နေ့ကောင်းရက်သာ - ဇန်နဝါရီလအတွင်း အင်္ဂလိပ်လို ၉ ၊ ၁၀ ၊ ၁၁ ၊ ၁၈ ၊ ၁၉ ၊ ၂၀ ၊ ၂၇ ၊ ၂၈ ၊ ၃၀ ၊ ၃၁ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။
မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - ယခုလတွင်လည်း အလုပ်အကိုင်အခြေအနေ အားနည်းတတ်ပြီး ကြိုးစားမှုများက ခရီးမတွင် မအောင်မြင်ဘဲ ဖြစ်နေလိမ့်မည်။ နေ့စဉ် လုပ်ငန်းဆောင်တာများတွင်လည်း အခက်အခဲများ အမြဲ ရှိနေတတ်ပြီး အကျိုးရလဒ်ပိုင်းမှာ ကျေနပ်စရာ မရှိဘဲ ဖြစ်နေမည်။ လုပ်ငန်းခွင်အတွင်း လူမှုဆက်ဆံရေး ပြဿနာများလည်း ဖြစ်ပွားတတ်သည်။ အလုပ်ကံ ညံ့သော်လည်း ငွေကြေးကံဇာတာ ကောင်းနေသည်။ ငွေဝင်ကိန်း ရှိနေသည်။
မေတ္တာရေးရာ - ဆွဲဆောင်အားကောင်းနေသော ကာလ ဖြစ်၍ မည်သည့် အချစ်ရေးကိစ္စတွင်မဆို ကိုယ်ကသာ ဦးစားပေး နေရာရနေလိမ့်မည်။ ပထမပတ်နောက်ပိုင်းတွင် မေတ္တာရေးကံ မြင့်မားလာပြီး ပျော်ရွှင်ဖွယ်ရာများနှင့် ကြုံရတတ်သည်။ သို့သော် နှလုံးသားရေးနှင့် အလုပ်အကိုင်၊ ငွေကြေးကိစ္စများအကြား ဗျာများစရာ ရှိလာမည်။
အခြားကဏ္ဍများ - ယခုလတွင် မိသားစုကိစ္စ ရတက်မအေးစရာများ ဖြစ်လာနိုင်သည်။ လူကြီးမိဘများနှင့်လည်း အကြိတ်အနယ် ဖြစ်ရတတ်သည်။ အိမ်တွင်းရေး သာယာမှုရအောင် မနည်း ကြိုးစားနေရမည်။ ကျန်းမာရေးရာ ပြဿနာတချို့ ဖြစ်တတ်သည်။ ပညာရေးလမ်းကြောင်းများ ခက်ခဲကြန့်ကြာမည်။ ခရီးကိစ္စ အဆင်မပြေနိုင်ပါ။
နေ့ကောင်းရက်သာ - ဇန်နဝါရီလအတွင်း အင်္ဂလိပ်လို ၉ ၊ ၁၁ ၊ ၁၄ ၊ ၁၅ ၊ ၂၁ ၊ ၂၂ ၊ ၂၃ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။
ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - လုပ်ငန်းစီးပွားကိစ္စတွင် အပြိုင်အဆိုင်နှင့်တကွ တိုးတက်အောင်မြင်ရန် ရှိနေသည်။ သာမန်လို နေထိုင်လုပ်ကိုင်၍ မရတော့ဘဲ သူတကာထက် နှာတစ်ဖျားမက သာနေမှ ဖြစ်လိမ့်မည်။ အတိုက်အခံ များလေ အောင်မြင်လေ ဖြစ်မည်။ မထင်မှတ်သော အလှည့်အပြောင်းများ၊ ကစားကွက်များလည်း ရှိလာမည်။ လုပ်ငန်း၌ မရပ်မနားလည်ပတ်လုပ်ကိုင်ရမည်။ ငွေကြေးကံလည်း ကောင်းနေမည်။ မမျှော်လင့်ဘဲ ပွပေါက်တိုးတတ်သည်။
မေတ္တာရေးရာ - ချစ်သူ၊ လက်တွဲဖော်၊ အိမ်ထောင်ဖက်များအကြား စေ့စပ်ညှိနှိုင်းရန် ခက်လာနိုင်ပြီး ရန်စကား အမုန်းစကားများသာ လွှမ်းမိုးလာတတ်သည်။ အချင်းချင်း သည်းမခံနိုင် ဖြစ်နေပြီး အကဲဆတ် ရန်လိုချင်သည့် အခြေအနေမျိုး ဖြစ်တတ်သည်။ သို့သော် လနှောင်းပိုင်း ရောက်လာသည်နှင့်ပြန်လည် စိတ်ချမ်းသာရလိမ့်မည်။
အခြားကဏ္ဍများ - မိသားစုနှင့် မိမိအကြား ပေါက်ကွဲလွယ်သည့် အနေအထားမျိုး ဖြစ်လာမည်။ နားလည်မှုများ မယူနိုင်ဘဲ အများနှင့်တစ်ယောက် အခြေအတင် ဖြစ်ရတတ်သည်။ ကိုယ်တိုင်ကလည်း စကားမှား စကားလွန်၍ ရှင်းမရနိုင်အောင် ဖြစ်သွားနိုင်သည်။ ကျန်းမာရေး မဆိုးသော်လည်း စိတ်ဖိစီးမှုဒဏ် ခံရမည်။ ပညာရေးလမ်းကို လိုက်စားသူများ အလွန် ရုန်းကန်နိုင်မှ အဆင်ပြေမည်။ ခရီးအသွားအလာများ ထင်ထားသည့်နှင့် လွဲလိမ့်မည်။
နေ့ကောင်းရက်သာ - ဇန်နဝါရီလအတွင်း အင်္ဂလိပ်လို ၁၃ ၊ ၁၄ ၊ ၁၅ ၊ ၁၉ ၊ ၂၀ ၊ ၂၃ ၊ ၂၄ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။
မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အတွင်း မွေးဖွားသူများ)
ငွေကြေးစီးပွား - ယခုလတွင် စိတ်ဓာတ် ကျဆင်းဖွယ်ရာ လုပ်ငန်းအခြေအနေတချို့ကို ရင်ဆိုင်ရကိန်း ရှိသည်။ လူအများနှင့် ဆက်ဆံရေး အဆင်မပြေမှုကြောင့် လုပ်ငန်းခွင်ထဲမှာပါ စိတ်ပျက်စရာ ဖြစ်နေမည်။ အကူအညီများ မရဘဲ ကိုယ့်တစ်ယောက်တည်း ရုန်းကန်လှုပ်ရှားရတတ်သည်။ အလုပ်ထဲတွင် အခြေအတင် ယှဉ်ပြောရသည့် အဖြစ်အပျက်များ ရှိလာမည်။ အလုပ် သိပ်မကောင်းသော်လည်း ငွေကြေးပိုင်းတွင်မူ ကံဇာတာ တက်နေမည်။
မေတ္တာရေးရာ - ပျိုရွယ်သူများအဖို့ ယခုလဆန်းမှ စ၍ စန်းပွင့် ဇာတာတက်သည့် အခြေအနေများ ကြုံလာရပြီး စုံတွဲများတွင်လည်း စိတ်ချမ်းသာပျော်ရွှင်စရာများကို အတူတကွ ဖန်တီးနိုင်မည်။ လူမှုပွဲလမ်းကိစ္စများတွင်အတူ ယှဉ်တွဲ ဖြတ်သန်းရတတ်သည်။ သို့သော် လနှောင်းပိုင်းတွင် အခြေအနေ အကောင်းအဆိုး ရောထွေးလိမ့်မည်။
အခြားကဏ္ဍများ -  ယခုလထဲတွင် ခရီးအသွားအလာများ အဆင်မပြေ ဖြစ်မည်။ အဆက်အသွယ်များနှင့်လည်း ချိတ်ဆက်မရဘဲ ဖြစ်နေမည်။ အဆိုပါကိစ္စများတွင် မျှော်လင့်မထားသော အခက်အခဲတို့ ဖြစ်ပေါ်လာနိုင်သည်။ မိသားစုထဲတွင် ကောင်းဆိုးနှစ်တန် အဖြစ်အပျက်များ ရှိလာမည်။ ပညာရေးကိစ္စများ ကြိုးစားမှု အရာထင်မည်။
နေ့ကောင်းရက်သာ - ဇန်နဝါရီလအတွင်း အင်္ဂလိပ်လို ၁ ၊ ၇ ၊ ၉ ၊ ၁၁ ၊ ၁၃ ၊ ၁၆ ၊ ၁၇ ၊ ၁၈ ၊ ၂၁ ၊ ၂၆ ၊ ၂၇ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

#lotaya_horoscope


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..