"အစိမ်းသေ " ဇာတ်လမ်း / စာရေးသူ - လွင်ဦးဟန်
lotaya.mpt.com.mm
|
2019-08-15

“ ကလင်.......ကလင်....ကလင်...ကလင်.....”

အိပ်မောကျနေတုန်း ဆူညံလွန်းတဲ့တယ်လီဖုန်းသံကြောင့် ကျွန်တော်အိပ်ရာကနေ ရုတ်တရက် ငုတ်တုပ်ထထိုင်ပြီး စားပွဲပေါ်က လက်ပတ်နာရီကိုယူကြည့်လိုက်မိတယ်။ နာရီလက်တံတွေက ညဆယ့်တစ်နာရီထိုးဖို့ ငါးမိနစ်သာ လိုပါတော့တယ်။အကြောင်းတစ်စုံတစ်ခု

ရှိပြီဆိုတာ သိလိုက်တာကြောင့်အိပ်ရာထဲကအမြန်ထပြီး တယ်လီဖုန်းရှိရာ ဧည့်ခန်းထဲကို မပြေးရုံ ထွက်သွားရပါတော့တယ်။

“ ဟယ်လို..အမိန့်ရှိပါခင်ဗျာ ”

“ ကိုလေးလား ”

“ ဟုတ်ပါတယ် ကိုအောင်ကြည်မဟုတ်လား ”

“ ဟုတ်တယ်ညီလေး ”

( XXX ) ဆေးရုံကြီး ရင်ခွဲရုံက ကိုအောင်ကြည်ရဲ့အသံဆိုတာ သိလိုက်ရတဲ့အခါ မသာပို့ဖို့ဆိုတာအလိုလိုသိလိုက်ပါတယ်။ ကျွန်တော်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်လောက်ကတည်းက စေတနာ့ဝန်ထမ်းသဘောမျိုးနဲ့ ဆေးရုံကနေ နယ်ကိုပြန်ကြမယ့် လူနာတွေနဲ့ သက်မဲ့ခန္တာကိုယ်တွေကို ကိုယ့်ကားနဲ့ကိုယ်လိုက်ပို့ပေးပြီး ပရဟိတတွေ လုပ်ဆောင်ခဲ့ပါတယ်။အဲဒီအတွေ့အကြုံတွေထဲကမှ ထူးခြားဆန်းဆန်းကြယ်တဲ့ ဖြစ်ရပ်တွေထဲကအစိမ်းသေလို့အမည်ပေးပြီး ရေးသားလိုက်ရပါတယ်။

“အခုလာခဲ့မယ် ကိုအောင်ကြည်။ စာရွက်စာတမ်းစုံတယ်မဟုတ်လား ”

“ စုံပြီညီလေး။အစ်ကိုအကုန်လုပ်ထားပြီးပြီ ”

“ ကျွန်တော် မျက်နှာသစ်ပြီးတာနဲ့ လာခဲ့ပါ့မယ် ”

“အေးအေးဆေးဆေးသာလုပ်။အစ်ကို စောင့်နေမယ် ”

“ ဟုတ်ကဲ့အစ်ကို ”

ဖုန်းကို ပုခက်ပေါ်တင်ပြီးတာနဲ့အိမ်နောက်ဖေးကို ထွက်ခဲ့ပါတယ်။အဲဒီအချိန်မှာ မေမေကအိမ်သာထဲကထွက်လာပါတယ်။

“ သားငယ်.....ဘယ်သူလဲ ”

“ ကိုအောင်ကြည် ဖုန်းဆက်တာ မေမေ။ မေမေ တစ်ရေးနိုးတာလား ”

“ ဟုတ်တယ်သားငယ်။ ဖုန်းသံကြားလို့ နိုးသွားတာနဲ့အပေါ့ထသွားတာ။ ကားကို ဂရုစိုက်ပြီးမောင်းဦး ”

“ ဟုတ်ကဲ့ မေမေ ”

ကျွန်တော် မျက်နှာကပြာကယာသစ်ပြီးတာနဲ့အဝတ်အစားတစ်စုံအပိုယူ၊ လိုအပ်တာတွေထည့်ပြီး ဆေးရုံကြီးကိုမောင်းခဲ့ပါတော့

တယ်။ ဆေးရုံကြီးရောက်တော့ ကားကို ရင်ခွဲရုံက လူသွားစြင်္ကံနားအထိ မောင်းသွားပြီး ကားကိုရပ်လိုက်ပါတယ်။ ကိုအောင်ကြည်က ရင်ခွဲရုံ

ရှေ့မှာရပ်စောင့်နေပါတယ်။

“ မြန်လှချည်လား ”

“ မြန်မြန်ပဲအစ်ကိုရေ။အစ်ကိုက ကျွန်တော့်ကို စောင့်နေတာလား ”

“ ဟုတ်တယ်ကွ။ ငါအလုပ်လုပ်နေရင် မင်းလိုက်ရှာနေရမှာစိုးလို့ ”

“ ဘာလဲ....ရင်ခွဲနေတာလား ”

“ ဟုတ်တယ် ညီလေး။ ဒီနေ့ညနေတင် လေးလောင်းရှိပြီ ”

“အလောင်းက ဘယ်မှာလဲအစ်ကို ”

“ ရေခဲတိုက်ထဲရောက်နေပြီ ”

“ ဘယ်ကို ပို့ပေးရမှာလဲ ”

“ ဇီးကုန်းလို့ပြောတာပဲကွ ”

“ ဇီးကုန်းကနေ ရန်ကုန်မှာ ဆေးရုံလာတက်တာလားအစ်ကို ”

“ မဟုတ်ဘူးကွ။ မင်းကို ပြောပြစရာရှိတယ် ”

“ ပြောပါအစ်ကို ”

“ မင်းပို့ရမယ့်မသာက တစ်လောင်းတည်းမဟုတ်ဘူးကွ။ နှစ်လောင်း ”

“ ဗျာ......နှစ်လောင်းစလုံး ဇီးကုန်းကိုပို့ရမှာလားအစ်ကို ”

“ သိပ်ဟုတ်တာပေါ့ ”

“ ဘယ်လိုဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ရတာလဲဗျာ ”

“အဲဒါ ပြောချင်တာ ”

“ ပြောပြစမ်းပါဦးအစ်ကိုရာ ”

“ လာကွာ.....ဟိုနားမှာ ဆေးလိပ်သောက်ရင်း ခဏထိုင်ပြီးပြောကြတာပေါ့ ”

ကျွန်တော်နဲ့ကိုအောင်ကြည်တို့နှစ်ယောက် ရင်ခွဲရုံရှေ့က စြင်္ကံမှာထိုင်ချလိုက်ပြီး စီးကရက်တစ်လိပ်စီ ဖွာလိုက်ကြပါတယ်။

“ ဒီလိုကွ ညီလေးရ။ မင်းလိုက်ပို့ရမယ့် မသာနှစ်လောင်းက သားအမိကွ ”

“ ဗျာ....... ”

“ ဇီးကုန်းကနေ ရန်ကုန်လာလည်းရင်း ဈေးကအပြန် လမ်းဖြတ်ကူးနေတုန်း ဟိုင်းလက်ကားနဲ့တိုက်ပြီး သားအမိနှစ်ယောက်စလုံး သေသွား ခဲ့တာ။ ကလေးက သုံးနှစ်သား ယောက်ျားလေးကွ။ မိန်းမက ကိုယ်ဝန်ဆောင်သည်။ ဗိုက်ထဲမှာ ကလေးက သုံးလသားလောက်ရှိပြီ ”

“ ဟာ....ကျွတ်......ကျွတ်.....။ သနားစရာဗျာ။ ဘယ်နေ့ကဖြစ်တာလဲ ”

“ မနေ့မနက်ကမှဖြစ်တာ။ ဒီနေ့ညမှ ရင်ခွဲဖြစ်တယ် ”

“ မင်းက မကြောက်တတ်တော့ ထူးဆန်းတာ ပြောပြမယ်ကွ ”

“ လုပ်စမ်းပါဦးအစ်ကိုရာ ”

“ ကားကအဲဒီအမျိုးသမီးကိုတိုက်ပြီး ဗိုက်ကို တက်ကြိတ်တယ်ထင်တယ်။ ဗိုက်ကပွင့်ပြီး သားအိမ်ထဲက ကလေးပါအပြင်ထွက်သွားတယ်။

အဲဒီမိန်းမကို ရင်ခွဲတော့ ငုတ်တုပ်ကြီး ထထိုင်တယ်ကွ......အဟေး..... ”

“ ဗျာ......... ”

“ ငါလည်း ရုတ်တရက်ဆိုတော့ လန့်သွားတာပေါ့ကွာ။ လက်တွေ ခြေထောက်တွေလှုပ်တာ မဆန်းပါဘူး။ တစ်ခါတစ်လေ ခွဲစိတ်

ဖြတ်တောက်ရင်းအကြောထိသွားတာမျိုးဆို ဆတ်ကနဲလှုပ်တတ်တယ်။အခုဟာက ငုတ်တုပ်ထထိုင်တာကွ ”

“ ဟာ....ဘယ်လိုဖြစ်တာတုန်း ”

“ သူ့ဗိုက်ထဲက ကလေးကို ထုတ်လိုက်ပြီးချိန်မှာ ငုတ်တုပ်ထထိုင်တာ။ ဒီထက်ပိုပြီးအံ့သြစရာကောင်းတာက မျက်လုံးပါ ပွင့်နေတယ် ငါ့ညီရေ ”

“ ဟောဗျာ.....။ ခြောက်တာလားအစ်ကို ”

“ ငါ့အထင်တော့ သူ့ရင်သွေးကို စွဲပြီးအဲဒီလိုဖြစ်တာနဲ့တူတယ် ”

“ ဗိုက်ထဲက ကလေးအလောင်းကို လွှင့်ပစ်လိုက်ပြီလားအစ်ကို ”

“ ရှိသေးတယ်ကွ။ ကြည့်ချင်လို့လား ”

“ ဟုတ်ကဲ့ ”

“ လာ.....၊ ပြမယ် ”

ကိုအောင်ကြည်က သောက်လက်စ စီးကရက်ကို တောက်ထုတ်လိုက်ပြီး ထိုင်ရာက ထလိုက်တာနဲ့ ကျွန်တော်လည်း စီးကရက်ကို

စြင်္ကံပေါ်မှာ ငြိမ်းသတ်လိုက်ပြီး ကိုအောင်ကြည်နောက်ကနေ ရင်ခွဲရုံထဲကို လိုက်သွားပါတော့တယ်။ ရင်ခွဲရုံထဲကို ခွင့်ပြုချက်မရဘဲ ဝင်ခွင့်

မရှိပေမယ့် ကျွန်တော်ကတော့အခါအားလျော်စွာ ရောက်တတ်ပါတယ်။ ရင်ခွဲရုံထဲရောက်တော့ ညှီစို့စို့အနံ့ကအော်ဂလီဆန်စရာကောင်း

လွန်းလှပါတယ်။အနံ့ယဉ်ပါးနေသူအတွက်ကတော့ ဘာမှမဖြစ်ပေမယ့် စိမ်းတဲ့သူအတွက်တော့ ပျို့အန်မိမှာအမှန်ပါ။ ပြူတင်းပေါက်မှန်

တွေကို ဆေးအဖြူနဲ့ မညီမညာသုတ်ထားတဲ့ ရင်ခွဲရုံထဲမှာ မီးချောင်းသုံးချောင်းရှိတဲ့အထဲက တစ်ချောင်းပဲလင်းနေပါတယ်။ ရင်ခွဲစင်ပေါ်မှာက

အသက်လေးဆယ်ကျော်အမျိုးသားတစ်ယောက်ကို ရင်ခွဲထားတာ တွေ့ရပါတယ်။

“ ကလေးက ဘယ်မှာလဲအစ်ကို ”

“ ဒီမှာကွ ”

ကိုအောင်ကြည်က ပလပ်စတတ်အိတ်ထဲက ကလေးကို ထုတ်ပြပါတယ်။ ကျွန်တော်အသေအချာကိုင်ကြည့်တဲ့အခါ လက်ဖဝါး

တောင်မပြည့်ချင်ပါဘူး။ လူဖြစ်ခွင့်မရတဲ့ကလေးကတော့ မျက်လုံးလေးမှိတ်ပြီး လောကကြီးထဲကနေ ထွက်ခွာသွားပါပြီ။

“ စိတ်မကောင်းလိုက်တာအစ်ကိုရယ် ”

“ ကံစီမံရာပေါ့ကွာ။ ငါဆိုရင် နေ့တဓူဝ မမြင်ချင်တာတွေ မြင်တွေ့နေရတာပါ ညီလေးရာ ”

“ ဟုတ်ပါတယ်။ သူ့ဆွေမျိုးတွေ ဘယ်နှစ်ယောက် လိုက်မှာလဲ ”

“ နှစ်ယောက်လိုက်မယ်ထင်တယ်”

“အလောင်းက နှစ်လောင်း၊ လူနှစ်ယောက်ဆိုအဆင်ပြေမယ် မထင်ဘူး ”

“ ဒါတော့ မင်းဟာမင်းပဲ ပြောကြည့်ပေါ့ကွာ။ ဗိုက်ထဲက ကလေးကတော့ ပြန်မပါတော့ဘူး။ သူ့သားရယ် သူရယ်ပဲပါမယ် ”

“ ကလေးကို ဘယ်လိုလုပ်မလဲအစ်ကို”

“ ကလေးက လက်သီးဆုပ်စာလောက်ရှိသေးတာကွာ။ ထုံးစံအတိုင်း လုပ်ရမှာပေါ့ ”

“ ဖြစ်ရလေဗျာ။အချိန်ရှိတုန်း လိုက်ပို့လိုက်ဦးမယ်ဗျာ ”

အသက်မဲ့နေတဲ့ ကလေးရုပ်အလောင်းကို ပလပ်စတစ်အိတ်ထဲပြန်ထည့်ပြီး လက်ဆေးရင်းအလောင်းတွေပို့ဖို့ မေးရပါတယ်။

“ ဆေးရုံကြီးအပေါက်ဝမှာ မသာရဲ့ဆွေမျိုးနှစ်ယောက်ရှိတယ်။ ငွေကြေးလည်းမတတ်နိုင်ကြဘူးကွာ။ ဒါကြောင့် မင်းကို ခေါ်လိုက်ရတာ ”

“ ရပါတယ်အစ်ကိုရာ ”

“ ငါနဲ့လိုက်ခဲ့ညီလေး ”

“ ဟုတ်ကဲ့အစ်ကို။ ကျွန်တော့်ကားနဲ့ပဲသွားလိုက်တော့မယ်လေ ”

“ ကားထားခဲ့လေ၊ ပြီးရင်အလောင်းလာယူရဦးမယ် မဟုတ်လား ”

“ ဒါဆိုလည်း လမ်းလျှောက်ကြတာပေါ့ဗျာ ”

ကျွန်တော်နဲ့ ကိုအောင်ကြည်တို့နှစ်ယောက် ရေခဲတိုက်သွားရာ လူသွားစြင်္ကံန်ကနေ ဆေးရုံကြီးထဲကိုဝင်ပြီးအရှေ့ပေါက်ကို

ထွက်လာခဲ့ကြပါတယ်။ ဆေးရုံကြီး ပေါ်တီကိုအောက်သို့ရောက်သည့်အခါအထုပ်အပိုးတွေနဲ့ ထိုင်စောင့်နေကြတဲ့အမျိုးသမီးနှစ်ယောက်

က ကိုအောင်ကြည်နဲ့ ကျွန်တော့်ကိုအားတက်သရော ကြည့်နေကြပါတယ်။ ( ထိုစဉ်အချိန်ကအသုဘကားဆိုလို့ ဦးအေးမောင်နဲ့

ဦးပန်ချာတို့ရဲ့ နာရေးကားပဲရှိပါတယ် )

“ ခင်ဗျားတို့ကို လိုက်ပို့မယ့်သူက သူပဲ ”

“အစ်မတို့က ဘယ်နှစ်ယောက်လိုက်ကြမှာလဲ ”

“ နှစ်ယောက်ပါ မောင်လေး။အစ်မတို့က ဆုံးသွားတဲ့ စန်းစန်းရီရဲ့အစ်မတွေပါ။အစ်မတို့ဆီ လာလည်ရင်းအ...အခုလိုဖြစ်သွားကြတာပါ”

“အရှေ့ခုံမှာ တစ်ယောက်ပဲ ရမယ်အစ်မ။ နောက်မှာအသုဘတွေနဲ့အတူ လိုက်ရဲရင်တော့ လိုက်ခဲ့လို့ရပါတယ် ”

“ မကြောက်ပါဘူး မောင်လေးရယ်။ လိုက်ပါ့မယ် ”

“ သေစာရင်းရပြီလားအစ်မ ”

“ ငါပဲအကုန်လုပ်ပေးလိုက်ပြီ ညီလေး ”

“ ဟုတ်ကဲ့အစ်ကို ”

“ ကားခ သိပ်မတတ်နိုင်ဘူး မောင်လေးရယ်။ ဘယ်လောက်ပေးရမှာလဲဟင် ”

“ ဟာ....၊ ပေးစရာမလိုပါဘူးအစ်မရယ်။ ကျွန်တော်က စေတနာနဲ့ ကူညီတာပါ ”

“ သာဓု ခေါ်ပါတယ် မောင်လေးရယ်။ မနက်မိုးမလင်းခင် ရွာရောက်ချင်တယ် ”

“ ဇီးကုန်းမြို့ပေါ်မဟုတ်ဘူးလားအစ်မ ”

“ ဇီးကုန်းကနေ ရွာထဲကို နာရီဝက်လောက်သွားရသေးတယ် မောင်လေး ”

ရွာကိုဆက်ဝင်ရသေးတယ်ဆိုတော့ ကျွန်တော် နည်းနည်းတော့ တွန့်သွားမိပါတယ်။ လမ်းဆိုးရင် ကားအောက်ပိုင်းတွေ ပျက်စီးလို့ မကြာခဏပြင်ရပါတယ်။ သို့သော်လည်း ပို့မယ့်ပို့ ကူးတို့ရောက်အောင် ပို့ရပါတော့မယ် ။

“အစ်ကို........အလောင်းထုတ်ပြီး ကားပေါ်တင်ဖို့လုပ်ပေးပါဦး ”

“အေး....၊ ငါ စီစဉ်ပေးမယ် ”

ရေခဲတိုက်ထဲက ထုတ်ယူလာတဲ့အလောင်းနှစ်လောင်းကိုအဝတ်အစားဝတ်၊ စောင်နဲ့ပတ်ပေးရတဲ့အလုပ်တွေကို ဝိုင်းကူဖြစ်ပါတယ်။

ဝိုင်းကူရတာကလည်း ရေခဲတိုက်မှာ တာဝန်ကျနေတဲ့သူနှစ်ယောက်စလုံးကအရက်တွေသောက်ထားပြီး ဒယီးဒယိုင်ဖြစ်နေကြလို့ပါ။ သေဆုံး

သူအမျိုးသမီးကအသက်နှစ်ဆယ့်ငါးနှစ်ကျော်ကျော်လောက်ပဲ ရှိပါဦးမယ်။ မျက်နှာညာဘက်ခြမ်းက ညိုမည်းပြီး ဖူးယောင်နေပါတယ်။

အောက်နှုတ်ခမ်းကလည်း ဟက်တက်ကွဲလို့ ပြန်ချုပ်ထားပါတယ်။အသားဖြူဖြူ၊ မျက်ခုံးကောင်းကောင်းနဲ့ပါ။ ညာဘက်ပါးမှတော့ စပယ်

တင်မှဲ့တစ်လုံးက ထင်ထင်ရှားရှားရှိနေပါတယ်။ သက်ရှိထင်ရှားရှိခဲ့စဉ်ကအတော်လေးကြည့်ပျော်ရှုပျော်ရှိမယ့်ပုံပါပဲ။ ဗိုက်မှာတော့ချုပ်ရိုး

ကြောင်းကြီးတွေပွထနေပါတယ်။ ကြည့်ရတာ ပွင့်ထွက်သွားပြီး စုတ်ပြဲနေတဲ့အရေပြားတွေကို ပြန်ဆွဲချုပ်ထားပုံရပါတယ်။ ကလေးငယ်လေးရဲ့

အလောင်းကိုကြည့်လိုက်ပြန်တော့ မျက်နှာတစ်ခုလုံး ညိုမည်းပြီး ဘက်ဘက်မျက်ခုံးကွဲနေပါတယ်။ နောက်စေ့ကလည်း ချိုင့်ဝင်နေပါတယ်။ သားအမိနှစ်ယောက်ရဲ့အလောင်းကိုကြည့်ပြီး စိတ်မကောင်းဖြစ်ခဲ့မိပါတယ်။

************

ဆေးရုံကြီးကထွက်လာတော့ ညဆယ့်နှစ်နာရီကျော်ပါပြီ။ ကျွန်တော်လည်း မနက်မိုးမလင်းခင် ဇီးကုန်းကိုရောက်ချင်ဇောနဲ့ ကားကို စက်ကုန်ဖွင့်ပြီး မောင်းလာခဲ့တယ်။ ရန်ကုန်ပြည်လမ်းမပေါ်မှာ ကုန်ကားကြီး တစ်စီးတစ်လေကလွဲပြီး ရှင်းနေပါတယ်။ ကားလမ်းမပေါ်မှာ ခုန်ဆွခုန်ဆွနဲ့ ဖြတ်ပြေးနေကြတဲ့ ဖားသူငယ်လေးတွေကို ကားတာယာနဲ့ တဖောင်းဖောင်းတက်ကြိတ်နေတဲ့အသံတွေကို ကားစက်သံကြားက

နေအတိုင်းသား ကြားနေရပါတယ်။ ကားနောက်ခန်းမှာတော့ ကလေးငယ်အလောင်းနဲ့ မိခင်အလောင်းကအခန့်သားနဲ့ ဆန့်ဆန့်ကြီး လိုက်ပါ

လာပါတယ်။အမျိုးသမီးအလောင်းဘေးမှာတော့ သေဆုံးသူအမျိုးသမီးနဲ့အစ်မတော်စပ်သူက ထိုင်လျက်လိုက်ပါလာပါတယ်။အရှေ့ခန်းက

ကျွန်တော့်ဘေးထိုင်ခုံမှာတော့ သေဆုံးသူရဲ့အစ်မတစ်ယောက်က လိုက်ပါလာပါတယ်။

“ သူသေတာ သူ့ယောကျ်ားတောင် မသိသေးဘူး ”

“ ဘယ်လိုဖြစ်လို့လဲအစ်မ ”

“ သူ့ယောက်ျားက သာဝတ္ထိကိုရောက်နေတယ်။ သူ့ကိုအကြောင်းကြားထားတယ် ”

“အဲဒီအစ်မ ကံဆိုးလိုက်တာ ”

“အဲဒီနေ့က သူ့ကိုဈေးမသွားပါနဲ့လို့အစ်မကိုယ်တိုင်ပြောခဲ့တာ။ သူ့သားကလည်း ကံပါလာတယ်ထင်ပါတယ်။ သူ့အမေနောက်

ကို လိုက်သွားတယ်။အစ်မလည်း စိတ်မချလို့ သူတို့နဲ့အတူလိုက်သွားတယ်။ ကားမှတ်တိုင်ရောက်တော့ မှတ်တိုင်မှာရပ်နေတဲ့ ဘတ်စ်

ကားရှေ့ကဖြတ်ပြီး လမ်းကူးလိုက်တဲ့အချိန်အစ်မတားချိန်တောင်မရလိုက်ပါဘူး မောင်လေးရယ်။ သူက ကလေးကိုဆွဲပြီး ဖြတ်အပြေး၊

ကားချင်းအပြိုင်မောင်းလာတဲ့ ဟိုင်းလက်ကားက ဘတ်စ်ကားကိုကျော်တက်တဲ့အချိန် တိုက်ချသွားတာ။အစ်မရှေ့မှာတင်တိုက်တာဆိုတော့

သွေးပျက်ပြီး ရူးမတတ်ပါဘဲ။ ကားရှေ့ဘီးက သူ့ကိုတက်ကြိတ်သွားတယ်။ ဗိုက်ထဲကအူတွေရော ကလေးပါ ထွက်သွားတယ် မောင်လေး

ရယ် ”

“ ဟိုကလေးကရောအစ်မ ”

“ သားလေးကအဝေးကြီးကိုလွင့်ထွက်ပြီး ခေါင်းနဲ့ ကတ္တရာလမ်းပေါ်ဆောင့်မိပြီး ဆုံးသွားတာ ”

“ ဟာဗျာ....ကျွတ်......ကျွတ်...... ”

သေဆုံးသူရဲ့အစ်မပြောသမျှအလိုက်သင့်ပြန်ပြောရင်း ကားကိုပဲ ဂရုတစိုက်မောင်းလာခဲ့ပါတယ်။ တရိပ်ရိပ်ပြေးနေတဲ့ TOYOTA Van ကားလေးထဲမှာအလောင်းနှစ်လောင်းက ဆိတ်ငြိမ်နေသလို သက်ရှိလူသားသုံးယောက်ကလည်း စကားမပြောဖြစ်ကြဘဲ တိတ်ဆိတ်

နေကြပါတယ်။ ဥက္ကံအကျော်မှာတော့ ဇာတ်လမ်းစပါပြီ။

“အမလေး..........လုပ်ကြပါဦး ”

ကားနောက်ခန်းကအသုဘရှင်အစ်မရဲ့အော်လိုက်သံကြောင့် ကားစက်ရှိန်ကိုလျှော့ချပြီး နောက်မှန်ကနေ ကြည့်လိုက်ပါတယ်။

ကားရှေ့မီးရောင်ကြောင့် နောက်ခန်းကို ကောင်ကောင်းမြင်ရပါတယ်။အသုဘရှင်အစ်မက ကုန်းကုန်းကြီးနဲ့ ကြောက်အားလန့်အားဖြစ်နေတာ

ကြောင့် ကားကို လမ်းဘေးချရပ်လိုက်ရပါတော့တယ်။

“ ဘာဖြစ်လို့လဲအစ်မ ”

“ လက်......လက်ကို ဆွဲ...ဆွဲလို့ ”

“ ဗျာ....ဘယ်သူက ဆွဲတာလဲ ”

“ စန်း....စန်းရီ... ”

ကျွန်တော်အံ့အားမသင့်ပါ။ ကိုအောင်ကြည်ပြောပြခဲ့သည့်စကားအရအခြေအနေကို သိထားပြီးပါပြီ။

“ မဟုတ်နိုင်ပါဘူးအစ်မရယ်။ ကျွန်တော်ဆိုအသုဘတွေတင်လာတာ နည်းမှမနည်းတာ။ တစ်ခါမှ မဖြစ်ခဲ့ဖူးပါဘူး ”

“ တကယ်ပါ မောင်လေးရယ်။အစ်မရဲ့လက်ကို ဖမ်းဆွဲထားလို့အတင်းရုန်းလိုက်ရတယ်။ ပြောရင်းနဲ့တောင် ကြက်သီးတွေထလာပြီ။အစ်မ ရှေ့ခန်းမှာ လာထိုင်လို့ ရမလား ”

“အစ်မတို့နှစ်ယောက်ပူးကပ်ပြီးထိုင်လို့ရရင် ထိုင်ပါ။ ကျွန်တော် ဂီယာထိုးရတာ ခက်မှာစိုးလို့ ”

“ ကပ်ထိုင်ပါ့မယ် ”

“ ကပ်ထိုင်မယ်ဆိုလည်း ကားပေါ်တက်တော့အစ်မ။ လက်ပံတန်းရောက်ရင် ကျွန်တော်အိမ်သာတက်မယ်။အစ်မတို့ တစ်ခုခုစားချင်စားပေါ့။ ကျွန်တော် ရှင်းပါ့မယ် ။ ကျွန်တော်လည်းအိပ်ချင်ပြေ လက်ဖက်ရည်တစ်ခွက်တော့ သောက်မှဖြစ်မယ် ”

“ ရွာကို မိုးမလင်းခင်ရောက်ပါ့မလား ”

“ ရောက်ပါတယ်အစ်မရယ်။ စိတ်မပူပါနဲ့ ”

အမျိုးသမီးနှစ်ယောက် ရှေ့ခန်းမှာ ကပ်ထိုင်ကြပေမယ့် ဂီယာထိုးတဲ့အခါ မလွတ်မလပ်ဖြစ်တာကြောင့် စိတ်ညစ်ရပါတယ်။ သာယာ

ဝတီနားကို ရောက်ခါနီးလောက်မှာအမျိုးသမီးနှစ်ယောက်လည်း တခေါခေါနဲ့အိပ်မောကျသွားကြပါပြီ။အဲဒီအချိန်မှာပဲ နောက်ခန်းထဲက ငိုသံသဲ့သဲ့ကြားလို့ ကားနောက်မှန်ကနေ ကြည့်လိုက်တဲ့အခါအမျိုးသမီးတစ်ယောက် ငုတ်တုပ်ထိုင်နေတာကိုတွေ့လိုက်ရပါတော့တယ်။ ကျွန်

တော်မြင်တွေ့နေရတာက ထင်ရှားလွန်းပါတယ်။ ကျောခိုင်းထားတဲ့အမျိုးသမီးဆီက ရှိုက်သံကိုကြားနေရပါတယ်။ ကျွန်တော့်ဘေးကအမျိုး

သမီးနှစ်ယောက်ကတော့အိပ်မောကျနေဆဲပါ။

“အိ...ဟီး.......ဟီး..... ”

ကားကို ဂရုတစိုက်မောင်းနေရင်း ကျွန်တော့်ရဲ့မျက်လုံးတွေက ကားနောက်ကြည့်မှန်ကတဆင့် နောက်ခန်းကို ရောက်နေပါတယ်။အရှေ့မှာ ကုန်တင်ကားတစ်စီးကအိပဲ့အိပဲ့နဲ့မောင်းနေလို့ ကျော်တက်ဖို့ ဟွန်းတီးပြီး ဂီယာချိန်းတဲ့အခါ ဂီယာတံကိုကိုင်ထားတဲ့ ကျွန်တော့်ရဲ့

လက်ကိုအေးစက်တဲ့အထိအတွေ့တစ်ခု ခံစားလိုက်ရပါတယ်။ ရှေ့ကားကိုလည်းကြည့်ရင်း ဂီယာတံကိုကိုင်ထားတဲ့ ကျွန်တော့်ရဲ့လက်ကို

ကြည့်မိတော့မှ ကျွန်တော် ကြက်သီးမွေးညင်းတွေ ထောင်ထသွားပါတော့တယ်။ လက်က ထိုင်ခုံနှစ်ခုံကြားကနေအရှေ့ကို ထွက်လာတာပါ။

အမျိုးသမီးတစ်ယောက်က ကားပြူတင်းပေါက်မှန်ကိုမှီပြီးအိပ်ပျော်နေပါတယ်။ ကျွန်တော့်ဘေးကအမျိုးသမီးက ပြူတင်းပေါက်မှန်ကို

ခေါင်းမှီပြီးအိပ်နေတဲ့အမျိုးသမီးရဲ့ ပခုံးပေါ်မှီပြီးအိပ်နေပါတယ်။ လက်ကိုအရိပ်တစ်ခုလို မြင်နေရပေမယ့် ထင်ထင်ရှားရှားကို မြင်ရတာပါ

။ ကျွန်တော့်လက်ကိုအုပ်ကိုင်ထားတဲ့လက်ကအေးစက်စက်မို့ ဂီယာမချိန်းတော့ဘဲ လက်ကို ပြန်ရုတ်လိုက်ပါတယ်။

ကားကြီးကို ကျော်မတက်သေးဘဲ သူဘာဆက်လုပ်မယ်ဆိုတာ မသိမသာကြည့်နေစဉ်မှာပဲ တဖြည်းဖြည်း ပျောက်ကွယ်

သွားပါတော့တယ်။ နောက်ခန်းက ငိုသံသဲ့သဲ့ကတော့ တိတ်မသွားသေးပါ။ လက်ပံတန်းရောက်ခါနီးတော့ လမ်းဘေးမှာ ကားထိုး

ရပ်လိုက်ပါတယ်။ ကားရပ်ပြီး တံခါးဖွင့်တော့မှပဲအမျိုးသမီးနှစ်ယောက်လည်း နိုးလာပါတော့တယ် ။

“ ဘယ်ရောက်နေပြီလဲ မောင်လေး "

“ လက်ပံတန်းဝင်တော့မယ် "

“အပေါ့သွားဖို့ ရပ်တာလား "

“ မဟုတ်ဘူးအစ်မ။အလောင်းတွေကို တာလပတ်စနဲ့အုပ်မလို့ "

“ ဟင်.....ဘာဖြစ်လို့လဲ "

“ လက်ပံတန်းရောက်ရင်အိမ်သာတက်မယ်။ လက်ဖက်ရည်သောက်ပြီး တစ်ခုခုစားမယ်လေ။အဲဒီမှာကအဝေးပြေးကားကြီး

တွေရပ်တယ်။ ဈေးသည်လည်းတွေရှိတယ်။အပြင်ကနေအထဲကိုကြည့်လို့အလောင်းတွေမြင်သွားရင် လန့်ဖြန့်ကုန်ကြမယ် "

“ သြော်.........။အစ်မတို့လည်းအဲဒီရောက်မှအပေါ့အပါးသွားတော့မယ် "

“ ဟုတ်ကဲ့အစ်မ။ မလိုတော့ပါဘူး။ နောက်ဆယ်မိနစ်ဆို မြို့ထဲဝင်ပါပြီ "

ကျွန်တော်လည်းအလောင်းတွေပေါ်ကို တာလပတ်အသေအချာအုပ်ပြီး ကားမောင်းထွက်ခဲ့ပါတယ်။ လက်ပံတန်းကိုရောက်

တဲ့အခါ စားသောက်ဆိုင်တစ်ခုရှေ့မှာ ကားရပ်လိုက်ပြီးအမျိုးသမီးနှစ်ယောက်ကို စားချင်တာမှစားကြဖို့ပြောရင်းအိမ်သာပြေးရပါ

တယ်။အိမ်ကထွက်လာတော့အိမ်သာမတက်ခဲ့ရပါ။ မနက်စောစောဆိုတော့ စာသောက်ဆိုင်တွေကလည်း လူရှင်းနေပါတယ်။ စား

သောက်သူမရှိတဲ့ဆိုင်ကိုမှ ရွေးရတာက ကျွန်တော့်ကားထဲကအလောင်းတွေကြောင့်ပါ။ ဗန်းရွက်ဈေးသည်တွေလည်း ရှင်းနေတော့

အဆင်ပြေပါတယ်။

“အမလေး.........လုပ်ကြပါဦးတော့........ "

“ ဟဲ့....ဘာကြီးတုန်း......လုပ်ကြပါဦး....... "

“အမလေး...... "

စားသောက်ဆိုင်နောက်ဖေးကအိမ်သာမှာအိမ်သာတက်နေတုန်းအပြင်ကအော်ဟစ်ဆူညံသံတွေကို ကြားလိုက်ရလို့

တစ်ခုခုဖြစ်ပြီဆိုပြီးအိမ်သာတက်တာ တစ်ဝက်တစ်ပျက်နဲ့ ပြေးထွက်ခဲ့ပါတယ်။ ကျွန်တော့်ကားနားမှာ လူခြောက်ယောက်လောက်

ဝရုန်းသုန်းကားဖြစ်နေကြပါတယ်။အသုဘရှင်အမျိုးသမီးနှစ်ယောက်ကမျက်နှာငယ်လေးတွေနဲ့ သူတို့ကို ရပ်ကြည့်နေပါတယ်။ ကျွန်

တော် သဘောပေါက်ပါပြီ။ ကားနားကိုအပြေးအလွှားရောက်သွားတော့အမျိုးသမီးတစ်ယောက်ကိုအမျိုးသားနှစ်ယောက်က

နှာနှပ်ပေးနေကြပါတယ်။ ကျန်တဲ့သူတွေက ကားနောက်ခန်းထဲကို မကြည့်ရဲကြည့်ရဲနဲ့ကြည့်နေကြပါတယ်။

“အစ်မ....ဘာဖြစ်လို့လဲခင်ဗျ "

အသုဘရှင်အမျိုးသမီးကို ကျွန်တော်မေးလိုက်တော့အမျိုးသမီးရဲ့မျက်နှာက ငိုမဲ့မဲ့ဖြစ်နေပါတယ်။

“ သူ...သူ...သတိလစ်သွားလို့ "

“ ဘာဖြစ်လို့လဲ "

“အစ်မတို့နှစ်ယောက် ထမင်းကြော်စားနေတုန်းအဲဒီမိန်းမက ကားနားမှာ ရပ်နေတယ်။ နောက်တော့အမလေးဆိုပြီးအသံနက်ကြီးနဲ့

ထအော်ပြီး လဲကျသွားလို့အစ်မတို့လဲ စားလက်စနဲ့ ထပြေးလာတာ "

“ ဒါ ဘယ်သူ့ကားလဲ "

သတိလစ်နေတဲ့အမျိုးသမီးကို နှာနှပ်ပေးနေတဲ့အမျိုးသားက မေးလိုက်တော့ ကျွန်တော် တွန့်ကနဲဖြစ်သွားပါတယ်။

“ ကျွန်တော့်ကားပါအစ်ကို "

“ မင်းရဲ့ကားဆိုတာ သေချာရင် ဘယ်မှမသွားနဲ့၊ ရဲစခန်းလိုက်ခဲ့ "

“ နေပါဦး။ ကျွန်တော်က ဘာဖြစ်လို့ လိုက်ရမှာလဲ "

“ ကားပေါ်မှာ လူသေအလောင်းတွေ တင်လာတာဘာသဘောလဲ "

“အော...ဒါလား။ ကျွန်တော်က ဆေးရုံကြီးက မရှိဆင်းရဲနွမ်းပါးတဲ့ လူနာတွေ၊အသုဘတွေကို ကိုယ့်ကားနဲ့ကိုယ်၊ ကိုယ့်ထမင်းကိုယ် စားပြီး

စေတနာနဲ့ ပရဟိတအလုပ်ကို လုပ်နေတာပါ။အလောင်းကလည်း ဆေးရုံကြီးက သေဆုံးကြောင်းလက်မှတ်ပါပြီးသားပါ။ သေစာရင်းကြည့်

ချင်ရင်ပြပါ့မယ်။အစ်ကိုက ဘယ်သူလဲ "

“ ငါက ဟိုကားမောင်းတဲ့သူပဲ "

“အစ်ကိုက ရဲအောင်လံက ယာဉ်မောင်းလား "

“ ဟုတ်တယ်။ မင်းရဲ့စေတနာကို သဘောပေါက်ပြီညီလေး။ ဒီကနေအမြန်သွားတော့။ ရွာနာတယ်ဆိုပြီး မင်းကို ဝိုင်းရိုက်ကြလိမ့်မယ် "

ရဲအောင်လံ ယာဉ်မောင်း ပြောပြတော့မှ ကျွန်တော်လည်း သတိထားလိုက်မိပါတယ်။ ကျွန်တော်လည်းအမျိုးသမီးနှစ်ယောက်ကို ကားပေါ်အမြန်တက်ခိုင်းပြီး ဆိုင်ထဲကိုအမြန်ဝင်၊ ပိုက်ဆံရှင်းရပါတယ်။ ပိုက်ဆံရှင်းပြီး ပြန်ထွက်လာတော့ သတိလစ်နေတဲ့အမျိုးသမီးလည်း သတိပြန်ရနေပါပြီ။

“ ကား....ကားနားမှာ ရပ်နေတုန်း ကားထဲကနေ ကြောက်စရာမျက်နှာကြီးပေါ်လာတယ်။ မျက်နှာမှာလည်း သွေးတွေနဲ့ "

သတိပြန်လည်လာတဲ့အမျိုးသမီးပြောသမျှကို နားထောင်ရင်း ကြာကြာဆက်နေဖို့မသင့်တော့တာကြောင့်အသုဘရှင်အမျိုးသမီး

နှစ်ယောက်ကို ကားပေါ်အမြန်တက်ခိုင်းပြီး ဒုန်းစိုင်းခဲ့ရပါတော့တယ်။ စိတ်ကလည်းလောနေ၊ ပြဿနာနဲ့လည်း ကြုံခဲ့ရတော့ ကားကို

အမြန်မောင်းလာရင်း ပြည်ဘက်ကိုတည့်တည့်မောင်းရမယ့်အစား လက်ပံတန်းမြို့ထဲကို ချိုးကွေ့ခဲ့မိတယ်။ မြို့ထဲရောက်တော့မှ လမ်းမှား

နေပြီဆိုတာသိလိုက်တော့ ပြန်ကွေ့ခဲ့ရပါတော့တယ်။

လက်ပံတန်းကနေအမြန်မောင်းလာရင်း မင်းလှနဲ့အုတ်ဖိုကြားမှာ ပြဿနာထပ်ဖြစ်ပြန်ပါပြီ။ ကားမောင်းနေတဲ့ ကျွန်တော့်ရဲ့ ပခုံးကို နောက်ကနေ တစ်ယောက်ယောက် လက်နဲ့ကိုင်တွယ်လိုက်သလိုခံစားရလို့ နောက်ကြည့်မှန်ကနေ နောက်ခန်းကို ကြည့်မိပါတယ်။အသုဘရှင်အမျိုးသမီးနှစ်ယောက်ကတော့အိပ်ပျော်နေပါတယ်။ ကားနောက်ကြည့်မှန်မှာ မြင်နေရတာကတော့ ကျွန်တော့်ပခုံးကို လက်နဲ့ ကိုင်ထားသူက သေဆုံးပြီးဖြစ်တဲ့အမျိုးသမီးပါပဲ။ ငုပ်တုပ်ထိုင်ပြီး ကျွန်တော့်ပခုံးကိုကိုင်ထားတာကိုမြင်လိုက်တော့ ကျွန်တော်လည်း ကြောက်

လန့်လာမိပါတယ်။ ကြောက်လန့်တတ်သူမဟုတ်ပေမယ့်အခုလို ကြုံတွေ့ရခြင်းက ကျွန်တော့်အတွက် ပထမဆုံးအကြိမ်ပါ။ တော်ရုံလူဆို သွေးပျက်သွားနိုင်ပါတယ်။

ကားရပ်လိုက်ပြန်ရင်လည်း ဇီးကုန်းအဝင် နောက်ကျမှစိုးတာကြောင့် မရပ်တော့ဘဲ ဆက်မောင်းလာခဲ့ပါတယ်။အေးစက်တဲ့အထိအတွေ့

ကြောင့် နေရခက်ပေမယ့် နောက်ခန်းကိုမကြည့်တော့ဘဲ ကားကိုသာ ဂရုစိုက်မောင်းနေမိတယ်။အုတ်ဖိုအကျော်မှာတော့ ပိုပြီးဆိုးလာပါတယ်



“ ဘုံး......ဘုံး....ဘုံး..... ”

“ ဟီး........၊ ဟီး...... ”

ကားနောက်ဘက်က ကားအမိုးကို ထုနှက်ပြီး ငိုကြွေးနေတဲ့အသံကြောင့်အိပ်ပျော်နေတဲ့အသုဘရှင်အမျိုးသမီးနှစ်ယောက် လန့်နိုးလာ

ပါတယ်။ ကျွန်တော်က ကားနောက်မှန်ကနေ နောက်ခန်းကို မြင်နေရလို့ ဘာဖြစ်နေတယ်ဆိုတာသိပါတယ်။အသုဘရှင်အမျိုးသမီးနှစ်

ယောက်အနက် တစ်ယောက်က နောက်ခန်းကို လှည့်ကြည့်လိုက်တဲ့အခါ နောက်ခန်းမှာ ငုတ်တုပ်ထိုင်နေတဲ့အမျိုးသမီးအလောင်းကိုမြင်

လိုက်တာကြောင့်အသံနက်ကြီးနဲ့အော်ပါတော့တယ်။

“အမလေး...............သ...သရဲ...သရဲ... ”

ကျွန်တော့်ဘေးကအမျိုးသမီးကတော့ နောက်ကိုလှည့်မကြည့်ဘဲအော်ဟစ်ပြီး ကျွန်တော့်လည်ပင်းကို ညှစ်ပါတယ်။

“ ငါမလိုက်ဘူး၊ ငါ့သားနဲ့ ငါ့ကလေးကို ပြန်ခေါ်ပေး ”

ကားထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်နေတာကြောင့် ကားကို ဂီယာချက်ချင်းဒေါင်းပြီး လမ်းဘေးမှာ ထိုးရပ်လိုက်ရပါတော့တယ်။ စောစောကအထိတ်တလန့်နဲ့အော်ဟစ်နေတဲ့အမျိုးသမီးကတော့ သတိလစ်သွားခဲ့ပါပြီ။ ကျွန်တော့်ကို လည်ပင်းညှစ်ခဲ့တဲ့အမျိုးသမီးက နတ်ဝင်သည်လို တစ်ကိုယ်လုံးတုန်ပြီး သူ့ကလေးကို ပြန်ခေါ်ပေးဖို့နဲ့ သူ့ကလေးမပါရင် မပြန်ဘူးဆိုတဲ့စကားကိုတွင်တွင်ပြောနေပါတယ်။ ကားနောက်ခန်းကို လှည့်ကြည့်လိုက်တော့အလောင်းနှစ်လောင်းက မူလအတိုင်း ပုံစံမပျက်ပါ။ ကျွန်တော်ကတော့ ကားထဲကအမြန်ထွက်ပြီး လမ်းဘေးမှာ ရပ်နေမိပါတယ်။ ဘာဆက်လုပ်သင့်တယ်ဆိုတာကိုလည်း မဆုံးဖြတ်တော့ပါ။ ကြံရာမရတဲ့အဆုံးမှာတော့ ကားနောက်ဖုံးကိုဖွင့်ပြီးအမျိုးသမီး

အလောင်းကို လက်နဲ့ပုတ်ပြီး စကားပြောလိုက်ပါတယ်။

“အစ်မ.......။အစ်မကိုအိမ်ပြန်ပို့ပေးမလို့ပါ။ မနှောက်ယှက်ပါနဲ့။ ကျွန်တော်က စေတနာနဲ့အခမဲ့လိုက်ပို့ပေးတာပါ။အစ်မကို ဘယ်သူဆိုတာ မသိပါဘူး။အစ်မရဲ့ ကလေးကိုလည်း မသိပါဘူး ”

ကျွန်တော်အလောင်းကို လက်နဲ့ပုတ်ပြီးစကားပြောနေစဉ်မှာပဲ ဝိညာဉ်ပူးကပ်နေတဲ့အမျိုးသမီးက ကားနောက်ခန်းကို လှည့်ကြည့်ပြီး

ကျွန်တော့်ကို ပြောပါတော့တယ်။

“ ငါ့ကို ဘာလို့ပြန်ပို့တာလဲ။ ငါ့သားနဲ့ ငါ့ကလေးဘယ်မှာလဲ ”

“အစ်မ......အစ်မက ကားတိုက်ပြီး သေသွားခဲ့ပါပြီ။အစ်မရဲ့အလောင်းရောအစ်မသားရဲ့အလောင်းရော ကျွန်တော့်ကားနဲ့တင်လာတာပါ။

အစ်မသားရဲ့အလောင်းလည်းအစ်မဘေးမှာရှိနေပါတယ် ”

အသက်မဲ့နေတဲ့အလောင်းနဲ့ ကျွန်တော်စကားပြောနေချိန်မှာအလောင်းက ငြိမ်သက်နေပေမယ့် ဝိညာဉ်ပူးကပ်နေတဲ့အမျိုးသမီး

ကတော့ ကားရှေ့ခန်းကနေ ကားနောက်ခန်းကို ကျော်ဝင်လာပြီးအလောင်းတွေကို တအံ့တသြကြည့်နေပါတယ်။

“ သား.......သား.......... ။ သားလေး.......သား..... ဟီး.......အမေ့သားလေး......”

ကျွန်တော့်ရဲ့ ဘဝတစ်သက်တာမှာ ဘယ်တော့မှ မမေ့နိုင်တဲ့အဖြစ်အပျက်တစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။အဲဒါကတော့ ဝိညာဉ်ပူးကပ်

နေတဲ့အမျိုးသမီးက သူ့သားရဲ့အလောင်းကိုဖက်ပြီး ငိုရှိုက်နေတဲ့မြင်ကွင်းပါပဲ။

“ ဘယ်မှာလဲ ငါ့ကလေး..... ”

ဝိညာဉ်ပူးကပ်နေတဲ့အမျိုးသမီးက ရုတ်တရက်ဆိုသလို ကျွန်တော့်ကိုကြည့်ပြီး မေးလိုက်တာကြောင့် ကျွန်တော်အဖြေရခက်သွားခဲ့ပါ

တယ်။

“ ကျွန်တော်နဲ့မဆိုင်ဘူးလေ ”

“ နင်မညာနဲ့....၊ ဘယ်မှာလဲ ငါ့သားနဲ့ ငါ့ကလေး ”

“ ခင်ဗျားရဲ့ကလေးကအဲဒီမှာလေ ”

ကျွန်တော်လည်း ကလေးအလောင်းကို လက်ညှိုးထိုးပြပြီးပြောလိုက်ပါတယ်။

“ ငါ့ဗိုက်ထဲက ကလေးကိုပြောတာ ”

“ ကျွန်တော် မသိဘူးဗျ။ ကျွန်တော်က ခင်ဗျားတို့သားအမိအလောင်းကိုအခမဲ့ပို့ပေးတာပါ ”

“ ငါမသိဘူး.......ငါ့ကလေးကိုအခုပြန်ခေါ်ပေး ”

ကျွန်တော် ပြောလိုက်တဲ့စကားကို ဝိညာဉ်ပူးကပ်နေတဲ့အမျိုးသမီးက ကျေနပ်ပုံမပေါ်ပါဘူး။အဲဒီအချိန်မှာပဲ သတိလစ်နေတဲ့အမျိုးသ

မီးက သတိပြန်လည်လာပါတယ်။ ကျွန်တော်နဲ့ ဝိညာဉ်ပူးကပ်နေတဲ့အမျိုးသမီးတို့ စကားပြောဆိုနေတာကို သူလည်း မြင်တွေ့ပါတယ်။

“ ကျွန်တော်နဲ့ မဆိုင်ဘူးလေဗျာ ”

“အေးသင်း....အေးသင်း.......။ သတိထား.........အေးသင်း ”

သတိပြန်လည်လာတဲ့အမျိုးသမီးကအခြေအနေကို ရိပ်မိသွားပုံရပါတယ်။ ဝိညာဉ်ပူးကပ်နေတဲ့အမျိုးသမီးရဲ့ ခန္တာကိုယ်ကို လှုပ်ရမ်းပြီး

အသိပေးနေပါတယ်။အဲဒီအခါမှ ဝိညာဉ်ဝင်ပူးကပ်နေတဲ့အမျိုးသမီးလည်း ငြိမ်သက်သွားပါတော့တယ်။

“ မောင်လေး......ကားပေါ်တက်ပြီးအမြန်မောင်းတော့။ မိုးမလင်းခင်ရောက်မှဖြစ်မယ် ”

“ ဟုတ်ကဲ့အစ်မ ”

သတိပြန်လည်လာတဲ့အမျိုးသမီးက ကျွန်တော့်ကို ကားပေါ်တက်ခိုင်းလိုက်တာကြောင့် နောက်ဖုံးတံခါးကို ပိတ်ချလိုက်ပြီး ကားရှေ့ခန်း

ကိုအမြန်လာတဲ့အချိန်မှာပဲ ကားမှန်ကို လက်နဲ့ပုတ်လိုက်တဲ့အသံကြားလို့ လှည့်ကြည့်လိုက်တဲ့အခါ ကားမှန်ပေါ်က လက်ဖဝါးနှစ်ဖက်ကြားက

အမျိုးသမီးတစ်ယောက်ရဲ့ မျက်နှာကို မြင်တွေ့လိုက်ရပါတော့တယ်။ သူကတော့ ကားနောက်ခန်းမှာရှိနေတဲ့ သက်မဲ့အမျိုးသမီးပါ။

ကျွန်တော်လည်း ကားပေါ်အမြန်တက်ပြီး ကားကို စက်ကုန်ဖွင့်မောင်းခဲ့ပါတယ်။ ဇီးကုန်းရောက်တဲ့အခါ မနက်ငါးနာရီကျော်ပါပြီ။ ရောင်နီလည်း သမ်းနေပါပြီ။ လူလည်းပန်း စိတ်လည်းပန်းပေမယ့် ဇီးကုန်းကနေ ရွာထဲအရောက် လိုက်ပို့ခဲ့ပါတယ်။ ရွာထိပ်ရောက်တဲ့အခါအသုဘရှင်အမျိုးသမီးနှစ်ယောက်ကအလောင်းကိစ္စအတွက် ကျေးရွာလူကြီးတွေရဲ့ခွင့်ပြုချက်တောင်းဖို့ ရွာထဲကိုအမြန်ပြေးကြပါတယ်။ ရွာ

ထိပ်မှာ ကျွန်တော်ရယ်အလောင်းနှစ်လောင်းရယ်ပဲရှိပါတယ်။ ရွာထဲဝင်သွားတဲ့အမျိုးသမီးနှစ်ယောက်ကအတော်ကြာတဲ့အထိ ပေါ်မလာပါ။

လူသေအလောင်းနှစ်လောင်းက ကျွန်တော့်ကားပေါ်မှာ။ သေစာရင်းက ဟိုအမျိုးသမီးနှစ်ယောက်ဆီမှာ။ တစ်ခုခုပြဿနာပေါ်လာရင် ကျွန်တော်ပဲ ပြသနာတက်ပါတော့မယ်။ ပရဟိတလုပ်ငန်းတွေကို လုပ်ချင်စိတ်တောင် မရှိတော့လောက်အောင်ပါပဲ။

နာရီဝက်လောက်ကြာတဲ့အခါ ရွာထဲကနေ လူအယောက်နှစ်ဆယ်လောက် ပြေးလာတာမြင်လိုက်ရပါတယ်။အသုဘရှင်အမျိုးသမီးနှစ်

ယောက်ကို မြင်တွေ့လိုက်ရတော့ ဝမ်းသာလိုက်သည့်ဖြစ်ခြင်း။

“ မောင်လေး....စိတ်မရှိနဲ့နော်။အစ်မတို့က လူကြီးတွေရော ဆွေမျိုးတွေပါ သွားခေါ်လာရတာ ”

“ ရပါတယ်အစ်မ။ ကျွန်တော့်ကို ရွာထဲလိုက်ပို့ဆိုရင် ပို့ပေးမှာပေါ့ဗျာ ။ လမ်းလည်း မဆိုးပါဘူး ”

“ မဟုတ်ဘူး မောင်လေးရဲ့။ ရွာထဲဝင်မရလို့ပါ ”

“ ဗျာ........ ”

“အောင်ကျော်....ခင်ထွေး.....အလောင်းတွေကို ပုခက်ပေါ်တင်ပြီး သုသာန်ကိုယူသွားကြ ”

ရွာလူကြီးလို့ ယူဆရတဲ့သူကအလောင်းတွေကို ရွာထဲကို ပေးမဝင်ဘဲသုသာန်ပို့ဖို့ ဦးဆောင်ပြီး ခိုင်းစေနေပါတယ်။အလောင်းတွေကို ကားပေါ်ကချပြီးသယ်သွားကြတဲ့အခါ ကျွန်တော့်တာဝန်ပြီးဆုံးသွားပြီမို့ ပေါ့ပါးသွားပါပြီ။

“အစ်မ.....၊ ကျွန်တော်ပြန်မယ်နော် ”

“ မောင်လေး.....အစ်မတို့ နိုင်သလောက် ပေးလိုက်မယ် ”

“ ဟာ......မပေးနဲ့အစ်မ။ ကျွန်တော်က စေတနာနဲ့ ကူညီပေးနေတာပါ ”

“အိမ်ကိုလိုက်ခဲ့ပါဦးလား။ ဧည့်ခံပါရစေ ”

“ ကျေးဇူးတင်ပါတယ်အစ်မ။ ကျွန်တော်လည်း ပင်ပန်းနေလို့အိမ်ပြန်ချင်နေပြီ ”

“ မောင်လေးကိုလည်း ကျေးဇူးတင်ပါတယ် ”

“ ဟုတ်ကဲ့ခင်ဗျ ”

အသုဘရှင်အမျိုးသမီးနှစ်ယောက်ကို နှုတ်ဆက်ပြီး ကားမောင်းထွက်တဲ့အချိန်မှာ ဂီယာထိုးပြီး လီဗာကိုနင်းပေမယ့် ကားက တစ်

လက်မတောင် မရွေ့တော့ပါ။ ဂီယာမဝင်ဘူးထင်ပြီး ဂီယာချိန်းပေမယ့်လည်း ကားကမရွေ့ပါ။ ကျွန်တော်လည်း စိတ်ဆိုးဆိုးနဲ့ ဆဲဆိုမိပါတယ်။

“ ဘာဖြစ်လို့လဲကွ ”

“ ကားက ဘယ်လိုမှ မောင်းမရတော့လို့အဘရယ် ”

အသက်ခြောက်ဆယ်အရွယ်လောက်ရှိတဲ့အမျိုးသားကြီးက ကျွန်တော့်ကားအနားကိုရောက်လာပြီးမေးတာကြောင့် ပြန်ဖြေလိုက်

ရပါတယ်။

“ ငါ့အိမ်လိုက်ခဲ့ကောင်လေး။ မင်းရဲ့ကားက ဘယ်လိုမှ မောင်းရမှာမဟုတ်ဘူး။ မင်းရဲ့ကားပေါ်မှာ စန်းစန်းရီရှိနေတယ်”

“ ဗျာ...... ”

“ ကားကို ထားခဲ့ပြီး ငါနဲ့လိုက်ခဲ့ချေ ”

“ ကျွန်တော် ဒီနေ့ပြန်မှဖြစ်မှာမို့ပါ ”

“ ငါပြောတာယုံ။ စန်းစန်းရီတို့အသုဘကိစ္စပြီးမှ မင်းပြန်လို့ရမှာ။ ငါနဲ့လိုက်ခဲ့။ မင်းရဲ့ကားကို စိတ်ချလက်ချထားခဲ့ကွ ”

“ ဟုတ်ကဲ့အဘ ”

စက်နိုးပေမယ့် မောင်းလို့မရတော့တာကြောင့် ကားကိုထားခဲ့ပြီးအမျိုးသားကြီးနဲ့အတူ ရွာထဲကို လိုက်သွားခဲ့ပါတယ်။ ရွာဆိုပေမယ့်အိမ်ခြေအတော်များတဲ့ ရွာကြီးပါ။

“ ငါတို့လည်း မနေ့ကမှ သိတာကွ ”

“ ဘာကိုလဲအဘ ”

“ စန်းစန်းရီတို့ သားအမိ ကားတိုက်ပြီး ဆုံးသွားတာကိုပြောတာ ”

“ သြော်....ဟုတ်ကဲ့ ”

“ စန်းစန်းရီက ငါ့တူမဝမ်းကွဲ။ ဟိုအိမ်က စန်းစန်းရီတို့အိမ်ပေါ့ ”

အမျိုးသားကြီး လက်ညှိုးထိုးပြတဲ့အိမ်ကိုအသေအချာကြည့်မိပါတယ်။အိမ်ကအိမ်ကြီးရခိုင်ပါ။အိမ်ပေါ်မှာတော့ လူတစ်ယောက်မှ ရှိပုံမပေါ်ပါ။

“အဘ......။ ကျွန်တော် ဘာဆက်လုပ်ရမလဲ ”

“အခုနေ ဘာမှ လုပ်လို့မရဘူး။ စန်းစန်းရီတို့ သားအမိအတွက်အမျှဝေပြီးမှ မင်းပြန်လို့ရမှာ ”

“ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲဗျာ ”

“ စန်းစန်းရီက မင်းနဲ့ ဘယ်လိုပတ်သက်နေသလဲ ”

“ ကျွန်တော်နဲ့ ဘာမှ မပတ်သက်ပါဘူးအဘ။ သူတို့သားအမိအလောင်းကို စေတနာနဲ့ လိုက်ပို့ပေးတာပါ ”

“ စန်းစန်းရီက မင်းကို ကျေနပ်ပုံမပေါ်ဘူး ”

“ ဗျာ.....၊အဘက ဘယ်လိုသိနေတာလဲ ”

“ ငါက မြင်နေရတယ်ကွ။ မင်းကားပေါ်မှာ သူထိုင်နေတယ်။ မင်းကို မကျေမနပ်ကြည့်နေတယ် ”

“ ဟာ........ ”

“ ဒါ ငါ့အိမ်ပဲ။အားမနာနဲ့ ”

အမျိုးသားကြီးရဲ့အိမ်ကခြေတံရှည်အိမ်ကြီးပါ။ ခြံဝင်းလည်း ကျယ်ပါတယ်။ ခြံထဲမှာတော့ နွားသုံးကောင်ရှိပါတယ်။

“ လာကွ...အိမ်ပေါ်တက် ”

အရှေ့က ဦးဆောင်ပြီးအိမ်ပေါ်ကိုတက်သွားတဲ့အမျိုးသားကြီးရဲ့နောက်ကနေ လိုက်သွားခဲ့ပါတယ်။အိမ်ပေါ်ရောက်တဲ့အခါ သုံးဆယ့်

ခုနစ်မင်းနတ်တွေကအိမ်ဦးခန်းမှာ နေရာယူထားတာကိုမြင်လိုက်ရပါတယ်။

“ မသန်းညွန့်ရေ.....မသန်းညွန့် ”

“ လာပြီ ကိုဖေတင် ”

“ ဧည့်သည်ပါလာတယ်။ တစ်ခုခုလုပ်ပါဦး ”

ဒေါ်သန်းညွန့်ဆိုတဲ့အမျိုးသမီးကြီးကအိမ်နောက်ဖေးကနေ ထွက်လာပြီး ကျွန်တော့်ကိုအသေအချာကြည့်နေလို့ ကျွန်တော်အနေ

ကျပ်မိတယ်။

“ သူက ဘယ်သူလဲ ကိုဖေတင် ”

“ စန်းစန်းရီတို့အလောင်းကို လာပို့တဲ့ကောင်လေး ”

အမျိုးသမီးကြီးက ဘာမမှပြန်မပြောဘဲ ကျွန်တော့်ကိုအသေအချာကြည့်ပြီးအိမ်နောက်ဖေးကို ပြန်ဝင်သွားပါတယ်။ ဦးဖေတင်နှင့် ဒေါ်

သန်းညွန့်တို့ ဧည့်ခံကျွေးမွေးတဲ့ မနက်စာကို စားသောက်ပြီးလို့ နေ့လည်တစ်နာရီကျော်လောက်မှာ မစန်းစန်းရီတို့သားအမိအလောင်းကို မီးသြင်္ဂိုဟ်တော့မယ်ဆိုတဲ့အကြောင်းအမျိုးသမီးတစ်ယောက်က လာပြောတာကြောင့် ဦးဖေတင်တို့လင်မယားနဲ့အတူ သုသာန်ကို လိုက်သွား

ခဲ့ပါတယ်။ သုသာန်ရောက်တဲ့အခါ ထင်းပုံ ပေါ်တင်ထားတဲ့ မစန်းစန်းရီတို့ သားအမိနှစ်ယောက်အလောင်းကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရပါ

သေးတယ်။

“အဘ......ထုံးစံအတိုင်း သုံးရက်မထားတာ ဘာဖြစ်လို့လဲ ”

“ စန်းစန်းရီတို့ကအစိမ်းသေ သေထားကြလို့ကွ။ ရွာထဲလည်း သွင်းလို့မရဘူးလေ ”

“ သြော်.....”

ခဏအကြာမှာတော့အလောင်းတွေကို မီးသြင်္ဂီုဟ်ကြပါပြီ။ မီးသြင်္ဂီုဟ်တာကို မကြည့်ချင်တော့တာနဲ့ ကားရှိရာကိုသွားပြီး စက်နှိုးပြီး

မောင်းထွက်ပေမယ့် ကားက တစ်လက်မတောင်မရွေ့ပါ။ မစန်းစန်းရီတို့သားအမိကို မီးသြင်္ဂီုဟ်တဲ့နေရာနဲ့ ကားရှိနေတဲ့နေရာက ပေနှစ်ရာ

ကျော်လောက်ပဲ ဝေးပါတယ်။ ကျွန်တော်အတော် စိတ်ညစ်နေပါပြီ။အိပ်လည်းအိပ်ချင်နေပါပြီ။

“ ကဲ.....မစန်းစန်းရီရေ၊ ကျွန်တော်နဲ့ဘာမှမဆိုင်တာကို မနှောက်ယှက်ပါနဲ့ဗျာ ”

ကျွန်တော်ပြောဆိုလိုက်ပြီးတဲ့အချိန်မှာပဲ ကားကလှုပ်လာပါတယ်။ ကျွန်တော်လည်း စိတ်ထဲအချဉ်ပေါက်လာတာနဲ့ ကားပေါ်ကဆင်းပြီး

ဆဲဆိုလိုက်ပါတယ်။အဲဒီအချိန်မှာပဲ မစန်းစန်းရီတို့သားအမိကို သြင်္ဂိုဟ်နေတဲ့နေရာကနေအမျိုးသမီးကြီးတစ်ယောက်အူယားဖားယားပြေး

လာနေတာ တွေ့လိုက်ရပါတော့တယ်။ ကျွန်တော့်ဆီဦးတည်ပြေးလာနေတဲ့သူကအခြားသူမဟုတ်ပါဘူး။ ဦးဖေတင်ရဲ့ဇနီး ဒေါ်သန်းညွန့်ပါ။

“ နင်က ငါ့ကိုဆဲရအောင် ဘာကောင်မို့လဲ ”

“ ဟာ...... ”

ကျွန်တော့်အနားကိုရောက်လာတဲ့အချိန်မှာ ရုတ်တရက်ဆိုသလို ကျွန်တော့်ရင်ဘတ်ကိုဆောင့်တွန်းပြီး မျက်ထောက်နီနဲ့ကြည့်ကာ ပြောဆိုပါတယ်။

“ ကြီးတော်.....ကြီးတော်နဲ့ ဘာဆိုင်လို့ ကျွန်တော့်ကို လုပ်ရတာလဲ ”

“ ငါ စန်းစန်းရီဟဲ့။ ငါ့ဗိုက်ထဲက ကလေး ဘယ်မှာလဲ။ ငါ့သားလေး ဘယ်မှာလဲ ”

ဒေါ်သန်းညွန့်ကိုယ်ထဲမှာ ပူးဝင်နေတဲ့သူက မစန်းစန်းရီဆိုတာ သိလိုက်ပါပြီ။

“ ခင်ဗျားရဲ့ဗိုက်ထဲက ကလေးက ရင်ခွဲရုံမှာ ကျန်ခဲ့ပြီလေ။ ခင်ဗျားရဲ့သားက ခင်ဗျားနဲ့အတူ မီးသြင်္ဂိူဟ်နေတယ်လေ။ ကျွန်တော်နဲ့ ဘာဆိုင်

လို့တုန်း ”

“ နင် မညာနဲ့။ ငါ့ကလေးအခုပြန်ပေးပါ ”

“ မယုံရင်လည်း ခင်ဗျားပြန်လိုက်ခဲ့။ ခင်ဗျားကို ရေခဲတိုက်ပြန်ပို့ပေးမယ် ”

“ ငါ့ကို ညာပြောရင် နင့်ကိုသတ်မယ်။ ငါလိုက်ခဲ့မယ် ”

“ လိုက်ခဲ့ဗျာ ”

ဒေါ်သန်းညွန့်က ကျွန်တော့်ကို မျက်ထောက်နီနဲ့ကြည့်ပြီး ဒေါသထွက်နေပါတယ်။အဲဒီအချိန်မှာ ဦဖေတင်နဲ့အမျိုးသားတစ်ဦးတို့ ကျွန်တော်တို့အနားကို ရောက်လာပါတယ်။

“ ဘာဖြစ်နေကြတာလဲ ”

“အဘရဲ့မိန်းမကို မစန်းစန်းရီဝင်ပူးပြီး ကျွန်တော့်ကို ပြဿနာလုပ်နေလို့ ”

“ စန်းစန်းရီ.....။ မနက်ဖြန် နင်တို့သားအမိအတွက် သပိတ်သွတ်အမျှဝေပေးမယ်။ သူနဲ့ဘာမှမဆိုင်ဘူး။ ဒုက္ခမပေးနဲ့တော့ ”

“ မရဘူး....ကျွန်မသားနဲ့ ဗိုက်ထဲကကလေးကို သူတို့ခေါ်ထားတယ် ”

“ မဟုတ်ဘူး စန်းစန်းရီ။ နင်တို့သားအမိကို မီးသြင်္ဂိုလ်နေပြီ ”

“ ငါ့သားနဲ့ ကလေးရှိတဲ့နေရာကို ပြန်လိုက်ပို့ ”

“ လိုက်ခဲ့ဗျာ။ ကျုပ်လိုက်ပို့ပေးမယ်။ ခင်ဗျားပါ ရေခဲတိုက်မှာ နေခဲ့တော့ ”

“ မင်း ဘာတွေလျှောက်လုပ်နေတာလဲ ကောင်လေး ”

“ သူကလေးက ရေခဲတိုက်မှာ ကျန်ခဲ့တယ်အဘ။ ကလေးက လက်သီးဆုပ်စာလောက်ပဲရှိတာ။ ကျွန်တော်အဲဒီလိုမှ မပြောရင် ကားထွက်

လို့ရမှာမဟုတ်ဘူး။ ခင်ဗျား ကျုပ်နဲ့ ပြန်လိုက်ခဲ့ ”

“အခု မလိုက်နိုင်သေးဘူး။ ငါ့ယောကျ်ားပြန်လာတဲ့အထိစောင့်မယ် ”

“ ခင်ဗျားရဲ့ယောက်ျားပြန်လာတဲ့အထိ ကျွန်တော်မစောင့်နိုင်ဘူး။ ခင်ဗျားအခုလိုက်ခဲ့တော့ ”

“ မလိုက်နိုင်သေးဘူး ”

“ ဒါဆို ကျွန်တော့်ကို မနှေက်ယှက်နဲ့တော့။ ကျွန်တော် ပြန်မှဖြစ်မယ် ”

“ နင် လုံးဝမသွားရဘူး။ ငါ့ယောက်ျားနဲ့တွေ့ပြီးမှ နင်နဲ့လိုက်ခဲ့မယ် ”

“အဘ...သူ့ယောက်ျားက ဘယ်တော့လာမှာလဲ ”

“ ညနေရောက်လိမ့်မယ်ထင်တယ်။ ငါတို့လည်း ဒီမနက်မှ သူ့ကိုအကြောင်းကြားရတာ ”

“ ရတယ်လေ....ညနေအထိ စောင့်ပေးမယ် ”

မတတ်သာတော့တဲ့အဆုံး ပြောလိုက်ရပေမယ့် ကျွန်တော် တော်တော် စိတ်ဆိုးနေပါပြီ။

“ ဟင်း.......... ”

“ မသန်းညွန့်......မသန်းညွန့် ”

သတိပြန်လည်လာတဲ့ ဒေါ်သန်းညွန့်ကို ကျွန်တော် မကျေမနပ်နဲ့ကြည့်နေတာ ဦးဖေတင် မြင်တွေ့သွားပါတယ်။

“ မသန်းညွန့်က လိပ်ပြာလှတယ်ကွ။ နတ်ဝင်တဲ့အလုပ်လည်းလုပ်တယ်။ စန်းစန်းရီရဲ့အစ်မအေးအေးသင်းလည်းအတူတူပဲ။ ငါကတော့ နာနာဘာဝတွေကို တစ်ခါတစ်လေ မြင်ရတယ် ”

“ ဟုတ်ကဲ့...... ”

“ မင်းကားအတွက် စိတ်ချကွာ။ ငါတို့အိမ်မှာ ခဏနေလိုက်ပေါ့။ ကားကို တစ်ယောက်ယောက် စောင့်ခိုင်းပေးမယ် ”

“ ကျွန်တော် မောင်းကြည့်လိုက်ဦးမယ် ”

ကျွန်တော်မကျေမနပ်ဖြစ်နေတာကို ဦးဖေတင်နဲ့ ဒေါ်သန်ညွန့်တို့ သိကြပါတယ်။ ကျွန်တော်ကားပေါ်တက် စက်နှိုးပြီးလီဗာအကုန်

နင်းပေမယ့် ကားက တစ်ချက်လေးတေင် မရွေ့ပါ။ မတတ်သာတဲ့အဆုံး ကားစက်ကိုသတ်ပြီး မှန်တွေတင်လိုက်ရပါတော့တယ်။

“ မရဘူးမဟုတ်လား ကောင်လေး။ ငါ့အိမ်ကိုပဲ လိုက်ခဲ့တော့ ”

“အခုမှတော့အဘအိမ်ကိုပဲ လိုက်ရတော့မှာပေါ့ဗျာ။ ကျွန်တော့်ကားကို တစ်ယောက်ယောက်လောက် စောင့်ခိုင်းပေးပါ ”

“ စိတ်ချ။ ငါစီစဉ်ပေးပါ့မယ် ”

***************

ညကိုးနာရီအထိ မစန်းစန်းရီရဲ့ ခင်ပွန်းမရောက်လာသေးတာကြောင့် ကျွန်တော်အတော် စိတ်ပျက်လာမိတယ်။အိမ်ကိုဖုန်းဆက်

အကြောင်းကြားဖို့ကလည်း ရွာမှာဖုန်းမရှိပါ။ ဖုန်းဆက်ဖို့ဆိုရင် ဇီးကုန်းမြို့ကို ပြန်သွားရပါ့မယ်။အချိန်ကလည်းအတော်လင့်လာပါပြီ။

“ ဒီမှာပဲအိပ်လိုက်တော့ ကောင်လေး။အိမ်ရှေ့ခန်းမှာအိပ်ရာပြင်ပေးမယ် ”

“ ပြန်လို့မှမဖြစ်တော့တာအဘရာ။ ဒီမှာပဲအိပ်ရတော့မှပေါ့ ”

“အားနာစရာမလိုဘူးကွ။ ငါတို့အိမ်မှာ တို့လင်မယားနှစ်ယောက်ပဲရှိတယ်။ မသန်းညွန့်က စန်းစန်းရီတို့အိမ်ကို သွားမှာ ”

“ ဟုတ်ကဲ့အဘ ”

ဒေါ်သန်းညွန့်က ကျွန်တော့်အတွက်အိပ်ရာပြင်ဆင်ပေးပြီး မစန်းစန်းရီတို့အသုဘအိမ်ကို ထွက်သွားပါပြီ။ ကျွန်တော်နဲ့ ဦးဖေတင်

တို့စကားပြောဆိုနေရင်း ညဆယ်နာရီလောက်မှာမှ ဦးဖေတင်လည်း ကျွန်တော့်ကားကိုအစောင့်ထားဖို့ သတိရသွားပါတယ်။

“ မေ့နေလိုက်တာကွာ။ မင်းရဲ့ကားကိုစောင့်ဖို့ စီစဉ်လိုက်ဦးမယ်။ နေရဲတယ် မဟုတ်လား ”

မနေခဲ့လို့လည်း မဖြစ်ပါ။ ကျွန်တော့်ကားကို လူစောင့်ထားဖို့လိုပါတယ်။

“ ရပါတယ်အဘ ”

“ ငါအခုပြန်လာခဲ့မယ် ”

“ ဟုတ်ကဲ့ခင်ဗျ ”

ဦးဖေတင် ဓာတ်မီးတစ်လက်နဲ့အိမ်ကနေ ထွက်သွားတဲ့အချိန် တစ်အိမ်လုံးမှာ ကျွန်တော်တစ်ယောက်တည်းဆိုတဲ့အသိစိတ်ကြောင့် ကျောချမ်းလာခဲ့မိတယ်။

“ ဘွဲ.......ဘွဲ....... ”

“ ဘွဲ............ ”

အိမ်အောက်က နွားတွေ ရုတ်တရက်ထအော်လိုက်သံကြောင့် ကျွန်တော့်နားထင်မွေးတွေ ထောင်ထသွားပါတယ်။အဲဒီအချိန်မှာပဲ

အိမ်ပေါ်ကိုတက်လာနေတဲ့ ခြေသံကိုကြားလိုက်ရလို့ ဦးဖေတင်ပြန်လာပြီဆိုတဲ့အတွေးကြောင့် စိတ်သက်သာရာတော့ ရခဲ့မိတယ်။ သို့ပေ

မယ့် ကျွန်တော်ထင်ထားသလို ဦးဖေတင် မဟုတ်ပါ။ ခြေသံသာကြားရပြီး လူတစ်ယောက်တစ်လေတောင် မမြင်ရပါ။ ခြေသံက ကျွန်တော့်နားအထိ တရှပ်ရှပ်နဲ့ ရောက်လာပါပြီ။ ကျွန်တော် ဆက်မနေချင်တော့တာနဲ့အိမ်ပေါ်ကနေဆင်းပြီး ခြံရှေ့မှာ ထွက်ရပ်နေလိုက်

ပါတယ်။ ခြံထဲက နွားတွေ ရုန်းရင်းဆန်ခတ်ဖြစ်နေတာကို သတိထားလိုက်မိလို့ ခြံထဲကို ကြည့်လိုက်တဲ့အခါ နွားတွေနားမှာ ရပ်နေတဲ့အမျိုး

သမီးတစ်ယောက်ကို တွေ့လိုက်ရပါတော့တယ်။အဲဒီအမျိုးသမီးက မစန်းစန်းရီဆိုတာအထူးပြောစရာမလိုတော့ပါ။

ကျေးရွာထုံးစံအတိုင်း ညရှစ်နာရီကျော်တာနဲ့ မီးခွက်မှုတ်ပြီးအိပ်ကုန်ကြပါပြီ။အဲဒီအချိန်မှာပဲ ဓာတ်မီးရောင် မြင်တွေ့လိုက်ရလို့

အားတက်သွားပါတယ်။ ဓာတ်မီးတဝင်းဝင်းနဲ့ ကျွန်တော့်ဘက်ကို လျှောက်လာနေတာ ဦးဖေတင်ဆိုတာ သေချာသွားပါပြီ။

“ ကောင်လေး.....အိမ်ပေါ်မှာ မနေရဲလို့လား ”

“ ဟုတ်တယ်အဘ ”

“ လာ...လာ.... ။အိမ်ပေါ်တက်ကြမယ် ”

အရှေ့ကနေ ဦးဆောင်ပြီးအိမ်ပေါ်တက်သွားတဲ့ ဦးဖေတင်နောက်ကနေလိုက်သွားရင်း ခုနက နွားတွေနေရာကိုကြည့်လိုက်တော့အဲဒီနေရာမှာ ဘာမှမရှိတော့ပါ။ နွားတွေလည်း ငြိမ်သက်ပြီးအမြီးတဖျပ်ဖျပ်ခပ်သံပဲကြားရပါတော့တယ်။

“ စန်းစန်းရီနဲ့တော့ ခက်တာပဲ ”

“ ဘာဖြစ်လို့လဲအဘ ”

အိမ်ပေါ်ရောက်ရောက်ခြင်း ပြောလိုက်တဲ့ ဦးဖေတင်ရဲ့စကားကြောင့် ကျွန်တော် စိတ်ဝင်စားသွားမိတယ်။

“ မင်းရဲ့ကားထဲမှာ ငုတ်တုပ်ထိုင်နေလို့ ဘယ်သူမှ မစောင့်ရဲကြဘူး။ ကားကို စိတ်ချကွာ။ ဘယ်သူမှ မခိုးပါဘူး။အနားတောင် မကပ်ရဲကြဘူး ”

“ ဗျာ.........၊ ခုနကတင် နွားတွေထအော်ပြီးအိမ်ပေါ်တက်လာတဲ့ ခြေသံကြားလို့အဘပြန်လာတယ်ထင်ပြီး တံခါးပေါက်ဝကို ကြည့်လိုက်တာ ဘယ်သူမှ မရှိဘူး။ ခြေသံက ကျွန်တော့်အနားထိရောက်လာလို့အိမ်အောက်ကိုဆင်းပြီး ခြံဝကနေအဘကို စောင့်နေတဲ့အချိန်မှာနွားတွေရုန်း

နေကြတယ်။ ဘာဖြစ်တာလဲဆိုပြီး ကြည့်လိုက်တော့ နွားတွေနားမှာ ရပ်နေတဲ့ မစန်းစန်းရီကို တွေ့လိုက်တယ်အဘ ”

“အင်း....သူ့ကလေးမပါလာလို့ မင်းကို မကျေမနပ်ဖြစ်နေတယ်နဲ့တူတယ် ”

“ ကျွန်တော်နဲ့ မဆိုင်ဘူးလေအဘ။ ကလေးထည့်မပေးလိုက်တာက ရင်ခွဲရုံကလေ ”

“ မင်းနဲ့မဆိုင်မှန်း ငါသိပါတယ်။ သူကတော့ ကလေးမပါလာတာ မင်းကြောင့်လို့ထင်မှာပေါ့ ”

“ ဟာဗျာ..... ”

“ မနက်ဖြန် သူ့ယောက်ျားပြန်လာရင် သူ့ကိုပြန်ခေါ်သွားလိုက်ကွာ ”

“ ခေါ်သွားမှာအဘ။ သူ့ကို ရေခဲတိုက် ပြန်ပို့လိုက်မယ် ”

“ ကောင်းတယ် ကောင်လေး။ ဒါမှ သူ့အခြေအနေကို သိသွားမှာ။ သူ့ကိုယ်သူ သေတယ်ဆိုတာ သိပုံမရသေးဘူး။အစိမ်းသေဆိုတာမျိုးက

သူတို့ကိုယ်သူတို့ သေတယ်ဆိုတာ မသိကြတာများတယ် ”

“ သူ့ယောက်ျားပြန်လာတာနဲ့ ကျွန်တော်ပြန်ချင်တယ်။ ကျွန်တော့်အမေလည်း စိတ်ပူနေလောက်ပြီ ”

“ ငါ စီစဉ်ပေးပါ့မယ်။ ဒီနေ့ညတေယ့အိပ်တော့ကောင်လေး။ မကြောက်နဲ့၊ ငါလည်းအိမ်ရှေ့ခန်းမှာ ထွက်အိပ်ပေးမယ်။ စန်းစန်းရီ ငါ့အိမ်မှာ မရှိတော့ဘူး ”

“ ဟုတ်ကဲ့အဘ ”

**************

မနက်ခြောက်နာရီမှာတော့ မစန်းစန်းရီရဲ့အမျိုးသား ကိုခင်စိုး ရောက်လာပါတယ်။ မစန်းစန်းရီရဲ့အသုဘအိမ်ကို ကျွန်တော်နဲ့

ဦးဖေတင်တို့ သွားတွေ့ကြပါတယ်။ ကိုခင်စိုးကိုအကျိုးအကြောင်းပြောပြတော့ ကိုခင်စိုးက လက်ခံပါတယ်။ သူကိုယ်တိုင် ရန်ကုန်ပြန်လိုက်ပြီး မစန်းစန်းရီကို ရွာပြန်ခေါ်မယ်လို့ ပြောရှာပါတယ်။ ကျွန်တော်တော့ ပြန်လိုက်မပို့နိုင်တော့ကြောင့် ကိုယ့်အစီအစဉ်နဲ့ကိုယ်သာ ဇီးကုန်းကို ပြန်လာဖို့ ပြောလိုက်ပါတယ်။ ကိုခင်စိုးကလည်း သဘောတူပါတယ်။ မနက်စာ စားသောက်ကြပြီး ဆယ့်တစ်နာရီလောက်မှာ ကျွန်တာ်နဲ့အတူ ဦးဖေတင် ကိုခင်စိုးတို့ ကားဆီလာကြပါတယ်။

“ စန်းစန်းရီ.....။ သူတို့နဲ့လိုက်သွားပြီး နင့်သားတွေကို သွားရှာပေတော့။ နင့်ယောက်ျားနဲ့ ပြန်လိုက်လာပြီးအမျှဝေတဲ့အခါ သာဓုခေါ် ”

ကျွန်တော် ကားေ့းတက်လိုက်တဲ့အချိန်မှာပဲ ကားက ငြိမ့်ကနဲဖြစ်သွားပါတယ်။ မစန်းစန်းရီ ကျွန်တော့်ကားပေါ်မှာ ရောက်နေပြီဆိုတာ သိလိုက်ပါပြီ။ စက်နှိုးပြီး မောင်းကြည့်လိုက်တော့ ကားလိမ့်သွားပါပြီ။

“အဆင်ပြေသွားပြီလား ကောင်လေး ”

“ ဟုတ်ကဲ့အဘ ”

“ ကားပေါ်က ခဏဆင်းဦး။ မင်းကို ပြစရာရှိတယ် ”

“ ဟုတ်ကဲ့အဘ ”

ဦးဖေတင်ပြောသလို ကျွန်တော်ကားပေါ်ကဆင်းလိုက်ပါတယ်။

“ ဒီမှာကြည့် ”

ဦးဖေတင်ပြတဲ့ ကားနောက်ဖုံးမှန်ကို ကြည့်လိုက်တော့ လက်ရာ နှစ်ခုကို မြင်လိုက်ရပါတယ်။ လက်ရာတွေက ကားထဲကနေ မှန်ကို

ကိုင်တွယ်ထားတဲ့ လက်ရာတွေပါ။

“ သူတစ်ယောက်တည်း ပါလာပုံရတယ်။ သူ့သားနဲ့ သူ့ကလေး ပါမလာလို့ထင်တယ်။ စန်းစန်းရီ မင်းရဲ့ကားပေါ် ရောက်နေပြီ။ ကဲ....

သွားကြတော့ ”

“ ဟုတ်ကဲ့အဘ ”

ကျွန်တော်လည်း ကားပေါ်တက်ပြီး ကိုခင်စိုးနဲ့အတူ မောင်းထွက်ခဲ့ပါတော့တယ်။ ရန်ကုန်ကို ရောက်တဲ့အခါ ကိုခင်စိုးကို ရေခဲတိုက်ကို ခေါ်သွားပြီး ကိုအောင်ကြည်နဲ့ ပေးတွေ့လိုက်ပါတယ်။ ကိုအောင်ကြည်ကိုလည်းအကျိုးအကြောင်းပြောပြလိုက်ပါတယ်။

“ ကလေးအလောင်းကို ထည့်ပေးလိုက်ဖို့ မေ့သွားတယ်ကွ။အမှန်က သူ့အထဲကိုပြန်ထည့်ပေးလိုက်ရမှာ ”

“ လုပ်ပေါ့အစ်ကိုရာ။အခု ဘယ်လို လုပ်ကြမလဲ ”

“ ဘာမှ လုပ်စရာမလိုပါဘူးကွာ။ နာမည်ဘယ်သူ...... ”

“ ခင်စိုးပါ ”

“ ခင်ဗျားနာမည်ကိုပြောတာ မဟုတ်ဘူး။ ခင်ဗျားရဲ့မိန်းမနာမည် ”

“ စန်းစန်းရီပါ ”

“ ခင်ဗျားရဲ့ သားနာမည်ကရော ”

“အောင်စန်းမော်ပါ ”

“ နေတာက ဘယ်မှာလဲ ”

“ ဇီးကုန်း....( XXX ) ရွာမှာပါ ”

“ ကဲ......ဇီးကုန်း ( XXX ) ရွာက မစန်းစန်းမြင့်နဲ့ မောင်အောင်စန်းမော်ရေ...။ မင်းတို့သားအမိတွေအမြန်ပြန်တွေ့ကြတော့။ ရပြီ ”

“ ဟမ်......ဘယ်လိုတုန်းအစ်ကို။အဲလိုပြောလိုက်တာနဲ့ ရရောလား ”

“ ဒါတော့ ငါလည်းမပြောတတ်ဘူးလေ။အနရောဂါကြောင့် သေတာမဟုတ်ဘဲ ကားတိုက်ခံရပြီး သေတာ၊ ရေနစ်ပြီးသေတာ၊ လူသတ်

ခံရလို့သေတာကအစိမ်းသေကွ။ ရုတ်တရက်သေသွားတဲ့အခါ သူတို့ကိုယ်သူတို့ သေတယ်ဆိုတာ မသိဘူးလေ။ ကားတိုက်ခံရတဲ့အချိန်မှာ ကလေးကအဲဒီနေရာမှာပဲ ရှိချင်ရှိနေမှာပေါ့ ”

“ ဗိုက်ထဲက ကလေးကိုလည်း ပြန်တောင်းနေတယ် ”

“အဲဒါတော့ ဘယ်လိုမှ လုပ်ပေးလို့မရဘူးလေ။ ရှိမှ မရှိတော့တာ။ ဒီလိုလုပ်ကြ၊ သူတို့သားအမိနှစ်ယောက် ကားတိုက်ခံရတဲ့နေရာမှာ နာမည်

ခေါ်ကြည့်ကြ ”

“ ညီလေး...အစ်ကို့ကိုအဲဒီနေရာ လိုက်ပို့ပေးပါလား ”

“ ဘယ်နေရာဆိုတာ ကျွန်တော်မှ မသိတာ။ ကျွန်တော်လည်း ဆက်ပြီးမကူညီနိုင်တော့ဘူးအစ်ကို။ ရန်ကုန်က မစန်းစန်းရီအမျိုးတွေကို မေး

ကြည့်ပြီးအစ်ကို့ဟာအစ်ကိုသာ ဆက်လုပ်ပေတော့ ”

ကျွန်တော်အတတ်နိုင်ဆုံးအကူအညီပေးခဲ့ပြီးပါပြီ။ ထပ်မကူညီနိုင်တော့ပါ။

“ ကောင်းပါပြီ ညီလေး ”

“ ခင်ဗျားအဲဒီလိုမှ လုပ်လို့မရရင် နောက်တစ်နည်းရှိတယ် ”

“ ဟုတ်ကဲ့ ပြောပါခင်ဗျ ”

“ ကားတိုက်တဲ့နေရာမှာ ဆိုင်ရာပိုင်ရာအစောင့်တွေရှိတတ်တယ်။ ဥပမာ လမ်းစောင့်နတ်ပေါ့ဗျာ။ ပွဲထိုးပြီးအကူအညီတောင်းကြည့်ပေါ့။အဲဒီလိုလုပ်လို့ရတာတော့ သိတယ်။ ရေနစ်တဲ့သူအလောင်းကို ရှာရင်လည်းအဲဒီနည်းသုံးတတ်ကြတယ်လေ ”

“ ဟုတ်ကဲ့.....လုပ်ကြည့်ပါ့မယ်။ ညီလေးကို ကျေးဇူးတင်ပါတယ် ”

“ ရပါတယ်အစ်ကို။ ကျွန်တော်လည်းအလုပ်တွေရှိလို့ ဆက်ပြီး မကူညီနိုင်တာပါ ”

“ ရပါတယ်ညီလေး ”

အဲဒီနေ့က ကိုခင်စိုးကို ဆေးရုံကြီးမှာထားခဲ့ပြီးအိမ်ပြန်ခဲ့ပါတယ်။အိမ်ကိုရောက်တော့ ကားရေဆေးပြီးအိမ်ရှေ့မှာပဲ ထားလိုက်ပါ

တယ်။ မေမေ့ကိုလည်းအကျိုးအကြောင်း ပြောပြလိုက်ပါတယ်။ မေမေက ကားကို ပရိတ်ရေဖြန်းပြီး မစန်းစန်းရီကို နာမည်ခါ်ပြီး မေတ္တာပို့ပါ

တယ်။အဲဒီနေ့ကစပြီး ကျွန်တော့်ကားပေါ်မှာ မစန်းစန်းရီ ရှိမနေတော့ပါ။ သားအမိချင်း ပြန်ဆုံတွေ့သွားကြပြီ ထင်ပါတယ်။ ဒါမှမဟုတ်

အခြားဘဝကို ကူးပြောင်းသွားတာလည်း ဖြစ်နိုင်ပါတယ်။ ထိုအဖြစ်အပျက်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာကြောင့် တစ်သက်လုံးမေ့မရနိုင်

တော့ပါ။ ယာဉ်တိုက်မှုဖြစ်ပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ကြတဲ့ သူတွေလည်းအစိမ်းသေဘဝနဲ့ မစန်းစန်းရီတို့လို့ ဖြစ်ပျက်နေကြမှာ မလွဲမသွေပါ။ ဥပစ္ဆေဒကကံကြောင့် သေဆုံးရခြင်းမှ ကင်းဝေကြပါစေ။

ချစ်ခင်လေးစားလျက်

လွင်ဦးဟန်

အပတ်စဉ်အသစ်သစ်သော ပရလောက ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။




ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..