“ တီးန်....တောင်.......၊ တီးန်....တောင်..... ”
လူခေါ်ဘဲလ်သံကြောင့် စာဖတ်နေရာကနေ ထပြီးအိမ်တံခါးကို ဖွင့်ကြည့်လိုက်တဲ့အခါ လူတစ်ဦးတစ်ယောက်မှမတွေ့တာကြောင့် ကိုလှဘုန်းအံ့သြသွားပါတယ်။
“ ဘယ်သူလဲ မောင်လေး ”
“ ဘယ်သူမှမရှိဘူးအစ်မ ”
“ ဘယ်သူမှမရှိဘဲနဲ့ ဘဲလ်တီးပါ့မလားဟဲ့ ”
“အဟုတ်ပြောနေတာပါဆို။ မယုံရင်လာကြည့်ပါလား ”
အစ်မဝမ်းကွဲဖြစ်သူ မမီမီအောင်က မီးဖိုဆောင်ထဲကနေအိမ်ရှေ့ကိုထွက်လာပြီး တံခါးအပြင်ဘက်ကိုကြည့်ပါတယ်။ ကိုလှဘုန်းပြောတဲ့အတိုင်း ဘယ်သူမှရှိမနေတာကြောင့် ကိုလှဘုန်းကို တံခါးပြန်ပိတ်ခိုင်းရင်းအိမ်နောက်ဘက်ကို ပြန်ဝင်သွားပါတယ်။ မမီမီအောင် မီးဖိုဆောင်ထဲဝင်သွားတာနဲ့ကိုလှဘုန်းလည်း ဖတ်လက်စ စာအုပ်ကို ဆက်ဖတ်နေလိုက်တယ်။
“ တီးန်တောင်.......တီးန်တောင်..... ”
“ မောင်လေး......၊ ဧည့်သည်နဲ့တူတယ် ”
“ ဟုတ်ကဲ့။ ကျွန်တော် ကြည့်လိုက်မယ် ”
စာအုပ်ကို စားပွဲပေါ်ပစ်တင်လိုက်ပြီးအိမ်တံခါးကို သွားဖွင့်ကြည့်တဲ့အခါအပြင်မှာ ဘယ်သူမှ ရှိမနေပါ။
“ ဘယ်သူမှ မရှိဘူးဗျ။ ဘယ်ကောင် လက်လာဆော့လဲမသိဘူး ”
“ ဒီတိုက်မှာ လက်ဆော့မယ့် ကလေးတွေလည်း မရှိပါဘူး။ ဟိုဘက်ခန်းမှာကအဘွားကြီးတစ်ယောက်ပဲ ရှိနေတာ။ သူ့သမီးနဲ့သားကလည်း ရုံးသွားနေကြတယ်။အောက်ထပ်မှာတော့ ကျူရှင်ရှိတယ် ”
“ ကျုရှင်လာတက်တဲ့ ကလေးတွေလားမှမသိတာ ”
“ ကလေးတွေလည်း လုပ်မယ် မထင်ပါဘူးဟာ။ လုပ်ပြီးပြေးဆင်းသွားရင် ခြေသံကြားရမှာပေါ့။ ဘဲလ်က ကြောင်နေတာဖြစ်မှာပါ ”
မမီမီအောင်ပြောတာလည်း နည်းလမ်းကျတာမို့ တံခါးကိုပိတ်လိုက်ပြီး စာဆက်ဖတ်နေလိုက်ပါတယ်။
“ မောင်လေး....ထမင်းဆာရင် ပြောနော် ”
“ စားလိုက်တော့မယ်အစ်မ ”
“ ဒါဆို ငါ ထမင်းပွဲ ပြင်လိုက်တော့မယ် ”
“ ကျွန်တော်ပါ ဝိုင်းကူပေးမယ် ”
အစ်မလည်း တစ်မနက်လုံးပင်ပန်းနေတာကြောင့် ကိုလှဘုန်းကအစ်မကိုအကူအညီပေးဖို့ ထိုင်ရာကထလိုက်ချိန်မှာပဲ လူခေါ်ဘဲလ်သံ
က ထပ်မြည်လာပြန်ပါတယ်။
“ တီးန်...တောင်.......။ တီးန်....တောင် ”
“ ခွေးမသား....... ။ တွေ့ကြသေးတာပေါ့ကွာ ”
ကိုလှဘုန်းက ပြောပြောဆိုဆို တံခါးကိုအမြန်ပြေးဖွင့်ပြီးအပြင်ကိုကြည့်လိုက်တော့လည်း ဘယ်သူမတွေ့ပါ။
“ တောက်...... ”
“ ဖြစ်ပြန်ပြီလား မောင်လေး ”
“ ဟုတ်တယ်အစ်မ ”
“ ဓာတ်ခဲတွေ ထုတ်ထားလိုက်ဟာ။ ဧည့်သည်လာရင် တံခါးခေါက်လိမ့်မယ်။အဲဒီဘဲလ်ကအခန်းဝယ်ကတည်းကအရင်လူတွေ တပ်ထားခဲ့တာ။ မကြာခဏ ထထမြည်တတ်တယ်။ ဘဲလ်ကြောင်နေတာဖြစ်မယ်။ ညနေမှပဲအသစ်သွားဝယ်လိုက်တော့မယ် ”
မမီမီအောင်ပြောတဲ့အတိုင်း တံခါးမှာတပ်ထားတဲ့ လူခေါ်ဘဲလ်ခလုတ်ကိုဖြုတ်ပြီး ဓာတ်ခဲထုတ်သလို၊အသံမြည်တဲ့ ဘဲလ်ထဲက ဓာတ်ခဲနှစ်လုံးကိုလည်း ဆွဲဖြုတ်လိုက်ပါတယ်။
“ ထမင်းစားကြရအောင် ”
“ ဟုတ်ကဲ့အစ်မ။ လာပြီ ”
ဘဲလ်ခလုတ်နဲ့ ဘဲလ်ကို တစ်နေရာစီထားပြီး မနက်စာ ထမင်းစားဖို့နောက်ဖေးခန်းထဲကို ဝင်သွားပါတော့တယ်။
***************
ညစာ စားသောက်ပြီးတဲ့အချိန်မှာ ညရှစ်နာရီကျော်နေပါပြီ။ မမီမီအောင်နဲ့အဒေါ်ဖြစ်သူ ဒေါ်အေးကြင်တို့က တီဗီထိုင်ကြည့် နေကြတဲ့အချိန်မှာ ကိုလှဘုန်းက စာရေးသားနေပါတယ်။
“ တီးန်.....တောင်.......၊ တီးန်...တောင်...... ”
“ ဟယ်...... ”
“ ဟာ...... ”
လူခေါ်ဘဲလ်သံကြားလိုက်တဲ့အချိန်မှာ မမီမီအောင်နဲ့ ကိုလှဘုန်းတို့ မျက်လုံးချင်းဆုံပြီး ကြည့်လိုက်မိကြတယ်။ ကိုလှဘုန်း
က စာရေးနေရာကနေ ချက်ချင်းထသွားပြီး လူခေါ်ဘဲလ်နဲ့ ခလုတ်ကို စစ်ဆေးပါတယ်။
“ မောင်လေး...ဓာတ်ခဲတွေထုတ်ထားတယ်မဟုတ်လား ”
“ ထုတ်ထားတယ်လေ....။ ရော့...ဒီမှာကြည့် ”
ကိုလှဘုန်းက ဓာတ်ခဲထုတ်ထားတဲ့ လူခေါ်ဘဲလ်ကိုအစ်မဖြစ်သူ မမီမီအောင်ရဲ့ လက်ထဲကို ထည့်ပေးလိုက်ပါတယ်။ လက်ထဲ ရောက်လာတဲ့ လူခေါ်လ်ဘဲလ်ကို မမီမီအောင်အသေအချာ ကြည့်နေစဉ်မှာပဲ ဘဲလ်သံက ထမြည်ပါတော့တယ်။
“ တီးန်...တောင်......၊ တီးန်.....တောင် ”
“အမလေး....... ”
ဓာတ်ခဲတွေမရှိပေမယ့် လူခေါ်ဘဲလ်ကအသံထမြည်လာတာကြောင့် မမီမီအောင်က လက်ထဲမှာကိုင်ထားတဲ့ လူခေါ်ဘဲလ်ကို ထိတ်လန့်တကြားနဲ့ လွှင့်ပစ်လိုက်ပါတယ်။
“ ထူးတော့ ထူးဆန်းနေပြီအစ်မရေ ”
“ ဟုတ်တယ်ဟာ....။ ဓာတ်ခဲထုတ်ထားတာတောင်အသံမြည်တယ်ဆိုတော့ သရဲခြောက်တာပဲဖြစ်ရမယ် ”
“ သမီးတို့ရယ်......မပြောကြပါနဲ့၊ ဒေါ်လေးကြောက်လို့ပါ ”
ဒေါ်အေးကြင်က မမီမီအောင်နဲ့ ကိုလှဘုန်းတို့ကို မျက်နှာငယ်လေးနဲ့ ကြည့်ပြီး ပြောနေတာကြောင့် ကိုလှဘုန်းတို့လည်း ဘာမှ ဆက်မပြောတော့ဘဲအသာငြိမ်နေလိုက်ကြပါတယ်။
“ မောင်လေး....ခဏ ”
မမီမီအောင်က မျက်ရိပ်မျက်ခြေပြပြီးအိပ်ခန်းထဲကိုခေါ်သွားတာကြောင့် ကိုလှဘုန်းလည်း မမီမီအောင်နောက်ကို လိုက်သွားခဲ့ပါတယ်။အိပ်ခန်းထဲရောက်တော့ မမီမီအောင်ကအခန်းတံခါးကို ပိတ်လိုက်ပါတယ်။
“ ဘာပြောမလို့လဲအစ်မ ”
“ ဒေါ်လေးရှေ့မှာ မပြောချင်လို့အခန်းထဲခေါ်လာတာ ”
“ ဘာအကြောင်းလဲ ”
“ ဒီအိမ်မှာ သရဲရှိတယ် မောင်လေး ”
“ ဟေ......။ ဟုတ်လို့လား ”
“ ဒေါ်လေးရော ငါရော မြင်ရတာ ”
“ ဘယ်လိုမြင်တာလဲအစ်မ ”
“ ငါကတော့ ဘေးနားကဖြတ်သွားတာ၊အရှေ့က ရိပ်ကနဲဖြတ်သွားတာလောက်ပဲ မြင်တာ။ ဒေါ်လေးက သူ့ခုတင်ဘေးမှာရပ်နေတာကိုအသေအချာမြင်ရတာ။ ဒါကြောင့် သူအိပ်ရင် မီးချောင်းဖွင့်ပေးထားရတာပေါ့ ”
“အသေအချာမြင်တယ်ဆိုတာ ဘယ်လိုမျိုးလဲ။အကောင်အထည်လိုက်မြင်ရတာလား ”
“အကောင်အထည်လိုက်တော့မဟုတ်ဘူး။အရိပ်လို မည်းမည်းကြီးပဲ မြင်ရတာ ”
“အစ်မ ဒီအိမ်ဝယ်တာ ဘယ်လောက်ကြာပြီလဲ ”
“ ဘာရှိဦးမှာလဲ၊ တစ်လတောင် မပြည့်သေးဘူး။ ခေါ်တာက သိန်းလေးရာ၊ ငါက သုံးရာစစ်ချလိုက်တာ၊ သုံးရာ့နှစ်ဆယ်နဲ့ ရလိုက်တယ် ”
“ ဝယ်တုန်းကအသေအချာ မစုံစမ်းခဲ့ဘူးလား ”
“ ဘာကိုစုံစမ်းရမှာလဲ ”
“အိမ်ရဲ့အခြေအနေကိုပြောတာ ”
“အဲဒီလိုတော့ မစုံစမ်းမိဘူး။ နေရာလည်းကောင်းတယ်။ တိုက်ခန်းကလည်း ပြင်ဆင်ပြီးသား၊ ဈေးလည်းတန်လို့ ဝယ်လိုက်တာ ”
ယခုတိုက်ခန်းကို ဈေးချိုချိုဖြင့်ရလိုက်တာကိုတော့ ကိုလှဘုန်းသိပါတယ်။ ကိုလှဘုန်းက နယ်မြို့တစ်မြို့မှာ နေထိုင်ပြီးအလုပ်ကိစ္စနဲ့ ရန်ကုန်ကိုရောက်လာတဲ့အခါအစ်မဝမ်းကွဲတော်စပ်တဲ့ မမီမီအောင်ဆီမှာ ခေတ္တနေထိုင်ပါတယ်။ ယခုအိမ်ကို ကိုလှဘုန်းရောက်ရှိနေတာ နှစ်ရက်ပဲ ရှိပါသေးတယ်။
“အစ်မရဲ့အိမ်မှာ တစ်ခုခုတော့ရှိနေပြီ ”
“ ရှိပါတယ်ဆိုနေ ”
“ ခြောက်တာလှန့်တာ မရှိဘူးလား ”
“အသံပေးပြီး ခြောက်တာလှန့်တာတော့ မရှိဘူး ”
“ ဒါဆို ကျွန်တော့်ကို မကျေနပ်လို့ ခြောက်နေတာများလား ”
“ ဟုတ်မယ်ထင်တာပဲ ”
“ သူ့ကိုဘာမှမလုပ်ဘဲနဲ့ ဘာကြောင့်ခြောက်ရတာလဲမသိဘူးဗျာ။ ခြောက်မယ့်အစား ထီနံပါတ်လေး ချဲနံပါတ်လေး ပေးပေါ့...ဟား..ဟား ”
“ ငါလည်းအဲလိုပြောတာပဲ။အခုထိတော့ ထီမပေါက်သေးဘူး။ လာ...ဧည့်ခန်းကို ပြန်သွားကြမယ်။ တော်ကြာ ဒေါ်လေးတစ်ယောက်တည်း ကြောက်နေဦးမယ် ”
“ ဟုတ်ကဲ့အစ်မ ”
***************
မမီမီအောင်နဲ့ ဒေါ်အေးကြင်တို့အိပ်မောကျနေတဲ့အချိန်မှာ ကိုလှဘုန်း စာထိုင်ရေးနေပါတယ်။အချိန်ကလည်း ညဆယ့်နှစ် နာရီရှိပါပြီ။ မနက်ပိုင်းစာရေးတဲ့အခါအလှူခံနဲ့ ဈေးသည်တွေရဲ့အသံတွေကြောင့် စာကိုအာရုံမစိုက်နိုင်တော့ လူခြေတိတ်တဲ့ ညအချိန်မှာပဲ စာရေးဖြစ်ပါတယ်။
“အုဝူး.............၊အုဝူး...... ”
အိမ်ရှေ့လမ်းပေါ်က ဆွဲဆွဲငင်ငင်အူလိုက်တဲ့ ခွေးအူသံကြောင့် စာထဲမှာ စိတ်နှစ်ထားတဲ့ ကိုလှဘုန်းတစ်ယောက်အာရုံပျက်သွား ပါတော့တယ်။ ထိုင်ရာကထပြီး ဝရံတာကနေအိမ်ရှေ့လမ်းပေါ်ကို ကြည့်လိုက်တော့အဖြူရောင်လမ်းဘေးခွေးတစ်ကောင်က တိုက်ပေါ်ကို မော့ကြည့်ပြီး ဆွဲဆွဲငင်ငင်အူနေတာကို မြင်တွေ့လိုက်ရပါတယ်။ မနက်စောစော ဆွမ်းခံကြွလာတဲ့အခါ ကြေးစည်ထုရင်လည်းအဲဒီခွေးကအူတတ်သလို၊အလှူခံတွေလာရင်လည်းအူတတ်လို့ သိပ်တော့ မထူးဆန်းပေမယ့် တိုက်ပေါ်ကို မော့ကြည့်ပြီးအူနေတာကတော့ နည်း နည်းထူးဆန်းနေတယ်လို့ ကိုလှဘုန်း တွေးမိလိုက်တယ်။ မျက်နှာချင်းဆိုင်က တိုက်ခန်းတွေလည်း မီးတွေပိတ်ပြီးအိပ်ကုန်ကြပါပြီ။ မိုးက လည်း တဖျောက်ဖျောက်နဲ့ ရွာခါစပြုနေပါပြီ။အဲဒီအချိန်မှာပဲအနောက်မှာ တစ်ယောက်ယောက်ရှိနေသလို ခံစားလိုက်ရပြီး ကြက်သီးမွေး ညင်းတွေလည်းအလိုလို ထသွားပါတော့တယ်။ စိတ်ထဲမှာ မသိုးမသန့်ဖြစ်လာတာကြောင့်အိမ်ထဲကိုပြန်ဝင်ပြီး ဘုရားမီးပူဇော်လိုက်ပါတယ်။ ဘုရားမီး ပူဇော်ပြီးတာနဲ့ စာကြည့်စားပွဲမှာ ပြန်ထိုင်ပြီး စာဆက်ရေးဖို့ ပြင်ဆင်လိုက်ပါတယ်။
ကိုလှဘုန်းစာရေးနေတဲ့ စာကြည့်စားပွဲက လမ်းဘက်ကို မျက်နှာမူထားပြီး ဘုရားစင်က နောက်ကျောဘက်မှာရှိပါတယ်။ လက်ယာ ဘက် မှာတော့အိမ်တံခါးမကြီးရှိနေပြီး လက်ဝဲဘက်မှာ မှန်ပြူတင်းပေါက်တံခါးတစ်ခုရှိနေပါတယ်။
တခါးမကြီးနဲ့ စာကြည့်စားပွဲခုံက ခြေလှမ်းငါးလှမ်းစာပဲဝေးပါတယ်။ ဘုရားစင်ကလည်း တံခါးမကြီးနဲ့အကွာအဝေးတူပါတယ်။ ဘယ်ဘက်က မှန်ပြူတင်းပေါက်ကတော့ လက်တစ်ကမ်းစာပဲရှိပါတယ်။ စာဆက်ရေးဖို့ ပြင်လိုက်စဉ်မှာပဲ ဆုံလည်ကုလားထိုင်ကို နောက် ကနေ ဆွဲလှည့်လိုက်တာကြောင့် ကိုလှဘုန်းလည်း ရုတ်တရက် ထရပ်လိုက်ပါတော့တယ်။အနောက်ဘက်မှာလည်း ဘယ်သူမှရှိမနေပါ။အလယ်ခန်းမှာအိပ်နေတဲ့ ဒေါ်လေး ဒေါ်အေးကြင်ဆီက ဟောက်သံတောင် ကြားနေရပါတယ်။
“ မင်းဟာမင်းအေးအေးဆေးဆေးနေပါကွာ။ ငါ့ကို လာမနှေက်ယှက်ပါနဲ့။ မင်းကိုလည်း ဘာမှလုပ်နေတာ မဟုတ်ပါဘူး ”
ကိုလှဘုန်းက တစ်ယောက်တည်း ပြောဆိုနေစဉ်မှာပဲ မီးဖိုဆောင်ထဲက ပန်းကန် ခွက်ယောက်သံနဲ့အတူအိမ်သာတံခါးဆွဲပိတ် လိုက်တဲ့အသံကြားလိုက်ရတာကြောင့်အစ်မဖြစ်သူ မမီမီအောင် တစ်ရေးနိုးတယ်ထင်ပြီး နောက်ဖေးကို ဝင်သွားကြည့်ပါတယ်။ မီးဖိုဆောင်ကို ရာက်တဲ့အခါအိမ်သာမီးကလွဲပြီး မီးဖိုဆောင်မီးတွေ ထွန်းမထားပါ။
“အိမ်သာထဲမှာအစ်မလား ”
“အေး..... ”
“ တစ်ရေးနိုးလားအစ်မ ”
“အေး.... ”
အိမ်သာထဲက ပြန်ဖြေသံကိုကြားတော့မှအိမ်ရှေ့ထွက်လာခဲ့ပါတော့တယ်။အစ်မဖြစ်သူအိပ်ခန်းရှေ့ရောက်တဲ့အခါ စိတ်ထဲ တစ်မျိုးတစ်ဖုံဖြစ်မိတာကြောင့်အိပ်ခန်းတံခါးကိုအသာဟပြီးအခန်းထဲကို ခြောင်းကြည့်လိုက်ပါတယ်။အိပ်မောကျနေတဲ့ မမီမီအောင်ကို ညအိပ်မီးရောင်အောက်မှာ မြင်တွေ့လိုက်ရတဲ့အခါ ကိုလှဘုန်း ကြက်သီးဖြန်းဖြန်းထသွားပါတော့တယ်။ ထိုစဉ်မှာပဲအိမ်သာတံခါး ပွင့်လာလို့ နောက်ဖေးကို လှည့်ကြည့်ပေမယ့် လူရိပ်လူယောင်တောင် မမြင်တွေ့ရပါ။
“ ဖျောက်...... ”
အိမ်သာမီးခလုပ်အလိုလိုပိတ်သွားတာကို မြင်တွေ့လိုက်ရတော့အလယ်ခန်းမီးတွေကိုအမြန်ဖွင့်လိုက်ပါတော့တယ်။ ထိုအချိန်မှာပဲအရှေ့ကနေ ဖြတ်သွားတဲ့အဖြူရောင်အရိပ်တစ်ခုကို မြင်လိုက်တာကြောင့် ကိုလှဘုန်းက မမီမီအောင်ရဲ့အခန်းတံခါးကိုအမြန်ဖွင့်ဝင်ပြီးအရိပ်ကြီးကို လမ်းဖယ်ပေးလိုက်ပါတယ်။
“ မောင်လေး......ဘာဖြစ်လို့လဲ ”
အိပ်ခန်းတံခါးကိုဖွင့်ထားတဲ့အတွက်အပြင်ကအလင်းရောင်တွေဝင်လာတာကြောင့် မမီမီအောင်အိပ်ရာက ရုတ်တရက်နိုးလာပြီးအခန်းဝနားမှာရပ်နေတဲ့ ကိုလှဘုန်းကိုမြင်လို့အိပ်ရာထဲကနေအပြင်ကို ထွက်လာပြီး မေးပါတယ်။
“ ကျွန်တော် စာရေးနေတုန်း ကုလားထိုင်ကို ဆွဲလှည့်တယ်။ နောက်ဖေးက ပန်းကန်ခွက်ယောက်သံတွေကြားလို့အစ်မတစ်ရေးနိုးအိမ်သာ သွားတယ် ထင်ပြီး လာကြည့်တော့အိမ်သာမီးကိုဖွင့်ပြီး တံခါပိတ်ထားတယ်ဗျ။ ကျွန်တော်ကအိမ်သာထဲမှာအစ်မလားလို့မေးတော့ ‘အင်း ’ လို့ပြန်ဖြေတယ်။ တစ်ရေးနိုးလားအစ်မလို့ထပ်မေးတော့ ‘အင်း ’ လို့ထပ်ဖြေတယ်။အစ်မအိမ်သာတက်နေတယ်ထင်ပြီးအိမ်ရှေ့ခန်းကို ပြန်ထွက်လာတဲ့အချိန်မှာ စိတ်ထဲမသင်္ကာလို့အစ်မရဲ့အခန်းကို ဖွင့်ကြည့်တယ်။အစ်မကအိပ်ရာပေါ်မှာအိပ်ပျော်နေတာကိုမြင်လိုက်ရတော့ ကျွန်တော်အတော်လန့်သွားတယ်။အဲဒီအချိန်မှာပဲအိမ်သာတံခါးကအလိုလို ပွင့်လာပြီး မီးခလုပ်ကအလိုလိုပိတ်သွားတယ်ဗျ။ ကျွန်တော် လည်းအလယ်ခန်းမီးချောင်းတွေအကုန်ဖွင့်ပြီးအခြေအနေကို ကြည့်နေလိုက်တယ် ”
“ ဟယ်......။ တိုးတိုးပြော......၊ ဒေါ်လေးကြားသွားမယ် ”
“ နေဦး.......မပြီးသေးဘူး။အဲဒါကိုအသေအချာကြည့်နေတုန်း နောက်ဖေးကနေ ထွက်လာတဲ့အဖြူရောင်အရိပ်ကြီးကိုမြင်လို့အစ်မရဲ့အခန်းကိုဖွင့်ဝင်ပြီး လမ်းဖယ်ပေးလိုက်ရတယ်ဗျ ”
“ ဟောတော်.......။ တော်တော်ဆိုးလာပါလား ”
“အိမ်ရှေ့လမ်းပေါ်က ခွေးအူနေလို့ ဝရံတာကိုထွက်ကြည့်တော့ ခွေးက ကျွန်တော်တို့တိုက်ခန်းကိုမော့ကြည့်ပြီးအူနေတာအစ်မရေ ”
“ ဟယ်........ ”
မမီမီအောင်က ကိုလှဘုန်းကို မျက်လုံးအဝိုင်းသားနဲ့ကြည့်ပြီး တအံ့တသြဖြစ်နေပါတယ်။
“ နင်ကြောက်ရင် ငါနဲ့လာအိပ်လေ ”
“ ကြောက်တာတော့ မကြောက်ပါဘူး။ ဒီအိမ်မှာ ရှိနေတဲ့နာနာဘာဝက ဘယ်လိုအစွဲကြောင့်လဲဆိုတာ သိချင်တယ် ”
“ ပေါက်ကရတွေ လျှောက်မလုပ်နဲ့နော်။ ဟိုက ဒီထက်ပိုကြမ်းရင် ငါတို့ ဆင်းပြေးနေရမယ် ”
“ သိချင်တာပဲ ရှိတာပါ၊ မလုပ်ပါဘူး။အိမ်ပိုင်ရှင်ကအခုဘယ်မှာရှိနေလဲအစ်မ ”
“ သူက နယ်မှာနေတာ။ ဘာလုပ်ဖို့လဲ ”
“ ဒီအိမ်အကြောင်း သူ့ကို မေးကြည့်ချင်လို့။ ဖုန်းနံပါတ်ရှိတယ်မဟုတ်လား ”
“ ဖုန်းနံပါတ်ရှိတယ်။ နင်မေးတော့ရော သူကအတိအကျပြောမတဲ့လား။ သူ့ဟာသူနေပါစေ မောင်လေးရယ်။ ပြဿနာ သွားမရှာပါနဲ့ ”
“ ကျွန်တော်က ပြဿနာမရှာပါဘူး။ သူကသာ ကျွန်တော့်ကို ခြောက်နေတာ ”
“ နင် စာဆက်ရေးဦးမယ်မဟုတ်လား ”
“ ဟုတ် ”
“ ငါထိုင်စောင့်ပေးရမလား မောင်လေး ”
“အစ်မဟာအစ်မအေးအေးဆေးဆေးအိပ်တော့။ ကျွန်တော်လည်း စာဆက်ရေးတော့မယ် ”
“ နှုတ်မကျွံမိစေနဲ့နော်။ ပရလောကသားတွေကို ငါတို့က မြင်ရတာမဟုတ်ဘူး ”
“အင်းပါ။ ပြန်အိပ်တော့။ ကျွန်တော် စာဆက်ရေးလိုက်ဦးမယ် ”
“ မနေရဲရင် ငါ့ကိုလာခေါ်၊ တစ်ယောက်တည်းမအိပ်ရဲရင် ငါနဲ့လာအိပ် ”
“ ဟုတ်ကဲ့အစ်မ ”
“ နင်သွားရင်အခန်းမီးတွေ ပိတ်ပေးဦး ”
“ ပိတ်ပေးမယ် ”
မမီမီအောင်အိပ်ရာထဲဝင်သွားတာနဲ့ ကိုလှဘုန်းလည်းအခန်းမီးပိတ်ပေးပြီးအိမ်ရှေ့ကို ပြန်ထွက်ခဲ့ပါတယ်။အဲဒီနေ့ကတော့အဲဒီလောက်နဲ့တင် ပြီးသွားခဲ့ပါတယ်။
***************
“ မောင်လေး.....။ စာရေးမယ်ဆိုရင် ညပိုင်းမရေးနဲ့လေ ”
“ မနက်မိုးလင်းတာနဲ့ ဆူညံနေတာ ဘယ်လိုလုပ်ပြီး စာထဲ စိတ်ဝင်စားမှာလဲအစ်မရာ။ ဆွမ်းခံကြွတော့လည်းအော်လန်နဲ့။အလှူခံတော့ လော်ကြီးတွေနဲ့အလှူခံနေကြတယ်။ ဈေးသည်တွေကလည်းအော်လန်နဲ့။ ဘယ်လိုလုပ်ပြီး စာရေးလို့ရမလဲအစ်မရာ ”
“ ဒါလည်း ဟုတ်တာပဲ။ ဒီနေရာကို ဝယ်မိတာ မှားတာပဲဟာ ”
“ နေရာကတော့ ကောင်းပါတယ်။အမှန်ကအိမ်ဝယ်မယ်ဆိုရင် ဝယ်မယ့်အိမ်ရဲ့ ရာဇဝင်အကြောင်း ပတ်ဝန်းကျင်ကို မေးစမ်းကြည့်ပြီး မှဝယ်ရတယ် ”
“ လူမသေဘူးတဲ့တိုက်ခန်းဆိုတာအသစ်တွေလောက်ပဲရှိတာ”
“ တိုက်ခန်းအသစ်တွေဆို နေရာကောင်းရင် ဒီဈေးနဲ့ ဘယ်ရမှာလဲအစ်မရာ။ တိုက်ခန်းအသစ်က လူမသေဘူးပေမယ့် မြေသန့်တဲ့ နေရာ ဖြစ်ဦးမှလေ။ လူမသေဘူးတဲ့နေရာဆိုတာ မရှိပါဘူးအစ်မရာ။ ဒီအိမ်မှာရှိနေတဲ့ သရဲကအစွဲကြောင့်လားအစိမ်းသေသေခဲ့တာလား မသိဘူး။ တစ်ခုခုတော့ တစ်ခုခုပဲ ”
“အစိမ်းပဲသေသေ၊အကျက်ပဲသေသေ။ ကောင်းကောင်းမွန်မွန်နေပြီး ထီပေါက်အောင်လုပ်ပေးစမ်းပါ ”
“ ဟား...ဟား....။ ထီပဲပေါက်အောင်လုပ်ပေးမလားအစ်မတို့ကိုပဲ ဖြဲခြောက်မလားတော့ မသိဘူး။ ရတဲ့ဈေးနဲ့ပြန်ရောင်းလိုက်ပါအစ်မရာ ”
“ ဒီတိုက်ခန်းကိုရောင်းပြီး နောက်တိုက်ခန်းထပ်ဝယ်ရင်အဲဒီတိုက်ခန်းမှာ သရဲမရှိဘူးလို့ ပြောရမလားဟဲ့။ ဒီတိုက်ခန်းကို ငါတို့ပြောင်း လာတုန်းက ဒီလောက်မဆိုးပါဘူး။ နင်ရောက်လာမှပဲ မျိုးစုံဖြစ်တော့တယ် ”
“အော...အစ်မဆိုလိုတာ သရဲက ကျွန်တော့်ကို မကျေမနပ်ဖြစ်နေတယ်ပေါ့။ ဟုတ်လား ”
“ ပြောမရဘူးလေ။ နင်က ပါးစပ်ဆော့တတ်တဲ့သူဆိုတော့ ဟိုက မကျေနပ်လို့ ခြောက်တာ နေမှာပေါ့ ”
“အစ်မတို့ကအိပ်လိုက်ရင် ကုလားသေ ကုလားမောဆိုတော့ ခြောက်လား မခြောက်လားဆိုတာ ဘယ်သိပါ့မလဲ။ နေ့လယ်နေ့ခင်းအိပ်ပြီး ညဖက် မအိပ်ဘဲ စောင့်ကြည့်ပါလား ”
“အလုပ်ရှုပ်ခံပြီး မစောင့်ပါဘူး။ သူ့ဟာသူ ခြောက်ချင်ခြောက် မခြောက်ချင်နေ။ သေချာတာတော့ ငါတို့ကို မခြောက်ဘဲ နင့်ကိုပဲ ရွေးခြောက်နေတာဆိုတော့ သရဲမပဲဖြစ်လိမ့်မယ် ”
“ သရဲမဆိုရင်လည်း ချောချောလှလှလေးဆို ကောင်းတာပေါ့အစ်မရာ။အဖော်တောင်ရသေး။ ဟား..ဟား... ”
“ နင်အဲဒီလို ပါးစပ်သရမ်းလို့ ဟိုက ခြောက်တာနေမှာ ”
“ ဟား...ဟား...။ ကျွန်တော် ဘာမှမပြောမိသေးပါဘူးအစ်မရယ် ”
“ ငါတို့အပြင်သွားဦးမယ်။ ညနေမှ ပြန်ရောက်မယ် ”
“ ရတယ်.....။အစ်မတို့အပြင်သွားရင် ကျွန်တော်လည်း နေ့လယ် တစ်ရေးတစ်မောအိပ်လိုက်ဦးမယ် ”
“ မအိပ်နဲ့ဦးလေ၊ ဂက်စ်အိုး ဂက်စ်ဖြည့်ဖို့ ဂက်စ်ဆိုင်ကတစ်ယောက် လွှတ်လိုက်မယ်။ သူ့ကို စောင့်နေလိုက်ဦး ”
“အင်းပါ ”
နေ့လည်တစ်နာရီကျော်လောက်မှာ မမီမီအောင်နဲ့ ဒေါ်အေးကြင်တို့နှစ်ယောက်အပြင်ထွက်သွားကြပါတယ်။ ဂက်စ်ဆိုင်ကအလုပ် သမားလာမယ်ဆိုလို့ နေ့လယ်နှစ်နာရီအထိ စောင့်နေခဲ့ပါတယ်။ ညလုံးပေါက် စာရေးရမှာဖြစ်တဲ့အတွက် နေ့လယ်နေ့ခင်း ခဏအိပ်ဖို့ စဉ်းစား မိပြီးအစ်မဖြစ်သူရဲ့အိပ်ခန်းထဲမှာ ဝင်အိပ်လိုက်ပါတော့တယ်။ ခေါင်းရင်းဘက် တိုက်နှစ်လုံးကြားမှာ ညည်းနေကြတဲ့ ခိုသံတွေကြောင့်အိပ် မရပေမယ့် ခဏအကြာမှာတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားပါတော့တယ်။ ညနေ ငါးနာရီလောက်မှာအိပ်ရေးဝဝလင်လင်နဲ့ နိုးလာခဲ့
ပြီး ရေချိုးလိုက်ပါတယ်။ မမီမီအောင်နဲ့ ဒေါ်အေးကြင်တို့ ပြန်မရောက်သေးတာနဲ့ စာကြည့်စားပွဲမှာထိုင်ပြီး စာရေးနေလိုက်ပါတယ်။ မကြာခင်
မှာပဲ မိုးက သည်းကြီးမည်းကြီးရွာချပါပြီ။ မီးကလည်းအလှည့်ကျပျက်နေတာဆိုတော့ ဖုန်းအားကိုအမြန်သွင်းရင်း ဓာတ်မီးတွေကိုလည်း ဓာတ်အားသွင်းလိုက်ပါတယ်။ ညခုနစ်နာရီကျော်လောက်မှာတော့ မမီမီအောင်နဲ့ ဒေါ်အေးကြင်တို့ ပြန်ရောက်လာပါတယ်။
“ ထမင်းစားပြီပြီလား မောင်လေး ”
“ မစားရသေးဘူးအစ်မ ”
“အတော်ပဲ၊ နင်စားဖို့ ရွှေညောင်ပင်ကြက်သားသုတ်ဝယ်လာခဲ့တယ် ”
“အဆင်ပြေတာပေါ့ဗျာ။ ဂက်စ်မီးဖိုသမားတွေမလာဘူးအစ်မ ”
“ ဟုတ်တယ်။ ဒီနေ့ ဆိုင်မဖွင့်ဘူး ”
“ ကျွန်တော့်ကို ဖုန်းဆက်လိုက်ပြီးရောဗျာ။ ကျွန်တော့်မှာတော့ ဂက်စ်သမားတွေလာမယ်ထင်ပြီး ကောင်းကောင်းတောင် မအိပ်ရဘူး။ ညကျရင် စာရေးရဦးမှာ ”
“ ဖုန်းအားကုန်သွားလို့ဟဲ့။ ထမင်းစားတော့မလား ”
“အစ်မတို့ နားလိုက်ပါဦး။ ခဏနေမှ စားတော့မယ် ”
“ ဒါဆို ငါ ရေချိုးလိုက်ဦးမယ် ”
“ ဟုတ်ကဲ့အစ်မ ”
***************
ညစာစားသောက်ကြပြီး ညရှစ်နာရီတိတိမှာ မီးပျက်သွားတာကြောင့် ညကိုးနာရီလောက်မှာ ဒေါ်အေးကြင်အိပ်ရာဝင်သွားခဲ့ပါတယ်။
“ မီးကလည်း မနက်မှပြန်လာမယ်ထင်တယ်။ ဒီည စာရေးဦးမလို့လား မောင်လေး ”
“ ဟုတ်တယ်အစ်မ။ စာရေးလိုက်ဦးမယ် ”
“ မီးမလာတာ တစ်ရက်တစ်လေလောက်အနားယူလိုက်ပါလားဟယ်။ မျက်စိပျက်တော့မှာပဲ ”
“ စာမူပေးဖို့ ရေးရဦးမယ်ဗျ ”
“ နင့်သဘောပဲ။ ငါက မျက်စိပျက်မှာစိုးလို့ပြောနေတာ။ ငါအိပ်တော့မယ်၊ မီးပျက်နေတော့အပြင်မှာ ခြင်ကိုက်မယ်။ ငါနဲ့လာအိပ် ”
“ ဟုတ်ကဲ့အစ်မ ”
ညဆယ်နာရီကျော်လောက်တွင် မမီမီအောင်လည်းအိပ်ရာဝင်သွားခဲ့ပါပြီ။ သည်းကြီးမည်းကြီးရွာနေတဲ့ မိုးသံတွေကြားထဲမှာ မုန့်ဖက်ထုပ်သည်အသံကို ကြားလိုက်ရပါတယ်။အိမ်ရှေ့တိုက်ခန်းတွေကတော့ မီးမှိတ်ပြီးအိပ်တဲ့အခန်းတွေကအိပ်နေကြပါပြီ။ တစ်ချို့အိမ်တွေကအိမ်သားအချို့က ဝရံတာမှာထိုင်ပြီး ဖုန်းသုံးနေကြတာကို မြင်တွေ့နေရပါတယ်။ ကိုလှဘုန်းလည်း ကွန်ပြူတာ လက်ပ်တော့တစ်လုံးနဲ့ စာစရေးပါတော့တယ်။ ညသန်းခေါင်ကျော်လို့ မနက်တစ်နာရီထိုးခါနီးလောက်မှာတော့ မထင်မှတ်ထားတဲ့အသံတစ်ခုကို ကြားလိုက်ရပါတော့တယ်။
“ တီးန်.......တောင်.... တီးန်....တောင် ”
အလယ်ခန်းကအဝတ်ဗီရိုပေါ်တင်ထားတဲ့ လူခေါ်ဘဲလ်ကအသံတိုးတိုးညင်းညင်းထွက်လာလို့ ကိုလှဘုန်းက ဆုံလည်ထိုင်ခုံကို လှည့်ပြီးအနောက်ကို လှည့်ကြည့်လိုက်တဲ့အခါ ဗီရိုဘေးမှာရပ်နေတဲ့အရိပ်ဖြူဖြူတစ်ခုကို မြင်တွေ့လိုက်ရပါတော့တယ်။
“ ဟာ........ ”
ကိုလှဘုန်း မြင်တွေ့နေရတဲ့အရိပ်ဖြူကြီးက ကြမ်းပြင်ပေါ်ကနေ နှစ်ပေအကွာလောက်အပေါ်ကို မြောက်တက်နေပါတယ်။အရိပ်သဏ္ဌာန်က လူတစ်ယောက်ရဲ့ ခန္တာကိုယ်အချိုးအဆစ်အတိုင်း ပီပီပြင်ပြင်ပါ။ ခေါင်းငိုက်စိုက်ကျနေပြီး လေထဲမှာ တွဲလောင်းဖြစ် နေတဲ့အရိပ်ကြီးကအမျိုးသားတစ်ယောက်ရဲ့ ခန္တာကိုယ်အချိုးအဆစ်ဖြစ်ကြောင်း ကိုလှဘုန်းသိလိုက်ပါပြီ။
“ ခင်ဗျားကို ကျုပ်ဘာမှ မလုပ်ဘူးဗျာ။ ကျုပ်ကိုလည်း မခြောက်ပါနဲ့။ ခင်ဗျားဟာခင်ဗျားအေးအေးဆေးဆးမနေနိုင်ရင်တော့ ကမ္မဝါဖတ်ပြီး မောင်းထုတ်ရလိမ့်မယ် ”
ကိုလှဘုန်းရဲ့ စကားသံအဆုံးမှာအရိပ်ဖြူဖြူကြီးလည်း ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားပါတော့တယ်။အရိပ်ကြီး ပျောက်ကွယ် သွားတာနဲ့ ကိုလှဘုန်းလည်း ထိုင်ရာကအမြန်ထပြီး လူခေါ်ဘဲလ်နဲ့ ဘဲလ်ခလုတ်ကို ရေဇလုံထဲ ပစ်ထည့်လိုက်ပါတော့တယ်။
အဲဒီနောက်မှာတော့ စာရေးဖို့အတွက်အိမ်ရှေ့ခန်းကို ပြန်လာခဲ့ပါတယ်။ နောက်ကျောမလုံပေမယ့် စာမူတွေကို လက်စသတ်ရတော့ မှာဖြစ်တဲ့အပြင် လက်ပ်တော့အားမကုန်ခင်အမြန်ရေးသားရမှာမို့ နောက်ကို လှည့်မကြည့်တော့ဘဲ စာဆက်ရေးနေပါတယ်။ ဘုရားစင်မှာ ပူဇော်ထားတဲ့အားသွင်းမီးအိမ်လေးကလည်းအားကုန်ခါနီးမို့အလင်းရောင် ဖျော့ဖျော့သာ ကျန်ပါတော့တယ်။ ညနေကအားသွင်းထားတဲ့ ဓာတ်မီးကတော့အရေးပေါ်သုံးဖို့အတွက်ပဲ ထားတဲ့အတွက် မသုံးဖြစ်သေးပါ။ ဒေါ်အေးကြင်ရဲ့ ခေါင်းရင်းမှာ ထွန်းထားတဲ့ မီးအိမ်လေးက တော့ မီးအားမကုန်သေးပါ။
စာရေးနေရင်းက နှာခေါင်းထဲမှာအသေ ကောင်ပုပ်အနံ့ကို ရလိုက်တာကြောင့် စာကြည့်စားပွဲရှေ့က မှန်ပြူတင်းပေါက်ကို ပိတ်လိုက်ပါတယ်။ ပြူတင်းပေါက်ကို ပိတ်လိုက်မှအနံ့က ပိုဆိုးလာတာကြောင့် မှန်ပြူတင်းတံခါးကိုဖွင့်ပြီး ဝရံတာကို ထွက်လိုက်ပါတယ်။အပုပ်နံ့က သက်သာ သွားပေမယ့်အိမ်ထဲကို လှည့်ကြည့်မိတဲ့အခါ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျောထဲစိမ့်သွားပါတော့တယ်။
အသက်သုံးဆယ်ကျော်အရွယ်လောက်သာရှိမယ့်အမျိုးသားတစ်ယောက်ကအိပ်ပျော်နေတဲ့ ဒေါ်အေးကြင်ကို ခုတင်ဘေးကနေ ငုံ့ကြည့်နေတာအတိုင်းသားမြင်တွေ့လိုက်ရပါတယ်။ တီရှပ်အဖြူရောင်၊ ဘောင်းဘီတိုအနီကွက်ဝတ်ဆင်ထားတဲ့သူက ကိုလှဘုန်းကို လှည့်မကြည့်ဘဲအိပ်မောကျနေတဲ့ ဒေါ်အေးကြင်ရဲ့ မျက်နှာကိုသာ ငုံ့ကြည့်နေပါတယ်။ ကိုလှဘုန်းလည်း ကြောက်စိတ်အနည်းငယ် ဝင်မိ ပေမယ့်အိမ်ထဲပြန်ဝင်လာပြီး စာကြည့်စားပွဲပေါ်က လက်နှိပ်ဓာတ်မီးနဲ့ ထိုသူကို လှမ်းထိုးလိုက်ပါတယ်။ စူးရှတဲ့ ဓာတ်မီးရောင်က ထိုသူရဲ့ ခန္တာကိုယ်ကို ဖောက်ထွက်ပြီး ဓာတ်မီးရောင်ကအုတ်နံရံပေါ်မှာအဝိုင်းလိုက် ပေါ်နေပါတယ်။
ကိုလှဘုန်းအနေနဲ့ ကြောက်စိတ်မဝင်မိဘဲ ဘယ်လိုကြောင့်အခုလိုဖြစ်နေရတယ်ဆိုတာ သိချင်တာကြောင့် ဒေါ်အေးကြင်ရဲ့ ခုတင် ဘေးက ထိုသူဆီကိုအရဲစွန့်ပြီး လျှောက်သွားပါတော့တယ်။ ဒေါ်အေးကြင်ရဲ့ ခုတင်ဘေးကို မရောက်ခင်မှာ ထိုသူက ကိုလှဘုန်းဆီကို တည့် တည့်လျှောက်လာတာတွေ့လို့ ရှောင်တိမ်းဖို့ပြင်လိုက်ပေမယ့်အချိန်မရတော့ပါ။ ထိုသူက ကိုလှဘုန်းရဲ့ ခန္တာကိုယ်ကို ဖြတ်ပြီး ဖောက်ထွက် သွားပါတယ်။ ကိုလှဘုန်းလည်း နောက်ကို ချက်ချင်းပြန်လှည့်ကြည့်တဲ့အခါ ထိုသူကို မမြင်ရတော့ပါ။
ထူးခြားတဲ့ မြင်ကွင်းတွေကြောင့် စာဆက်ရေးသင့် မရေးသင့်ကို စဉ်းစားရင်း ဆုံလည်ကုလားထိုင်ပေါ်မှာထိုင်နေစဉ်မှာပဲ သံပန်းတံခါး
ကို ကိုင်လှုပ်နေသံ ကြားလိုက်ရပါတော့တယ်။
“ ဂျောက်.....ဂျောက်....၊ ဂျောက် ဂျောက်...ဂျောက် ”
အချိန်ကလည်း သန်းခေါင်ကျော်လို့ မနက်တစ်နာရီနီးပါးရှိနေပါပြီ။ ဒီလိုအချိန်မှာ ဧည့်သည်လာဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ကြောင်း ကိုလှဘုန်းသိပါတယ်။ သို့ပေမယ့် သိချင်စိတ်ကြောင့် ထိုင်ရာကထပြီး တံခါးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ သံပန်းတံခါးကိုကိုင်ပြီး ရပ်နေ တဲ့အမျိုးသားတစ်ယောက်ရဲ့အရိပ်သဏ္ဌာန်ကို တွေ့လိုက်ရပါတယ်။ လျှာတစ်လစ်ထွက်ပြီး မျက်လုံးနှစ်ဖက် ပြူးထွက်နေတဲ့ မျက်နှာက ကြောက်စရာအလွန် ကောင်းတာကြောင့် တံခါးကိုအမြန်ပိတ်ပြီး ထိုင်ခုံမှာ ပြန်ထိုင်လိုက်ပါတော့တယ်။ ကိုလှဘုန်းတစ်ယောက်အလွန် ထိတ်လန့်သွားမိပေမယ့် မပြီးပြတ်သေးတဲ့ ရေးလက်စစာကို ဆက်ရေး မယ်ပြင်လိုက်တဲ့အချိန်မှာ လက်ဝဲဘက် ဆွဲပြူတင်းတံခါးကအလိုအလျောက်ပွင့်သွားပြီးအပုပ်နံ့တွေ တထောင်းထောင်းထလာပါတယ်။ ကိုလှဘုန်းလည်း ထိုင်ရာကအမြန်ထပြီး တံခါးကိုအမြန်ပြန်ပိတ် လိုက်ပါတယ်။ ကြောက်လန့်တုန်လှုပ်တဲ့စိတ်က ကြီးစိုးနေတာကြောင့် စာဆက်ရေးဖို့ကိုလည်း စိတ်မဝင်စားတော့ပါ။အိမ်ရှေ့မီးကို မပိတ်ဘဲအစ်မဝမ်းကွဲတော်စပ်သူ မမီမီအောင်ဆီသွားဖို့ ခြေလှမ်းပြင်လိုက်တဲ့အချိန်မှာပဲ ဒေါ်အေးကြင်ရဲ့ ခေါင်းရင်းဘက်ရှိ ဗီရိုနားမှာ ကြိုးဆွဲချနေတဲ့ ပုံသဏ္ဌာန်အရိပ်တစ်ခုကို မြင်တွေ့လိုက်ရပါတော့တယ်။ မီးရောင်အောက်မှာ မထင်မရှားပေါ်နေတဲ့အရိပ်ကိုမကြည့်တော့ဘဲ မမီမီအောင်ရဲ့အိပ်ခန်းထဲကိုအမြန်ဝင်ပြီးအစ်မဖြစ်သူဘေးမှာ ဝင်လှဲလိုက်ပါတယ်။
“ မောင်လေးလား.... ”
“ ဟုတ်တယ်အစ်မ ”
“ ဝင်လိုက်ထွက်လိုက်လုပ်နေတာ ခြင်တွေဝင်ကုန်တော့မှာပဲ ”
“ ကျွန်တော်အခုမှဝင်လာတာပါအစ်မ ”
“ ဟင်..... ခုနက ငါ့အနားလာအိပ်တာ နင်မဟုတ်ဘူးလား ”
“ မဟုတ်ဘူး ”
ကိုလှဘုန်းရဲ့အဖြေစကာကြောင့် မမီမီအောင်က ရုတ်တရက်ထထိုင်လိုက်ပြီး ရင်ဘတ်ကိုဖိထားပါတယ်။ ထိုအချိန်မှာပဲ မမီမီအောင်ရဲ့ ဖုန်းသံက ရုတ်တရက် ထမြည်လာလို့ ဖုန်းခေါ်ဆိုတဲ့ နံပါတ်ကိုကြည့်လိုက်တဲ့အခါ ကိုလှဘုန်းရဲ့ဖုန်းနံပါတ်ဖြစ်နေပါတယ်။
“ မောင်....မောင်လေး၊ နင်ငါ့ကို ဖုန်းခေါ်လိုက်သလား ”
“ မခေါ်ဘူးလေ။ ကျွန်တော့်ဖုန်းက စာရေးစားပွဲပေါ်မှာ ကျန်ခဲ့တာ ”
“ ဟင်.....၊ ဒီမှာ နင့်ဖုန်းနံပါတ် ”
မမီမီအောင်ရဲ့လက်ထဲက ဖုန်းမှာပေါ်နေတဲ့ ဖုန်းနံပါတ်ကိုကြည့်ပြီး ကိုလှဘုန်းအတော်အံ့သြသွားပါတယ်။
“ နေဦးအစ်မ။ ကျွန်တော့်ဖုန်းကို သွားယူလိုက်ဦးမယ် ”
ခြင်ထောင်ထဲကအမြန်ထွက်ပြီးအိမ်ရှေ့စာရေးစားပွဲပေါ်က ဖုန်းကိုယူကြည့်လိုက်တဲ့အခါ ဖုန်းခေါ်ဆိုထားတာကို မတွေ့တဲ့အတွက် ကိုလှဘုန်း စိတ်ထဲပိုပြီး သံသယရှိလာပါတယ်။ မမီမီအောင်လည်းအခန်းထဲကနေအပြင်ကို ထွက်လာပါပြီ။ ကိုလှဘုန်းရဲ့အနားကို မမီမီအောင် ရောက်လာတဲ့အချိန်မှာပဲ ကိုလှဘုန်းရဲ့လက်ကိုင်ဖုန်းက ဖုန်းခေါ်ဆိုသံမြည်လာခဲ့ပါတယ်။
“အစ်မရေ....၊ မဟုတ်တော့ဘူးဗျ။ ဒီမှာအစ်မရဲ့ဖုန်းနံပါတ် ”
“ ဟင်....... ”
မမီမီအောင်က ကိုလှဘုန်းရဲ့လက်ထဲမှ ဖုန်းကိုယူကြည့်ပြီး မျက်လုံးအဝိုင်းသားဖြစ်နေပါတယ်။
“ ဒီတိုက်ကလူတွေကို နည်းနည်းပါးပါး မစုံစမ်းကြည့်ဘူးလား ”
“ မမေးမိဘူး ”
“ ကျွန်တော်တို့ တစ်ခုခုလုပ်မှဖြစ်တော့မယ်။အိမ်တက်ဆွမ်းလည်း မကျွေးရသေးဘူးမဟုတ်လား ”
“အလုပ်တွေမအားလို့ မလုပ်ဖြစ်သေးဘူး။အိမ်တက်နဲ့ ဘုရားအနေကဇာပေါင်းလုပ်မလို့ ”
“ ဒါဆိုအမြန်လုပ်တော့အစ်မ။ မနက်ကျရင် ဟိုဘက်အခန်းကို သွားစုံစမ်းကြည့်မယ် ”
“ သူတို့က ပြောပါ့မလား မောင်လေး ”
“ တစ်ခုခုသိအောင်တော့ လုပ်ရမယ်အစ်မ ”
“ ငါလည်း ပြန်အိပ်လို့မရတော့ဘူး။ နင် စာရေးဦးမယ်မဟုတ်လား။ ငါလည်း ဖေ့စ်ဘွတ်ခ်သုံးရင်း နင့်အနားမှာလာထိုင်မယ် ”
“ ခုနက ရေးနေတာ။ ဟိုပြူတင်းပေါက်ကအလိုလိုဆွဲပွင့်သွားပြီးအပုပ်နံ့တွေရတယ်။ သံပန်းတံခါးကို တဂျောက်ဂျောက်လုပ်နေလို့ တံခါးဖွင့်ကြည့်တော့ လျှာတစ်လစ်ထွက်ပြီး မျက်လုံးပြူးနေတဲ့ဟာကြီးကို ထင်ထင်ရှားရှားမြင်လိုက်ရတယ် ”
“အမလေး...... ”
“ ဒီအိမ်မှာ တစ်ခုခုဖြစ်ထားပုံရတယ်အစ်မ။ ဟိုဗီရိုနားမှာ ကြိုးဆွဲချထားသလို တွဲလောင်းအရိပ်ကြီး မြင်လိုက်ရတယ် ”
“ တိုးတိုးပြော မောင်လေး။ ဒေါ်လေးကြားသွားဦးမယ် ”
“အစ်မ မအိပ်သေးဘူးဆိုရင် ကျွန်တော် စာရေးမယ်နော် ”
“ ရေး....ရေး။ ငါစောင့်ပေးမယ် ”
“ ရတယ်အစ်မ၊အိပ်ချင်ရင် သွားအိပ်ပါ ”
“အိပ်လို့မရတော့ဘူး။ ခြင်ထောင်ထဲကိုလည်း ဝင်လာတယ်။ ငါက နင်မှတ်လို့ လှည့်မကြည့်တာ။ ပြောရင်းနဲ့ ကြက်သီးတွေထလာပြီ ”
“ ဒါဆို ကျွန်တော်စာရေးတာ ခဏထိုင်စောင့်နေ ”
“အေး.....အေး.... ”
***************
မနက်ငါးနာရီထိုးခါနီးအချိန်မှာတော့ စာမူပြီးစီးသွားပါပြီ။အစ်မဖြစ်သူကို လှည့်ကြည့်လိုက်တဲ့အခါ ကုလားထိုင်မှာအိပ်ပျော်နေတာကို တွေ့လိုက်ရပါတယ်။
“အစ်မ......အစ်မ ... ”
“ ဟင်..... ”
“ မနက်မိုးလင်းတော့မယ်။အခန်းထဲ သွားအိပ်တော့။အစ်မကို ခြင်တွေ ဝိုင်းတွယ်နေပြီ ”
“ ဘယ်နှစ်နာရီ ထိုးပြီလဲ ”
“ ငါးနာရီထိုးတော့မယ်။ ကျွန်တော်လည်း ခဏမှေးလိုက်ဦးမယ် ”
“ ငါလည်းအိပ်ပျော်သွားတယ်။ နေပါစေတော့၊ မိအိပ်တော့ပါဘူး။ ထမင်းချက်တော့မယ်။ နင်အိပ်ချင် သွားအိပ် ”
“ ကျွန်တော် ခဏမှေးလိုက်ဦးမယ် ”
ကိုလှဘုန်းက လက်ပ်တော့ကို ပိတ်လိုက်ပြီးအိပ်ခန်းထဲကို ဝင်သွားပါတော့တယ်။ မနက်ရှစ်နာရီအိပ်ရာမှ နိုးလာချိန်မှာတော့ ကိုလှဘုန်းတစ်ယောက် စုံစမ်းရေးကို စတင်ပါတယ်။
“ ဒေါက်...ဒေါက်......၊ ဒေါက်...ဒေါက် ”
ဘေးခန်းတံခါးကို ခပ်ဖွဖွ ခေါက်လိုက်တဲ့အခါ ကိုလှဘုန်းနဲ့ သက်တူရွယ်တူလောက်ရှိမယ့်အမျိုးသားတစ်ယောက် တံခါးလာ ဖွင့်ပါတယ်။
“ မင်္ဂလာပါအစ်ကို။ ကျွန်တော်က ဒီဘက်ခန်းမှာနေတဲ့ မမီမီအောင်ရဲ့ မောင်ဝမ်းကွဲပါ ”
“ ဟုတ်ကဲ့၊ ဘာအကူအညီပေးရမလဲခင်ဗျ ”
“ မေးစရာလေးတစ်ခုရှိလို့ပါ ”
“အိမ်ထဲဝင်ပါဦး ”
“ မဝင်တော့ပါဘူးခင်ဗျာ။ ကျွန်တော်တို့အတွက်အရမ်းအရေးကြီးလို့အစ်ကို့တို့ကို လာမေးရတာပါ ”
“ ဘာကိစ္စများပါလိမ့် ”
“အခုတိုက်ခန်းကို ကျွန်တော့်အစ်မဝယ်လိုက်တာ တစ်လမပြည့်သေးဘူးအစ်ကို ”
“ ဝယ်လိုက်တာ သိပါတယ်ခင်ဗျ ”
“အဲဒီတိုက်ခန်းမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ပြောပြလို့ရရင် ပြောပြပေးပါလားခင်ဗျာ ”
ကိုလှဘုန်းရဲ့စကားကိုကြားလိုက်ရတဲ့အခါအမျိုးသားရဲ့မျက်နှာတစ်မျိုးတမည်ဖြစ်သွားတာ ကိုလှဘုန်း သတိထားလိုက်မိတယ်။
“အခု ဘာတွေ ဖြစ်နေကြလို့လဲ ခင်ဗျ ”
“ ကျွန်တော်တို့ကို ခြောက်လှန့်လို့ပါ ”
“အိမ်ထဲ ခဏဝင်ဦးဗျာ ”
“ ဟုတ်ကဲ့အစ်ကို ”
အမျိုးသားက သံပန်းတံခါးဖွင့်ပေးပြီးအိမ်ထဲဝင်ခိုင်းတာကြောင့် ကိုလှဘုန်းလည်းအမျိုးသားရဲ့အနောက်ကနေအိမ်ထဲလိုက်ဝင်သွား ပါတယ်။အိမ်ထဲရောက်တဲ့အခါ ဘုရားရှိခိုးနေတဲ့အမေအိုတစ်ယောက်နဲ့ ကုလားထိုင်မှာထိုင်ပြီး စိပ်ပုတီးစိပ်နေတဲ့အဘိုးအိုတစ်ယောက်ကို မြင်တွေ့ရပါတယ်။အဘိုးအိုက စိပ်ပုတီးစိပ်ရင်း ကိုလှဘုန်းကို စူးစမ်းတဲ့အကြည့်နဲ့ ကြည့်နေပါတယ်။
“ ဒါ ကျွန်တော့်အဖေနဲ့အမေပါ ”
“ ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော် လှဘုန်းပါ ”
“ ကျွန်တော် မြင့်ဆွေပါ။ ညီမလေးက ရုံးသွားဖို့ ပြင်နေပါတယ် ”
“အားတော့နာတယ်အစ်ကို။ မသိလို့မဖြစ်လို့သာ လာမေးရတာပါ ”
“ ဘာဖြစ်လို့လဲ သားကြီး ”
“ ဟောဒီအစ်ကိုက ဟိုဘက်အခန်းက ဖေဖေ။အဲဒီတိုက်ခန်းမှာ ဘာဖြစ်ခဲ့သလဲဆိုတာ လာမေးတာပါ ”
“အင်း.....။အခုဘယ်လိုကြုံတွေ့နေရလို့လဲမောင်ရင် ”
“ ကျွန်တော်တို့ကို ခြောက်လှန့်နေလို့ပါ ဘဘကြီး ”
“အိမ်ဝယ်မယ်ဆိုရင် ရောင်းမှားဝယ်မှားမဖြစ်အောင် သတိထားရတယ်ကွယ့် ”
“ ဖေဖေပြောပြလိုက်ပါ။ ကျွန်တော် ရုံးသွားဖို့ ပြင်လိုက်ဦးမယ်။ ကျွန်တော့်ကို ခွင့်ပြုပါဦး။ ဖေဖေ ပြောပြပါလိမ့်မယ် ”
“ ဟုတ်ကဲ့အစ်ကို။ ဘဘကြီးနဲ့အစ်ကို့ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ”
“ မောင်ရင်တို့က ရန်ကုန်ဇာတိလား ”
“ ဟုတ်ပါတယ်ခင်ဗျာ ”
“ ဒါနဲ့များကွယ်....အိမ်ဝယ်တာ ဘာ့ကြောင့်မှားကြသလဲ။အသေအချာစုံစမ်းပြီးမှ ဝယ်ကြပါလားကွယ် ”
“ ကျွန်တော့်အစ်မက ဈေးချိုတာဆိုပြီး ဝယ်လိုက်တာပါ ဘဘကြီး ”
“ ကျုပ်က ဝင်မပြောချင်လို့ မပြောတာဗျ။ မပြောသင့်ဘူးထင်လို့ ဝင်မပါတာ။အဲဒီတိုက်ခန်းက ငှားမယ့်သူတောင်မရှိဘူး။ ရောင်းဖို့လုပ် ထားတာ တစ်နှစ်ကျော်နေပြီ။ မြေရှင်ကလည်း ပြောမယ်မဟုတ်ဘူး ”
“ ဟုတ်ကဲ့ ဘဘကြီး ”
“အခု ဘယ်လိုခြောက်လှန့်တာလဲ ”
ကိုလှဘုန်းကအကျိုးအကြောင်းအစုံအလင်ကို ပြောပြလိုက်တဲ့အခါအဘိုးအို မျက်မှောင်ကြုတ်သွားတာ မြင်တွေ့လိုက်ရပါတယ်။
“ တော်တော် ဆိုးဆိုးဝါးဝါးဖြစ်နေကြတာပဲ။ ကျုပ်ပြောတယ်ဆိုတာကိုတော့ ဘယ်သူ့မှမပြောပါနဲ့ ။ မြေညီထပ်က လူတွေသိသွားရင် မကောင်းဘူး။ ဒါကြောင့်ပါ ”
“ စိတ်ချပါ ဘဘကြီး။ မပြောပါဘူး ”
“အဲဒီတိုက်ခန်းပိုင်ရှင်မှာ သားတစ်ယောက်ရှိတယ်။ သူ့နာမည်က သာထွန်းအောင်တဲ့။ တိုင်းရင်းသားတွေပေါ့ဗျာ။ သာထွန်းအောင်ကအဲဒီ တိုက်ခန်းကို မိန်းမယူရင်အတူနေကြမယ်ဆိုပြီး ဝယ်လိုက်တာ။ တိုက်ခန်းဝယ်တော့ သူ့မိဘတွေ လာဝယ်ကြတယ်။အဲဒီတိုက်ခန်းကို ဝယ်ဖို့ တိုက်တွန်းတဲ့သူတွေက မြေညီထပ်မှာနေတဲ့ သူတို့ဒေသက လူတွေပဲ။ သူက နိုင်ငံခြားမှာအလုပ်လုပ်တယ်။ သူနိုင်ငံခြားမှာရှိနေတဲ့အချိန် သူလက်ထပ်မယ့် ကောင်မလေးကအဲဒီတိုက်ခန်းမှာ တစ်ယောက်တည်းနေတယ်ဗျ ”
“ ဟုတ်ကဲ့ ဘဘကြီး ”
“ ကောင်မလေးက ဖောက်ပြန်တယ်လို့ပြောရမလားမသိဘူးဗျာ။ လက်မထပ်ကြသေးတော့အိမ်ထောင်ရေးဖောက်ပြန်တယ်လို့တော့ မသုံးချင်ပါဘူး ”
“ ဟုတ်ကဲ့ခင်ဗျ ”
“ ကောင်မလေးက ဘယ်မှာအလုပ်လုပ်တယ်တော့မသိဘူး။ စနေ တနင်္ဂနွေ ရုံးပိတ်ရက်ဆိုရင် ကောင်လေးတစ်ယောက် ရောက်လာတတ် တယ်။ ကောင်လေးက မနက်စောစောမှ ပြန်သွားတတ်တယ်။ ကျုပ်တို့ မနက်ငါးနာရီဆိုအိပ်ရာကနိုးနေကျဆိုတော့ ကောင်လေးဘယ်အချိန်ပြန်တယ်ဆိုတာ သိနေတာပေါ့ဗျာ။ ကျုပ်တို့သိသလိုပဲ မြေညီထပ်က လူတွေလည်း သိသွားကြတယ်။ သာထွန်းအောင်ရဲ့ မိဘတွေကအမိဖမ်းတော့ ကောင်မလေးနဲ့အဲဒီကောင်လေး လိုက်ပြေးသွားကြတယ်လို့ ကြားတယ်။ ကောင်မလေး ပျောက်သွားပြီး တစ်လအကြာမှာ သာထွန်းအောင် ပြန်ရောက်လာတယ် ”
“ စိတ်ဝင်စားဖို့ ကောင်းလိုက်တာ ”
“ သာထွန်းအောင်ကအဲဒီတိုက်ခန်းထဲမှာနေပြီးအရက်တွေသောက်၊ သီချင်းတွေအော်ဆို၊အော်ကြီးဟစ်ကျယ်ငိုနေလို့ သားကြီးတောင် ထိန်းပေးရသေးတယ်။ ညဆိုလည်း ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ ဘာတွေထုနှက်နေတယ် မသိဘူး။ စိတ်မူမမှန်ဖြစ်ပြီး ထင်ရာလုပ်နေတယ်နဲ့တူပါတယ်။ သူ့အကြောင်းကို သိနေကြတော့အခန်းတိုင်းက သည်းခံနေကြတာပေါ့ ”
“ ကိုသာထွန်းအောင်ရဲ့ မိဘတွေကအတူလာမနေပေးဘူးလား ဘဘကြီး ”
“ သူတို့က နယ်မှာနေကြတာဗျ။ သွားရေးလာရေးခက်တော့ ဘယ်လာကြမလဲ။ ဟိုမှာလည်းအလုပ်တွေရှိနေတယ် ထင်ပါတယ် ”
“ ဟုတ်ကဲ့ ဘဘကြီး ”
“ လွန်ခဲ့တဲ့ နှစ်နှစ်ကျာ်လောက်က သြင်္ကန်ရက်အတွင်းမှာ သာထွန်းအောင်ကို မတွေ့ရဘူး။အသံလည်း မကြားရဘူး။ သြင်္ကန်ဆိုတော့ လည်း သူ့မိဘတွေဆီပြန်သွားတယ် ထင်နေကြတာပေါ့ဗျာ။ ဒါပေမဲ့ နှစ်ဆန်းတစ်ရက်နေ့လောက်မှာအဲဒီအခန်း ထဲကအပုပ်နံ့တွေရတယ်။ သံပန်း တံခါးလည်းခတ်ထား၊ တံခါးလည်း ပိတ်ထားတော့ မထင်ကြဘူးပေါ့ဗျာ။ နှစ်ဆန်းနှစ်ရက်နေ့မှာအပုပ်နံ့က တော်တော် ဆိုးလာလို့ ရပ်ကွက် လူကြီးတွေကိုအကြောင်းကြားကြတယ်။ လူကြီးတွေရောက်လာတော့ တံခါးဖျက်ဝင်တဲ့အခါ သာထွန်းအောင် ကို ကြိုးဆွဲချသေနေတာတွေ့ လိုက်ကြရတယ်။အလောင်းက ညိုမည်းဖောင်းကားပြီး ပုပ်ပွနေပြီ။ ကြိုးဆွဲချသေတာကလည်းအဆန်းသား။ ဝါယာကြိုးနဲ့ ကြိုးဆွဲချတာဗျ။ သောက်လက်စအရက်ပုလင်းတွေလည်းအများကြီးရယ် ”
“ ကျွတ်....ကျွတ်...ကျွတ်....ဖြစ်မှဖြစ်ရလေဗျာ ”
“အဲဒီနောက်ပိုင်း ဒီအခန်းကို ပစ်ထားခဲ့ကြတာ။ သာထွန်းအောင်ဆုံးပြီး တစ်နှစ်ကြာတော့အခန်းကိုရောင်းဖို့လုပ်ကြတယ်။အကြောင်းမသိ တဲ့သူတွေလာကြည့်ကြတယ်။ ဒါပေမဲ့ သူတို့က မောင်ရင်တို့လိုမဟုတ်ဘူးဗျ။ ဒီပတ်ဝန်းကျင်မှာ စုံစမ်းကြတယ်။အကြောင်းသိတော့အ ရောင်း မဖြစ်ဘူးပေါ့ဗျာ။ ငှားဖို့လုပ်ကြသေးတယ်။အငှားလည်း မလိုက်ဘူး။အခုမောင်ရင်တို့က မစုံစမ်းဘဲ ဝယ်လိုက်ကြတော့မှအရောင်းဖြစ် သွားတာ။ ကျုပ်အနေနဲ့ ဝင်ပြောလို့မကောင်းဘူးလေ ”
“ ဟုတ်ပါတယ် ဘဘကြီး။ ကျွန်တော်တို့လည်းအိမ်တက်လုပ်ရင်းအနေကဇာတင်မယ်။ ကမ္မဝါရွတ်ပြီးအိမ်ကို သန့်ပစ်မယ်လို့ စီစဉ်ထား ပါတယ် ”
“ တစ်ခုတော့ ပြောချင်တယ်ဗျ ”
“ ဟုတ်ကဲ့ပါဘကြီး ”
“ ကမ္မဝါမကြောက်တဲ့ ပရလေကသားတွေရှိတယ် ”
“ ဗျာ...... ”
“အစွဲကြောင့် မလွတ်မကျွတ်နိုင်တဲ့ သူတွေပေါ့။အဲဒီတိုက်ခန်းက သူအိမ်ထောင်ပြုရင် သူ့မိန်းမနဲ့အတူနေမယ်ဆိုပြီး ဝယ်ထားတာဆိုတော့ သူ့တိုက်ခန်းကို စိတ်စွဲနေတာဖြစ်နိုင်တယ်။အကောင်းဆုံးက သံဃာတော်တွေကနေ သူ့နာမည်ခေါ်ပြီး မေတ္တာနဲ့နှင်တာအကောင်းဆုံးပဲ။အခုတိုက်ခန်းကို သူမပိုင်ဆိုင်တော့ဘူးဆိုတာအသိပေးရမယ် ”
“ ကျွန်တော့်အစ်မနေတုန်းက ဒီလောက်မဆိုးဘူး ဘဘကြီး။အရိပ်အယောင်လောက်ပဲ မြင်ရတာ။ ကျွန်တော်ရောက်လာမှ ပိုဆိုးလာတယ်လို့အစ်မကပြောတယ် ”
“ ဖြစ်နိုင်တယ် မောင်ရင်။ သူ့ကောင်မလေးက ဖောက်ပြန်သွားတော့အမျိုးသားတွေ သူ့တိုက်ခန်းကိုလာနေတာ မကြိုက်ဘူးထင်ပါတယ်။ မောင်ရင်ကလည်း သူ့နာမည်ကိုခေါ်ပြီး မေတ္တာပို့ပေးပေါ့ဗျာ ”
“ ဟုတ်ကဲ့ ဘဘကြီး။အခုလိုပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ ”
“ လူခေါ်ဘဲလ်မြည်တာ မောင်ရင်ရောက်မှမဟုတ်ဘူးဗျ။ ကျုပ်တို့အခန်းကနေ မကြာခဏကြားနေရတာ။ ကျုပ်သမီးဆို ညဘက်အပြင် မထွက်ရဲဘူး။အကြောင်းတစ်ခုခုရှိလို့ ညအပြန်နောက်ကျရင် သားကြီးက ဆင်းကြိုပေးရတယ် ”
“ ဘဲလ်ကအရင်လူတွေ တပ်ထားခဲ့တာလို့အစ်မပြောတယ် ”
“အဲဒီဘဲသံအကြောင်း တစ်တိုက်လုံးသိတယ်ဗျ။ လုပ်စရာရှိတာအမြန်သာလုပ်ဗျာ။အကူအညီလိုရင်လည်း ပြောပါ ”
“ ဟုတ်ကဲ့ ဘဘကြီး။ ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦးခင်ဗျာ။အစ်ကို့ကိုလည်း ကျေးဇူးတင်ကြောင်းပြောပေးပါ ”
“ သားကြီးက ရုံးသွားဖို့ ရေချိုးနေတယ်နဲ့တူတယ် ”
“ ဟုတ်ကဲ့ ဘဘကြီး။ နောက်မှအေးအေးဆေးဆေး လာတွေ့ပါ့မယ်ခင်ဗျာ။အခုလာမယ့် နယုန်လပြည့်နေ့မှာအိမ်တက်ရောအနေ ကဇာရော တင်လိုက်ပါ့မယ် ”
“ ကောင်းပါပြီ မောင်ရင် ”
***************
၂၀၁၉ခုနှစ် ဇွန်လ ဆယ့်ခုနစ်ရက်။ မြန်မာသက္ကရာဇ် ၁၃၈၁ခုနှစ်၊ နယုန်လ ဆယ့်ငါးရက်လပြည့်နေ့မှာတော့ မမီမီအောင်ရဲ့ တိုက်ခန်းမှာအိမ်တက်ဆွမ်းကျွေး၊ ဘုရားအနေကဇာတင်ပြီး ကမ္မဝါရွတ်ဖတ်ခဲ့ပါတယ်။ ကိုလှဘုန်းကလည်း ကိုသာထွန်းအောင်အား ညစဉ်ညတိုင်း မေတ္တာပို့ပေးခဲ့ပါတယ်။အခုအခါမှာတော့ ခြောက်လှန့်ခြင်းလည်း မရှိတော့ပါ။ သို့ပေမယ့် နယုန်လပြည့်ကျော် တစ်ရက် နေ့မှာတော့ ထူးထူးခြားခြားဖြစ်ခဲ့ပါတယ်။အမှိုက်သယ်သူကိုအမှုက်ထုပ် ပေးလိုက်တဲ့အချိန်မှာတော့ ရေဇလုံထဲကို ပစ်ချထားပြီးအမှိုက်ထုပ်ထဲကို လွှင့်ပစ်ခဲ့တဲ့ လူခေါ်ဘဲလ်သံကအသံမြည်လာပါတယ်။ တိုက်အောက်အထိအသံမြည်သွားခဲ့တဲ့ ဘဲလ်သံကအမှိုက် သမားနဲ့အတူအဝေးကို ပါသွားခဲ့ပါပြီ။ ကိုသာထွန်းအောင်က ကိုလှဘုန်းတို့ မောင်နှမကို နှုတ်ဆက်တာလား ရည်ရွယ်ချက်၊ မျှော်လင့်ချက် တွေနဲ့ ဝယ်ထားခဲ့တဲ့ တိုက်ခန်းကနေအပြီးတိုင် ထွက်ခွာသွားရတဲ့အတွက် မကျေမနပ်ဖြစ်တဲ့အကြောင်း ဘဲလ်သံပေးသွားတာ ဟုတ်မ ဟုတ်ဆိုတာကိုတော့ မသိနိုင်တော့ပါ။
ချစ်ခင်လေးစားစွာဖြင့်
လွင်ဦးဟန်
အပတ်စဉ်အသစ်သစ်သော ပရလောက ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။